အခန်း ၁၄၅
Vol. 15 Ch. 145
အခန်း (၁၄၅) စက်ကိရိယာများ ဝယ်ယူခြင်း
"တစ်ပတ်ရစ် စက်တွေက ချို့ယွင်းချက် ဖြစ်လွယ်တယ်နော်... ညီလေး တကယ်ပဲ ဝယ်ချင်တာ သေချာရဲ့လား..."
လီကျစ်က ထပ်ခါတလဲလဲ မေးမြန်း အတည်ပြုလေသည်။
"အင်း..."
ဆွန်ဖုန်းက ခေါင်းညိတ်လိုက်သည်။
ဆွန်ဖုန်းသည် ရေနံတူးဖော်ရေး အစပိုင်းတွင် ရေနံတွင်း နှစ်တွင်း သုံးတွင်းခန့်သာ အရင်ဆုံး စမ်းသပ် တူးဖော်ကြည့်ရန် ရည်ရွယ်ထားသည်။ အသံလက်ထောက် ဖန်တီးပေးသော ပစ္စည်းများက တကယ် အသုံးဝင်မဝင် ဆိုသည်ကို စမ်းသပ်ကြည့်လိုခြင်း ဖြစ်သည်။
ရေနံမြေကြီးများဆိုလျှင် ရေနံတွင်း သောင်းဂဏန်းနှင့်အထက် တူးဖော်ရကြောင်းကို သူ သိထားပေသည်။
"ကောင်းပြီလေ... ဒီလိုဆိုရင်တော့ အစ်ကိုက မော်ဒယ်တချို့ကို အကြံပေးမယ်... ရေနံစုပ်စက်ဆိုရင် ကျွန်တော်တို့ ကုမ္ပဏီရဲ့ Z မော်ဒယ်က စွမ်းဆောင်ရည် ကောင်းတယ်၊ နည်းပညာလည်း ရင့်ကျက်ပြီး ခေတ်မီတယ်... ရေနံတူးစက်ကတော့ ပြောရခက်တယ်... ကျောက်လွှာအောက် ရေနံတူးဖော်ဖို့ဆိုရင် ကျွန်တော်တို့ ကုမ္ပဏီရဲ့ နည်းပညာကလည်း အဲဒီလောက် မရင့်ကျက်သေးဘူး..."
လီကျစ်က ရှင်းပြလိုက်သည်။
သူတို့၏ နည်းပညာများသာ အဆင့်မြင့်ပါက ကျောက်လွှာအောက် ရေနံမြေများကို စောစောစီးစီး ရင်းနှီးမြှုပ်နှံပြီး ဖြစ်မည်။ နယူးဖောင်လန် အနောက်ပိုင်းရှိ ရေနံစည် ၃၅ ဘီလီယံ သိုလှောင်ထားသော ဤကိတ်မုန့်ကြီးမှာ အလွန် ကြီးမားပြီး သွားရည်ကျစရာ ကောင်းလွန်းလှပေသည်။
လီကျစ်၏ ရှင်းပြချက်ကို ကြားပြီးနောက် ရေနံစုပ်စက်ကို Z မော်ဒယ် ဝယ်ယူရန် ဆွန်ဖုန်း ဆုံးဖြတ်လိုက်သည်။ ရေနံတူးစက် အတွက်မူ လီကျစ်တို့၏ ရင့်ကျက်သော ထုတ်ကုန်များကိုသာ ရောင်းချပေးရန် ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ ကမ္ဘာပေါ်ရှိ စက်များဖြင့် ကျောက်လွှာကို ဖောက်ထွင်းနိုင်ရန် ဆွန်ဖုန်း မမျှော်လင့်ထားပေ။ သူ၏ ထံတွင် အသံလက်ထောက် ဖန်တီးပေးထားသော ကျောက်ခွဲ အလင်းလှိုင်းစက် ရှိနေသဖြင့် ခေတ်နောက်ကျနေသော ရေနံတူးစက်ဖြင့်ပင် ကျောက်လွှာများကို အလွယ်တကူ ဖောက်ထွင်းနိုင်မည် ဖြစ်သည်။
မကြာမီပင် စက်နှစ်မျိုး၏ မော်ဒယ်ကို သတ်မှတ်နိုင်ခဲ့သည်။ ရေနံစုပ်စက်က Z မော်ဒယ်ဖြစ်ပြီး သုံးလုံး ဝယ်ယူမည်ဖြစ်သည်။ ရေနံတူးစက်က ၂၀၀၅ ခုနှစ်က တီထွင်ထားသော KL မော်ဒယ်ဖြစ်ပြီး အတော်လေး ကောင်းမွန်သော မော်ဒယ်တစ်ခုဖြစ်ကာ သုံးစုံ ဝယ်ယူမည်ဖြစ်သည်။
"ဟဲဟဲ... အစ်ကိုလီ... တကယ်လို့ စက်တွေ သုံးလို့ကောင်းရင် နောက်တစ်ခါ ထပ်ဝယ်မယ်... အသစ်တွေ ဝယ်မယ်နော်..."
