အခန်း ၁၃၈
Vol. 14 Ch. 138
အခန်း (၁၃၈) တင်ဒါပွဲ
"ကောင်းပါပြီ မင်းမှာ ဒီလိုစိတ်ထားလေး ရှိတာနဲ့တင် လုံလောက်နေပါပြီ မင်းဆီမှာ ပိုက်ဆံဘယ်လောက်များ ရှိလို့လဲ စိတ်မပူပါနဲ့ ကိုယ့်ဘာသာ နည်းလမ်းရှာပါ့မယ်..."
ဆွန်ဖုန်းက ဟယ်မင်ယီ၏ ဘေးတွင် ထိုင်ကာ သူမကို ညင်သာစွာ ဖက်ထားရင်း ပြောလိုက်သည်။
ဟယ်မင်ယီသည် ဟိုင်ယန်မြို့တွင် အလှကုန် ကုမ္ပဏီတစ်ခု ဖွင့်ထားပြီး တန်ဖိုးအားဖြင့် ယွမ် သန်းဆယ်ဂဏန်းခန့်သာ ရှိမည်ကို သူ သိသည်။ သူမ၏ ဖခင်က ရင်းနှီးပေးထားခြင်း ဖြစ်နိုင်ရာ သူမ၌ ငွေမည်မျှ ရှိမည်နည်း။ ထို့အပြင် သူမ၏ ဖခင်ထံမှ ငွေတောင်းခိုင်းရန်မှာလည်း သိပ်မကောင်းလှပေ။
"ရှင် ဟန်ဆောင်မနေပါနဲ့ ရေနံ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ ငွေအများကြီး လိုတယ်ဆိုတာ ကျွန်မ သိပါတယ် တကယ်လို့ ငွေမလောက်ဘဲ နောက်ပိုင်း ဆက်မလုပ်နိုင်ဘူးဆိုရင် ငွေကြေးလည်ပတ်မှု ရပ်တန့်သွားပြီး ဆက်တူးဖော်လို့ မရတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ် ဒီလောက်တော့ ကျွန်မလည်း နားလည်ပါတယ်..."
ဟယ်မင်ယီက ပြောလိုက်သည်။
"မင်းဆီမှာ ပိုက်ဆံ ဘယ်လောက်များ ရှိလို့လဲ မင်း ဖွင့်ထားတာက အလှကုန် ကုမ္ပဏီလေး တစ်ခုတည်းလေ အဲဒါကို ရောင်းလိုက်ရင်တောင် ပိုက်ဆံ သိပ်များများ ရမှာ မဟုတ်ပါဘူး ဆက်ဖွင့်ထားတာကမှ ပိုကောင်းဦးမယ်..."
ဆွန်ဖုန်းက ခေါင်းခါရင်း ပြောလိုက်သည်။
"ဟွန့် ကျွန်မကို အထင်မသေးနဲ့ ဖေဖေက ကျွန်မအတွက် ကြိုတင် ပြင်ဆင်ပေးထားတဲ့ မင်္ဂလာခန်းဝင်ပစ္စည်း ယွမ် ၁ ဘီလီယံ ရှိတယ် အဲဒါက ကျွန်မရဲ့ ဘဏ်ကတ်ထဲမှာ ရှိတယ် ရှင့်ကို ပိုက်ဆံနဲ့ ပေါက်သတ်လိုက်ရမလား..."
ဟယ်မင်ယီက ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။ သူမတွင် ငွေဘယ်လောက် ရှိသလဲ ဆိုတာ ဘာစကားလဲ။ သူမက ဟိုင်ထျန်းမြို့က ချမ်းသာသော ဒုတိယမျိုးဆက် သူဌေးသမီးလေး မဟုတ်ပါလား။
"ယွမ် ၁ ဘီလီယံတောင်လား... မိုက်တယ် မင်းအဖေက မင်းအပေါ် တော်တော် ကောင်းတာပဲ..."
