← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း (၁၅၆) တစ်နှစ် ရေနံစည် ၁.၃ သန်း ထုတ်လုပ်နိုင်ခြင်း

ထိုအချိန်တွင် Z မော်ဒယ် ရေနံစုပ်စက်သည် အမည်းရောင် ရေနံစိမ်းများကို အဆက်မပြတ် စုပ်ထုတ်နေပြီး ရေနံစုဆောင်းရေး ပိုက်လိုင်းမှတစ်ဆင့် ရေနံစည် တစ်သန်းဆံ့သော မြေအောက် သိုလှောင်ရုံသို့ ပို့ဆောင်နေသည်ကို ချားလ်စ်နှင့် ဝီလီယံတို့ မြင်တွေ့လိုက်ရသောအခါ သူတို့၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာလေသည်။

ဤပထမဆုံး ရေနံတွင်း တူးဖော်မှုမှာ အနည်းငယ် အဆင်ပြေချောမွေ့လွန်းနေသော်လည်း သူတို့အနေဖြင့် သိပ်ပြီး အံ့ဩသံသယ မဖြစ်မိပေ။ အဘယ်ကြောင့်ဆိုသော် ရေနံမြေ တူးဖော်ရေး လုပ်ငန်းတွင် ခန့်မှန်းရခက်သော အခြေအနေများစွာ ရှိတတ်သောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့် ရေနံမြေကြီး တစ်ခုတွင် ရေနံတွင်း သောင်းနှင့်ချီ၍ တူးဖော်ရမည် ဖြစ်ရာ ရေနံတွင်းတိုင်း၏ အခြေအနေမှာ တူညီမည်ဟု မည်သူ ပြောနိုင်မည်နည်း။

"ဖုန်းကိုကို... ကြည့်ပါဦး ကြည့်ပါဦး... ရေနံတွေ ထွက်လာပြီ..."

ဆွန်ဖုန်း၏ ဘေးတွင် ရပ်နေသော ဝူမုန်ရှင်းမှာ အလွန် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေပြီး လက်ညှိုးလေးဖြင့် ညွှန်ပြကာ ဝမ်းသာအားရ ပြောလိုက်လေသည်။

"အင်း... ကိုယ် မြင်ပါတယ်..."

ဆွန်ဖုန်းက ဝူမုန်ရှင်း၏ သွယ်လျသော ခါးလေးကို ဖက်ကာ ပြုံး၍ အေးဆေးစွာ ဖြေလိုက်သည်။

ဝူမုန်ရှင်းမှာ ရွှင်မြူးနေသော ငှက်ကလေး တစ်ကောင်လို ဖြစ်နေသည်ကို မြင်သောအခါ ဆွန်ဖုန်း၏ ရင်ထဲတွင် အနည်းငယ် ရယ်ချင်သွားမိသည်။

တကယ်တော့ ယခုအချိန်တွင် ဝူမုန်ရှင်းကို ကြည့်ရသည်မှာ အေးစက်စက် အလှပိုင်ရှင်ကြီး တစ်ယောက်လို ဖြစ်နေသော်လည်း သူမ၏ စိတ်နှလုံးထဲတွင်မူ အလုပ်သင် ကျောင်းသူလေး တစ်ယောက်လို ဖြစ်နေဆဲပင်။

ဤလဝက်ခန့်အတွင်း ကုမ္ပဏီကို တစ်ယောက်တည်း စီမံအုပ်ချုပ်ခဲ့ရသဖြင့် အတွေ့အကြုံများ ရလာကာ ဝူမုန်ရှင်းသည် အရင်က ဘာမှနားမလည်သော ကောင်မလေး တစ်ယောက်ဘဝမှ ယခုအခါ အေးစက်စက် အမျိုးသမီး ဥက္ကဋ္ဌ တစ်ယောက်၏ အသွင်အပြင်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

သေချာသည်မှာ ဆွန်ဖုန်း၏ ရှေ့တွင်တော့ သူမသည် အိမ်နီးချင်း ကောင်မလေး တစ်ယောက်လို ခံစားချက်မျိုး ပေးစွမ်းနေဆဲ ဖြစ်သည်။

"ဟူး... ရေနံမြေ တူးဖော်ရတာ ထင်သလောက် မခက်ပါဘူး... ပြီးတော့ ထင်ထားသလောက် အန္တရာယ်လည်း သိပ်မများပါဘူး..."