ဆွန်ဖုန်းက ပြောလိုက်သည်။
"ကောင်းပါပြီ... အစ်ကို ပြန်ရောက်ရင် မေးကြည့်ပေးမယ်... ရှိရင် ချက်ချင်း ပြောပြမယ်နော်..."
လီကျစ်က ပြုံး၍ ဖြေလိုက်သည်။
"ဒါနဲ့ ရေနံတူးဖော်ဖို့ တခြား စက်ကိရိယာတွေကိုရော ဘယ်ကနေ ဝယ်ဖို့ စဉ်းစားထားလဲ..."
လီကျစ်က မေးလိုက်သည်။
"ဪ... အဲဒါတွေက မလောပါဘူး... ဖြည်းဖြည်းချင်း ဝယ်မှာပါ..."
ဆွန်ဖုန်းက ရှောင်လွှဲ ဖြေကြားလိုက်သည်။ အခြား စက်ကိရိယာများ အားလုံးကို အသံလက်ထောက်အား ဖန်တီးခိုင်းမည် ဆိုသည်ကို လီကျစ်အား သူ ပြောပြမည် မဟုတ်ပေ။
သူတို့နှစ်ဦး စကားအနည်းငယ် ထပ်ပြောပြီးနောက် လီကျစ်က နှုတ်ဆက် ထွက်ခွာသွားလေသည်။ ဆွန်ဖုန်းနှင့် စူးမေးတို့လည်း တည်းခိုရာ ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။
နောက်တစ်နေ့တွင် စတီဗင်တို့နှင့် စာချုပ်ချုပ်ဆိုရန်နှင့် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ ပေးချေရန် စူးမေးကို ဆွန်ဖုန်းက စေလွှတ်လိုက်သည်။ ဤစာချုပ်ချုပ်ဆိုရေး ကိစ္စများမှာ လုပ်ထုံးလုပ်နည်းများစွာ ပါဝင်သဖြင့် တစ်ရက် နှစ်ရက်နှင့် ပြီးနိုင်မည် မဟုတ်ဘဲ ရက်အတော်ကြာ ကြာမြင့်နိုင်ပေသည်။
ဆွန်ဖုန်း ကိုယ်တိုင် မသွားခြင်းမှာ သူ့တွင် အရေးကြီးသော အလုပ်များ ရှိနေသောကြောင့် ဖြစ်သည်။ ရေနံမြေ တူးဖော်ခွင့် ရရှိပြီးဖြစ်ရာ အမြန်ဆုံး တူးဖော်နိုင်ရန် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်ရမည်ဖြစ်သည်။ ဆွန်ဖုန်းသည် ပစ္စည်းစာရင်း ရှည်ကြီး တစ်ခုကို ရေးသားကာ လီယာဒ်ဘတ်မြို့ရှိ လျန်ယင်ထံသို့ ပေးပို့၍ ဝယ်ယူခိုင်းလိုက်သည်။
ထိုကုန်ကြမ်းများမှာ အသံလက်ထောက်နှင့် ရေအောက်တူးဖော်ရေး စနစ်ကြီးတို့မှ ရေနံတူးဖော်ရေး စက်ကိရိယာများ ဖန်တီးရာတွင် အသုံးပြုရန် ဖြစ်သည်။
ဆွန်ဖုန်းက လျန်ယင်အား ဝယ်ယူထားသော ကုန်ကြမ်းများကို ရောင်းချသူများမှတစ်ဆင့် နယူးဖောင်လန်သို့ တိုက်ရိုက် ပို့ဆောင်ခိုင်းရန် မှာကြားလိုက်သည်။
