အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း (၁၃၄) ဒီရေနံမြေကို အပြီးအပိုင် ဝယ်ယူချင်တယ်
စတီဗင်တို့ သုံးယောက်က အချင်းချင်း တိတ်တဆိတ် ကြည့်လိုက်ပြီးနောက် ခေါင်းချင်းဆိုင်ကာ တီးတိုး ဆွေးနွေးကြသည်။
ဆွန်ဖုန်းက သူတို့၏ ပုံစံကို ကြည့်ပြီး မျှော်လင့်ချက် ရှိကြောင်း သိလိုက်သော်လည်း ဈေးနှုန်း ဘယ်လောက်အထိ လျှော့ပေးမည်ကိုတော့ မသေချာပေ။
စတီဗင်တို့ သုံးယောက်သည် ဒီတစ်ကြိမ် တင်ဒါကော်မတီ၏ အဓိက တာဝန်ခံများ ဖြစ်ကြပြီး ဒီကိစ္စနှင့် ပတ်သက်၍ အနည်းငယ် ပြုပြင်ပြောင်းလဲ ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။
ဆွန်ဖုန်း၏ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီက ဒီအနောက်ပိုင်း ရေနံမြေကို ရင်းနှီးမြှုပ်နှံချင်သည် ဆိုသောကြောင့် သူတို့က အလွန် ပူးပေါင်းလိုကြသည်။
ပထမအချက်အနေဖြင့် ဤရေနံမြေမှာ သိပ်မကြီးမားသဖြင့် ဆွန်ဖုန်းကို စမ်းသပ်ခိုင်းကြည့်နိုင်သည်။
ဒီအနောက်ပိုင်း ရေနံမြေကို တူးဖော်ရတာ ဘယ်လောက် ခက်ခဲလဲဆိုတာ စမ်းကြည့်ရင်း အခြား ရေနံကုမ္ပဏီတွေကိုပါ အနောက်ပိုင်း ကျောက်လွှာအောက် ရေနံမြေကို တူးဖော်မယ့်သူ ရှိကြောင်း သက်သေပြချင်ကြသည်။
"မစ္စတာဆွန်... ကျွန်တော်တို့က တူးဖော်ခွင့်ကြေးကို ဒေါ်လာ သန်း ၅၃၀ အထိ လျှော့ချပေးဖို့ ဆန္ဒရှိပါတယ်... ဒါ ကျွန်တော်တို့ရဲ့ အနိမ့်ဆုံး ဈေးနှုန်းပါပဲ... တကယ်လို့ ခင်ဗျားက မကျေနပ်သေးဘူးဆိုရင်တော့ ကျွန်တော်တို့ ဆက်ပြောစရာ ဘာမှ မရှိတော့ပါဘူး..."
စတီဗင်က လည်ချောင်းရှင်းပြီး ဆွန်ဖုန်းအား ပြောလိုက်သည်။
"သန်း ၅၃၀ လား... ဟင့်အင်း... ဒါ ကျွန်တော် လိုချင်တဲ့ ဈေးနှုန်း မဟုတ်ဘူး..."
ဆွန်ဖုန်းက ချက်ချင်း ခေါင်းခါလိုက်သည်။
နောက်ပြောင်နေတာလား။ ဒေါ်လာ သန်း ၂၀ ပဲ လျှော့ပေးပြီး သူက ကြီးမားတဲ့ အန္တရာယ်ကို ထမ်းရွက်ရမှာလား။ လုံးဝ မတန်ဘူး။
စတီဗင်၏ ခြိမ်းခြောက်သည့် စကားကိုလည်း သူ လုံးဝ ဂရုမစိုက်ပေ။
ရောဘတ်က ထိုစကားကို ကြားသောအခါ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဆွန်ဖုန်းကို ကြည့်ကာ အေးစက်စက် အပြုံးဖြင့် ပြောလိုက်သည်။
"မစ္စတာဆွန်... ခင်ဗျား အရမ်း အခွင့်အရေး မယူပါနဲ့... ကျွန်တော်တို့က အလျှော့ပေးပြီးပါပြီ... ပြီးတော့ ကျွန်တော်တို့ ကနေဒါမှာ ရေနံ လာရောက် ရင်းနှီးမြှုပ်နှံမယ့် ရေနံကုမ္ပဏီတွေ မရှားပါဘူး..."