ရေနံတွေ ထွက်လာသည်ကို မြင်သောအခါ စူးမေးက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး ဤရက်ပိုင်းအတွင်း စိုးရိမ်ပူပန်နေခဲ့ရသော စိတ်များ အားလုံး ပြေလျော့သွားလေသည်။

ဤရက်ပိုင်းအတွင်း ရေနံတွင်း တူးဖော်ချိန်မှ ယခု ရေနံထွက်လာချိန်အထိ တူးဖော်ရေး လုပ်ငန်းစဉ်မှာ အလွန် အဆင်ပြေချောမွေ့လွန်းလှသည်။

ထိုအရာက စူးမေးအား ရေနံတူးဖော်ရေး လုပ်ငန်းမှာ တကယ်ပဲ ဒီလောက် ခက်ခဲသလား ဟုပင် သံသယ ဝင်လာစေသည်။

တကယ်တော့ ဤမျှ အဆင်ပြေချောမွေ့နေခြင်းမှာ ဆွန်ဖုန်းက နောက်ကွယ်မှ စီစဉ်ပေးထားခြင်းကြောင့် ဖြစ်ကြောင်း စူးမေး မသိပေ။ ထိုသို့မဟုတ်ပါက ဤမျှ အဆင်ပြေရန် အနေသာသာ၊ ကျောက်လွှာကိုပင် ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။

ဆွန်ဖုန်းက ပြုံးကာ မေးလိုက်သည်။

"ဒါဆို ငါတို့ရဲ့ ဒီတစ်ခါ ရင်းနှီးမြှုပ်နှံမှုက အရှုံးပေါ်ဦးမလား ပြောစမ်းပါဦး..."

"ဒါက ဘယ်သူ ပြောနိုင်မှာလဲ... နောက်ပိုင်း ရေနံတွင်းတွေ အများကြီး တူးရဦးမယ်လေ... ဒီလောက် အဆင်ပြေပါ့မလား... ပြီးတော့ ရေနံ ဘယ်လောက် ထွက်မလဲ ဆိုတာလည်း ပြောရခက်သေးတယ်..."

စူးမေးက ပြန်ပြောလိုက်သည်။

"ငါတို့ လောင်းကြေးထပ်ကြမလား... ငါသာ ရင်းနှီးမြှုပ်နှံတာ ရှုံးသွားရင် မင်း ငါ့ကို လုပ်ကျွေး... ငါသာ အောင်မြင်သွားရင် မင်း ငါ့ကို လက်ထပ်..."

ဆွန်ဖုန်းက ပြုံးဖြီးဖြီးဖြင့် နောက်ပြောင်လိုက်လေသည်။

"သူဌေး... နိုင်နိုင် ရှုံးရှုံး ရှင့်ဘက်ကချည်းပဲ အမြတ်ထွက်နေတာလေ... ကျွန်မတော့ မလုပ်ဘူး..."

စူးမေးက ဆွန်ဖုန်းကို မျက်စောင်းထိုးကာ ခေါင်းခါ၍ ငြင်းဆိုလိုက်လေသည်။

"ဟွန့်... ဘာကြောက်စရာ ရှိလို့လဲ..."

ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ဝူမုန်ရှင်းဘက်သို့ လှည့်၍ ပြုံးဖြီးဖြီးဖြင့် မေးလိုက်လေသည်။

"ညီမလေး... မင်းရော လုပ်မလား..."

"အာ... ဒီနေ့ ရာသီဥတု တော်တော် သာယာတာပဲနော်..."

ဝူမုန်ရှင်းက လက်တစ်ဖက်ဖြင့် မှိုင်းညို့နေသော ကောင်းကင်ကို ညွှန်ပြကာ ခြေဖျားထောက်၍ ၄၅ ဒီဂရီ မော့ကြည့်ရင်း ပြောလိုက်လေသည်။

"ဒီနေ့ နေက တော်တော် ပူတာပဲ..."

"..."

နောက်ထပ် လဝက်ခန့်အတွင်း ဆွန်ဖုန်းနှင့် အလုပ်သမား အဖွဲ့တို့၏ ကြိုးစားမှုကြောင့် နောက်ထပ် ရေနံတွင်း နှစ်တွင်းကို ထပ်မံ တူးဖော်နိုင်ခဲ့ပြီး ထိုနှစ်တွင်းလုံးမှလည်း ရေနံများ ထွက်ရှိလာခဲ့လေသည်။

ဤသို့ဖြင့် ဆွန်ဖုန်း၏ စိန့်ဖုန်းရေနံမြေတွင် ရေနံတွင်း သုံးတွင်းက ရေနံများ စတင် ထုတ်လုပ်နေပြီ ဖြစ်သည်။

