အခန်း ၁၄၁
Vol. 15 Ch. 141
အခန်း (၁၄၁) အသုံးမဝင်တဲ့ ရေနံမြေ
ဝမ်လွန်ရေနံကုမ္ပဏီသည် ရေနံစည် သန်း ၈၀၀ သိုလှောင်ထားသော ရေနံမြေကို ရရှိသွားခဲ့လေသည်။
ဤအချက်က ခန်းမတစ်ခုလုံးကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့ပေသည်။
တစ်ပြိုင်နက်တည်းမှာပင် ဝမ်လွန်ရေနံကုမ္ပဏီအနေဖြင့် ဤတင်ဒါပွဲမှ ထွက်ခွာသွားပြီဖြစ်ကြောင်းကိုလည်း ဆိုလိုနေပေသည်။ အခြားသော ရေနံမြေများကို ဆက်လက်ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။
ဝမ်လွန်ရေနံကုမ္ပဏီက ရေနံမြေ နှစ်ခုစလုံးကို ယူရန်မဖြစ်နိုင်သလို အခြားသော ရေနံကုမ္ပဏီများကလည်း အလကားထိုင်ကြည့်နေကြမည် မဟုတ်ပေ။
"ဟဲဟဲ... တရုတ်ကြီး မစ္စတာလီ... ဒီတစ်ခါတော့ အကြီးဆုံးရေနံမြေကို ငါရသွားပြီဗျ... နောက်ဆုံးတော့ ကလဲ့စားချေနိုင်ခဲ့ပြီပေါ့..."
ဒေးဗစ်သည် ထိုရေနံမြေ၏ တူးဖော်ခွင့်ကို ရရှိပြီးနောက် သူ၏ဘေးခုံမှ တရုတ်လူမျိုး မစ္စတာလီအား အောင်နိုင်သူ၏အပြုံးဖြင့် ကြည့်လိုက်လေသည်။
ကျန်ရှိနေသော ရေနံကုမ္ပဏီ ခြောက်ခု... အို မဟုတ်ပေ... ရေနံကုမ္ပဏီ ငါးခု၏ နောက်ထပ် အဓိကယှဉ်ပြိုင်မည့် ပစ်မှတ်မှာ ရေနံစည် သန်း ၅၀၀ သိုလှောင်ထားသော အမှတ် (၂) ရေနံမြေ ဖြစ်သွားပေပြီ။
အဘယ်ကြောင့် ငါးခုဟု ဆိုရသနည်းဆိုသော် ဆွန်ဖုန်းကဲ့သို့ လူသစ်ကို မည်သူကမျှ အရေးမစိုက်ကြသောကြောင့်ပင် ဖြစ်သည်။
ဆွန်ဖုန်းက သူတို့ကို ယှဉ်နိုင်မည်ဟု မည်သူကမျှ မထင်မှတ်ထားကြပေ။ ငွေကြေးအင်အားလည်းမရှိ၊ အတွေ့အကြုံလည်းမရှိသလို ဖုန်းရွေ့ကုမ္ပဏီ၏ ရေနံဌာနကလည်း ယခုမှ စတင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ထို့ကြောင့် ရေနံမြေ တူးဖော်ခွင့် ရလျှင်တောင် အချိန်မီ စတင်လုပ်ဆောင်နိုင်ပါမည်လောဆိုသည်ကို သူတို့ သံသယဝင်နေကြခြင်း ဖြစ်သည်။
"ဒီတစ်ကြိမ် အမှတ် (၁) ရေနံမြေကို ဝမ်လွန်ရေနံကုမ္ပဏီက အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့ပါတယ်ခင်ဗျာ..."
"ဝမ်လွန်ရေနံကုမ္ပဏီကို ဂုဏ်ပြုရင်းနဲ့ ဒုတိယအကျော့ တင်ဒါကို ဆက်လက် စတင်ပါမယ်..."
"ဒုတိယအကျော့ တင်ဒါခေါ်ယူမယ့် ရေနံမြေကတော့ အမှတ် (၃) ရေနံမြေဖြစ်တဲ့ နယူးဖောင်လန် အနောက်ပိုင်းက ရေနံစည် သန်း ၁၀၀ သိုလှောင်ထားတဲ့ ရေနံမြေ ဖြစ်ပါတယ်... တင်ဒါပွဲ စတင်ပါပြီခင်ဗျာ..."
