← Chapters

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း (၁၅၁) တူးဖော်ရေး စတင်ခြင်း

လဝက်ကြာပြီးနောက် စိန့်ဖုန်းရေနံမြေ၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသွားပြီ ဖြစ်သည်။

အရာအားလုံး ပြင်ဆင်ပြီးစီးပြီဖြစ်ရာ ဤတစ်ကြိမ်တွင်မူ ကျောက်လွှာအောက် ရေနံမြေကို နောက်ဆုံးတော့ စတင်တူးဖော်နိုင်ပြီ ဖြစ်သည်။

ယခုအချိန်တွင် နယူးဖောင်လန်၌ ဆောင်းရာသီသို့ ရောက်ရှိနေပြီဖြစ်ပြီး နယူးဖောင်လန် အနောက်ပိုင်းဒေသတွင် နှင်းဖွဲဖွဲလေးများ ကျဆင်းနေကာ အပူချိန်မှာ အနှုတ် ၃ ဒီဂရီ ဆဲလ်စီးယပ်စ်ခန့် ရှိနေသည်။

နံနက်ခင်းတွင် ဆွန်ဖုန်းသည် စူးမေးနှင့် ဝူမုန်ရှင်းတို့ နှစ်ယောက်ကို ခေါ်ဆောင်ကာ စိန့်ဖုန်းရေနံမြေဆီသို့ ကားမောင်း ထွက်လာခဲ့လေသည်။

ယနေ့သည် စိန့်ဖုန်းရေနံမြေကို စတင်တူးဖော်မည့် ပထမဆုံးနေ့ ဖြစ်သည်။

သူတို့သုံးယောက်စလုံး အနွေးထည်အထူကြီးများကို ဝတ်ဆင်ထားကြသည်။ ယမန်နေ့ညက နှင်းဖွဲဖွဲလေးများ ကျဆင်းထားသဖြင့် နံနက်ခင်းတွင် လမ်းဘေးတစ်လျှောက်၌ နှင်းများ ဖုံးလွှမ်းနေလေသည်။

အနောက်ပိုင်းဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်သော ဒေသဖြစ်ပြီး ယခုအခါ နှင်းဖြူဖြူလေးများ ဖုံးလွှမ်းနေသဖြင့် တစ်မျိုးတစ်ဘာသာ လှပနေပေသည်။

နံနက် ကိုးနာရီတိတိတွင် ဆွန်ဖုန်းတို့ သုံးယောက် ခရီးပန်းတိုင်သို့ ရောက်ရှိလာကြသည်။

ထိုအချိန်တွင် ရေနံတူးဖော်ရေးအဖွဲ့မှ ဝန်ထမ်းတစ်ရာကျော်သည် ဝန်ထမ်းအဆောင်ရှေ့တွင် ရပ်ကာ ဆွန်ဖုန်း လာမည့်အချိန်ကို စောင့်မျှော်နေကြသည်။

ကားပေါ်မှ ဆင်းပြီးနောက် ဆွန်ဖုန်းသည် ထိုဝန်ထမ်းတစ်ရာကျော်၏ ရှေ့သို့ လျှောက်သွားကာ ပြုံး၍ နှုတ်ဆက်လိုက်လေသည်။

"အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ..."

"မင်္ဂလာနံနက်ခင်းပါ သူဌေး..."

ဝန်ထမ်းတစ်ရာကျော်က တစ်ပြိုင်နက်တည်း နှုတ်ဆက်ကြလေသည်။

ဤရက်ပိုင်းအတွင်း ဆွန်ဖုန်းသည် ဤနေရာသို့ နေ့တိုင်းနီးပါး လာရောက်လေ့ရှိသဖြင့် ဤဝန်ထမ်းများနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။

"ကောင်းတယ်... မင်းတို့ရဲ့ စိတ်ဓာတ်ခွန်အားတွေ တော်တော်ကောင်းတာပဲ... ဒီနေ့ ဘာနေ့လဲဆိုတာ သိကြလား..."

ဆွန်ဖုန်းက ဆက်ပြောလိုက်သည်။

"သိပါတယ်... ဒီနေ့က စိန့်ဖုန်းရေနံမြေရဲ့ မြေကို စတင်ခွဲမယ့် တရားဝင် နေ့ပါ..."

