အခန်း ၁၃၉
Vol. 14 Ch. 139
အခန်း (၁၃၉) အားလုံးက ဘီလီယံနာ သူဌေးကြီးတွေချည်းပဲ
မကြာမီ နောက်နေ့ မွန်းလွဲပိုင်းသို့ ရောက်ရှိလာသည်။
စိန့်ဂျွန်း မြို့တော်ခန်းမ အဆောက်အအုံရှိ ခန်းမကြီးတစ်ခု အတွင်း၌ နယူးဖောင်လန် ရေနံမြေ ၃ ခုအတွက် တင်ဒါပွဲ ကျင်းပတော့မည် ဖြစ်သည်။
ရေနံကုမ္ပဏီ ၇ ခုစလုံး အသီးသီး ရောက်ရှိလာကြပြီ ဖြစ်သည်။
ကုမ္ပဏီ တစ်ခုချင်းစီအတွက် နေရာတစ်ခုစီ ပြင်ဆင်ပေးထားပြီး စုစုပေါင်း ၇ နေရာ ရှိသည်။
ဆွန်ဖုန်းနှင့် စူးမေးတို့ ဝင်လာသည်နှင့် အမေရိကန် ဝမ်လွန် ရေနံကုမ္ပဏီ၊ တရုတ် ကျင်းချန် ရေနံကုမ္ပဏီနှင့် ဂျာမနီ ပင်ထန် ရေနံကုမ္ပဏီတို့၏ နေရာများမှာ အကောင်းဆုံးဖြစ်ပြီး အရှေ့ဆုံးတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။
ထို့နောက်တွင် အခြား ရေနံကုမ္ပဏီများ ရှိပြီး နောက်ဆုံးတွင်မှ ဆွန်ဖုန်း၏ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီ ရှိနေသည်။
ဘာမှ တတ်နိုင်မည်နည်း။ ရှေ့ဆုံးတွင် နေရာချထားခံရသူများမှာ ငွေကြေးအင်အား တောင့်တင်းပြီး နိုင်ငံတကာ ရေနံသူဌေးကြီးများ ဖြစ်ကြသည်။
ပွဲစီစဉ်သူက ဤသို့ ရည်ရွယ်ချက်ရှိရှိ နေရာချထားခြင်းမှာ ထိုရေနံကုမ္ပဏီကြီးများ အချင်းချင်း အပြိုင်အဆိုင် ဖြစ်စေရန် ရည်ရွယ်ပုံရသည်။
တင်ဒါပွဲ စတင်ရန် မိနစ် ၂၀ ခန့် လိုသေးသည်။
ဤရေနံကုမ္ပဏီ ၆ ခု၏ ကိုယ်စားလှယ်များမှာ အချင်းချင်း နှုတ်ဆက်ကာ စကားပြောနေကြပြီး အတော်လေး ရင်းနှီးပုံရသည်။
ဤရေနံသူဌေးကြီးများသည် နှစ်ပေါင်းများစွာ လုပ်ငန်းတွင်း အဆက်အသွယ် ရှိနေကြပြီး အခြားနေရာများတွင်လည်း ရေနံမြေများ အပြိုင်အဆိုင် လေလံဆွဲဖူးကြမည်မှာ သေချာသည်။
"ဟားဟား မစ္စတာလီ ခင်ဗျားတို့ ကျင်းချန် ရေနံကုမ္ပဏီကလည်း တင်ဒါပွဲ လာပြိုင်တာလား လွန်ခဲ့တဲ့ ၄ လလောက်ကမှ အယ်လ်ဘာတာပြည်နယ်မှာ ရေနံမြေကြီး တစ်ခု ရင်းနှီးမြှုပ်နှံထားတာ မဟုတ်ဘူးလား ဘာလို့ အခု နယူးဖောင်လန်ဘက်ကို ရောက်လာရပြန်တာလဲ..."
