အခန်း ၁၅၈
Vol. 16 Ch. 158
အခန်း (၁၅၈) သဘာဝကျကျ လှောင်ပြောင်ခြင်း
ဤသို့ဖြင့် တိတ်ဆိတ်ငြိမ်သက်ပြီး အလုပ်များသော ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။
သို့သော် ယနေ့နံနက်ပိုင်းတွင် ဆွန်ဖုန်း၏ စိန့်ဖုန်းရေနံမြေ အခြေစိုက်စခန်းသို့ မဖိတ်ခေါ်ထားသော ဧည့်သည်များ ရောက်ရှိလာခဲ့လေသည်။
ရေနံကုမ္ပဏီ အများအပြား ပါဝင်သော လေ့လာရေးအဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာခြင်း ဖြစ်သည်။
သေချာသည်မှာ သူတို့ ဤနေရာသို့ လာရောက်ခြင်းမှာ လေ့လာရန် မဟုတ်ဘဲ အမည်ခံသာ ဖြစ်သည်။
ဆွန်ဖုန်း၏ စိတ်ထဲတွင်မူ ထိုရေနံကုမ္ပဏီများမှ စေလွှတ်လိုက်သော လူများသည် စိန့်ဖုန်းရေနံမြေကို လေ့လာရန် လာရောက်ခြင်း မဟုတ်ဘဲ ဆွန်ဖုန်း၏ စိန့်ဖုန်းရေနံမြေက ရေနံတွင်း သုံးတွင်းကို မည်သို့ ဤမျှ မြန်ဆန်စွာ တူးဖော်နိုင်ခဲ့ပြီး ရေနံထွက်လာအောင် မည်သို့ လုပ်ဆောင်ခဲ့သနည်း ဆိုသည်ကို လာရောက် စုံစမ်းခြင်း ဖြစ်ကြောင်း ကောင်းကောင်း သိနေသည်။
ဆွန်ဖုန်းက ဤရေနံမြေ တူးဖော်ရာတွင် မည်သည့် အဆင့်မြင့် နည်းပညာနှင့် တူးဖော်ရေး နည်းလမ်းများကို အသုံးပြုထားသနည်း ဆိုသည်ကို သေချာပေါက် ကြည့်ရှုလိုကြမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤနေရာတွင် ဘာလှည့်ကွက်များ ရှိနေသနည်း ဆိုသည်ကိုလည်း လေ့လာလိုကြမည် ဖြစ်သည်။
တကယ်တော့ ဆွန်ဖုန်းက သူတို့အားလုံးကို အပြင်ဘက်တွင် တားမြစ်ထားချင်သော်လည်း ထိုလူများ၏ နောက်ကွယ်တွင် နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများ ရှိနေကြောင်း စဉ်းစားမိသွားသည်။ သူကိုယ်တိုင်မှာမူ ရေနံလောကတွင် လူသစ် တစ်ယောက်သာ ဖြစ်သဖြင့် တစ်ဖက်လူများကို အလွန်အမင်း ရန်သူဖွဲ့၍ မရနိုင်ပေ။
အကယ်၍ ရေနံလောကတွင် ခြေတစ်ချက် ဆောင့်လိုက်ရုံဖြင့် တစ်လောကလုံး တုန်လှုပ်သွားနိုင်သည့် စူပါ ရေနံသူဌေးကြီးများနှင့် တွေ့ဆုံရပြီး သူတို့ မကျေနပ်အောင် လုပ်မိပါက နောက်ပိုင်းတွင် သူ့ကို ဒုက္ခပေးလာလျှင် အကျိုးထက် အပြစ်က ပိုများပေလိမ့်မည်။
ထို့ကြောင့် ဆွန်ဖုန်းက သူ့တွင် အကြွင်းမဲ့ အင်အား မရှိသေးမီ အချိန်တွင် နှိမ့်ချပြီး သိုသိုသိပ်သိပ် နေခြင်းက ပိုကောင်းမည်ဟု တွေးလိုက်သည်။
ထိုအထဲတွင် လျှို့ဝှက်ချက်များ အများအပြား ရှိသည်။ ဥပမာ - ဆွန်ဖုန်းက သူဌေးကြီး တစ်ဦးကို ဒေါသထွက်အောင် လုပ်မိပါက နောက်ပိုင်းတွင် ထိုသူက ဆွန်ဖုန်းကို ဒုက္ခပေးနိုင်သည်။