ဝန်ထမ်းတစ်ယောက်က ကျယ်လောင်စွာ ဖြေလိုက်သည်။

"ဟားဟား... ဟုတ်တယ်... ဒီနေ့ ငါ မင်းတို့ကို ဦးဆောင်ပြီး ရေနံတွင်း စတူးဖို့ မြေကို စခွဲမယ်..."

ဆွန်ဖုန်းက ပြောလိုက်သည်။

"ငါတို့သူဌေးက အရမ်း အကောင်းမြင်လွန်းနေတာများလား... ဒီရေနံမြေကို ဘူမိရူပ ရှာဖွေရေးတောင် မလုပ်ရသေးဘူး... ရေနံတွင်းတူးဖို့ သင့်တော်တဲ့ နေရာကိုတောင် မသတ်မှတ်ရသေးဘဲနဲ့ အခု ရေနံတွင်း စတူးတော့မယ် ဆိုတော့... ဒါက ဖြစ်သလို လုပ်နေတာပဲ..."

"ဟုတ်ပါရဲ့... ငါတို့အဖွဲ့ခေါင်းဆောင်ကလည်း ဒီရေနံမြေရဲ့ မြေအောက် ကျောက်လွှာဖွဲ့စည်းပုံကို မသိသေးဘူး... မြေအောက် အချက်အလက်တွေ ရဖို့ စမ်းသပ်တွင်းတောင် မတူးရသေးဘူး... ဒီလို ကြိုတင်ပြင်ဆင်မှုတွေကို ကျော်ပြီး ရေနံတွင်းတူးဖို့ကို တိုက်ရိုက် သွားတာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"ဟုတ်တယ်... ငါတို့အဖွဲ့က ပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကလည်း မြေငလျင် ရှာဖွေရေးလုပ်ငန်းတွေနဲ့ ဒီရေနံမြေရဲ့ မြေအောက် ဘူမိ ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာတာတွေ မလုပ်ရသေးဘူး... ဖွဲ့စည်းပုံ မြေပုံလည်း မဆွဲရသေးဘူး... နောက်ဆက်တွဲ အလုပ်တွေကို ဘယ်လို ဆက်လုပ်ကြမလဲ... ဒီလိုပဲ မျက်လုံးမှိတ်ပြီး ရေနံတွင်း တူးကြမှာလား..."

အောက်တွင် ဝန်ထမ်းအချို့က တီးတိုး ပြောဆိုနေကြသည်။

ဆွန်ဖုန်းသည် အားဖြည့်သွေးရည်ကြည်ကို ထိုးသွင်းထားသဖြင့် အကြားအာရုံ အလွန်ကောင်းမွန်ရာ ထိုစကားများ အားလုံးကို ရှင်းလင်းစွာ ကြားနေရသည်။

သို့သော် ဆွန်ဖုန်းက ကြားပြီးနောက် ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး ဒေါသမထွက်ပေ။

အဘယ်ကြောင့်ဆိုသော် ခဏအကြာတွင် သူသည် ဤရေနံမြေ၏ တိကျသော ရေနံအလွှာ ပြန့်နှံ့မှု မြေပုံနှင့် ဘူမိ ဖွဲ့စည်းပုံ မြေပုံများကို ထိုပညာရှင်များအား ပြသမည်ဖြစ်သောကြောင့်ပင်။ ထိုမြေပုံများ၏ တိကျမှုမှာ ဤပညာရှင်များ ရှာဖွေတွေ့ရှိမည့် အချက်အလက်များထက် များစွာ ပိုမို တိကျမည်မှာ သေချာပေသည်။ အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်း၏ လက်ထဲတွင် ရှိသော ဖွဲ့စည်းပုံ မြေပုံများမှာ ရေအောက်တူးဖော်ရေး စနစ်ကြီးက ရှာဖွေ၍ ပုံနှိပ်ထုတ်ပေးထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။

"သူဌေး... ကျွန်တော် မေးစရာ တစ်ခု ရှိပါတယ်..."

ဆွန်ဖုန်း ဆက်ပြောရန် ပြင်နေစဉ် အဖွဲ့ခေါင်းဆောင် ချားလ်စ်က လက်ထောင်၍ လှမ်းခေါ်လိုက်လေသည်။

"ဪ... ဘာကိစ္စများလဲ..."

