အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း (၁၃၇) မိန်းမမှာ ပိုက်ဆံရှိတယ်ကွ
အစပိုင်းတွင် ဆွန်ဖုန်းသည် ကြီးမားသော ရေနံတူးဖော်မှုမျိုး မလုပ်ဘဲ ရေနံတွင်း နှစ်တွင်း သုံးတွင်းခန့်သာ အရင်ဆုံး စမ်းသပ်တူးဖော်ကြည့်ရန် ရည်ရွယ်ထားသည်။
လက်ရှိတွင် သူ၏ ရင်းနှီးငွေ အနည်းငယ်သာ ရှိခြင်းက အကြောင်းရင်း တစ်ခုဖြစ်ပြီး နောက်အကြောင်းရင်း တစ်ခုမှာ လူအများ၏ အာရုံစိုက်မှုကို မခံရစေရန် ဖြစ်သည်။
အကယ်၍ တစ်ခါတည်း အကြီးအကျယ် တူးဖော်ပြီး ရေနံမြောက်မြားစွာ ထွက်ရှိလာပါက အခြားသူများက သူ့ကို မည်သို့ မြင်ကြမည်နည်း။
ထို့ကြောင့် ဖြည်းဖြည်းချင်း လုပ်ဆောင်ရမည်။
တစ်ခါတရံ ရေနံတွင်း နှစ်တွင်း သုံးတွင်းခန့် အလွယ်တကူ တူးဖော်နိုင်ခြင်းကို အခြားသူများက ကံကောင်းသည်ဟု ထင်နိုင်သည်။
သူ ရွေးချယ်လိုက်သော နေရာများမှာ တိုက်တိုက်ဆိုင်ဆိုင် တူးဖော်ရန် လွယ်ကူနေပြီး ကျောက်လွှာ ရေနံမြေ ဖြစ်သော်လည်း ရေနံတွင်း အနည်းငယ်ကို လျင်မြန်စွာ တူးဖော်နိုင်သည်ဟု ထင်မှတ်နိုင်သည်။
သို့သော် အားလုံး ချောမွေ့နေပါက အခြားသူများ၏ အာရုံစိုက်မှုကို မခံရဘဲ နေနိုင်မည်မဟုတ်ပေ။
ကုန်းတွင်းပိုင်း ရေနံတူးဖော်ခြင်းက ပင်လယ်ကြမ်းပြင် တူးဖော်ခြင်းလောက် ရင်းနှီးမြှုပ်နှံမှု မများပေ။ ထို့ကြောင့် ဆွန်ဖုန်းက အခြားသူများ၏ တစ်ပတ်ရစ် ကိရိယာများကို ဝယ်ယူရန် စဉ်းစားခြင်း ဖြစ်သည်။
အကယ်၍ အခြားလုပ်ငန်းများ လုပ်ကိုင်ပါက အနည်းငယ် မျက်နှာပြောင်တိုက်၍ ရသော်လည်း ယခု သူ လုပ်ကိုင်မည့် အလုပ်မှာ မဟာဗျူဟာမြောက် သယံဇာတဖြစ်သော ရေနံလုပ်ငန်း ဖြစ်ရာ သတိထား လုပ်ဆောင်ခြင်းက ပို၍ ကောင်းမွန်ပေသည်။
ရေအောက်တူးဖော်ရေး စနစ်ကြီး ရှိနေသဖြင့် ဤကမ္ဘာပေါ်တွင် သူ့ကို မည်သူမှ သတ်၍မရနိုင်ကြောင်း ယုံကြည်ထားသော်လည်း အကယ်၍ သူ၏ လျှို့ဝှက်ချက်ကို သိသွားပါက ကမ္ဘာမြေပေါ်တွင် သူ နေထိုင်စရာ နေရာ ရှိတော့မည် မဟုတ်ပေ။
"ဒါနဲ့... မင်း ပြောတဲ့ ကျောက်ခွဲ အလင်းလှိုင်း စက် လုပ်ဖို့ ဘာပစ္စည်းတွေ လိုလဲ... ငါ အရင်ဆုံး ဝယ်ထားလိုက်မယ်... မင်း မြန်မြန် လုပ်လို့ရအောင်..."