စတီဗင်သည် စင်မြင့်ထက်မှနေ၍ ကျယ်လောင်စွာ ကြေညာလိုက်လေသည်။
စတီဗင်သည် ဆွန်ဖုန်း၏ ကုမ္ပဏီမှလွဲ၍ နယူးဖောင်လန် အနောက်ပိုင်းရှိ ကျောက်လွှာအောက် ရေနံမြေကို စိတ်ဝင်စားမည့် အခြားရေနံကုမ္ပဏီများ ရှိဦးမည်လောဆိုသည်ကို သိချင်နေပေသည်။
အကယ်၍ ရှိခဲ့ပါလျှင် သူတို့ အလွန်ဝမ်းမြောက်မည်ဖြစ်ပြီး ဆွန်ဖုန်းနှင့် သီးသန့်သဘောတူထားသော ကတိကိုဖျက်ကာ ဈေးအများဆုံးပေးနိုင်သူကို ရောင်းချမည် ဖြစ်သည်။
ယခင်က စတီဗင်တို့သည် ဆွန်ဖုန်းနှင့် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော အခြေအနေကို သီးသန့်ဆွေးနွေးထားခြင်းသာဖြစ်ပြီး တရားဝင်စာချုပ် ချုပ်ဆိုရခြင်း မရှိသေးပေ။
ထို့ကြောင့် စတီဗင်တို့ဘက်မှ ကတိဖျက်လျှင်တောင် ဆွန်ဖုန်းအနေဖြင့် ဘာမျှတတ်နိုင်မည် မဟုတ်ပေ။ ဤသီးသန့် သဘောတူညီချက်မှာ အခြားရေနံကုမ္ပဏီများက ဤရေနံမြေကို ဝင်ရောက်မပြိုင်ဆိုင်မှသာ အသက်ဝင်မည် ဖြစ်သည်။
စတီဗင် စကားပြောအပြီးတွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကာ လေထုမှာ အနည်းငယ် ထူးဆန်းနေလေသည်။
စက္ကန့်ဆယ်ဂဏန်းခန့် ကြာမြင့်ပြီးနောက်တွင်မူ ခန်းမအတွင်း၌ တီးတိုးပြောဆိုသံများ ထွက်ပေါ်လာလေတော့သည်။
"နယူးဖောင်လန် အစိုးရက ဘာလို့များ အနောက်ပိုင်းက ကျောက်လွှာအောက် ရေနံမြေကို တင်ဒါလာခေါ်နေရတာလဲဗျာ၊ ငါတော့ တကယ် နားမလည်ဘူး..."
"ကျောက်လွှာအောက် ရေနံမြေတွေက တူးဖော်ရ အရမ်းခက်ခဲလို့ ဘယ်ရေနံကုမ္ပဏီကမှ မတူးရဲဘူးဆိုတာ သူတို့ မသိကြဘူးလား..."
"ဟုတ်ပါရဲ့... ပြီးတော့ ဒီရေနံစည် သန်း ၁၀၀ တည်းရှိတဲ့ ရေနံမြေသေးသေးလေးကို ဝယ်ပြီး ဘယ်လောက်များ တူးထုတ်နိုင်မှာမို့လို့လဲ..."
"ရေနံစည် သန်း ၃၀ လား၊ ဒါမှမဟုတ် အဲဒီထက်တောင် နည်းဦးမလား မသိဘူး... တစ်ဖက်လူကလည်း အကျိုးအမြတ် ၅၀ ရာခိုင်နှုန်း ယူဦးမယ်ဆိုတော့ လုံးဝ မတွက်ချေကိုက်ဘူးလေ... အကြီးအကျယ် ရှုံးမှာပဲ..."
"မနှစ်က အမေရိကန်ပြည်တွင်းက အလတ်စား ရေနံကုမ္ပဏီတစ်ခု မြောက်အမေရိက ကျောက်လွှာအောက် ရေနံမြေတစ်ခုကို တူးဖော်တာ အရှုံးပေါ်သွားတယ်လို့ ကြားတယ်ဗျ..."