ဥပမာ - ဆွန်ဖုန်းက အခြား ရေနံမြေ တူးဖော်ခွင့် ထပ်မံ ဝယ်ယူလိုသည့်အခါ သို့မဟုတ် အခြား ရေနံမြေကို ရင်းနှီးမြှုပ်နှံလိုသည့်အခါ အင်အားကြီးမားသော ထိုသူဌေးကြီးများက သူ့ကို ဒုက္ခပေးနိုင်ပြီး တူးဖော်ခွင့် မရအောင်၊ ရေနံလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခွင့် မရအောင် လုပ်ဆောင်နိုင်သည်။
တကယ်တော့ ထိုစူပါ ရေနံသူဌေးကြီးများသည် အထက်ပါ ကိစ္စများကို တကယ် လုပ်ဆောင်နိုင်စွမ်း ရှိပြီး အလကား လေလုံးထွားနေခြင်း မဟုတ်ပေ။
ဆွန်ဖုန်း အနေဖြင့် နောက်ပိုင်းတွင် အခြား ရေနံမြေများကို ဆက်လက် တူးဖော်ရန်နှင့် ရေနံလုပ်ငန်းတွင် ဆက်လက် ရင်းနှီးမြှုပ်နှံရန် ရှိနေသေးသည်။ ထို့ကြောင့် လက်ရှိ အခြေအနေတွင် အရင်ဆုံး သိုသိုသိပ်သိပ်နေပြီး နောက်မှ ထင်ထင်ရှားရှား လုပ်ဆောင်ရန် သူ ဆုံးဖြတ်လိုက်သည်။
"သူဌေး... သူတို့ကို ငြင်းလိုက်ရမလား..."
စူးမေးသည် ဆွန်ဖုန်း တစ်ခဏမျှ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ဆွန်ဖုန်းက အခြားသူများ သူ၏ ရေနံမြေကို လာရောက် လေ့လာမည်ကို မနှစ်သက်ဘူးဟု ထင်ကာ မေးလိုက်လေသည်။
"ငြင်းရမယ်... ဟဲဟဲ... ဘာလို့ ငြင်းရမှာလဲ... သူတို့က ဒီလောက် စိတ်ဝင်စားပြီး ငါတို့ရဲ့ စိန့်ဖုန်းရေနံမြေကို လာလေ့လာချင်နေမှတော့ လေ့လာခိုင်းလိုက်တာပေါ့... လာ... ငါကိုယ်တိုင် သူတို့ကို လိုက်ပြမယ်..."
ဆွန်ဖုန်းက အနည်းငယ် ပြုံးကာ... မဟုတ်ဘူး... အေးစက်စက် ပြုံးကာ ပြောလိုက်လေသည်။
သူတို့ လေ့လာပြီးသွားလျှင် သေချာပေါက် စိတ်ပျက်သွားလိမ့်မည်ဟု သူ ယုံကြည်သည်။
မကြာမီ ဆွန်ဖုန်းသည် ထိုလူအုပ်ကြီးနှင့် တွေ့ဆုံလေသည်။ ထိုအုပ်စုတွင် လူဆယ်ယောက်ကျော် ပါဝင်ပြီး ထိုအထဲတွင် ဆွန်ဖုန်းနှင့် ရင်းနှီးသော လူဟောင်း နှစ်ယောက်ကိုလည်း တွေ့လိုက်ရသည်။
တစ်ယောက်မှာ ဝမ်လွန် ရေနံကုမ္ပဏီမှ ဒေးဗစ် ဖြစ်ပြီး နောက်တစ်ယောက်မှာ ဒီအဲလ် ရေနံကုမ္ပဏီမှ လီယို ဖြစ်သည်။
လီယိုသည် နောက်ထပ် လူတစ်ယောက်ကိုလည်း ခေါ်လာခဲ့သည်။ ထိုသူ၏ အမည်မှာ အန်ဒါဆန် ဖြစ်ပြီး ပါလာဝမ်ကျွန်း အနီးရှိ ကမ်းလွန် ရေနံမြေ စီမံကိန်း၏ တာဝန်ခံ ဖြစ်သည်။
အကယ်၍ ဆွန်ဖုန်းသာ ထိုရေနံမြေကို ဤလူ တာဝန်ယူထားမှန်း သိလျှင် ရယ်ရလွန်း၍ သေသွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုရေနံမြေမှ ရေနံ တန်ချိန် သန်း ၅၀ ကို သူ ခိုးယူခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
ကျန်ရှိနေသော ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကိုမူ ဆွန်ဖုန်း မသိပေ။ အခြားသော ရေနံကုမ္ပဏီများမှ ဖြစ်ပုံရသည်။
"အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ... ကျွန်တော့်ရဲ့ စိန့်ဖုန်းရေနံမြေကို လာရောက် လည်ပတ်တဲ့အတွက် အရမ်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်..."