ဆွန်ဖုန်းက အသံလက်ထောက်ကို မေးလိုက်သည်။
"ဟုတ်ကဲ့... ခဏနေရင် စာရင်းတစ်ခု ပို့ပေးလိုက်မယ်..."
"ကောင်းပြီ..."
မကြာမီ ဆွန်ဖုန်းသည် စာကြည့်ခန်းသို့ သွားကာ ရှည်လျားသော စာရင်းတစ်ခုကို ရေးချလိုက်သည်။
အသံလက်ထောက်၏ ရှင်းပြချက်အရ ဤ ကျောက်ခွဲ အလင်းလှိုင်း စက်သည် ဖုန်းတစ်လုံး အရွယ်အစားခန့်သာ ရှိသည်။
သို့သော် ထိုသို့ သေးငယ်သည်ကို အထင်မသေးသင့်ပေ။ ဤသို့သော အဆင့်မြင့် နည်းပညာ ထုတ်ကုန်များကို အရွယ်အစားဖြင့် တိုင်းတာ၍ မရပေ။
၎င်းသည် အလင်းလှိုင်းများကို အလွယ်တကူ ထုတ်လွှတ်နိုင်ပြီး မည်သည့် ကျောက်လွှာကိုမဆို အမှုန့်ဖြစ်အောင် ခွဲထုတ်နိုင်သည်။ သံမဏိကိုပင် အမှုန့်ဖြစ်အောင် လုပ်နိုင်စွမ်း ရှိသည်။
ဆွန်ဖုန်းသည် ထိုစာရင်းကို လျန်ယင်ထံသို့ ပေးပို့ကာ ဝယ်ယူခိုင်းလိုက်ပြီး သူကတော့ စောင့်နေရုံသာ ရှိတော့သည်။
ဆွန်ဖုန်း ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ပြီး စုန့်ကျဲထံသို့ ဖုန်းဆက်လိုက်သည်။
"ဟယ်လို ညီလေး... ဘာ အလုပ်အကိုင်တွေများ ပေးစရာ ရှိလို့လဲ..."
"အလုပ်အကိုင် မဟုတ်ဘူး... ခင်ဗျားဆီက အကူအညီ တောင်းချင်လို့..."
ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်သည်။
"ငါက မင်းကို ဘာကူညီနိုင်မှာလဲ... မင်းက ကနေဒါမှာ သံသတ္တုတွင်းတောင် ဖွင့်ထားတာပဲ... ငါတို့ လုပ်ငန်းလည်း မတူဘူး..."
စုန့်ကျဲက ဖုန်းထဲမှနေ၍ အထင်သေးစွာ ပြောလိုက်သည်။
"တကယ်ပြောတာ... ဒီတစ်ခေါက် ခင်ဗျားရဲ့ အကူအညီကို တကယ် လိုအပ်နေလို့ပါ..."
ဆွန်ဖုန်းက အပြုံးကို ရပ်တန့်ကာ လေးနက်စွာ ပြောလိုက်သည်။
တစ်ဖက်လူက ဆွန်ဖုန်း၏ လေးနက်သော လေသံကို ကြားသောအခါ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိလိုက်သဖြင့် မေးလိုက်သည်။
"ဘာကိစ္စလဲ..."
"ကျွန်တော့်ကို ပိုက်ဆံနည်းနည်းလောက် ချေးနိုင်မလား..."
ဆွန်ဖုန်းက တိုက်ရိုက်ပင် မေးလိုက်သည်။
စုန့်ကျဲက ထိုစကားကို ကြားသောအခါ ချက်ချင်း ရယ်မောလိုက်သည်။
"ငါ့ညီရာ... မင်းက ဒီလောက် ချမ်းသာနေတာကို ပိုက်ဆံလိုသေးလို့လား... မင်းက ငါ့ထက်တောင် ချမ်းသာနေပြီကို... ဟိုတစ်ခေါက်က မင်းရောင်းလိုက်တဲ့ ရှေးဟောင်းပစ္စည်းတွေက ယွမ် တစ်ဘီလီယံကျော်တောင် ရတာကို ခုမှ နှစ်ပတ်လောက်ပဲ ရှိသေးတယ်... ပိုက်ဆံချေးချင်တယ်ဆိုတော့ ငါ့ကို နောက်နေတာလား..."