ဆွန်ဖုန်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ယခင်ကဆိုလျှင် ယွမ် ၁ ဘီလီယံမှာ သူ့အတွက် သိပ်မများလှသော ပမာဏ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရှိနေသောကြောင့် ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ယွမ် ၁ ဘီလီယံသည် သူ့အတွက် အချိန်မီ ရွာသွန်းသော မိုးနှင့် တူနေသည်။ ယွမ် ၁ ဘီလီယံသည် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် ရှိသည်။ ထိုငွေဖြင့် ဆွန်ဖုန်း အနေဖြင့် အစပိုင်းတွင် ရေနံတွင်း အနည်းငယ်ကို လုံလောက်စွာ တူးဖော်နိုင်မည်ဖြစ်သည်။
သူ၏ ဒေါ်လာ သန်း ၁၀၀၊ စုန့်ကျဲ၏ သန်း ၁၀၀ နှင့် ဤ သန်း ၁၅၀ ကို ပေါင်းလိုက်ပါက လုပ်ငန်း စတင်နိုင်ပြီ ဖြစ်သည်။
"ဟွန့် ကျွန်မအပေါ် မကောင်းရင် ဘယ်သူ့အပေါ် သွားကောင်းရမှာလဲ ကျွန်မက တစ်ဦးတည်းသော သမီးလေ သူက ပိုက်ဆံတွေ အကုန်လုံးကို အဲဒီ စုန်းမကြီးကိုပဲ ပေးသုံးချင်နေလို့လား..."
ဒီအကြောင်းကို ပြောမိသည်နှင့် ဟယ်မင်ယီ ဒေါသထွက်လာသည်။ လက်ရှိအချိန်ထိ ဖခင်ဖြစ်သူအပေါ် နားလည်မှုလွဲခြင်းနှင့် မကျေနပ်မှုများ ရှိနေဆဲဖြစ်သည်။ ဆွန်ဖုန်းက ဝင်ရောက် ဖြေရှင်းပေးထားသဖြင့် ယခင်ကလောက် မပြင်းထန်တော့ခြင်းသာ ဖြစ်သည်။
"ကောင်းပါပြီ..."
ဆွန်ဖုန်းက ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
"ဒါဆို ရှင် ယူမှာလား မယူဘူးလား..."
ဟယ်မင်ယီက မေးလိုက်သည်။
"ယူမှာပေါ့ ဘာလို့ မယူရမှာလဲ မင်းရဲ့ပိုက်ဆံက ကိုယ့်ပိုက်ဆံပဲလေ ကိုယ့်ပိုက်ဆံကလည်း ကိုယ့်ပိုက်ဆံပဲပေါ့..."
ဆွန်ဖုန်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
"..."
ဟယ်မင်ယီ။
"ဘာလို့ ရှင့်အပြုံးက အဲဒီလောက် အရိုက်ခံချင်စရာ ကောင်းနေရတာလဲ..."
ဟယ်မင်ယီက လက်သီးဆုပ်လေးကို ဝှေ့ယမ်းကာ ဆွန်ဖုန်းအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"အာ စိတ်မဆိုးပါနဲ့ လာ ကိုယ် မင်းကို လမ်းလျှောက် လိုက်ပို့ပေးမယ် တို့တွေရဲ့ ကလေးလေး လေကောင်းလေသန့် ရှူရအောင် သဘာဝတရားရဲ့ အလှအပကို ခံစားရအောင်..."