ဆွန်ဖုန်းသည် ချားလ်စ်၏ မေးခွန်းကို တွေ့ရသော်လည်း အံ့ဩခြင်း မရှိပေ။

ချားလ်စ်သည် ရေနံမြေကို ဘူမိ ရှာဖွေရေး မလုပ်ဘဲ အဘယ်ကြောင့် ရေနံတွင်း တူးဖော်ရေးကို တိုက်ရိုက် ပြောင်းလဲလုပ်ဆောင်ရသနည်းဟု သံသယ ဝင်နေမည်ကို သူ ခန့်မှန်းမိသည်။

"သူဌေး... ကျွန်တော် ခင်ဗျားကို ပြောပြရမှာက ရေနံတူးဖော်ရေးရဲ့ ပထမအဆင့်က ရေနံ မြေငလျင် ရှာဖွေရေး ဖြစ်ပါတယ်... ရည်ရွယ်ချက်က မြေအောက် ဘူမိ ဖွဲ့စည်းပုံနဲ့ ကျောက်လွှာ ပြောင်းလဲမှု ဖြစ်စဉ်တွေကို ရှာဖွေ ဖော်ထုတ်ဖို့၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စုဝေးရာ နေရာတွေကို ရှာဖွေဖို့၊ ရေနံမြေအတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ သိုလှောင်မှု ပမာဏ၊ ဘူမိ ဖွဲ့စည်းပုံ၊ တူးဖော်မယ့် နေရာတွေကို ထောက်ပံ့ပေးဖို့နဲ့ ရေနံမြေ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းစဉ်တွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ ဖြစ်ပါတယ်... ဒါပေမယ့် ခင်ဗျားက အခု ချက်ချင်း ရေနံတွင်း စတူးမယ်လို့ ပြောနေတယ်... ကျွန်တော်တို့ လက်ရှိမှာ ဘယ်နေရာက ရေနံကြွယ်ဝတဲ့ ဒေသလဲ ဆိုတာကို နားမလည်သေးသလို ဒီရေနံမြေရဲ့ ဘူမိ ဖွဲ့စည်းပုံ မြေပုံလည်း မရှိသေးဘူး... ဒီအတိုင်း ရေနံတွင်း စတူးမယ်ဆိုရင် အဆင်မပြေလောက်ဘူး ထင်တယ်..."

ချားလ်စ်က ခဏ စဉ်းစားပြီးနောက် သူ၏ စိတ်ထဲရှိ အတွေးများကို နောက်ဆုံးတွင် ထုတ်ပြောလိုက်လေသည်။

မနေ့ကမှ သူနှင့် ဤဝန်ထမ်းအဖွဲ့သည် ဆွန်ဖုန်းထံမှ ယနေ့တွင် ရေနံတွင်း တူးဖော်မည်ဟူသော သတင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က သူ အလွန် အံ့ဩသွားပြီး ဆွန်ဖုန်းနှင့် ဆွေးနွေးရန် စဉ်းစားခဲ့သော်လည်း ဆွန်ဖုန်းက ဘယ်အချိန်ကတည်းက ပြန်သွားမှန်းမသိသဖြင့် အခွင့်အရေး မရခဲ့ပေ။

ယခင်က သူ ထင်ခဲ့သည်မှာ ဆွန်ဖုန်းက ဤအခြေခံအဆောက်အအုံများကို အရင် တည်ဆောက်ပြီးမှ ဘူမိ ရှာဖွေရေးကို လုပ်ဆောင်မည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မနေ့က ဆွန်ဖုန်းက ယနေ့တွင် ရေနံမြေကို စတင် တူးဖော်မည်ဟု တိုက်ရိုက် ပြောလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

မနေ့က ရေနံတူးဖော်ရေး အဆင့်ဆင့်ကို ရှင်းပြရန် အခွင့်အရေး မရခဲ့သဖြင့် ယနေ့တွင် သူက လူကိုယ်တိုင် ထုတ်ပြောရခြင်း ဖြစ်သည်။

မိမိ၏ သူဌေးသည် ယခင်က ရေနံမြေကို တစ်ကြိမ်မျှ မရင်းနှီးမြှုပ်နှံဖူးကြောင်း သူ သိထားသဖြင့် သူဌေးမှာ လုပ်ငန်းအကြောင်းကို နားမလည်သူ ဖြစ်သည်ဟု သူ ထင်ထားသည်။

"ခင်ဗျား ဆက်ပြောပါဦး..."