ထို့နောက် ဆွန်ဖုန်းသည် နယူးဖောင်လန် အနောက်ပိုင်းရှိ ကျောက်လွှာအောက် ရေနံမြေအနီးရှိ မြို့ငယ်လေး တစ်မြို့သို့ သွားရောက်ကာ ဂိုဒေါင်တစ်ခု ငှားရမ်းလိုက်သည်။ ထိုဂိုဒေါင်မှာ ခုနက ဝယ်ယူခဲ့သော ကုန်ကြမ်းများကို သိမ်းဆည်းရန်နှင့် ရေအောက်တူးဖော်ရေး စနစ်ကြီးမှ ဖန်တီးပေးမည့် စက်ကိရိယာများကို သိမ်းဆည်းရန် ဖြစ်သည်။ ထို့အပြင် လီကျစ်ထံမှ ဝယ်ယူမည့် ရေနံစုပ်စက်၊ ရေနံတူးစက် အစရှိသည်တို့ကိုလည်း ဤနေရာတွင် သိမ်းဆည်းထားမည်ဖြစ်သည်။
ဆွန်ဖုန်းသည် ကျောက်လွှာအောက် ရေနံမြေနှင့် အနီးဆုံးဖြစ်သော နယူးစ် ဟုခေါ်သည့် မြို့ငယ်လေး၏ ဆင်ခြေဖုံးတွင် အတော်အတန် ကြီးမားသော ထောက်ပံ့ပို့ဆောင်ရေး ဂိုဒေါင်ကြီး တစ်ခုကို သုံးရက်အချိန်ယူ၍ ငှားရမ်းနိုင်ခဲ့သည်။
ဆွန်ဖုန်းက ဤကိစ္စများကို လုပ်ဆောင်နေချိန်တွင် ယခင်က စူးမေးကို ဖွဲ့စည်းခိုင်းထားသော ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီ၏ ရေနံဌာနခွဲမှာလည်း အတော်လေး အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
ကျွမ်းကျင် ရေနံတူးဖော်ရေး အဖွဲ့တစ်ဖွဲ့ကိုလည်း ခေါ်ယူထားပြီးဖြစ်သည်။ အစပိုင်းတွင် ရေနံတွင်း သုံးတွင်းသာ တူးဖော်ရန် ရည်ရွယ်ထားသဖြင့် လူအင်အား အများကြီး မလိုအပ်ပေ။ နောက်ပိုင်းတွင် တူးဖော်ရေး လုပ်ငန်းများ တိုးချဲ့သည့်အခါမှသာ ဝန်ထမ်းများ ထပ်မံ ခေါ်ယူမည်ဖြစ်သည်။
ရေနံတူးဖော်ရေးတွင် ပထမဦးစွာ သတ်မှတ်ထားသော နေရာကို ဘူမိရူပ ရှာဖွေရေး ပြုလုပ်ရသည်။ မြေငလျင် အချက်အလက်များကို စုဆောင်းကာ ထိုအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ မြေအောက် ကျောက်လွှာ ဖွဲ့စည်းပုံကို သိရှိရမည်ဖြစ်သည်။
ထို့နောက် စမ်းသပ် တူးဖော်မည့် နေရာကို သတ်မှတ်ကာ စမ်းသပ်တွင်း တူးဖော်ပြီး မြေအောက် အချက်အလက်များကို ထပ်မံ ရယူရသည်။ ထိုအခါမှသာ မြေအောက်ရှိ ရေနံအလွှာများကို သေချာစွာ သိရှိနိုင်မည်ဖြစ်သည်။
ဤပထမအဆင့် တူးဖော်ရေး အစီအစဉ်မှာ စာတွေ့အရ ရှင်းပြလျှင် ရိုးရှင်းလှသည်။ နားမလည်သူများကမူ ရေနံအလွှာ တည်ရှိရာ နေရာအတိအကျနှင့် ရေနံ ပြန့်နှံ့မှု အနည်းအများကို ရှာဖွေရုံသာ မဟုတ်လော ဟု ဆိုကြမည်ဖြစ်သည်။