ဝမ်လွန် ရေနံကုမ္ပဏီ၏ ကိုယ်စားလှယ် ဒေးဗစ်က ကျင်းချန် ရေနံကုမ္ပဏီ၏ နေရာသို့ လျှောက်လာပြီး တရုတ်လူမျိုး မစ္စတာလီနှင့် စကားပြောနေသည်။
"ဟား ဒီနယူးဖောင်လန် အရှေ့ပိုင်းက ရေနံမြေတွေက ရင်းနှီးမြှုပ်နှံဖို့ တန်လို့လာတာပေါ့..."
မစ္စတာလီက ပြုံး၍ ဖြေလိုက်သည်။
"ဟေး ခင်ဗျားတို့ ကုမ္ပဏီက တကယ် ပိုက်ဆံပေါတာပဲ အယ်လ်ဘာတာပြည်နယ်က ရေနံမြေ လေလံပွဲမှာ ကျွန်တော်က ခင်ဗျားကို ရှုံးသွားခဲ့တာ ဒီတစ်ခါတော့ ကျွန်တော် လုံးဝ အရှုံးမပေးတော့ဘူးနော်..."
ဒေးဗစ်က စိန်ခေါ်သည့် လေသံဖြင့် မစ္စတာလီကို ပြောလိုက်သည်။
"ဟားဟား ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့..."
မစ္စတာလီက ဖြေလိုက်သည်။
"ကျွန်မတို့တော့ နည်းနည်း အပယ်ခံ ဖြစ်နေသလိုပဲနော်..."
အခြား ရေနံကုမ္ပဏီ ၆ ခုမှာ အချင်းချင်း ရယ်မောစကားပြောနေကြသော်လည်း သူတို့နေရာသို့ မည်သူမျှ လာရောက် စကားမပြောသည်ကို မြင်သောအခါ စူးမေးက ပြောလိုက်သည်။
စဉ်းစားကြည့်လျှင်လည်း မှန်ပေသည်။ ဆွန်ဖုန်းက ထိုကုမ္ပဏီများနှင့် မည်သည့်အခါမျှ အဆက်အသွယ် မရှိခဲ့ဖူးသလို ထိုကုမ္ပဏီများကလည်း ဖွဲ့စည်းထားသည်မှာ နှစ်ဝက်မျှသာ ရှိသေးသော ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီကို သိကြမည် မဟုတ်ပေ။
"ဟေး ကြည့်စမ်း နောက်ဆုံးမှာ ထိုင်နေတဲ့ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီ ဆိုတာက ဘယ်က ကုမ္ပဏီလဲ ငါတော့ တစ်ခါမှ မကြားဖူးပါဘူး..."
ဒေးဗစ်က မစ္စတာလီနှင့် စကားအနည်းငယ် ပြောပြီးနောက် နောက်ဆုံးတွင် ထိုင်နေသော ဆွန်ဖုန်းနှင့် စူးမေးတို့ကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ကြည့်ရတာ ခင်ဗျားတို့ တရုတ်တွေနဲ့ တူတယ်..."
ဒေးဗစ်က ဆွန်ဖုန်းနှင့် စူးမေးတို့ကို တစ်ချက် ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်တော်လည်း မသိဘူး ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီ ဆိုတာ သေချာပေါက် ရေနံကုမ္ပဏီ ဟုတ်ရဲ့လား..."
မစ္စတာလီက မျက်မှောင်ကြုတ်ကာ ဖြေလိုက်သည်။
"ဒီဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီက ဖွဲ့စည်းထားတာ နှစ်ဝက်လောက်ပဲ ရှိသေးတယ်လို့ ကြားတယ် လီယာဒ်ဘတ်မြို့နားက မားစ် သံသတ္တုတွင်းဆိုတဲ့ တန်ချိန် သန်း ၉၀ လောက် ရှိတဲ့ သံသတ္တုတွင်း တစ်ခုကို ပိုင်ဆိုင်ထားတယ် ရေနံလုပ်ငန်း လုပ်တယ်လို့တော့ မကြားမိဘူး ဒီတစ်ခါ ရေနံလုပ်ငန်းကို ပထမဆုံး စလုပ်တာ ဖြစ်မယ်..."