ခဏအကြာတွင်ပင် ဆွန်ဖုန်းက ဟယ်မင်ယီအား စိတ်ပြေသွားအောင် ချော့မော့နိုင်ခဲ့သည်။
သုံးရက်အကြာတွင် ဆွန်ဖုန်းသည် စူးမေးကို ခေါ်ကာ နယူးဖောင်လန်ရှိ စိန့်ဂျွန်းမြို့သို့ သွားမည့် လေယာဉ်ပေါ်သို့ ထပ်မံ တက်ရောက်ခဲ့သည်။
မှန်သည်။ ဤတစ်ကြိမ်တွင် ဆွန်ဖုန်းသည် နယူးဖောင်လန် ရေနံတူးဖော်ရေး တင်ဒါပွဲသို့ တက်ရောက်ရန် လာခဲ့ခြင်း ဖြစ်သည်။
ဤပွဲသည် ဆွန်ဖုန်းအတွက် အလွန် အရေးကြီးသည်။ မည်သည့် အမှားအယွင်းမျှ မရှိရန် မျှော်လင့်ရသည်။ အခြား ရေနံကုမ္ပဏီများက နယူးဖောင်လန် အနောက်ပိုင်းရှိ ထိုကျောက်လွှာအောက် ရေနံမြေကို စိတ်မဝင်စားသရွေ့ သူ စိတ်အေးနိုင်သည်။ အချိန်တန်ပါက တစ်ဖက်လူနှင့် စာချုပ်ချုပ်ရုံသာ ရှိတော့သည်။
ဆွန်ဖုန်း၏ ခန့်မှန်းချက်အရ မည်သည့် ရေနံကုမ္ပဏီကမျှ ကျောက်လွှာအောက် ရေနံမြေကို စိတ်ဝင်စားမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤရေနံမြေမှာ တူးဖော်ရန် အလွန် ခက်ခဲပြီး အသုံးမဝင်သော ကြက်ရိုးကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
လေယာဉ်ပေါ်တွင်...
"ဘော့စ် ဒီအချက်အလက်တွေကို ကြည့်လိုက်ပါဦး ဒီရေနံကုမ္ပဏီတွေ အားလုံးက တင်ဒါပွဲ ဝင်ပြိုင်မယ့် သူတွေပါ..."
စူးမေးက ဆွန်ဖုန်းထံသို့ အချက်အလက် စာရွက်စာတမ်းတစ်ခု ကမ်းပေးလိုက်သည်။
ဆွန်ဖုန်းက အချက်အလက်များကို ယူကာ သေချာစွာ ဖတ်ရှုလိုက်သည်။ ကြိုတင် လေ့လာထားခြင်းက ကောင်းမွန်ပေသည်။
ခဏဖတ်ပြီးနောက် ဤတစ်ကြိမ် တင်ဒါပွဲ ဝင်ပြိုင်မည့် ကုမ္ပဏီ ခြောက်ခုခန့် ရှိကြောင်း ဆွန်ဖုန်း တွေ့လိုက်ရသည်။ များသည်ဟုလည်း မဆိုနိုင်သလို နည်းသည်ဟုလည်း မဆိုနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ရေနံမြေ သုံးခုသာ ရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် ဆွန်ဖုန်း မျက်စိကျနေသော ထိုအသုံးမဝင်သည့် ကျောက်လွှာအောက် ရေနံမြေကို မည်သူကမျှ လေလံဆွဲမည် မဟုတ်ဟု ခန့်မှန်းရသည်။
"အမေရိကန်က ဝမ်လွန် ရေနံကုမ္ပဏီ ဂျာမနီက ပင်ထန် ရေနံကုမ္ပဏီ တရုတ်က ကျင်းချန် ရေနံကုမ္ပဏီ အမေရိကန်က မိုက်ကျယ် ရေနံကုမ္ပဏီ ဗြိတိန် ရေနံကုမ္ပဏီနဲ့ ဒီအာ ရေနံကုမ္ပဏီ..."