"နောက်ရမှာလား... ကျွန်တော် ဒီမှာ ရေနံမြေ တစ်ခု ရင်းနှီးမြှုပ်နှံဖို့ ပြင်နေတာ... ငွေမလောက်လို့ ခင်ဗျားဆီက နည်းနည်း ချေးချင်လို့..."
ဆွန်ဖုန်းက နယူးဖောင်လန် အနောက်ပိုင်း ရေနံမြေကို ရင်းနှီးမြှုပ်နှံမည့် အကြောင်း စုန့်ကျဲကို ပြောပြလိုက်သည်။
စုန့်ကျဲက ကြားသည်နှင့် အလွန် အံ့ဩသွားပြီး ရယ်မောကာ ပြောလိုက်သည်။
"သောက်ကျိုးနည်း... မင်းက တော်တော် စွမ်းတာပဲ... လွန်ခဲ့တဲ့ နှစ်ဝက်က သံသတ္တု လုပ်တယ်... အခု ရေနံ လုပ်ငန်းထဲ ဝင်လာပြီပေါ့... မိုက်တယ်ကွာ..."
အမှန်အတိုင်း ပြောရလျှင် စုန့်ကျဲသည် ဆွန်ဖုန်း၏ လုပ်ရပ်များကို အလွန် အံ့ဩမိသည်။ ရေနံလုပ်ငန်းသို့ ဝင်ရောက်မည် ဆိုခြင်းမှာ အတော်လေး ကြီးမားသော လုပ်ရပ် ဖြစ်သည်။ ရေနံလုပ်ငန်း ဆိုသည်မှာ မည်မျှ ကြီးမားသော စွမ်းဆောင်ရည် လိုအပ်ကြောင်း သူ သိသည်။
"အပိုတွေ မပြောပါနဲ့တော့... ခင်ဗျား ချေးမှာလား မချေးဘူးလား ဆိုတာပဲ ပြော..."
ဆွန်ဖုန်းက စုန့်ကျဲ၏ စကားကို ဖြတ်ကာ မေးလိုက်သည်။
စုန့်ကျဲက ခဏမျှ တိတ်ဆိတ်သွားသည်။ ဤတစ်ကြိမ် ဆွန်ဖုန်း ချေးမည့် ငွေပမာဏမှာ သေချာပေါက် နည်းမည် မဟုတ်ပေ။ ရေနံလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမည့် ငွေကြေးက အနည်းငယ်မျှဖြင့် လုံလောက်မည် မဟုတ်ပေ။
"မင်း ငွေဘယ်လောက် လိုသေးလဲ..."
စုန့်ကျဲက မေးလိုက်သည်။
"ခန့်မှန်းခြေ... ၇၊ ၈ ဘီလီယံလောက်တော့ လိုမယ်..."
ဆွန်ဖုန်းက လက်ချိုးရေတွက်ရင်း ပြောလိုက်သည်။
"သောက်ကျိုးနည်း... ၇၊ ၈ ဘီလီယံတောင်... ညီလေး ငါ့ကို သတ်လိုက်ပါလား... ငါက ဘယ်ကနေ သွားပြီး အဲဒီလောက်များတဲ့ ပိုက်ဆံကို ရှာရမှာလဲ..."
စုန့်ကျဲက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
သူက ချမ်းသာသော်လည်း ထိုမျှများပြားသော ငွေကို ချက်ချင်း ထုတ်မပေးနိုင်ပေ။ ထို့အပြင် သူ၏ ငွေများမှာလည်း လေတိုက်၍ ရလာခြင်း မဟုတ်ပေ။ ဆွန်ဖုန်း ချေးမည့် ငွေပမာဏမှာ အလွန် များပြားလွန်းလှသည်။
"ငါ့မှာ အဲဒီလောက် ပိုက်ဆံ မရှိဘူး... ပြီးတော့ ညီလေး ငါ မင်းကို တစ်ခွန်းလောက် အကြံပေးချင်တယ်... ရေနံလုပ်ငန်းထဲ ဝင်မယ်ဆိုရင် သတိထား... တစ်ခုခု မှားသွားရင် ဒေဝါလီခံရနိုင်တယ် ဆိုတာ မင်း သိရဲ့လား... ငါကတော့ မင်းကို ရေနံမြေမှာ မရင်းနှီးမြှုပ်နှံဖို့ အကြံပေးချင်တယ်... မင်းရဲ့ မားစ် သံသတ္တုတွင်းကိုပဲ သေချာ အာရုံစိုက်ပြီး လုပ်ပါ..."