ဒီအာ ရေနံကုမ္ပဏီ၏ ကိုယ်စားလှယ် လီယိုက ဝင်ပြောလိုက်သည်။
"ဪ နာမည်မကြီးတဲ့ ကုမ္ပဏီလေး တစ်ခုကိုး... ဟွန့် သူကများ နယူးဖောင်လန်က တင်ဒါပွဲကို လာပြိုင်ရဲသေးတယ် ရေနံစည် ၈၀၀ သန်းနဲ့ သန်း ၅၀၀ ရှိတဲ့ ရေနံမြေတွေကို ငါတို့ မပြိုင်ရင်တောင် သူ တူးဖော်နိုင်မှာ မဟုတ်ဘူး..."
ဒေးဗစ်က လှောင်ပြောင်လိုက်သည်။
"အင်း ဟုတ်တယ်..."
မစ္စတာလီက လေးနက်စွာဖြင့် ပြောလိုက်သည်။
နယူးဖောင်လန် အရှေ့ပိုင်းရှိ ရေနံစည် သန်း ၅၀၀ သိုလှောင်ထားသော ရေနံမြေငယ်လေး၏ တူးဖော်ခွင့်ကြေး အနိမ့်ဆုံး ဈေးနှုန်းမှာပင် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရှိကြောင်း သူ သိထားသည်။
ရေနံစည် ၈၀၀ သန်း သိုလှောင်ထားသော ရေနံမြေအတွက်မူ အနိမ့်ဆုံး လေလံဈေးနှုန်းမှာ ဒေါ်လာ ၄ ဘီလီယံ ရှိသည်။ ဆိုလိုသည်မှာ အခြား ရေနံကုမ္ပဏီများ ဝင်ရောက် မပြိုင်ဆိုင်ပါကလည်း ထိုရေနံမြေ၏ တူးဖော်ခွင့်ကို ရရှိရန်နှင့် အကျိုးအမြတ် ၅၀ ရာခိုင်နှုန်း ခွဲဝေရရှိရန် အနည်းဆုံး ဒေါ်လာ ၄ ဘီလီယံ ထုတ်ပေးရမည်ဖြစ်သည်။
ဒေါ်လာ ၄ ဘီလီယံ ဆိုသည်မှာ ယွမ် ၄ ဘီလီယံ မဟုတ်ပေ။ ဤဈေးနှုန်းက အလတ်စားနှင့် အသေးစား ရေနံကုမ္ပဏီများကို နောက်ဆုတ်သွားစေနိုင်ပြီး လုံးဝ ဝင်ပြိုင်နိုင်မည် မဟုတ်ပေ။
"ဟားဟား ကျွန်တော်ထင်တာတော့ သူက လေလံပွဲကြီးကို ဘယ်လို ကျင်းပလဲ ဆိုတာ လာကြည့်တာ ဖြစ်မယ်..."