ရောဘတ်၏ ဆိုလိုရင်းမှာ အမေရိကန်၊ တရုတ် အစရှိသည့် အခြား နိုင်ငံများမှ ရေနံကုမ္ပဏီကြီးများ အများအပြားက ကနေဒါ၏ ရေနံမြေများကို လာရောက် ရင်းနှီးမြှုပ်နှံချင်ကြသည် ဟူ၍ ဖြစ်သည်။
ဆွန်ဖုန်းသည် ဒေါသထွက်နေသော ရောဘတ်ကို ဂရုမစိုက်ဘဲ အေးဆေးစွာ ပြောလိုက်သည်။
"ခင်ဗျားတို့ သိထားရမှာက ဒီရေနံစည် သန်း ၁၀၀ သိုလှောင်ထားတဲ့ ရေနံမြေက ကျောက်လွှာအောက်က ရေနံမြေပါ... ရေနံစည် သန်း ၁၀၀ ထဲကနေ ဘယ်လောက် တူးထုတ်နိုင်မယ် ထင်လဲ..."
"သာမန် ရေနံမြေ တစ်ခုမှာ ရေနံစည် သန်း ၁၀၀ သိုလှောင်ထားတယ်ဆိုရင်တောင် သန်း ၆၀၊ ၇၀ လောက် တူးထုတ်နိုင်ရင် အများဆုံးပါပဲ... တကယ်လို့ တူးဖော်ရခက်တဲ့ ရေနံမြေဆိုရင် သန်း ၅၀၊ ၆၀ လောက် တူးထုတ်နိုင်ရင်တောင် တော်တော် ကောင်းနေပါပြီ..."
"ခင်ဗျားတို့ နယူးဖောင်လန် အနောက်ပိုင်းက ကျောက်လွှာအောက် ရေနံမြေလိုမျိုး ရေနံစည် သန်း ၁၀၀ ရှိတဲ့ ရေနံမြေကနေ သန်း ၃၀၊ ၄၀ လောက် တူးထုတ်နိုင်ရင်ပဲ ကျေးဇူးတင်ရမှာ... အဲဒီထက်တောင် နည်းနိုင်သေးတယ်..."
ဆွန်ဖုန်း၏ စကားများကြောင့် မျက်နှာချင်းဆိုင်မှ သုံးယောက်၏ မျက်နှာများ အနည်းငယ် ပျက်ယွင်းသွားသည်။
ဆွန်ဖုန်း ပြောသည်မှာ မှန်ကန်သည်။ အကယ်၍ ဤရေနံမြေသည် တူးဖော်ရ လွယ်ကူသော ရေနံမြေဖြစ်ပါက ၆၀ ရာခိုင်နှုန်းခန့် တူးဖော်ရရှိနိုင်ပြီး ရေနံစည် သန်း ၆၀ ခန့် ရရှိမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် နှစ်ယောက် တစ်ဝက်စီ ခွဲပါက တစ်ဖက်လျှင် ရေနံစည် သန်း ၃၀ စီ ရရှိမည်ဖြစ်သည်။
သို့သော် နယူးဖောင်လန် အနောက်ပိုင်းရှိ ကျောက်လွှာအောက် ရေနံမြေကဲ့သို့ ရေနံစည် သန်း ၁၀၀ ခန့်သာ ရှိသော ရေနံမြေငယ်လေး တစ်ခုမှ ရေနံစည် သန်း ၃၀၊ ၄၀ ခန့် တူးဖော်ရရှိပါကပင် ဘုရားသခင်ကို ကျေးဇူးတင်ရမည် ဖြစ်သည်။
ထိုသို့ဆိုလျှင် နှစ်ဦးနှစ်ဖက် ရရှိမည့် ရေနံပမာဏမှာ သန်း ၁၀ ကျော်ခန့်သာ ရှိမည်ဖြစ်သည်။
ဒီလိုတွက်ကြည့်ပါက ဆွန်ဖုန်း၏ သတ္တုတွင်း ကုမ္ပဏီ သေချာပေါက် ရှုံးမည်ဖြစ်သည်။ အကြောင်းမှာ ကျောက်လွှာအောက် ရေနံမြေများမှာ တူးဖော်ရန် ခက်ခဲပြီး ရေနံထွက်ရှိမှု နည်းပါးကြောင်း ကမ္ဘာက သိထားသောကြောင့် ဖြစ်သည်။ မြောက်အမေရိကတွင် ထိုသို့ ဖြစ်ပွားနေသည် မဟုတ်ပါလား။