ယေဘုယျအားဖြင့် သာမန် ရေနံတွင်း တစ်တွင်းသည် တစ်နှစ်လျှင် ရေနံ တန်ချိန် ၁၅၀၀၀ မှ ၂၀၀၀၀ ခန့် ထုတ်လုပ်နိုင်သည်။ ဤသည်မှာ အတော်လေး ကောင်းမွန်သော ခန့်မှန်းချက် ဖြစ်ပြီး အချို့သော အခြေအနေဆိုးသည့် ရေနံတွင်းများဆိုလျှင် တစ်ရက်လျှင် တန်ချိန် အနည်းငယ်သာ ထုတ်လုပ်နိုင်သည်။

သေချာသည်မှာ ဤကဲ့သို့ ထုတ်လုပ်မှု ပမာဏမှာ ရေနံမြေ အမျိုးအစား၊ ဒေသ၏ ဘူမိ ဖွဲ့စည်းပုံ၊ ရေနံမြေ တူးဖော်ရန် ခက်ခဲမှု အဆင့်၊ ရေနံကုမ္ပဏီ၏ တူးဖော်ရေး နည်းပညာနှင့် ထောက်ပံ့ရေး ရန်ပုံငွေ အစရှိသည့် အချက်များစွာပေါ်တွင် မူတည်ပေသည်။

လက်ရှိ ကမ္ဘာပေါ်တွင် အီရန်နှင့် ဆော်ဒီအာရေးဗီးယားတို့တွင် အလွန် ထုတ်လုပ်မှု များပြားသော ရေနံတွင်းများ ရှိပြီး တစ်ရက်လျှင် ရေနံ တန်ချိန် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ထုတ်လုပ်နိုင်သည်။

မှတ်သားရန်မှာ ၎င်းသည် တစ်ရက်စာ ထုတ်လုပ်မှု ဖြစ်ပြီး အထက်တွင် ဖော်ပြခဲ့သော တစ်နှစ်စာ ထုတ်လုပ်မှု မဟုတ်ပေ။ အမြင့်ဆုံး စံချိန်မှာ အီရန်ရှိ ရေနံတွင်း တစ်တွင်း ဖြစ်ပုံရပြီး ၅၀ ပြည့်လွန်နှစ်များမှ ၈၀ ပြည့်လွန်နှစ်များ အနှောင်းပိုင်းအထိ ပျမ်းမျှ တစ်ရက်စာ ထုတ်လုပ်မှု တန်ချိန် ၁၅၀၀၀ ကျော် ရှိခဲ့သည်။

သေချာသည်မှာ ဤကဲ့သို့ အလွန် ထုတ်လုပ်မှု များပြားသော ရေနံတွင်းများမှာ ရေနံများ အလိုအလျောက် ပန်းထွက်လာသော ရေနံတွင်းများ ဖြစ်ပြီး တူးဖော်ရ အလွန် လွယ်ကူသော အမျိုးအစားတွင် ပါဝင်သည်။

ဆွန်ဖုန်း၏ ဤကျောက်လွှာအောက် ရေနံမြေမှာမူ တူးဖော်ရန် အလွန် ခက်ခဲသော ရေနံမြေ အမျိုးအစား ဖြစ်သည်။ ကျောက်လွှာကို ဖောက်ထွင်းရန် ခက်ခဲရုံသာမက ရေနံအလွှာထဲရှိ ရေနံစိမ်းများကို စုပ်ထုတ်ရန်လည်း ခက်ခဲလှပေသည်။ အဘယ်ကြောင့်ဆိုသော် ဖိအားနည်းပါးခြင်း၊ ရေနံစေး ဖြစ်နေခြင်း အစရှိသည့် အကြောင်းရင်းများစွာ ရှိသောကြောင့်ပင်။

သို့သော် ဆွန်ဖုန်းတွင် Z မော်ဒယ် ရေနံစုပ်စက် အတွင်း တပ်ဆင်ထားသော စူပါ ရေနံစုပ်ပန့် ဟူသည့် နတ်ကိရိယာ ရှိနေသဖြင့် ရေနံစုပ်ယူသည့် အမြန်နှုန်းမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။