ဒေးဗစ်က ရယ်မောလိုက်သည်။
တကယ်တော့ ဤနေရာရှိ မည်သူကမျှ ဆွန်ဖုန်းသည် နယူးဖောင်လန် အနောက်ပိုင်းရှိ ကျောက်လွှာအောက် ရေနံမြေကို လေလံဆွဲရန် လာသည်ဟု ထင်ကြမည် မဟုတ်ပေ။
နယူးဖောင်လန် အနောက်ပိုင်းရှိ ကျောက်လွှာအောက် ရေနံမြေမှာ ရေနံစည် သန်း ၁၀၀ ခန့်သာ ရှိသော ရေနံမြေငယ်လေး ဖြစ်ရာ ဤရေနံကုမ္ပဏီများက ဂရုစိုက်မည် မဟုတ်ပေ။
ရေနံစည် သန်းရာချီ ရှိလျှင်တောင် သူတို့ စိတ်ဝင်စားမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျောက်လွှာအောက် ရေနံမြေများကို တူးဖော်ခြင်းက ကလေးကစားစရာ မဟုတ်ဘဲ တစ်ချက် မှားယွင်းပါက ရင်းနှီးမြှုပ်နှံမှု အားလုံး ဆုံးရှုံးသွားမည်ကို သူတို့ သိကြသောကြောင့် ဖြစ်သည်။
ဤသို့သော ကျောက်လွှာအောက် ရေနံမြေမျိုးကို ရင်းနှီးမြှုပ်နှံသူ ရှိပါက သူတို့ သွားကျိုးမတတ် ရယ်မောကြမည်မှာ သေချာသည်။
တူးဖော်ရန် လွယ်ကူသော ရေနံမြေများကို မရင်းနှီးမြှုပ်နှံဘဲ တူးဖော်ရန် ခက်ခဲသော ကျောက်လွှာအောက် ရေနံမြေများကို သွားရောက် ရင်းနှီးမြှုပ်နှံခြင်းမှာ အန္တရာယ် များသလို အရှုံးလည်း ပေါ်နိုင်သည်။ လက်ရှိ ကနေဒါ၏ ရေနံသယံဇာတ အခြေအနေအရ ကျောက်လွှာအောက် ရေနံမြေများကို အလျင်စလို တူးဖော်ရန် မလိုအပ်သေးပေ။
ထို့ကြောင့် နယူးဖောင်လန် အနောက်ပိုင်းရှိ ကျောက်လွှာအောက် ရေနံမြေများကို မည်သူကမျှ လာရောက် မမေးမြန်းကြခြင်း ဖြစ်သည်။
"ဟွန့် တစ်နေ့ကျရင် ငါတို့ ဖုန်းရွေ့ ကုမ္ပဏီက သူတို့ကို ကျော်ဖြတ်ပြမယ် ကမ္ဘာ့ နံပါတ်တစ် သတ္တုတွင်း ကုမ္ပဏီ ဖြစ်လာစေရမယ် ငါက ရေနံတင် မဟုတ်ဘူး တခြား သယံဇာတ နယ်ပယ်တွေကိုလည်း ဝင်ရောက် လုပ်ကိုင်မှာ..."
ဆွန်ဖုန်းက မိမိကိုယ်ကို အပြည့်အဝ ယုံကြည်မှုဖြင့် ပြောလိုက်သည်။
ဤရည်မှန်းချက်က ကြီးမားပြီး အလှမ်းဝေးသော်လည်း သူ့တွင် ထူးခြားသည့်စနစ်ကြီး ရှိနေသဖြင့် သူ၏ ကြိုးစားမှုဖြင့် တစ်နေ့တွင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်သည်။
"ဘော့စ် တော်တော် သတ္တိရှိတာပဲ..."
စူးမေးက လက်သီးဆုပ်လေးကို ဝှေ့ယမ်းကာ ပြုံး၍ ဆွန်ဖုန်းကို အားပေးလိုက်သော်လည်း သူမ၏ လေသံမှာ ဆွန်ဖုန်းကို သိပ်မယုံကြည်သလို ဖြစ်နေသည်။
"မင်း ဘယ်လို လေသံနဲ့ ပြောနေတာလဲ အိမ်ပြန်ရောက်ရင် မင်းကို သေချာ ပညာပေးရမယ်..."
ဆွန်ဖုန်းက ပြောလိုက်သည်။
"ဘယ်လို ပညာပေးမှာလဲ..."
စူးမေးက မျက်လုံးများ အရောင်လက်ကာ ရဲတင်းသော လေသံဖြင့် မေးလိုက်ပြီး ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီလေးကို သပ်လိုက်သည်။
"ငါ့အတွက် မျောက်လေးတွေ မွေးပေးဖို့ ခိုင်းမှာပေါ့..."
"ဟွန့် ရှင် တွေးတာ များသွားပြီ..."