"ငါလည်း ကြားတယ်... ပြီးတော့ နယူးဖောင်လန် အနောက်ပိုင်းက ကျောက်လွှာအထူက မြောက်အမေရိကဘက်ထက် အများကြီး ပိုထူပြီး တူးဖော်ရ ပိုခက်တယ်လေ..."
"ဟားဟား... ငါထင်တာကတော့ နယူးဖောင်လန် အစိုးရက ငါတို့ကို လူမိုက်တွေလို့ ထင်နေတာ၊ ဒါမှမဟုတ် ဒီကျောက်လွှာအောက် ရေနံမြေတွေကို ငါတို့ရေနံကုမ္ပဏီတွေ စိတ်ဝင်စားမှု ရှိမရှိ စမ်းသပ်ချင်လို့ တမင်သက်သက် လုပ်တာ ဖြစ်မယ်..."
"နယူးဖောင်လန် အနောက်ပိုင်းက ကျောက်လွှာအောက် ရေနံစိမ်း သိုလှောင်မှုပမာဏက ရေနံစည် ၃၅ ဘီလီယံလောက် ရှိပြီး တွေ့ရှိတာ နှစ်အတော်ကြာနေပြီ ဖြစ်ပေမယ့် ဘယ်ရေနံကုမ္ပဏီကမှ လာရောက် မရင်းနှီးမြှုပ်နှံကြဘူးလေ..."
"သူတို့ကိုယ်တိုင်မှာလည်း တူးဖော်ဖို့ အဲဒီလောက် ငွေကြေးမရှိတော့ သူတို့လည်း တော်တော်လေး စိတ်ပူနေလောက်ပြီ..."
"ဟုတ်တယ်မလား... တကယ်လို့ ဒီရေနံစည် ၃၅ ဘီလီယံကိုသာ တူးဖော်နိုင်ရင် နယူးဖောင်လန် အစိုးရက ဘဏ္ဍာရေးဝင်ငွေနဲ့ အခွန်ငွေတွေ ဘယ်လောက်များ ရလိမ့်မလဲ စဉ်းစားကြည့်လေ..."
အောက်ထပ်တွင် ရှုပ်ယှက်ခတ်စွာ ပြောဆိုနေကြပြီး စင်မြင့်ထက်တွင် ရပ်နေသော စတီဗင်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းနေလေသည်။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ တင်ဒါမခေါ်သောကြောင့် ဖြစ်သည်။
ဆွန်ဖုန်းကတောင် ပါးစပ်မဟသေးချေ။ စတီဗင်သည် ခန်းမ၏ အနောက်ဆုံးတန်းရှိ ဖုန်းရွေ့သတ္တုတွင်း ကုမ္ပဏီဘက်သို့ လှမ်းကြည့်ကာ စိတ်ထဲမှနေ၍ ကျိန်ဆဲနေမိသည်။
''ဆွန်ဖုန်း မင်း မြန်မြန်ပြောလေကွာ...''
ဤအရှက်ရဖွယ် အခြေအနေမှာ မိနစ်အနည်းငယ် ကြာမြင့်သွားပြီးနောက် စတီဗင်သည် စကားပြောရန်လည်း ခက်ခဲသလို မပြောဘဲနေရန်လည်း ခက်ခဲနေကာ အလွန်အကျပ်ရိုက်နေလေသည်။
တစ်ချိန်တည်းမှာပင် အောက်မှ ရေနံကုမ္ပဏီများက စိတ်မဝင်စားကြသည်ကို မြင်တွေ့ရသောအခါ အနောက်ပိုင်းရှိ ကျောက်လွှာအောက် ရေနံမြေကို ဆွန်ဖုန်းတစ်ယောက်တည်းကသာ တူးဖော်မည်ဆိုသည်ကို သူ သိလိုက်သည်။
"ဟွန့်... အသုံးမဝင်တဲ့ ကြက်ရိုးလို ရေနံမြေကို ဘယ်သူကများ ရင်းနှီးမြှုပ်နှံပြီး တူးဖော်မှာလဲ..."
"လက်ရှိ ကမ္ဘာပေါ်မှာ တူးဖော်ရ လွယ်ကူတဲ့ ရေနံမြေတွေ အများကြီး ရှိနေတာကို... လူမိုက်တွေပဲ ဒီလို ရေနံမြေကို ရင်းနှီးမြှုပ်နှံမှာပေါ့..."