ဆွန်ဖုန်းက ဖြည်းဖြည်းချင်း ဖတ်ပြလိုက်သည်။
ဤရေနံကုမ္ပဏီ ခြောက်ခုစလုံးမှာ ကမ္ဘာပေါ်တွင် နာမည်ကြီးသော ရေနံကုမ္ပဏီများ ဖြစ်ကြပြီး ငွေကြေး အင်အား တောင့်တင်းကာ သူတို့၏ အမည်ပေါက်ဖြင့် ရေနံမြေ အများအပြား ရှိကြသည်။
ဆွန်ဖုန်း၏ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီနှင့် ပေါင်းလိုက်ပါက ဤတစ်ကြိမ် တင်ဒါပွဲတွင် ကုမ္ပဏီ ခုနစ်ခု ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ဆွန်ဖုန်းကို အနည်းငယ် အံ့ဩသွားစေသည်မှာ ဤ ဒီအာ ရေနံကုမ္ပဏီလည်း ပါဝင်နေခြင်း ဖြစ်သည်။ ထိုအမည်ကို တွေ့လိုက်ရသောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် ယခင်က တောင်တရုတ်ပင်လယ်တွင် သူ ခိုးယူခဲ့သော တန်ချိန် ဆယ်သန်းချီသည့် ရေနံများမှာ ဤ ဒီအာ ရေနံကုမ္ပဏီထံမှ ဖြစ်သောကြောင့်ပင်။ တွေးကြည့်ရုံဖြင့် ရယ်ချင်စရာ ကောင်းနေသည်။
အားတဲ့အခါ သွားပြီး နောက်တစ်ခါ ထပ်ခိုးရမလားဟု သူ တွေးနေမိသည်။ ဤကဲ့သို့သော ကိစ္စမျိုးကို အကြိမ်ကြိမ် လုပ်ဆောင်ရန် အလွန် စိတ်လှုပ်ရှားစရာ ကောင်းသည်။ မည်သို့ပင်ဖြစ်စေ ဖမ်းမိနိုင်ခြေမှာ လုံးဝ မရှိသလောက်ပင်။
ဤကုမ္ပဏီ ခြောက်ခုစလုံးသည် နယူးဖောင်လန် အရှေ့ပိုင်းရှိ ထိုရေနံမြေ နှစ်ခုကို ပစ်မှတ်ထားလာကြခြင်း ဖြစ်ကြောင်း ဆွန်ဖုန်း သိသည်။ တစ်ခုမှာ ရေနံစည် ၈၀၀ သန်း သိုလှောင်ထားပြီး အခြားတစ်ခုမှာ ရေနံစည် သန်း ၅၀၀ သိုလှောင်ထားသည်။ အတော်လေး ကြီးမားသော ရေနံမြေများ ဖြစ်ကြသည်။
"ဟဲဟဲ ဒီတစ်ခါတော့ ရေနံကုမ္ပဏီကြီးတွေ ဘယ်လို သတ်ပုတ်ကြမလဲ ဆိုတာကို ငါလည်း ကြည့်ရတော့မယ် တော်တော်လေး စိတ်ဝင်စားစရာ ကောင်းမှာပဲ..."
ဆွန်ဖုန်းက အချက်အလက် စာရွက်များကို စူးမေးထံ ပြန်ပေးလိုက်သည်။
"ဘော့စ် ဒီရေနံကုမ္ပဏီတွေ အားလုံးက အင်အားကြီးတွေချည်းပဲ ကျွန်မတို့ ကုမ္ပဏီလေးပဲ သေးသေးလေး ဖြစ်နေတာ ပြီးတော့ ရေနံလုပ်ငန်းကို အခုမှ ပထမဆုံး စလုပ်တာဆိုတော့ တွေးကြည့်ရုံနဲ့တင် နည်းနည်း စိတ်လှုပ်ရှားစရာ ကောင်းတယ်နော်..."
စူးမေးသည် ယနေ့တွင် အဖြူရောင် ရုံးဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန် ဆွဲဆောင်မှု ရှိနေကာ သူမ၏ မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသည်။
"ဘာတွေများ စိတ်လှုပ်ရှားနေစရာ ရှိလို့လဲ အချိန်ကျရင် သူတို့ ခွေးအချင်းချင်း ကိုက်ကြတာကို တို့တွေ ထိုင်ကြည့်နေရုံပဲ ဘယ်လောက်တောင် အရသာရှိလိုက်မလဲ..."
ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။
"..."
ဤတစ်ကြိမ် တင်ဒါပွဲ ဝင်ပြိုင်မည့် ကုမ္ပဏီများ အားလုံးမှာ နိုင်ငံခြား ကုမ္ပဏီများသာ ဖြစ်ပြီး ကနေဒါ ပြည်တွင်း ကုမ္ပဏီ တစ်ခုမျှ မပါဝင်သည်ကို ဆွန်ဖုန်း တွေ့လိုက်ရသည်။
စဉ်းစားကြည့်ပါကလည်း မှန်ပေသည်။ ထိုသို့မဟုတ်ပါက သူတို့၏ ကိုယ်ပိုင် ရေနံသယံဇာတများကို တူးဖော်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သည်ဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း။
တကယ်တော့ ကနေဒါသည် အတော်လေး ပွင့်လင်းသော နိုင်ငံတစ်ခု ဖြစ်ပြီး ဤကိစ္စနှင့် ပတ်သက်၍ ကန့်သတ်ချက်များ သိပ်မရှိပေ။ သူတို့ လိုချင်သည်မှာ ငွေသာ ဖြစ်သည်။
"တကယ်လို့ တခြား ရေနံကုမ္ပဏီတွေက ကျွန်မတို့နဲ့ လာပြိုင်ရင် ဘယ်လိုလုပ်မလဲ အဲဒီလိုဆိုရင် ကျွန်မတို့ရဲ့ ဘတ်ဂျက်က ထပ်ပြီး ကျော်လွန်သွားလိမ့်မယ်..."