ထို့ကြောင့် လက်ရှိတွင် ရေနံမြေ အများအပြားမှာ နောက်ဆုံးတွင် ဆက်လက် တူးဖော်၍ မရတော့သဖြင့် ဈေးပေါပေါဖြင့် လွှဲပြောင်းရောင်းချနေကြရသည်။
အကြောင်းမှာ ရေနံမြေများကို နောက်ပိုင်း တူးဖော်လေလေ ရေနံထွက်ရှိမှု ပိုနည်းလေလေ၊ ကုန်ကျစရိတ် ပိုများလေလေ ဖြစ်သောကြောင့် ဖြစ်သည်။ ဒါက ရှောင်လွှဲ၍ မရနိုင်သော ကိစ္စဖြစ်သည်။
ဥပမာအားဖြင့် ဤရေနံမြေမှ ရေနံစည် သန်း ၃၀ ထွက်ရှိပါက ၅၀ ရာခိုင်နှုန်းစီ ခွဲဝေယူလျှင် တစ်ယောက်လျှင် ၁၅ သန်းစီ ရရှိမည်ဖြစ်သည်။ အရောင်းအဝယ် ဈေးနှုန်း ၇၀ ဒေါ်လာဖြင့် တွက်ပါက အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ခန့် ရရှိမည်ဖြစ်သည်။
ဆွန်ဖုန်းက တူးဖော်ခွင့်ကြေး ဒေါ်လာ ၅၅၀ သန်း ပေးရမည်ဖြစ်ပြီး တူးဖော်ရေး ကုန်ကျစရိတ်များ၊ အခွန်အခများ ထည့်ပေါင်းလိုက်ပါက သေချာပေါက် အရှုံးပေါ်မည်ဖြစ်သည်။ အကြီးအကျယ် ရှုံးကာ ဒေဝါလီခံရသည်အထိ ဖြစ်သွားနိုင်သည်။
ယခုအခါ အသာစီးရမှုသည် ဆွန်ဖုန်း လက်ထဲသို့ ပြန်လည် ရောက်ရှိသွားပြီဖြစ်သည်။
စတီဗင်က မျက်နှာထား တင်းမာစွာဖြင့် မေးလိုက်သည်။
"မစ္စတာဆွန်... ဒါဆို ခင်ဗျားရဲ့ သဘောထားက ဘယ်လိုလဲ..."
ဒီတစ်ကြိမ် ဆွေးနွေးပွဲက လှည့်စားဖို့ မလွယ်ကူကြောင်း စတီဗင် သိလိုက်သည်။
ဆွန်ဖုန်းကို လှည့်စားဖို့ မလွယ်ကြောင်းလည်း သူ သိသွားသည်။
အစကတော့ လူငယ်တစ်ယောက် ဖြစ်ပြီး ရေနံလုပ်ငန်း အကြောင်းကိုလည်း နားမလည်သဖြင့် အမြတ်ထုတ်ရန် ကြံစည်ခဲ့သော်လည်း ဆွန်ဖုန်းက ဒီလောက် သတိထားပြီး သူတို့ကို အခွင့်အရေး လုံးဝ မပေးမည်ဟု သူ မထင်ထားခဲ့ပေ။
ဒီလိုဖြစ်နေမှတော့ စတီဗင်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောဖို့ ဆုံးဖြတ်လိုက်ပြီး ဆွန်ဖုန်း လိုချင်သည့် အခြေအနေကို မေးလိုက်သည်။
"ကျွန်တော် ဒီရေနံမြေရဲ့ အကျိုးအမြတ် အားလုံးကို တစ်ခါတည်း အပြီးအပိုင် ဝယ်ယူချင်တယ်..."
ဆွန်ဖုန်းက ကြီးမားလှသော ဗုံးတစ်လုံးကို ပစ်ချလိုက်သည်။
"ရှူး..."
"ဒီရေနံမြေရဲ့ အကျိုးအမြတ် အားလုံးကို အပြီးအပိုင် ဝယ်ယူမယ်..."