ဒေးဗစ်က သူ၏နေရာမှနေ၍ လှောင်ပြောင်လိုက်လေသည်။ နယူးဖောင်လန်အစိုးရက ငွေလိုချင်လွန်း၍ ရူးနေသည်ဟု သူ ထင်မှတ်ထားသည်။
သူတို့ ရေနံကုမ္ပဏီများမှာ လူမိုက်များ မဟုတ်ကြပေ။ ရင့်ကျက်ပြီး အဆင့်မြင့်သော တူးဖော်ရေးနည်းပညာအသစ်များ မပေါ်ပေါက်သေးသရွေ့ ကျောက်လွှာအောက် ရေနံများကို စိတ်ဝင်စားကြမည် မဟုတ်ချေ။
လက်ရှိ အသုံးများသော 'ရေဖိအားသုံး' နည်းလမ်းကဲ့သို့ ကုန်ကျစရိတ် ကြီးမားသည့် နည်းလမ်းဖြင့်ဆိုလျှင် ရေနံကုမ္ပဏီအများစုက နောက်တွန့်နေကြမည်သာ ဖြစ်သည်။
ထိုအချိန်တွင် သူ၏နေရာ၌ ထိုင်နေသော ဆွန်ဖုန်း၏ လက်ဖဝါးများ၌ ချွေးများ စို့လာလေသည်။ စတီဗင်က တင်ဒါစတင်ပြီဟု ပြောကတည်းက သူ၏ရင်ထဲ၌ အနည်းငယ် စိုးရိမ်နေမိသည်။
ဤရေနံမြေကို မည်သည့် ရေနံကုမ္ပဏီကမျှ ရင်းနှီးမြှုပ်နှံမည် မဟုတ်ဟု သူ ခန့်မှန်းထားသော်ငြား မမျှော်လင့်ထားသော အခြေအနေများ ဖြစ်လာနိုင်ပြီး အနာဂတ်ကို မည်သူကမျှ ကြိုတင်ဟောကိန်း မထုတ်နိုင်ပေ။
သို့ရာတွင် မိနစ်အနည်းငယ် ကြာပြီးနောက် မည်သည့်ရေနံကုမ္ပဏီကမျှ ဤရေနံမြေကို လေလံဝင်မဆွဲသည်ကို မြင်တွေ့ရသောအခါ ဆွန်ဖုန်း၏ စိုးရိမ်နေသော စိတ်မှာ နောက်ဆုံးတွင် သက်သာရာ ရသွားလေတော့သည်။
သို့ဖြစ်ရာ သူနှင့် စတီဗင်တို့ သီးသန့်ပြုလုပ်ထားသော သဘောတူညီချက်က အသက်ဝင်လာပြီဖြစ်ပြီး သူ ဈေးခေါ်လိုက်ရုံသာ ရှိပါတော့သည်။
"မစ္စတာစတီဗင်... နောက်တစ်ကျော့ အမှတ် (၂) ရေနံမြေ တင်ဒါကို မြန်မြန် ဆက်လုပ်ပါတော့ဗျာ..."
"ဒီအမှတ် (၃) ရေနံမြေကိုတော့ ဘယ်သူမှ ရင်းနှီးမြှုပ်နှံချင်ကြမှာ မဟုတ်ဘူးလို့ ထင်တယ်ဗျ..."
အောက်ထပ်မှ မည်သူပြောလိုက်သည်မသိ အသံတစ်သံ ထွက်ပေါ်လာလေသည်။
ခန်းမတစ်ခုလုံးရှိ လူများကလည်း သဘောတူ ထောက်ခံလိုက်ကြသည်။
"ဟုတ်တယ်လေ... ဒီလို ရေနံမြေကို ဘယ်သူက ရင်းနှီးမြှုပ်နှံမှာလဲ... နောက်တစ်ခုကို မြန်မြန် ကူးလိုက်ပါတော့ဗျာ..."
"နောက်ရေနံမြေကိုတော့ ကျွန်တော်တို့ ကုမ္ပဏီက သေချာပေါက် ရယူရမယ်..."