ဆွန်ဖုန်းက ငြင်းဆိုခြင်း မရှိဘဲ ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

ဆွန်ဖုန်းက သူ၏ စကားကို နားထောင်နေသည်ကို မြင်တွေ့ရသောအခါ ချားလ်စ်၏ မျက်နှာအိုကြီးပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ဆက်ပြောလေသည်။

"ရေနံ၊ ဓာတ်ငွေ့နဲ့ ရေ သိုလှောင်မှု အခြေအနေတွေကို ကနဦး ရှာဖွေတွေ့ရှိပြီးမှသာ ရေနံတွင်း တူးဖော်ရေး လုပ်ငန်းတွေကို စတင်နိုင်မှာပါ သူဌေး... ဒါကြောင့် လက်ရှိမှာ ကျွန်တော်တို့က ဒီရေနံမြေရဲ့ ဘူမိ ဖွဲ့စည်းပုံနဲ့ ရေနံကြွယ်ဝတဲ့ နေရာတွေကို အရင်ဆုံး ရှင်းရှင်းလင်းလင်း သိအောင် လုပ်ပြီးမှ ရေနံတွင်း တူးဖော်နိုင်မှာပါ..."

"ဪ... ခင်ဗျားက ကျွန်တော် ဒီရေနံမြေအကြောင်း သေချာ မသိသေးဘူးလို့ ထင်နေတာလား..."

ဆွန်ဖုန်းက စိတ်ဝင်တစားဖြင့် မေးလိုက်လေသည်။

"ဟုတ်ပါတယ်..."

ချားလ်စ်က လေးနက်စွာ ဖြေလိုက်လေသည်။

"ကောင်းပြီလေ... ဒါဆိုရင် ကျွန်တော် ခင်ဗျားကို ပုံကြမ်းတချို့ ပြမယ်... ကျွန်တော် သေချာ သိမသိ ကြည့်ကြည့်ပါ..."

ပြောပြီးသည်နှင့် ဆွန်ဖုန်းသည် စူးမေးအား Off-road ကားပေါ်မှ အချက်အလက် စာရွက်စာတမ်း တစ်ထပ်ကို ယူခိုင်းလိုက်လေသည်။

"ရော့... ခင်ဗျား ကြည့်ကြည့်ပါ... ဒီအချက်အလက်တွေနဲ့ ပုံတွေက စိန့်ဖုန်းရေနံမြေ တစ်ခုလုံးရဲ့ ဘူမိ ဖွဲ့စည်းပုံ မြေပုံနဲ့ ရေနံအလွှာ ပြန့်နှံ့မှု မြေပုံတွေချည်းပဲ..."

ဆွန်ဖုန်းက ထူထဲသော အချက်အလက် စာရွက်စာတမ်းများကို ချားလ်စ်၏ ရှေ့သို့ ထိုးပေးလိုက်လေသည်။

"ဟင်..."

ချားလ်စ်၏ မျက်လုံးများတွင် အံ့ဩသွားသည့် အရိပ်အယောင်များ ပေါ်လာလေသည်။

သူဌေးက ဤအလုပ်များကို ကြိုတင် ပြင်ဆင်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော် သူ့ကို ပို၍ အံ့ဩစေသည်မှာ မည်သည့်အဖွဲ့က ဤကိစ္စများကို တိုင်းတာ ရှာဖွေပေးခဲ့သနည်း ဆိုသည်ကိုပင်။

ရေနံမြေ အတွင်းတွင် အခြားသူများက ဘူမိ ရှာဖွေရေး လုပ်ဆောင်နေသည်ကို သူ မမြင်တွေ့ခဲ့ရပေ။

ချားလ်စ်သည် မမြင်တွေ့ခဲ့ဖူးသလို မြင်တွေ့ခွင့်လည်း မရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာများ အားလုံးမှာ အသံလက်ထောက်က လုပ်ဆောင်ထားခြင်း ဖြစ်သောကြောင့်ပင်။

ချားလ်စ်သည် အကြမ်းဖျင်း ဖတ်ရှုပြီးနောက် မျက်နှာပေါ်တွင် အလွန် အံ့ဩသွားသည့် အမူအရာ ပေါ်လာလေသည်။

အဘယ်ကြောင့်ဆိုသော် ဤအချက်အလက်များက စိန့်ဖုန်းရေနံမြေ တစ်ခုလုံး၏ ဘူမိ ဖွဲ့စည်းပုံ မြေပုံ အားလုံးကို ရှင်းလင်းပြတ်သားစွာ ဖော်ပြထားခြင်းကြောင့်ပင်။

