အခန်း ၁၄၃
Vol. 15 Ch. 143
အခန်း (၁၄၃) ရေနံထွက်လာရင် ကျွန်တော့်ဆီ ရောင်းဖို့ မမေ့နဲ့
ဆွန်ဖုန်းက အမှတ် (၃) ရေနံမြေကို ရယူပြီးနောက် တင်ဒါပွဲမှာ ဆက်လက် ကျင်းပနေလေသည်။
နောက်ဆုံး ရေနံမြေဖြစ်သော ရေနံစည် သန်း ၅၀၀ သိုလှောင်ထားသည့် အမှတ် (၂) ရေနံမြေအတွက် ယှဉ်ပြိုင်မှုမှာ စတင်လာခဲ့ပေပြီ။
ဤရေနံမြေကို မည်သူ ရရှိသွားမည်ဆိုသည်မှာ မည်သူက ပို၍ ငွေကြေးအင်အား တောင့်တင်းသနည်း ဆိုသည့်အပေါ်တွင်သာ မူတည်ပေသည်။
လက်ရှိတွင် ဝမ်လွန် ရေနံကုမ္ပဏီနှင့် ဆွန်ဖုန်း၏ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီတို့မှာ အမှတ် (၁) နှင့် အမှတ် (၃) ရေနံမြေများကို အသီးသီး ရရှိထားကြပြီး ဖြစ်ရာ ဆက်လက် ယှဉ်ပြိုင်ပိုင်ခွင့် မရှိတော့ပေ။
တကယ်တော့ ယှဉ်ပြိုင်ပိုင်ခွင့် ရှိလျှင်တောင် ထိုမျှများပြားသော ငွေကြေးကို ထပ်မံ ထုတ်ပေးနိုင်စွမ်း ရှိကြမည် မဟုတ်ချေ။
ကျန်ရှိနေသော ရေနံကုမ္ပဏီ ငါးခုမှာ ကျင်းချန် ရေနံကုမ္ပဏီ... ပင်ထန် ရေနံကုမ္ပဏီ... ဒီအာ ရေနံကုမ္ပဏီ... ဗြိတိန် ရေနံကုမ္ပဏီနှင့် မိုက်ကျယ် ရေနံကုမ္ပဏီတို့ ဖြစ်ကြသည်။
"ကောင်းပါပြီ... အခုဆိုရင် ရေနံတူးဖော်ရေး တင်ဒါပွဲမှာ နောက်ဆုံး ရေနံမြေ တစ်ခုပဲ ကျန်ပါတော့တယ်... အဲဒါကတော့ နယူးဖောင်လန် အရှေ့ပိုင်းက ရေနံစည် သန်း ၅၀၀ သိုလှောင်ထားတဲ့ အမှတ် (၂) ရေနံမြေပဲ ဖြစ်ပါတယ်... နောက်ဆုံးအကျော့ တင်ဒါကို စတင်ပါပြီခင်ဗျာ..."
စတီဗင်သည် လက်ရှိတွင် စိတ်အခြေအနေ အလွန်ကောင်းမွန်နေပေသည်။
ရေနံမြေ နှစ်ခုကို အောင်မြင်စွာ ရောင်းချပေးနိုင်ခဲ့ပြီဖြစ်ရာ သူ၏ လုပ်ငန်းမှတ်တမ်းတွင် အရေးပါသော မှတ်တိုင်တစ်ခု ထပ်မံ စိုက်ထူနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ရေနံကုမ္ပဏီ ငါးခုစလုံးက အပြိုင်အဆိုင် လေလံဆွဲကြသဖြင့် လေထုမှာ ချက်ချင်းဆိုသလို တင်းမာသွားခဲ့သည်။
မကြာမီတွင် ဒီအာ ရေနံကုမ္ပဏီနှင့် မိုက်ကျယ် ရေနံကုမ္ပဏီတို့မှာ အခြား ကုမ္ပဏီ သုံးခုကို မယှဉ်နိုင်သဖြင့် နောက်ဆုတ်သွားကြရလေသည်။
တကယ်တော့ ထိုကုမ္ပဏီများမှာ ကမ္ဘာ့အဆင့် ဒုတိယတန်းစား ရေနံကုမ္ပဏီများသာ ဖြစ်ကြသော်လည်း အင်အားတော့ အတော်အတန် ရှိကြပေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်မူ နောက်ဆုံး၌ ကျင်းချန် ရေနံကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံဖြင့် ဤအမှတ် (၂) ရေနံမြေ၏ တူးဖော်ခွင့်ကို ရရှိသွားခဲ့လေသည်။
ဤသို့ဖြင့် ယခုတစ်ကြိမ် တင်ဒါပွဲမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပေပြီ။
"အမှတ် (၂) ရေနံမြေရဲ့ တူးဖော်ခွင့်ကို ရရှိသွားတဲ့ ကျင်းချန် ရေနံကုမ္ပဏီကို ဂုဏ်ပြုပါတယ်ခင်ဗျာ..."