စတီဗင်တို့ သုံးယောက် အချင်းချင်း ကြည့်လိုက်ပြီးနောက် အားလုံး အသက်ရှူမှားသွားကြသည်။
ဒီလိုဆိုလျှင် ဒီရေနံမြေမှာ ပြဿနာ တစ်ခုခု ဖြစ်လာပါက နောက်ပိုင်းတွင် ဆွန်ဖုန်း၏ ကုမ္ပဏီ တစ်ခုတည်းကသာ တာဝန်ယူရတော့မည် ဖြစ်သည်။
အကယ်၍ နယူးဖောင်လန် အစိုးရနှင့် ပူးပေါင်း တူးဖော်ပါက ပြဿနာ ဖြစ်လာလျှင် တစ်ဖက်က ကူညီ ဖြေရှင်းပေးနိုင်သေးသည်။
သို့သော် ရေနံမြေ တစ်ခုလုံးကို အပြီးအပိုင် ဝယ်ယူရဲသူတိုင်းမှာ အပြည့်အဝ ယုံကြည်မှု ရှိသူများ ဖြစ်သလို ငွေကြေး ချမ်းသာသူများလည်း ဖြစ်ကြသည်။
အကြောင်းမှာ ရေနံမြေ တစ်ခုလုံးကို အပြီးအပိုင် ဝယ်ယူသူသည် ငွေကို တစ်ခါတည်း ပေးချေရမည် ဖြစ်သောကြောင့်ပင်။
"ခင်ဗျား ဘယ်လောက် ပေးမှာလဲ..."
စတီဗင်က မိမိကိုယ်ကို တည်ငြိမ်အောင် ကြိုးစားပြီးနောက် မေးလိုက်သည်။
အကယ်၍ ဆွန်ဖုန်း ပေးမည့် ဈေးနှုန်းက သင့်တော်ပါက ဤရေနံမြေ၏ အကျိုးအမြတ် အားလုံးကို သူ့အား ရောင်းချရန် သူတို့ ဝန်မလေးပေ။
ဘာပဲဖြစ်ဖြစ် ဒါက ရေနံမြေငယ်လေး တစ်ခုသာ ဖြစ်ပြီး တူးဖော်ရာတွင်လည်း အန္တရာယ်များသည်။
လက်ရှိ ကျောက်လွှာအောက် ရေနံ တူးဖော်ရေး အတွေ့အကြုံများအရ ဤရေနံမြေကို တူးဖော်ပါက သေချာပေါက် ရှုံးမည်ဟု သူတို့ ထင်ကြသည်။
ရေနံစည် သန်း ၃၀ တူးထုတ်နိုင်ဖို့ မပြောနှင့် သန်း ၂၀ လောက် တူးထုတ်နိုင်ရင်တောင် တော်တော် ကောင်းနေပြီ ဖြစ်သည်။
အကြောင်းမှာ ကျောက်လွှာအောက်ရှိ ရေနံမြေများ၏ အခြေအနေကို မည်သူမှ အတိအကျ မသိနိုင်သောကြောင့် ဖြစ်သည်။
"အမေရိကန်ဒေါ်လာ ၁ ဘီလီယံ..."
ဆွန်ဖုန်းက ပြောလိုက်သည်။
"၁ ဘီလီယံ... မဖြစ်နိုင်ဘူး... ဒီလောက် နည်းတာ ကျွန်တော်တို့ လုံးဝ သဘောမတူနိုင်ဘူး..."
ဂျွန်က ပထမဆုံး ဝင်ငြင်းလိုက်သည်။
"နောက်ပြောင်နေတာလား... အမေရိကန်ဒေါ်လာ ၁ ဘီလီယံတည်းနဲ့ ဒီရေနံမြေရဲ့ အကျိုးအမြတ် အားလုံးကို ဝယ်ချင်တာ... မစ္စတာဆွန် ခင်ဗျား နောက်ပြောင်နေတာ မဟုတ်လား..."