အထူးသဖြင့် ရေနံအလွှာနှင့် ရေနံပမာဏ ပြန့်နှံ့မှု မြေပုံများမှာ 3D ဖြင့် ဖော်ပြထားခြင်း ဖြစ်သည်။

ထိုအထဲတွင် အသေးစိတ် အချက်အလက်များစွာကို ရှင်းလင်းစွာ ဖော်ပြထားသည်။

ချားလ်စ်သည် ဤနယ်ပယ်တွင် အနှစ်နှစ်ဆယ်ကျော် လုပ်ကိုင်ခဲ့သော်လည်း ဤမျှ ပြည့်စုံသော တိုင်းတာရေး မြေပုံကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ထို့အပြင် ဤအချက်အလက်များအရ ရေနံမြေ၏ ကျောက်လွှာအောက်တွင် ရေနံအများဆုံး စုဝေးနေသည့် နေရာကို အနီရောင် စက်ဝိုင်းဖြင့် ဝိုင်းပြထားသည်ကို သူ သတိထားမိလိုက်သည်။

သူ ကြည့်လိုက်သောအခါ ထိုနေရာသည် လက်ရှိ သူ ရပ်နေသော ဤလွင်ပြင်ငယ်လေး ဖြစ်နေသည် မဟုတ်ပါလော။

ဤလွင်ပြင်ငယ်လေး၏ အောက်တွင် စိန့်ဖုန်းရေနံမြေ တစ်ခုလုံး၌ ရေနံအများဆုံး သိုလှောင်ထားသော နေရာ ဖြစ်နေခြင်းပင်။

"ဘုရားရေ... ဒါကြောင့် သူဌေးက ဒီနေရာမှာ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ခဲ့တာကိုး... သူက ဒီနေရာဟာ ရေနံတွင်း တူးဖော်ပြီး ရေနံထုတ်လုပ်ဖို့ အသင့်တော်ဆုံး ဆိုတာကို ကြိုသိနေခဲ့တာပဲ..."

ချားလ်စ်၏ ပါးစပ်မှာ ဘဲဥနှစ်လုံးခန့် ဝင်ဆံ့လောက်အောင် ဟသွားလေသည်။

"ဘယ်လိုလဲ ကျွန်တော့်ရဲ့ တူးဖော်ရေး အဖွဲ့ခေါင်းဆောင်ကြီး... အခု ရေနံတွင်း စတူးလို့ ရပြီလား..."

ဆွန်ဖုန်းက ပြုံး၍ မေးလိုက်လေသည်။

"ရ... ရပါပြီ..."

ချားလ်စ်သည် အရှုံးပေးလိုက်ရပြီ ဖြစ်သည်။ တကယ်ကို အရှုံးပေးလိုက်ရခြင်း ဖြစ်သည်။

ဤသူဌေးသည် ဦးနှောက်မရှိသော လူငယ်လေး မဟုတ်ဘဲ အလွန် တည်ငြိမ်သော လူငယ် စီးပွားရေးသမား တစ်ဦး ဖြစ်ကြောင်း သူ သိလိုက်ရပြီဖြစ်သည်။

"သူဌေး... ဒီရှာဖွေရေး အလုပ်ကို ဘယ်အဖွဲ့က လုပ်ပေးတာလဲ မသိဘူး... တကယ်ကို ပြီးပြည့်စုံလွန်းတယ်... ကျွန်တော် သူတို့ကို တွေ့ချင်လိုက်တာ..."

ချားလ်စ်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်။

"ဟဲဟဲ... အဲဒီအဖွဲ့က ပြန်သွားတာ ကြာပြီဗျ... သူတို့က တော်တော် အလုပ်ရှုပ်တယ်... ဘယ်အဖွဲ့လဲ ဆိုတာကိုတော့ ကျွန်တော် ခင်ဗျားကို မပြောပြချင်ဘူး..."

ဆွန်ဖုန်းက မျက်နှာပြောင်တိုက်ကာ ပြောလိုက်လေသည်။

တကယ်တော့ ဘယ်အဖွဲ့မှ မရှိဘဲ အသံလက်ထောက်က ရှာဖွေ တိုင်းတာထားခြင်းသာ ဖြစ်သည်။

All Chapters