စတီဗင်သည် စိတ်လှုပ်ရှားမှုကြောင့် ဝဖြိုးသော မျက်နှာကြီး တစ်ခုလုံး နီမြန်းနေကာ ကျယ်လောင်စွာ ကြေညာလိုက်လေသည်။
"ဝါး..."
"ဖြန်း... ဖြန်း... ဖြန်း..."
အောက်ထပ်တွင် လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာပြီး လူတိုင်းက ဝိုင်းဝန်း ဂုဏ်ပြုကြလေသည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်..."
တရုတ်လူမျိုး မစ္စတာလီ... သို့မဟုတ် လီကျစ်သည် သူ၏ နေရာမှ မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ရှိ လူများကို ပြုံး၍ နှုတ်ဆက်လိုက်လေသည်။
"ဒီတစ်ကြိမ် နယူးဖောင်လန် ရေနံတူးဖော်ရေး တင်ဒါပွဲ အောင်မြင်ရတာဟာ လူကြီးမင်းတို့အားလုံးရဲ့ အားပေးမှုကြောင့်ပဲ ဖြစ်ပါတယ်... တစ်ချိန်တည်းမှာပဲ ကျင်းချန် ရေနံကုမ္ပဏီ... ဝမ်လွန် ရေနံကုမ္ပဏီနဲ့ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီတို့ကိုလည်း ထပ်မံ ဂုဏ်ပြုပါတယ်... အခုဆိုရင် တင်ဒါပွဲကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါပြီ... အားလုံးကို ကျေးဇူးတင်ပါတယ်..."
စတီဗင်သည် အခြေအနေ အတော်လေး အဆင်ပြေသွားသည်ကို မြင်သောအခါ တင်ဒါပွဲကို အဆုံးသတ်လိုက်လေသည်။
နောက်ဆက်တွဲ စာချုပ်ချုပ်ဆိုမည့် ကိစ္စများကိုမူ သီးသန့်သာ လုပ်ဆောင်သွားမည် ဖြစ်သည်။
တင်ဒါပွဲ ပြီးဆုံးသွားသဖြင့် ရေနံကုမ္ပဏီ အသီးသီးမှာလည်း မိမိတို့ နေရာများသို့ ပြန်ရန် ပြင်ဆင်ကြလေသည်။
ဆွန်ဖုန်းသည်လည်း စူးမေး၏ လက်ကို ဆွဲကာ ခန်းမတံခါးဝသို့ ထွက်လာခဲ့ပေသည်။
လမ်းတစ်ဝက်သို့ ရောက်သောအခါ ဆွန်ဖုန်းသည် အသံတစ်ခု၏ လှမ်းခေါ်ခြင်းကို ခံလိုက်ရလေသည်။
"မစ္စတာ ဆွန်ဖုန်း... ခဏလောက် နေပါဦး..."
ထိုစကားမှာ တရုတ်ဘာသာစကား ဖြစ်သဖြင့် ဆွန်ဖုန်း ချက်ချင်း နောက်သို့ လှည့်ကြည့်လိုက်သည်။
လှမ်းခေါ်သူမှာ ကျင်းချန် ရေနံကုမ္ပဏီ၏ ကိုယ်စားလှယ် လီကျစ် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
စူးမေးသည်လည်း တစ်ဖက်လူက သူမ၏ ဘော့စ်ကို ဘာကြောင့် လှမ်းခေါ်သနည်းဟု အနည်းငယ် အံ့ဩသွားမိသည်။
လီကျစ်က အပြေးအလွှား လျှောက်လာပြီး ပြုံးရွှင်စွာဖြင့် လက်ကမ်းနှုတ်ဆက်ကာ ယဉ်ကျေးစွာ ပြောလိုက်လေသည်။
"ကျွန်တော်က ကျင်းချန် ရေနံကုမ္ပဏီ ရုံးချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ လီကျစ် ပါ... တွေ့ရတာ ဝမ်းသာပါတယ်..."