အောက်မှ လူများက လုံးဝ မျက်နှာမထောက်ကြသည်ကို မြင်တွေ့ရသောအခါ စတီဗင်၏ မျက်နှာမှာ မည်းမှောင်သွားလေသည်။
တစ်ချိန်တည်းမှာပင် သူသည် နောက်ဆုံးတန်းရှိ ဖုန်းရွေ့သတ္တုတွင်း ကုမ္ပဏီဘက်သို့ ထပ်မံကြည့်လိုက်ပြီး စိတ်ထဲမှနေ၍ ကျိန်ဆဲနေမိပြန်သည်။
''မင်း ထပ်ပြီး စကားမပြောဘူးဆိုရင် ငါ ဘယ်လို မျက်နှာပြရမလဲ...''
ထိုအချိန်၌ စတီဗင်မှာ ဘာပြောရမှန်းပင် မသိတော့ချေ။ မစင်စားလိုက်ရသကဲ့သို့ ခံစားနေရလေသည်။
တကယ်တော့ ဤတစ်ကြိမ် တင်ဒါပွဲတွင် အမှတ် (၃) ရေနံမြေကို ထုတ်ရောင်းမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ယခင်က ဤရေနံကုမ္ပဏီ ၆ ခု တင်သွင်းထားသော တင်ဒါစာရွက်စာတမ်းများတွင် မည်သည့်ကုမ္ပဏီကမျှ ဤရေနံမြေကို လေလံဆွဲရန် ဆန္ဒမရှိကြောင်း ဖော်ပြထားခြင်းကြောင့်ပင် ဖြစ်သည်။
ထုံးစံအရဆိုလျှင် မည်သည့်ကုမ္ပဏီကမျှ မလိုချင်ပါက တင်ဒါပွဲနေ့တွင် ဤရေနံမြေကို ထုတ်ရောင်းလေ့ မရှိပေ။
သို့ရာတွင် ဆွန်ဖုန်းက ဤရေနံမြေကို အလွန်လိုချင်နေမှန်း စတီဗင် သိထားသည့်အတွက် ယခုမှ ထုတ်ရောင်းရခြင်း ဖြစ်သည်။ ထို့ကြောင့်သာ ယခုကဲ့သို့ အရှက်ရဖွယ် အခြေအနေနှင့် ကြုံတွေ့ရခြင်း ဖြစ်လေသည်။
"ဟဲဟဲ... ဒီရေနံမြေရဲ့ တူးဖော်ခွင့်ကို ဝယ်ချင်တဲ့ ရေနံကုမ္ပဏီ သေချာပေါက် ရှိမှာပါ... အဲဒီလိုမှ မဟုတ်ရင် ပွဲစီစဉ်သူက ထုတ်ရောင်းမှာ မဟုတ်ဘူးလေ..."
အခြေအနေ အနေတော်ဖြစ်နေပြီဆိုသည်ကို ဆွန်ဖုန်း မြင်သောအခါ သူ၏အလှည့်ရောက်ပြီဟု သိလိုက်လေသည်။
ဆွန်ဖုန်းက တမင်သက်သက် လည်ချောင်းရှင်းလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်လေသည်။
"ကျွန်တော် လေလံဆွဲမယ်... အမေရိကန်ဒေါ်လာ ၅၅၀ သန်း ပေးပြီး ဒီရေနံမြေရဲ့ တူးဖော်ခွင့်ကို ဝယ်မယ်ဗျာ..."
ဆွန်ဖုန်း၏ စကားကြောင့် ခန်းမတစ်ခုလုံးရှိ လူများ၏ မျက်မှန်များနှင့် မေးစေ့များမှာ မြေကြီးပေါ်သို့ ပြုတ်ကျကုန်လေတော့သည်။
"ဘာ... ဒီ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီဆိုတဲ့ ကုမ္ပဏီက ဒီအသုံးမဝင်တဲ့ ကြက်ရိုးရေနံမြေကို ရင်းနှီးမြှုပ်နှံမလို့လား..."
"ဘုရားရေ... ငါ နားကြားမှားတာများ မဟုတ်ပါဘူးနော်..."
"သူက ရေနံလုပ်ငန်းအကြောင်းကို တကယ်ရော နားလည်ရဲ့လားဆိုတာ သေချာလို့လား... ကျောက်လွှာအောက် ရေနံမြေအကြောင်းကိုရော နားလည်ရဲ့လား..."