ဆွန်ဖုန်းက သူတို့ရှေ့သို့ ရောက်သည်နှင့် ပြုံးကာ နှုတ်ဆက်လိုက်လေသည်။
"ဟဲဟဲ... မစ္စတာဆွန်... မင်္ဂလာပါ..."
"မစ္စတာဆွန်... မင်္ဂလာပါ... ကျွန်တော်ကတော့ XX ရေနံကုမ္ပဏီက မိုလီရဲလ် ပါ... ခင်ဗျားရဲ့ ရေနံမြေကို လာရောက် လေ့လာခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်..."
"မင်္ဂလာပါ... ကျွန်တော်ကတော့..."
ဆွန်ဖုန်းသည် လူတိုင်းနှင့် အနည်းငယ် နှုတ်ဆက် စကားပြောကာ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်လိုက်ကြသည်။ ဒါက အခြေခံ ယဉ်ကျေးမှုပင် ဖြစ်သည်။
ထို့နောက် ဆွန်ဖုန်းက ထူးဆန်းသော အမူအရာဖြင့် ပြုံးကာ ဒေးဗစ်၏ ရှေ့သို့ သွား၍ အေးအေးဆေးဆေး ပြောလိုက်လေသည်။
"ဟေး... ဒါက ဝမ်လွန် ရေနံကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု ဌာနက မန်နေဂျာ မစ္စတာ ဒေးဗစ် မဟုတ်လား... ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲဗျ..."
ဆွန်ဖုန်းက အလွန် အံ့ဩသွားဟန်ဖြင့် ပြောလိုက်လေသည်။
"အားလုံးပဲ မသိကြသေးဘူး ထင်တယ်... အရင်တုန်းက မစ္စတာ ဒေးဗစ်က ကျွန်တော့်ကို အရမ်း ဂရုစိုက်ခဲ့တာ... ကျွန်တော် ဒီတစ်ခါ ကျောက်လွှာအောက် ရေနံမြေကို ရင်းနှီးမြှုပ်နှံတာ အန္တရာယ် အရမ်း များတယ်လို့ သူက ပြောခဲ့တယ်... ပြီးတော့ သေချာပေါက် ရှုံးမယ်၊ ရေနံတောင် ထွက်လာမှာ မဟုတ်ဘူးလို့လည်း ပြောခဲ့သေးတယ်... အဲဒီတုန်းက ကျွန်တော်က မစ္စတာ ဒေးဗစ်ရဲ့ စေတနာစကားကို လက်ခံပြီး ကြိုးစား ပန်းစား လုပ်ဆောင်ခဲ့တာ... အခုတော့ နောက်ဆုံးမှာ ရေနံတွင်း သုံးတွင်း တူးနိုင်ပြီး ရေနံပါ ထွက်လာခဲ့ပြီ... ဒါတွေ အားလုံး မစ္စတာ ဒေးဗစ်ကို အရမ်း ကျေးဇူးတင်ရမှာပဲ... လာ... ကျွန်တော်တို့ လက်ဆွဲ နှုတ်ဆက်ပြီး အောင်ပွဲခံရအောင်..."
ဆွန်ဖုန်းက အလွန် ရိုးသားဟန်ဖြင့် ဒေးဗစ်၏ လက်ကို အတင်း ဆွဲယူကာ ကျေးဇူးတင်နေသည့် ပုံစံဖြင့် ပြောလိုက်လေသည်။
ဒေးဗစ်၏ မျက်နှာမှာမူ သံမဏိလို မည်းနက်သွားပြီး ဒေါသကြောင့် သွားကြိတ်ထားကာ ဆွန်ဖုန်းကို ပါးအချက်ပေါင်းများစွာ ရိုက်ချင်စိတ် ပေါက်လာလေသည်။
မင်းက ကျေးဇူးတင်တာလား... ဒါက အထင်အရှား လှောင်ပြောင်နေတာ မဟုတ်ဘူးလား...