စုန့်ကျဲက သူ့ကို စေတနာဖြင့် အကြံပေးနေခြင်း ဖြစ်ကြောင်း ဆွန်ဖုန်း သိသည်။
သို့သော် သူက ဤအဆင့်အထိ ရောက်နေပြီဖြစ်ရာ နောက်ဆုတ်မည် မဟုတ်ပေ။ ထို့အပြင် သူ့တွင် ထူးခြားသည့်စနစ်ကြီး ရှိနေသဖြင့် ဤအရောင်းအဝယ်ကို လုံးဝ မရှုံးနိုင်ကြောင်း သူ ယုံကြည်သည်။
"စုန့်ကျဲ... အစ်ကို တစ်ခွန်းတည်း ပြော... ဘယ်လောက် ချေးနိုင်မလဲ..."
ဆွန်ဖုန်းက အပြတ်ပြောလိုက်သည်။
"ဟူး... ကောင်းပြီလေ... မင်းက ဒီလောက် ပြောနေမှတော့ အစ်ကိုလည်း ဘာမှ မပြောတော့ပါဘူး... ငါ မင်းကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးပေးနိုင်တယ်... ဒီထက်ပိုပြီးတော့ တကယ် မရှိတော့ဘူး..."
စုန့်ကျဲက ပြောလိုက်သည်။
"ကောင်းပြီ... ကျေးဇူးတင်ပါတယ် အစ်ကို..."
ဆွန်ဖုန်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
စုန့်ကျဲတွင် ပိုင်ဆိုင်မှုများစွာ ရှိသော်လည်း ထိုအရာများမှာ မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများသာ ဖြစ်ပြီး လည်ပတ်ငွေ မဟုတ်ကြောင်း သူ သိသည်။ ဒေါ်လာ သန်း ၁၀၀ ကို ချက်ချင်း ထုတ်ချေးပေးနိုင်ခြင်းက သူ့အတွက် အလွန် ကျေးဇူးတင်စရာ ဖြစ်သည်။
ယွမ် သန်း ၁၀၀ မဟုတ်ဘဲ ဒေါ်လာ သန်း ၁၀၀ ဖြစ်သည်။
ထိုသို့ အန္တရာယ်များသော အလုပ်ကို လုပ်မည်ဟု သိလျက်နှင့်ပင် မျက်တောင်မခတ်ဘဲ ငွေချေးပေးနိုင်ခြင်းက တကယ့် သူငယ်ချင်းစစ်၊ ညီအစ်ကိုစစ် ဖြစ်ကြောင်း သက်သေပြနေသည်။ ဒီညီအစ်ကိုကို မပေါင်းရကျိုးနပ်ပါသည်။
"ကောင်းပြီ... မင်းက ရေနံမြေကို ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ထားမှတော့ သတိထားပေါ့... ဒီလုပ်ငန်းက အရမ်း နက်နဲတယ်..."
စုန့်ကျဲက သတိပေးလိုက်သည်။
"သိပါပြီ... ကျွန်တော် သတိထားပါ့မယ်..."
ဆွန်ဖုန်း၏ ရင်ထဲတွင် နွေးထွေးသွားသည်။
ဖုန်းချပြီးနောက် ဆွန်ဖုန်း၏ မျက်မှောင်ကြုတ်နေမှုများ အနည်းငယ် ပြေလျော့သွားသည်။ ဒေါ်လာ သန်း ၁၀၀ ထပ်ရလာပြီ ဖြစ်ရာ ငွေကြေး အနည်းငယ် ပိုများလာပြီ ဖြစ်သည်။
အစပိုင်းတွင် ရေနံတွင်း နှစ်တွင်း သုံးတွင်းခန့်သာ တူးဖော်မည်ဖြစ်ပြီး အသံလက်ထောက်၏ အကူအညီလည်း ရှိနေသဖြင့် ရင်းနှီးငွေ ထပ်ရှာနိုင်ပါက လုံလောက်မည်ဟု ထင်သည်။
နောက်ပိုင်း လိုအပ်မည့် ငွေကြေးများကိုတော့ အချိန်တန်မှ ထပ်မံ စဉ်းစားရမည်ဖြစ်သည်။
"ဆွန်ဖုန်း... ပိုက်ဆံ လိုနေလို့လား..."