စတီဗင်က လှောင်ပြုံး ပြုံးလိုက်သည်။
လက်ရှိ ကမ္ဘာတစ်ဝှမ်းရှိ ကျောက်လွှာအောက် ရေနံမြေများ၏ ရေနံထွက်ရှိမှုနှုန်းမှာ ၃၀ မှ ၅၀ ရာခိုင်နှုန်းခန့် ရှိသည်။
နယူးဖောင်လန် အနောက်ပိုင်းရှိ ကျောက်လွှာများမှာ အနည်းငယ် ပိုထူပြီး တူးဖော်ရန် အခက်ခဲဆုံး ဖြစ်သော်လည်း ကျွမ်းကျင်သူများ၏ တွက်ချက်မှုအရ ၃၀ ရာခိုင်နှုန်းအထက် ထွက်ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။
ဆိုလိုသည်မှာ ရေနံစည် သန်း ၃၀ ခန့် ဖြစ်သည်။
ဆွန်ဖုန်းက ဒေါ်လာ ၁ ဘီလီယံဖြင့် ဝယ်ယူလိုခြင်းမှာ မဖြစ်နိုင်ပေ။
အကယ်၍ ကနေဒါ ဗဟိုအစိုးရကသာ သူတို့ ဒေါ်လာ ၁ ဘီလီယံဖြင့် ဤရေနံမြေကို ဆွန်ဖုန်းအား ရောင်းချခဲ့ကြောင်း သိပါက သူတို့ကို အကြီးအကျယ် ဒေါသထွက်ပြီး ရာထူးမှ ဖယ်ရှားပစ်မည်မှာ သေချာသည်။
ခန့်မှန်းချက် အနိမ့်ဆုံး ရေနံထွက်ရှိမှုနှုန်းဖြင့် တွက်မည်ဆိုလျှင်တောင် ဤရေနံများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံ ရှိသည်။
သူတို့ အနေဖြင့် အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံ အထက် ရမှသာ ရောင်းချနိုင်မည်ဖြစ်သည်။
ဆွန်ဖုန်းက ပြုံးလိုက်သည်။ တစ်ဖက်လူ ငြင်းဆန်သည်ကို မြင်သောအခါ ဒီတစ်ကြိမ် ဆွေးနွေးပွဲ၏ အဓိက အပိုင်း ရောက်လာပြီဖြစ်ကြောင်း သူ သိလိုက်သည်။
တစ်နာရီကျော်ခန့် ဈေးဆစ်ပြီးနောက် နောက်ဆုံး အရောင်းအဝယ် ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံဖြင့် သတ်မှတ်လိုက်ပြီး ဆွန်ဖုန်းက ဤရေနံမြေ၏ အကျိုးအမြတ် အားလုံးကို အပြီးအပိုင် ဝယ်ယူလိုက်သည်။
"မစ္စတာဆွန်ဖုန်း... ပူးပေါင်းရတာ ဝမ်းသာပါတယ်..."
"ပူးပေါင်းရတာ ဝမ်းသာပါတယ်..."
ဆွန်ဖုန်းက ပြုံး၍ စတီဗင်တို့ သုံးယောက်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
"မစ္စတာဆွန်ဖုန်း... ဒီတစ်ကြိမ် ဆွေးနွေးမှုက ကျွန်တော်တို့ရဲ့ သီးသန့် ဆွေးနွေးမှု ဖြစ်ပါတယ်... ကျွန်တော်တို့ သဘောတူညီချက် ရသွားပြီဆိုပေမယ့် စာချုပ် မချုပ်ရသေးပါဘူး..."
"ဘာလို့လဲဆိုတော့ ဒီအနောက်ပိုင်း ရေနံမြေကို တင်ဒါပွဲမှာ တင်ထားပြီးပြီမို့လို့ တင်ဒါပွဲ ပြီးမှသာ စာချုပ်ချုပ်နိုင်မှာပါ... တကယ်လို့ တင်ဒါပွဲမှာ တခြား ရေနံကုမ္ပဏီတွေ ဝင်မစွက်ဖက်ဘူးဆိုရင် ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးထားတဲ့ အတိုင်း အရောင်းအဝယ် လုပ်မှာပါ..."
"တကယ်လို့ တင်ဒါပွဲမှာ တခြား ရေနံကုမ္ပဏီတွေက ဝင်လာပြီး ခင်ဗျားနဲ့ ပြိုင်မယ်ဆိုရင်တော့ တူးဖော်ခွင့်ကြေးကို တင်ဒါပွဲက ဈေးနှုန်းအတိုင်း သတ်မှတ်မှာပါ... အဲဒီအခါကျရင် ဘယ်သူ့လက်ထဲ ရောက်မလဲဆိုတာကတော့ ဘယ်သူ ဈေးအများဆုံး ပေးနိုင်လဲ ဆိုတဲ့အပေါ် မူတည်သွားပါပြီ..."
စတီဗင်က ရှင်းပြလိုက်သည်။
ဆွန်ဖုန်းက ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် သိပါပြီ..."