အခြားသူများ ဤအခြေအနေကို မြင်သောအခါ ရယ်ချင်သော်လည်း မရယ်ရဲကြပေ။ ဆွန်ဖုန်းက ဒေးဗစ်ကို လှောင်ပြောင်နေမှန်း အားလုံး သိကြသည်။
ထို့အပြင် ဤလှောင်ပြောင်မှုမှာ အလွန် သဘာဝကျပြီး ကိုယ်ပိုင်ဟန် ပါလွန်းလှသည်။ ကောင်းပြီလေ... ဆွန်ဖုန်းက အမြဲတမ်း ကိုယ်ပိုင်ဟန် အပြည့်ရှိသူ တစ်ယောက် ဖြစ်သည်။
လူအများအပြားမှာ မျက်နှာများ နီရဲလာသည်အထိ အောင့်အီး ရယ်မောနေကြရသည်။
ဆွန်ဖုန်း၏ ဘေးတွင် ရပ်နေသော စူးမေးပင်လျှင် ပါးစပ်ကို အုပ်ထားရပြီး သူမ၏ လှပသော မျက်လုံးကြီးများက ပုတ်ခတ် ပုတ်ခတ် ဖြစ်နေလေသည်။
ဒေးဗစ်၏ စိတ်ထဲတွင်မူ ဆွန်ဖုန်း၏ မိသားစုရှိ အမျိုးသမီးများ အားလုံးကို ဆဲဆိုနေမိပြီ ဖြစ်သည်။
မှန်ပေသည်။ ယခုအချိန်တွင် သူသည် လူအများရှေ့၌ မျက်နှာ ဖြတ်ရိုက်ခံရသလို ဖြစ်နေသဖြင့် အလွန် ခံရခက်နေလေသည်။ သူ ချက်ချင်းပင် လှည့်ထွက်ပြေးချင်စိတ် ပေါက်လာလေသည်။
သို့သော် လေ့လာရေး လုပ်ငန်းစဉ်အတွက် သူ သည်းခံရမည် ဖြစ်သည်။
ဒေးဗစ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးထဲတွင် မသိမသာ မုန်းတီးမှု အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားသော်လည်း မကြာမီ သူ ပြန်လည် တည်ငြိမ်သွားပြီး အသက်ရှူနှုန်းလည်း မှန်ကန်သွားလေသည်။
ဒေးဗစ်က အတုအယောင် အပြုံးဖြင့် ပြောလိုက်လေသည်။
"ဟဲဟဲ..."
ဒေးဗစ်သည် ဘာမှ ဆက်မပြောဘဲ ဟဲဟဲ ဟုသာ ပြောလိုက်သည်။ အကယ်၍ သူသာ စကားပြောမည် ဆိုပါက ပထမဆုံး စကားမှာ မင်း တစ်ဆွေလုံး တစ်မျိုးလုံး သေပါစေ ဟုသာ ဖြစ်မည်ကို သူ သိသည်။
"မစ္စတာဆွန်... မတွေ့ရတာ ကြာပြီနော်..."
ထိုအချိန်တွင် ဒီအဲလ် ရေနံကုမ္ပဏီမှ လီယိုသည် အန်ဒါဆန်ကို ခေါ်လာကာ နှုတ်ဆက်လိုက်လေသည်။
"မတွေ့ရတာ ကြာပြီဗျ... ဒါက..."