သို့သော် လက်တွေ့ လုပ်ဆောင်ရာတွင်မူ အလွန် ခက်ခဲပြီး လူအင်အား၊ ငွေကြေးအင်အားနှင့် အချိန်များစွာ ကုန်ကျပေသည်။ တစ်ခါတရံ နှစ်ဝက်ခန့် ကြာနိုင်သလို ထိုထက်လည်း ပိုကြာနိုင်ပေသည်။
ရေနံမြေ တစ်ခုကို ဝယ်ယူပြီးနောက် ထိုရေနံမြေအတွင်းရှိ ရေနံအလွှာများမှာ စတုရန်းကီလိုမီတာ ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ကျယ်ပြန့်စွာ တည်ရှိနေကြောင်း သိထားရမည်။ စူပါ ရေနံမြေကြီးများ ဆိုလျှင် ပို၍ပင် ကျယ်ပြန့်ပေသည်။ ဥပမာ - တာ့ချင့် ရေနံမြေ ကဲ့သို့ ဖြစ်သည်။
ထိုမျှ ကျယ်ပြန့်သော နေရာကြီးထဲတွင် ရေနံတွင်း တူးဖော်ရန် သင့်တော်မည့် နေရာတစ်ခုကို ရှာဖွေရမည် မဟုတ်ပါလော။ ဖြစ်သလို တူး၍ မရနိုင်ပေ။ ထို့ကြောင့် ဤပထမအဆင့်မှာ အလွန် အရေးကြီးလှပေသည်။
ရေနံတူးဖော်ရေး၏ ပထမအဆင့်မှာ ရေနံ မြေငလျင် ရှာဖွေရေး ဖြစ်သည်။ ရည်ရွယ်ချက်မှာ မြေအောက် ဘူမိ ဖွဲ့စည်းပုံနှင့် ကျောက်လွှာ ပြောင်းလဲမှု ဖြစ်စဉ်များကို ရှာဖွေ ဖော်ထုတ်ရန်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စုဝေးရာ နေရာများကို ရှာဖွေရန်၊ ရေနံမြေအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုလှောင်မှု ပမာဏ၊ ဘူမိ ဖွဲ့စည်းပုံ၊ တူးဖော်မည့် နေရာများကို ထောက်ပံ့ပေးရန်နှင့် ရေနံမြေ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းစဉ်များနှင့် ပူးပေါင်း လုပ်ဆောင်ရန် ဖြစ်သည်။
ကြည့်ရသည်မှာ ရိုးရှင်းသော်လည်း လက်တွေ့ လုပ်ဆောင်သည့်အခါ စက်ကိရိယာများနှင့် လူအင်အား များစွာ လိုအပ်ပေသည်။
ပထမဆုံးအနေဖြင့် ရေနံ မြေငလျင် ရှာဖွေရေးတွင် ကားအစီးရေ ၃၀ မှ ၆၀ အထိ လိုအပ်သည်။ ၎င်းတို့တွင် တူးစက်များ၊ ရေသယ်ကားများ၊ ဖောက်ခွဲရေးကားများ၊ တုန်ခါမှု ဖန်တီးရေးကားများ၊ တိုင်းတာရေး ကိရိယာတင် ကားများ၊ သယ်ယူပို့ဆောင်ရေး ကားများ အစရှိသည်တို့ ပါဝင်သည်။
ထို့အပြင် သီအိုဒိုလိုက် (Theodolite)၊ GPS၊ ဖောက်ခွဲရေး စက်များ၊ စနက်တံများ၊ ယမ်းများ၊ ကေဘယ်ကြိုးများ၊ တုန်ခါမှု ဖမ်းယူရေး ကိရိယာများ၊ အချက်အလက် စုဆောင်းရေး စက်များ၊ မှတ်တမ်းတင် စက်များ အစရှိသည်တို့လည်း လိုအပ်ပေသည်။