စူးမေးက အနည်းငယ် စိုးရိမ်စွာဖြင့် မေးလိုက်သည်။
"ကိစ္စမရှိပါဘူး အဲဒီလိုဆိုရင်လည်း တို့တွေ မရင်းနှီးမြှုပ်နှံတော့ဘူးပေါ့..."
ဆွန်ဖုန်းက အေးဆေးစွာ ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ နယူးဖောင်လန် အနောက်ပိုင်းတွင် ကျောက်လွှာအောက် ရေနံမြေများ အများအပြား ရှိပြီး ရေနံစည် ဘီလီယံ ဆယ်ဂဏန်းချီ သိုလှောင်ထားရာ သူ အခြား ရေနံမြေများကို တူးဖော်နိုင်သည်။
ဤရေနံမြေကိုသာ မဖြစ်မနေ ရင်းနှီးမြှုပ်နှံရမည်ဟု မဆိုလိုပေ။ သူက နယူးဖောင်လန် အစိုးရ ကျေနပ်မည့် ဈေးနှုန်းကို ပေးနိုင်မည်ဆိုပါက တစ်ဖက်လူကလည်း အလွန် ဝမ်းသာမည်ဟု သူ ယုံကြည်သည်။ မည်သို့ပင်ဖြစ်စေ လက်ရှိတွင် နယူးဖောင်လန် အနောက်ပိုင်းရှိ ကျောက်လွှာအောက် ရေနံမြေများကို မည်သူကမျှ မတူးဖော်ကြသေးသဖြင့် ထိုမျှများပြားသော ရေနံများမှာ အလကား ဖြစ်နေသည်။
"ကောင်းပါပြီ..."
စူးမေးက ဖြေလိုက်သည်။ တကယ်တော့ သူမ စိတ်ထဲတွင် ဆွန်ဖုန်းကို ရေနံလုပ်ငန်းသို့ ဒီလောက် မြန်မြန် မဝင်ရောက်စေချင်သေးပေ။
သူတို့နှစ်ယောက် စကားပြောနေရင်း အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ အထူးသဖြင့် မိန်းမချောလေး တစ်ယောက်နှင့် စကားပြောရသည်မှာ ဘယ်လောက်ကြာကြာ လုံးဝ ငြီးငွေ့စရာ မရှိပေ။
ဤတစ်ကြိမ် တင်ဒါပွဲကို မနက်ဖြန် မွန်းလွဲ ၂ နာရီတွင် စိန့်ဂျွန်း မြို့တော်ခန်းမ အဆောက်အအုံ အတွင်း၌ ကျင်းပမည်ဖြစ်သည်။
ညနေ ၅ နာရီကျော်တွင် ဆွန်ဖုန်းနှင့် စူးမေးတို့သည် စိန့်ဂျွန်းမြို့သို့ ရောက်ရှိလာခဲ့ကြပြီး ဟိုတယ်တစ်ခုတွင် တည်းခိုကာ မနက်ဖြန်အတွက် ကောင်းစွာ အနားယူလိုက်ကြသည်။
စုန့်ကျဲကလည်း ဆွန်ဖုန်း၏ ဘဏ်စာရင်းထဲသို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို လွှဲပေးပြီးဖြစ်သလို ဟယ်မင်ယီကလည်း သူမ၏ ဘဏ်ကတ်ကို သူ့ထံ ပေးအပ်ခဲ့ပြီး ဖြစ်သည်။