ဆွန်ဖုန်းသည် လီယိုနှင့် အလွန် ရင်းနှီးစွာ လက်ဆွဲ နှုတ်ဆက်လိုက်လေသည်။
သို့သော် ပါလာဝမ်ကျွန်း ရေနံမြေရှိ သူတို့ ကုမ္ပဏီ၏ ရေနံ တန်ချိန် သန်း ၅၀ ကို ခိုးယူသွားသူမှာ သူ့ရှေ့တွင် ရှိနေပြီး လက်ဆွဲ နှုတ်ဆက်နေသူ ဖြစ်ကြောင်း လီယို မသိရှာပေ။
အကယ်၍ သူသာ သိမည်ဆိုပါက သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ လက်ဆွဲ နှုတ်ဆက်ရန် မဟုတ်ဘဲ ဖိနပ်ကို ချွတ်ကာ ဆွန်ဖုန်း၏ မျက်နှာကို ကောက်ပေါက်မည်မှာ သေချာပေသည်။
"ဒီလူကတော့ ကျွန်တော်တို့ ရုံးချုပ်က မန်နေဂျာတွေထဲက တစ်ယောက်ဖြစ်တဲ့ အန်ဒါဆန် ပါ..."
လီယိုက အလွန် ဖော်ရွေစွာ မိတ်ဆက်ပေးလိုက်လေသည်။
"ဪ... နာမည်ကြီး မစ္စတာ အန်ဒါဆန် ကိုး... တွေ့ရတာ ဝမ်းသာပါတယ်ဗျာ..."
ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်လေသည်။
"တွေ့ရတာ ဝမ်းသာပါတယ်..."
အန်ဒါဆန်သည် ထိုစကားကို ကြားသောအခါ မျက်နှာ အနည်းငယ် ပျက်သွားလေသည်။
နာမည်ကြီးတာ ဘာရှိလို့လဲ... မင်းနဲ့ ငါ တစ်ခါမှ မတွေ့ဖူးဘဲနဲ့ ဘာလို့ နာမည်ကြီးရမှာလဲ...
နှုတ်ဆက်ပြီးနောက် ထိုလူအုပ်ကြီးသည် ဆွန်ဖုန်း၏ စိန့်ဖုန်းရေနံမြေကို လေ့လာ ကြည့်ရှုခွင့် တောင်းဆိုကြလေသည်။
ဆွန်ဖုန်းကလည်း အချိန်မဆွဲတော့ဘဲ သူတို့ လေ့လာချင်နေမှတော့ လေ့လာခွင့် ပေးလိုက်လေသည်။
"ကောင်းပြီ... အားလုံးပဲ လွတ်လွတ်လပ်လပ် လေ့လာနိုင်ပါတယ်... ဒါမှမဟုတ် ကျွန်တော့် နောက်ကလိုက်ပြီး ကျွန်တော် လိုက်ပြတာကိုလည်း ကြည့်လို့ ရပါတယ်..."
ဆွန်ဖုန်းက လက်ခုပ်တီးကာ အားလုံးကို တိတ်ဆိတ်သွားစေပြီးနောက် ပြုံး၍ ပြောလိုက်လေသည်။
"ကျွန်တော်တို့ အားလုံး မစ္စတာဆွန် နောက်ကပဲ လိုက်ပါ့မယ်... သေချာလေး ရှင်းပြပေးပါဦး..."
လူတစ်ယောက်က ပြောလိုက်လေသည်။
ထိုအထဲတွင် အချို့မှာ သူတို့ဘာသာ လေ့လာချင်ကြသည်။ ဆွန်ဖုန်းက အရေးကြီးသော လျှို့ဝှက်ချက်များကို လိုက်မပြမည်ကို သူတို့ စိုးရိမ်နေကြသည်။
တကယ်တော့ သူတို့ အလွန်အကျွံ တွေးနေကြခြင်းသာ ဖြစ်သည်။ ဆွန်ဖုန်း၏ ဤရေနံမြေတွင် မည်သည့် လျှို့ဝှက်ချက်မှ မရှိပေ။
ရှိသည် ဆိုလျှင်တောင် ဤလူများ လုံးဝ မြင်တွေ့နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဆွန်ဖုန်းသည် လူဆယ်ယောက်ကျော် ပါဝင်သော အုပ်စုကြီးကို ခေါ်ဆောင်ကာ ကားပေါ်တက်၍ ရေနံတွင်း သုံးတွင်း ရှိရာ နေရာသို့ တိုက်ရိုက် ထွက်လာခဲ့လေသည်။
ကားမောင်းလျှင် ဆယ်မိနစ်ကျော်ခန့်သာ ကြာပေသည်။
ကားပေါ်မှ ဆင်းသည်နှင့် ရေနံတွင်း သုံးတွင်းမှာ သိပ်မဝေးကြောင်း အားလုံး မြင်တွေ့လိုက်ရသည်။
ယခုအချိန်တွင် ထိုရေနံတွင်းများသည် စနစ်တကျ အလုပ်လုပ်နေပြီး အမည်းရောင် ရေနံစိမ်းများက ရေနံတွင်းထဲမှ အဆက်မပြတ် ထွက်ပေါ်လာနေသည်။
Z မော်ဒယ် ရေနံစုပ်စက်ကလည်း ဝုန်း... ဝုန်း... အသံများ မြည်ကာ အလုပ်လုပ်နေလေသည်။
"ကျွန်တော်တို့ရဲ့ ရေနံတွင်း သုံးတွင်းက လက်ရှိမှာ ရေနံအလွှာထဲကနေ ရေနံ စုပ်ထုတ်ဖို့ Z မော်ဒယ် ရေနံစုပ်စက်ကို အသုံးပြုနေပါတယ်..."