လီကျစ်မှာ အသက် ၄၀ ကျော်ခန့် ရှိပြီး တည်ငြိမ်သော ပုံစံရှိကာ အထက်လူကြီးဆန်သော မာနများ မရှိဘဲ အလွန် ရင်းနှီးဖော်ရွေသူ တစ်ဦး ဖြစ်သည်။ ဆွန်ဖုန်းက သူ့ကို သဘောကျသွားခဲ့ပေသည်။
"တွေ့ရတာ ဝမ်းသာပါတယ် အစ်ကိုလီ..."
ဆွန်ဖုန်းကလည်း မမူနွဲ့ဘဲ မျက်နှာပြောင်တိုက်ကာ အစ်ကိုဟု တိုက်ရိုက် ခေါ်လိုက်လေသည်။
ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးပြီး စကားပင် မပြောဖူးသေးသော်လည်း ဆွန်ဖုန်း၏ မျက်နှာမှာ အတော်လေး ပြောင်လှပေသည်။
လီကျစ်သည် ဆွန်ဖုန်း၏ အခေါ်အဝေါ်ကြောင့် ခဏမျှ မှင်တက်သွားမိသည်။
ရှေ့မှ လူငယ်က ဤမျှ ထူးဆန်းသော စရိုက်ရှိကာ သူ့ကို အစ်ကိုဟု တိုက်ရိုက် ခေါ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"အစ်ကိုလီ ကျွန်တော့်ကို ဘာကိစ္စရှိလို့ လိုက်ရှာတာလဲ မသိဘူး..."
ဆွန်ဖုန်းက လက်ဆွဲနှုတ်ဆက်ပြီးနောက် မေးလိုက်သည်။
တစ်ဖက်လူကလည်း ရေနံကုမ္ပဏီ ဖြစ်သလို သူကလည်း ရေနံတူးဖော်တော့မည် ဖြစ်ရာ လုပ်ဖော်ကိုင်ဖက်ဟု ဆိုနိုင်သော်လည်း အကျိုးစီးပွား ဆက်နွှယ်မှုတော့ မရှိသေးချေ။
"ဟားဟား... တိုင်းတစ်ပါးမှာ တစ်နိုင်ငံတည်းသားကို တွေ့ရတော့ နှုတ်ဆက်ချင်လို့ပါ... ဒါနဲ့ စကားမစပ်... ညီလေးက ဘာလို့ နယူးဖောင်လန် အနောက်ပိုင်းက ကျောက်လွှာအောက် ရေနံမြေကို ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ရတာလဲ... ကျောက်လွှာအောက် ရေနံတူးဖော်ရေးမှာ အန္တရာယ် အလွန်များတယ်ဆိုတာ မသိဘူးလား..."
လီကျစ်က မေးလိုက်သည်။
ခန်းမထဲတွင် ဆွန်ဖုန်း၏ တည်ငြိမ်နေသော ပုံစံကို မြင်တွေ့ခဲ့ရသဖြင့် ဤလူငယ်သည် ရေနံလုပ်ငန်းတွင် ဘာမှမသိသော လူသစ်ဖြစ်နေနိုင်သလို သို့မဟုတ်လျှင်လည်း ဤရေနံမြေကို တူးဖော်နိုင်ရန် အကြွင်းမဲ့ ယုံကြည်မှု ရှိနေသူ ဖြစ်နိုင်သည်ဟု သူ တွက်ချက်ထားမိသည်။
ထို့ကြောင့် သူက သိချင်စိတ်ဖြင့် လာရောက် မေးမြန်းခြင်း ဖြစ်သည်။
လီကျစ်သည် ဤနယ်ပယ်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ ဖြစ်သော်လည်း ဤမျှ ငယ်ရွယ်သောသူ ရေနံလုပ်ငန်းထဲ ဝင်လာသည်ကို မြင်တွေ့ရခဲလှပေသည်။
ဆွန်ဖုန်းမှာ အသက် ၂၃၊ ၂၄ နှစ်ခန့်သာ ရှိသေးပြီး အလွန် ငယ်ရွယ်လွန်းလှသည်။
ပြည်တွင်းတွင်မူ ဤအသက်အရွယ်မျိုးမှာ မိမိခြေထောက်ပေါ် မိမိ မရပ်တည်နိုင်ကြသေးသူများ များပြားလှပေသည်။
"ဟဲဟဲ... ရေနံမြေကြီးတွေကို မဝယ်နိုင်လို့ ဒီလို ရေနံမြေသေးသေးလေးကိုပဲ စမ်းပြီး လုပ်ကြည့်တာပါ... အန္တရာယ်ဆိုတာကတော့ ဘယ်လုပ်ငန်းမှာမဆို ရှိတာပဲလေ... အဲဒါကြောင့် စွန့်စားကြည့်တာပါ..."