ဤပစ္စည်းများ ရှိမှသာ ရှာဖွေရေး ပြုလုပ်နိုင်မည်ဖြစ်သည်။
ထို့အပြင် ကျွမ်းကျင် ရှာဖွေရေး အဖွဲ့များနှင့် ပညာရှင်များလည်း လိုအပ်ပေသည်။
ဤအရာများ အတွက်တင် လူအင်အား၊ ငွေကြေးအင်အား များစွာ ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။
ရေနံတွင်း တူးဖော်မည့် နေရာကို သတ်မှတ်ပြီးပါက တူးဖော်ရေး စတင်ရမည်ဖြစ်ပြီး ထိုအတွက် ရင်းနှီးမြှုပ်နှံရမည့် ငွေကြေးမှာ ပို၍ပင် ကြီးမားလှပေသည်။ ထို့ကြောင့် ရေနံမြေ တူးဖော်ခြင်းက လွယ်ကူသော ကိစ္စ မဟုတ်ပေ။
အထက်တွင် ဖော်ပြခဲ့သည်များမှာ သာမန် ရေနံမြေ တူးဖော်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများသာ ဖြစ်သည်။ ဤရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းကပင် ဆွန်ဖုန်းအတွက် သွေးထွက်သံယို ဖြစ်စေလောက်ပေသည်။
သို့သော် ဆွန်ဖုန်းတွင် ရေအောက်တူးဖော်ရေး စနစ်ကြီး ရှိနေသလို အလွန် တိကျသော ရှာဖွေရေး လုပ်ဆောင်ပေးနိုင်သည့် အသံလက်ထောက်လည်း ရှိနေပေသည်။
အသံလက်ထောက်၏ ရှာဖွေရေး လုပ်ဆောင်ချက်ဖြင့် ဤရေနံမြေ အတွင်း၌ မည်သည့်နေရာတွင် ရေနံတွင်း တူးဖော်ရန် သင့်တော်သည်၊ မည်သည့်နေရာတွင် ရေနံအလွှာထဲ၌ ရေနံပမာဏ များပြားသည်၊ မည်သည့်နေရာက တူးဖော်ရန် လွယ်ကူသည် အစရှိသည်တို့ကို သူ အလွယ်တကူ ရှာဖွေနိုင်ပေသည်။
ထို့ကြောင့် အထက်ပါ ကိစ္စများကို ဆွန်ဖုန်း အနေဖြင့် လျစ်လျူရှုထား၍ ရပေသည်။ အချိန်တန်လျှင် အသံလက်ထောက်အား ရေနံတွင်း တူးဖော်ရန် အကောင်းဆုံး နေရာများကို ရွေးချယ်ခိုင်းပြီးနောက် သူ၏ အဖွဲ့နှင့် ရေနံတူးစက်များကို ခေါ်ဆောင်သွားကာ အခြေခံ အဆောက်အအုံများ တည်ဆောက်ပြီးသည်နှင့် ရေနံတွင်းများကို တိုက်ရိုက် တူးဖော်နိုင်ပြီ ဖြစ်သည်။
ငွေကြေး၊ လူအင်အားနှင့် ပစ္စည်းအင်အား အများအပြားကို သက်သာစေရုံသာမက ရှာဖွေရေး ပြုလုပ်ရန် အချိန်ယူရသဖြင့် အချိန်များစွာကိုလည်း သက်သာစေမည် ဖြစ်သည်။