"ဒါဆိုရင်လည်း အချိန် မစောတော့ဘူးဆိုတော့ ကျွန်တော်တို့ အရင် ပြန်လိုက်ပါဦးမယ်..."
ဆွန်ဖုန်းက ဒီနေရာမှာ ဆက်မနေချင်တော့သဖြင့် စတီဗင်တို့ သုံးယောက်ကို တိုက်ရိုက် နှုတ်ဆက်လိုက်သည်။
"ကောင်းပါပြီ... ဖြည်းဖြည်းသွားပါ..."
"လိုက်ပို့စရာ မလိုပါဘူး..."
မြို့တော်ခန်းမ အဆောက်အအုံမှ ထွက်ပြီး လမ်းမပေါ်သို့ ရောက်သည်နှင့် ဆွန်ဖုန်းက မော့ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား... အကြီးအကျယ် မြတ်သွားပြီ... အကြီးအကျယ် မြတ်သွားပြီဟေ့..."
"ဘာဖြစ်တာလဲ... ရှင် ရူးသွားပြီလား... ကျွန်မ ကြည့်ရတာ ကျွန်မတို့ ရှုံးသွားတယ် ထင်နေတာ..."
စူးမေးက ရယ်မောလွန်း၍ မျက်ရည်များပင် ကျလာသော ဆွန်ဖုန်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"မြတ်တယ်... မြတ်တယ်... လာ... မင်းကို ထမင်းကောင်းကောင်း ကျွေးမယ်..."
ဆွန်ဖုန်းက စူးမေးကို ဆွဲကာ တက္ကစီ တစ်စီးကို တားပြီး စားသောက်ဆိုင် တစ်ဆိုင်သို့ တိုက်ရိုက် ထွက်လာခဲ့သည်။
မှန်သည်။ ဆွန်ဖုန်း တကယ်ကို အကြီးအကျယ် မြတ်သွားခြင်း ဖြစ်သည်။
အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံတည်းဖြင့် ရေနံစည် သန်း ၁၀၀ သိုလှောင်ထားသော ရေနံမြေကို ရရှိလိုက်ခြင်း ဖြစ်သည်။
အကယ်၍ အခြားသူများ တူးဖော်ပါက ရေနံစည် သန်း ၃၀၊ ၄၀ ခန့်သာ တူးဖော်နိုင်ပြီး ပြီးဆုံးသွားမည် ဖြစ်သော်လည်း ဆွန်ဖုန်းက မည်သူနည်း။ သူက ထူးခြားသည့်စနစ်ကြီးကို ပိုင်ဆိုင်ထားသူ မဟုတ်ပါလား။
ထူးခြားသည့်စနစ်ကြီး ရှိနေသဖြင့် ဤရေနံစည် သန်း ၁၀၀ သိုလှောင်ထားသော ရေနံမြေမှ ရေနံများကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ တူးဖော်နိုင်မည်ဟု သူ ယုံကြည်သည်။
ဆိုလိုသည်မှာ ရေနံစည် သန်း ၁၀၀ တူးထုတ်နိုင်မည် ဖြစ်သည်။
ရေနံစည် သန်း ၁၀၀ က ငွေဘယ်လောက်တောင် ရနိုင်မလဲ။
သန်း ၁၀၀ ကို ၇၀ ဒေါ်လာဖြင့် မြှောက်ကြည့်လိုက်ပါ။ ဘယ်လောက် ရမလဲဆိုတာ ကိုယ့်ဟာကိုယ် တွက်ကြည့်လိုက်ပါ။
တကယ်တော့ ဆွန်ဖုန်းတွင်သာ ထူးခြားသည့်စနစ်ကြီး မရှိပါက ဤအရောင်းအဝယ်ကို နှစ်ဦးနှစ်ဖက်လုံး လက်ခံနိုင်ပြီး တစ်ဖက်လူက အနည်းငယ် အမြတ်ထွက်သွားသည်ဟုပင် ပြောနိုင်သည်။
သို့သော် ထူးခြားသည့်စနစ်ကြီး ရှိနေသော ဆွန်ဖုန်းအတွက်မူ ဤသို့ တူးဖော်ရန် ခက်ခဲသော ရေနံမြေမှ ရေနံအားလုံးကို ၁၀၀ ရာခိုင်နှုန်း တူးဖော်နိုင်မည် ဖြစ်ရာ အကြီးအကျယ် မြတ်သွားပြီ ဖြစ်သည်။