ဆွန်ဖုန်းသည် တစ်ဖက်လူက သူ၏ သဘောထားကို စမ်းသပ်ချင်နေမှန်း သိသဖြင့် သူ၌ ဤရေနံမြေကို ၁၀၀ ရာခိုင်နှုန်း တူးဖော်နိုင်သည့် ယုံကြည်မှု ရှိကြောင်းကိုမူ ထုတ်မပြောခဲ့ပေ။
လီကျစ်က ဆွန်ဖုန်း၏ စကားကို ကြားပြီးနောက် ရယ်မောလိုက်သည်။
ဆွန်ဖုန်းက အမှန်အတိုင်း မပြောချင်မှန်း သူ သိလိုက်သော်လည်း စိတ်ထဲ မထားဘဲ နောက်ပြောင်ကာ ပြောလိုက်လေသည်။
"ကျွန်တော်တို့ နိုင်ငံက ရေနံ အမြောက်အမြား လိုအပ်တယ်... လောလောဆယ် အသုံးမလိုရင်တောင် သိုလှောင်ထားဖို့က အရေးကြီးတယ်... တကယ်လို့ ညီလေးရဲ့ ရေနံမြေကနေ ရေနံတွေ အများကြီး ထွက်လာရင် ဖြစ်နိုင်ရင် ကျွန်တော်တို့ ကုမ္ပဏီကို ရောင်းပေးပါဦးနော်..."
ဆွန်ဖုန်းက ထိုစကားကို ကြားသောအခါ ခဏမျှ မှင်တက်သွားပြီးနောက် မျက်လုံးများ အရောင်လက်သွားခဲ့သည်။
ဘယ်သူ့ကို ရောင်းရောင်း အတူတူပင် ဖြစ်ရာ မိမိ၏ နိုင်ငံကို ရောင်းပေးခြင်းက ပို၍ ကောင်းမွန်ပေသည်။
"ရပါတယ်... ရေနံထွက်လာတာနဲ့ အစ်ကို့ကို သေချာပေါက် အရင်ဆုံး ရှာမှာပါ... ဈေးနှုန်းကိုတော့ အေးဆေး ညှိနှိုင်းကြတာပေါ့..."
ဆွန်ဖုန်းက သဘောထားကြီးစွာ ပြောလိုက်သည်။
မိခင်နိုင်ငံကို ရောင်းချမည်ဆိုပါက ဈေးနှုန်း အနည်းငယ် လျှော့ပေးရန် သူ ဝန်မလေးပေ။
ဘာပဲဖြစ်ဖြစ် သူ၏ တူးဖော်စရိတ်က အလွန် သက်သာမည်မှာ သေချာသဖြင့် ဈေးနှုန်း အနည်းငယ် လျော့သွားခြင်းကို ဂရုစိုက်နေမည် မဟုတ်ပေ။ ၎င်းမှာ သူ့တွင် ထူးခြားသည့်စနစ်ကြီး ရှိနေသောကြောင့် ဖြစ်သည်။
"ဟားဟား... ကောင်းပြီလေ... ဒါက ကျွန်တော့်ရဲ့ လိပ်စာကတ်ပါ..."
လီကျစ်က အလွန် စိတ်ပါလက်ပါဖြင့် ဆွန်ဖုန်းထံသို့ လိပ်စာကတ် တစ်ခု ကမ်းပေးလိုက်လေသည်။
ဆွန်ဖုန်း လိပ်စာကတ်ကို လှမ်းယူလိုက်ချိန်တွင် မနှစ်မြို့ဖွယ် အသံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။
"ဟွန့်... ကျောက်လွှာအောက် ရေနံမြေက ရေနံတွေက အဲဒီလောက် တူးရလွယ်မယ် ထင်နေတာလား... ရေနံတွေ အများကြီး ထွက်လာဖို့ဆိုတာ မင်းတို့ ကုမ္ပဏီမှာ အဲဒီလောက် မြင့်မားတဲ့ နည်းပညာ မရှိသေးဘူးလို့ ငါ ထင်တယ်..."