ထို့ကြောင့် ဆွန်ဖုန်း၏ လက်ရှိ ရေနံတွင်း တစ်တွင်းသည် တစ်ရက်လျှင် ရေနံ တန်ချိန် ၂၀၀ ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် ရေနံ တန်ချိန် ၇၀၀၀၀ ကျော် ထုတ်လုပ်နိုင်မည် ဖြစ်ကာ ရေနံစည် အားဖြင့် ၄.၅ သိန်းခန့် ရှိပေသည်။ ရေနံတွင်း သုံးတွင်း၏ တစ်နှစ်စာ ထုတ်လုပ်မှုမှာ ရေနံ တန်ချိန် ၂၁၀၀၀၀ ခန့် ရှိမည်ဖြစ်ပြီး ရေနံစည် အားဖြင့် ၁.၃ သန်းခန့် ရှိပေသည်။

သေချာသည်မှာ ဤအချက်အလက်မှာ အနည်းငယ် များပြားနေသော်လည်း အခြားသော ကျောက်လွှာအောက် ရေနံမြေရှိ ရေနံတွင်းများ၏ ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ပါက များစွာ ပိုမို မြင့်မားနေသည်မှာ အမှန်ပင်။

သို့သော် ဆွန်ဖုန်းက စူပါ ရေနံစုပ်ပန့် ကို အသုံးပြု၍ ရေနံအလွှာထဲမှ ရေနံများကို စုပ်ထုတ်နေခြင်း ဖြစ်ကြောင်း မမေ့သင့်ပေ။ ထိုသို့မဟုတ်ပါက ရေနံတွင်း သုံးတွင်း၏ တစ်နှစ်စာ ထုတ်လုပ်မှုမှာ ဤမျှ များပြားနိုင်မည် မဟုတ်ဘဲ ရေနံစည် တစ်သိန်း၊ နှစ်သိန်းခန့်သာ ထုတ်လုပ်နိုင်မည်မှာ သေချာပေသည်။

ဆွန်ဖုန်း၏ စိန့်ဖုန်းရေနံမြေရှိ ရေနံတွင်း သုံးတွင်းစလုံး ရေနံများ ထုတ်လုပ်နေပြီ ဟူသော သတင်းသည် ချက်ချင်းပင် သတင်းစာများပေါ်သို့ တစ်ဖန် ရောက်ရှိသွားခဲ့ပြန်သည်။

စတီဗင်သည် ဤသတင်းကို ပထမဆုံး သိရှိခဲ့သူ ဖြစ်သည်။

နယူးဖောင်လန် အစိုးရ အဆောက်အအုံရှိ ရုံးခန်း တစ်ခုအတွင်း...

အကယ်၍ ဆွန်ဖုန်းသာ ဤနေရာတွင် ရှိနေမည်ဆိုပါက စတီဗင်၊ ရောဘတ်နှင့် ဂျွန်တို့ သုံးယောက်စလုံး ရှိနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

"မထင်ထားဘူး... တကယ်ကို မထင်ထားဘူး... ဒီဆွန်ဖုန်းက တော်တော် စွမ်းတာပဲ... ဒီလောက်မြန်မြန် ရေနံတွင်း သုံးတွင်း တူးနိုင်ရုံတင်မကဘဲ ရေနံပါ ထွက်လာပြီ..."

စတီဗင်က လက်ထဲရှိ အချက်အလက်များကို ကိုင်ကာ အံ့ဩတကြီး ပြောလိုက်လေသည်။

"ဟုတ်တယ်လေ... ကြည့်ရတာ သူ့ကံက သာမန် ကံကောင်းတာ မဟုတ်ဘူး ထင်တယ်... ကျောက်လွှာအောက် ရေနံမြေမှာ ရေနံတွင်း သုံးတွင်းကို ဒီလောက်မြန်မြန် တူးနိုင်ခဲ့တာပဲ..."

ဂျွန်က ခေါင်းညိတ် ထောက်ခံလိုက်သည်။

"ငါ ကြည့်လိုက်တာတော့ စိန့်ဖုန်းရေနံမြေက လက်ရှိ ရေနံ ထုတ်လုပ်မှု ပမာဏကို ကြေညာထားတယ်... ရေနံတွင်း တစ်တွင်းကနေ တစ်ရက်ကို ရေနံ တန်ချိန် ၂၀၀ တောင် ထုတ်နိုင်တယ်တဲ့... ဒီထုတ်လုပ်မှုက ရေနံကြွယ်ဝတဲ့ ရေနံမြေက ရေနံတွင်းတွေရဲ့ ထုတ်လုပ်မှုနဲ့ ညီမျှနေပြီ... ရေနံတွင်း သုံးတွင်းတည်းနဲ့တင် တစ်နှစ်စာ ထုတ်လုပ်မှုက ရေနံစည် ၁.၃ သန်းတောင် ရောက်နေပြီ... ငါတို့ ဒီတစ်ခါ ရှုံးသွားပြီများလား... ဒီရေနံမြေရဲ့ အခွင့်အရေး အားလုံးကို သူ့ကို ရောင်းမလိုက်သင့်ဘူး... အကျိုးအမြတ် ခွဲဝေမှုပဲ ယူသင့်တာ..."