ဆွန်ဖုန်း ဖုန်းပြောပြီးနောက် ဘေးတွင် ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်နေသော ဟယ်မင်ယီက အနားသို့ ကပ်လာကာ မေးလိုက်သည်။
"အင်း... ဘာဖြစ်လို့လဲ... ကိစ္စမရှိပါဘူး... ကလေးအတွက် နို့မှုန့်ဖိုးတော့ ရှိပါသေးတယ်..."
ဆွန်ဖုန်းက ဟယ်မင်ယီ၏ ထူးဆန်းသော အကြည့်ကို မြင်သောအခါ ရှင်းပြလိုက်သည်။
"ဟွန့်... ရှင်ပေးတဲ့ နို့မှုန့်ဖိုးကို ဘယ်သူက ဂရုစိုက်လို့လဲ... ရှင့်မှာ ပိုက်ဆံမရှိလည်း မိန်းမမှာ ပိုက်ဆံရှိတယ်ကွ... ကိုယ့်ဟာကိုယ် ကျွေးနိုင်တယ်..."
ဟယ်မင်ယီက ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်သည်။
"ကောင်းပါပြီ ကောင်းပါပြီ... မင်းက သူဌေးမလေးပဲ... မင်းက မိန်းမချမ်းသာလေးပဲ... မင်းမှာ ပိုက်ဆံရှိတယ်... မင်း ကျွေးနိုင်တယ်..."
ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
"ဒါပေါ့..."
ဟယ်မင်ယီက ခေါင်းကို မော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ဖုန်း... တကယ် ပိုက်ဆံ လိုနေတာလား... ခုနက စုန့်ကျဲနဲ့ ဖုန်းပြောတာ ကြားလိုက်တယ်... ရေနံမြေ တစ်ခု ရင်းနှီးမြှုပ်နှံဖို့ လုပ်နေတာဆို ငွေမလောက်ဘူးလား..."
ဟယ်မင်ယီက ဝင့်ကြွားပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အင်း... ဒါပေမယ့် သိပ်မလိုပါဘူး... စိတ်မပူပါနဲ့..."
ဆွန်ဖုန်းက နှာခေါင်းကို ပွတ်သပ်ကာ အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။
သူသည် ဟယ်မင်ယီ၏ ရှေ့တွင် အမြဲတမ်း ချမ်းသာသူ တစ်ယောက်အဖြစ် နေခဲ့ရာ ယနေ့မှ မိန်းမဖြစ်သူက သူ ပိုက်ဆံမရှိဘူးဟု ပြောလာသောအခါ အနည်းငယ် မျက်နှာပူသွားသည်။
"ဟွန့်... ဟန်ဆောင်မနေပါနဲ့... ခုနက ရှင့်မှာ ဒေါ်လာ ၇၊ ၈ ဘီလီယံလောက် လိုနေတယ်လို့ ကြားလိုက်တယ်... တကယ်လို့ ရှင့်မှာ ပိုက်ဆံမရှိရင် ကျွန်မ ပေးမယ်လေ... ရှင် အပြင်မှာ စီးပွားရေး လုပ်နေတာလည်း ကျွန်မတို့ ကလေးရဲ့ အနာဂတ်အတွက်ပဲ မဟုတ်လား... မလွယ်ပါဘူး... ပိုက်ဆံမရှိရင် ကျွန်မကို ပြောလို့ရပါတယ်..."
ဟယ်မင်ယီက ရုတ်တရက် နူးညံ့စွာ ပြောလိုက်သည်။
"မင်ယီ..."
ဆွန်ဖုန်းသည် ဟယ်မင်ယီ၏ စကားကို ကြားသောအခါ ရင်ထဲတွင် အလွန် ဝမ်းသာသွားသည်။ ဟယ်မင်ယီက သူတို့၏ အနာဂတ်အတွက် ဤမျှ စဉ်းစားပေးသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်ရာ သူမ အမှန်တကယ် ကြီးပြင်းလာပြီဟု ထင်လိုက်မိသည်။