ထိုစကားမှာလည်း တရုတ်ဘာသာစကား ဖြစ်သော်လည်း လေသံမှာ အနည်းငယ် ဝဲနေပေသည်။
ဆွန်ဖုန်းနှင့် လီကျစ်တို့ လှည့်ကြည့်လိုက်သောအခါ စကားပြောသူမှာ ဝမ်လွန် ရေနံကုမ္ပဏီမှ ဒေးဗစ် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
ဒေးဗစ်က မောက်မာစွာ လျှောက်လာပြီး ဆွန်ဖုန်းအား အထင်အမြင်သေးစွာ ပြောလိုက်လေသည်။
"ရေနံစည် သန်း ၁၀၀ ရှိတဲ့ ကျောက်လွှာ ရေနံမြေကနေ မင်း သန်း ၃၀ လောက် တူးထုတ်နိုင်ရင်တောင် အမြတ် နည်းနည်း ကျန်ဦးမှာပါ... တကယ်လို့ သန်း ၃၀ အောက်သာ ဆိုရင်တော့... ဟဲဟဲ... မင်း ရင်းနှီးထားတဲ့ ငွေတောင် ပြန်ရမှာ မဟုတ်ဘူး..."
ဒေးဗစ်၏ စကားကြောင့် ပတ်ဝန်းကျင်မှ ထွက်သွားနေသူများကလည်း လှောင်ပြုံး ပြုံးလိုက်ကြလေသည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ဆွန်ဖုန်းက အေးစက်စက်ဖြင့်သာ တုံ့ပြန်လိုက်သည်။
ဤနိုင်ငံခြားသားက တရုတ်ဘာသာစကားကို တတ်ကျွမ်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဟွန့်... မင်း ဒေဝါလီခံရမယ့် အချိန်ကို ငါ စောင့်ကြည့်နေမယ်..."
ဒေးဗစ်က လှောင်ပြောင်ပြီးနောက် မောက်မာစွာဖြင့် ထွက်ခွာသွားလေသည်။
"သူ့ကို ဂရုမစိုက်ပါနဲ့... သူက အမြဲတမ်း အဲဒီလို မောက်မာတတ်တဲ့သူပါ... ကျွန်တော် သူနဲ့ အကြိမ်အနည်းငယ် ဆုံဖူးပါတယ်..."
လီကျစ်က တိုးတိုးလေး ပြောလိုက်သည်။
"အင်း..."
ဆွန်ဖုန်းက ခေါင်းညိတ်လိုက်သည်။ ဤကဲ့သို့သော ခွေးရူးမျိုးကို သူက ခွေးဟောင်သည်ဟုသာ သဘောထားလေ့ ရှိပေသည်။
"ကိစ္စမရှိရင် ကျွန်တော် သွားလိုက်ပါဦးမယ်..."
လီကျစ်က ပြောလိုက်သည်။
ရုတ်တရက် ဆွန်ဖုန်းသည် တစ်ပတ်ရစ် ရေနံတူးစက်များနှင့် စက်ကိရိယာများ ဝယ်ယူရန် ရှိသည်ကို သတိရသွားသည်။
လီကျစ်၏ ရေနံကုမ္ပဏီထံမှ စက်အချို့ကို ဝယ်ယူ၍ ရနိုင်မလားဟု သူ တွေးလိုက်မိသည်။
"အစ်ကိုလီ... ကျွန်တော် အစ်ကို့ကို ညစာ ကျွေးပါရစေ... အစ်ကို အားမယ်ဆိုရင်ပေါ့နော်..."
ဆွန်ဖုန်းက လီကျစ်အား ဖိတ်ခေါ်လိုက်လေသည်။
"ဟင်..."
လီကျစ် အနည်းငယ် အံ့ဩသွားပြီးနောက် ခဏ စဉ်းစားကာ ဖြေလိုက်လေသည်။
"ရပါတယ်... ညီလေးက ဖိတ်မှတော့... အစ်ကို ငြင်းလို့ မကောင်းတော့ဘူးပေါ့..."
"ကောင်းပါပြီ..."