ရောဘတ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

"ဟွန့်... ကျောက်လွှာအောက် ရေနံမြေဆိုတာ အဲဒီလောက် ဝါးမျိုဖို့ မလွယ်ပါဘူး... ဒီသုံးတွင်းက သူ ကံကောင်းသွားတာပါ... ဒါပေမယ့် နောက်ပိုင်း သူတူးမယ့် ရေနံတွင်းတွေကရော ဒီလောက် ကောင်းနေပါဦးမလား..."

ဂျွန်တို့ အားလုံးက ဤတစ်ကြိမ်တွင် ဆွန်ဖုန်း ကံကောင်းသွားခြင်းသာ ဖြစ်သည်ဟု ထင်မြင်နေကြသည်။

"ဂျွန် ပြောတာ မှန်တယ်... နောက်ပိုင်း ကိစ္စတွေကိုတော့ ပြောဖို့ ခက်တယ်..."

ရောဘတ်က ပြုံးကာ ပြောလိုက်လေသည်။

"ထားလိုက်ပါတော့... စဉ်းစားမနေပါနဲ့တော့... ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ ရည်ရွယ်ချက် အောင်မြင်သွားပြီလေ... ဒီတစ်ခါ ဆွန်ဖုန်းက ငါတို့ကို အကူအညီ သေးသေးလေး တစ်ခု ပေးလိုက်တာပဲ..."

စတီဗင်က ပြောလိုက်သည်။

မှန်ပေသည်။ ယခုအခါ နယူးဖောင်လန် အနောက်ပိုင်း ကျောက်လွှာအောက် ရေနံမြေတွင် ရေနံတွင်းများ တူးဖော်နိုင်ရုံသာမက တစ်နှစ်လျှင် ရေနံစည် တစ်သန်းကျော် ထုတ်လုပ်နိုင်နေပြီ ဖြစ်သည်။ ဤသတင်း ထွက်ပေါ်လာပါက နယူးဖောင်လန် အနောက်ပိုင်း ကမ်းရိုးတန်းရှိ ရေနံစည် ၃၅ ဘီလီယံ သိုလှောင်ထားသော ကျောက်လွှာအောက် ရေနံမြေများကို စောင့်ကြည့်နေကြသည့် ရေနံကုမ္ပဏီများကို သေချာပေါက် အံ့ဩသွားစေမည် ဖြစ်သည်။

ထိုကုမ္ပဏီများသည် အချိန်ကြာမြင့်စွာ စောင့်ကြည့်နေခဲ့သော်လည်း ရင်းနှီးမြှုပ်နှံရန် မဝံ့မရဲ ဖြစ်နေခဲ့ကြသည်။ သို့သော် ယခုအခါ ဆွန်ဖုန်း၏ ကုမ္ပဏီငယ်လေး တစ်ခုပင် တစ်နှစ်လျှင် ရေနံစည် တစ်သန်းကျော် ထုတ်လုပ်နိုင်နေပြီဖြစ်ရာ သူတို့ စိတ်မဝင်စားဘဲ နေမည်လော။

မကြာမီ အနာဂတ်တွင် နယူးဖောင်လန် အစိုးရအနေဖြင့် အနောက်ပိုင်း ကမ်းရိုးတန်း ရေနံမြေ တင်ဒါပွဲ တစ်ခုကို ထပ်မံ ကျင်းပနိုင်လောက်ပေသည်။

"ဟဲဟဲ... တကယ်ကို မထင်ထားဘူး... အရင်က ငါတို့လည်း ဒီဆွန်ဖုန်းကို အထင်မကြီးခဲ့ဘူးလေ... ဒါပေမယ့် နှစ်လအကြာမှာ သူက ရေနံတွင်း သုံးတွင်း တူးနိုင်ပြီး ရေနံတွေ စတင် ထုတ်လုပ်နိုင်ခဲ့ပြီ... တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ..."

စတီဗင်က ပြောလိုက်လေသည်။

"ဟုတ်တယ်... တော်တော်လေး အံ့ဩဖို့ ကောင်းတယ်..."

All Chapters