စကားပြောနေရင်းဖြင့် မိနစ် ၂၀ ခန့် လျင်မြန်စွာ ကုန်ဆုံးသွားသည်။
မကြာမီ တင်ဒါပွဲ စတင်တော့မည် ဖြစ်သည်။
ဆွန်ဖုန်းက ဤတစ်ကြိမ် တင်ဒါပွဲသို့ တောင်ပေါ်မှ ကျားနှစ်ကောင် သတ်ပုတ်နေသည်ကို ကြည့်ရန် လာခဲ့ခြင်း ဖြစ်ကြောင်း စူးမေး သိသော်လည်း တင်ဒါပွဲအတွက် လိုအပ်သည့် စာရွက်စာတမ်းများနှင့် နည်းပညာပိုင်းဆိုင်ရာ စာရွက်စာတမ်းများကိုမူ သေချာစွာ ပြင်ဆင်လာခဲ့သည်။
"ဟဲဟဲ ပွဲကောင်း စတော့မယ်..."
ပွဲစီစဉ်သူများနှင့် ဝန်ထမ်းများ စင်ပေါ်သို့ တက်လာပြီး အခြား ရေနံကုမ္ပဏီ ၆ ခုမှ ကိုယ်စားလှယ်များလည်း မိမိတို့ နေရာသို့ ပြန်လည် ရောက်ရှိသွားသည်ကို မြင်သောအခါ ဆွန်ဖုန်းက ပြောလိုက်သည်။
ဤတစ်ကြိမ် နယူးဖောင်လန် ရေနံတူးဖော်ရေး တင်ဒါပွဲကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။
ပွဲစီစဉ်သူက စင်ပေါ်သို့ တက်လာပြီး ကုမ္ပဏီများကို တစ်ခုချင်းစီ စတင် မိတ်ဆက်ပေးလေသည်။
"နောက်ဆုံး ကုမ္ပဏီကတော့ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီ ဖြစ်ပါတယ် ဒီတစ်ကြိမ် တင်ဒါပွဲကို လာရောက် ယှဉ်ပြိုင်သူကတော့ ဖုန်းရွေ့ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ မစ္စတာ ဆွန်ဖုန်း ဖြစ်ပါတယ် အားလုံးပဲ လက်ခုပ်တီးပြီး ကြိုဆိုပေးကြပါ..."
ပွဲစီစဉ်သူက မိတ်ဆက်ပေးလိုက်သည်။
ယခင်က အခြား ကုမ္ပဏီများကို မိတ်ဆက်စဉ်က လက်ခုပ်သံများ အများအပြား ထွက်ပေါ်ခဲ့သော်လည်း ဆွန်ဖုန်း အလှည့်ရောက်သောအခါ စူးမေး တစ်ယောက်တည်းကသာ လက်ခုပ်တီးပြီး အခြား မည်သူကမျှ လက်ခုပ်မတီးကြပေ။
ခန်းမကြီး တစ်ခုလုံးတွင် အမျိုးသမီးငယ်လေး တစ်ယောက်၏ တိုးညင်းသော လက်ခုပ်သံလေးက အလွန် သေးငယ်သော်လည်း ခန်းမ တစ်ခုလုံး တိတ်ဆိတ်နေသဖြင့် အားလုံး ကြားနေရသည်။
"ဖြန်း ဖြန်း ဖြန်း..."
ဆွန်ဖုန်းနှင့် စူးမေးတို့ မျက်နှာပူနေချိန်တွင် တရုတ် ရေနံကုမ္ပဏီ၏ နေရာမှ လက်ခုပ်သံများ ထွက်ပေါ်လာသည်။ ဆွန်ဖုန်း မော့ကြည့်လိုက်သောအခါ မစ္စတာလီက လက်ခုပ်တီးနေခြင်း ဖြစ်ပြီး ဆွန်ဖုန်း၏ အကြည့်ကို မြင်သောအခါ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"တစ်နိုင်ငံတည်းသား ဖြစ်ရကျိုးနပ်ပါတယ်..."
ဆွန်ဖုန်းက အနည်းငယ် စိတ်သက်သာရာ ရသွားသည်။