ဆွန်ဖုန်းက သံမဏိ ဘီလူးကြီးနှင့် တူသော ရေနံစုပ်စက်ကို ညွှန်ပြကာ ပြောလိုက်လေသည်။
"ဪ... ဒီ Z မော်ဒယ် ရေနံစုပ်စက်က တရုတ်က ဘရန်း မဟုတ်လား..."
ဒေးဗစ်က တစ်ချက် ကြည့်လိုက်သည်နှင့် ထိုရေနံစုပ်စက်၏ ဘရန်းကို ချက်ချင်း သိလိုက်လေသည်။
"ဟုတ်ပါတယ်... မစ္စတာ ဒေးဗစ်က တကယ် ဗဟုသုတ ကြွယ်ဝတာပဲ..."
ဆွန်ဖုန်းက အလွန် ထူးဆန်းသော အပြုံးဖြင့် ဒေးဗစ်ကို တစ်ချက် ကြည့်ကာ ပြောလိုက်လေသည်။
"အဟမ်း... အဟမ်း... ရပါတယ်ဗျာ..."
ဒေးဗစ်သည် ဆွန်ဖုန်း၏ အကြည့်ကို မြင်သောအခါ အကြောင်းမဲ့ သက်သက် လှောင်ပြောင်ခံရသလို ခံစားလိုက်ရလေသည်။
"ကျွန်တော် သိရသလောက်တော့ နယူးဖောင်လန် ဘက်က ရေနံမြေ အများစုက ရေနံစေးနဲ့ အလွန်ပျစ်တဲ့ ရေနံစေးတွေ ဖြစ်တယ်... ပြီးတော့ အနောက်ပိုင်း ကမ်းရိုးတန်း ဘက်က မြေမျက်နှာသွင်ပြင် ဖွဲ့စည်းပုံအရ ရေနံအလွှာထဲမှာ ဖိအားက သေချာပေါက် အရမ်း နည်းမယ်လို့ ကျွန်တော် ထင်တယ်... မစ္စတာဆွန် အနေနဲ့ ဒီပြဿနာကို ဘယ်လို ဖြေရှင်းပြီး ရေနံတွင်း တစ်တွင်းကနေ တစ်ရက်ကို ရေနံ တန်ချိန် ၂၀၀ အထိ ထွက်အောင် ဘယ်လို လုပ်ခဲ့သလဲ ဆိုတာ သိချင်ပါတယ်..."
ထိုအချိန်တွင် အန်ဒါဆန်က လျှောက်လာပြီး သူ၏ ရွှေရောင် ကိုင်းတပ် မျက်မှန်ကို ပင့်တင်ကာ မေးလိုက်လေသည်။
အန်ဒါဆန်၏ အမေးကို ကြားသောအခါ ဆွန်ဖုန်းက သူတို့၏ လှည့်ကွက်များ စတင်လာပြီဖြစ်ကြောင်း သိလိုက်သည်။
ကြည့်ရသည်မှာ သူတို့က ဤအရေးကြီးသော အချက်များကို တရားဝင် စုံစမ်းတော့မည် ဖြစ်သည်။
"ဪ... နယူးဖောင်လန် အနောက်ပိုင်း ကမ်းရိုးတန်းက ရေနံမြေတွေမှာ ရေနံစေးတွေ များတာတော့ မှန်တယ်... ဒါပေမယ့် ရေနံအလွှာထဲက ဖိအား နည်းတယ် ဆိုတာကိုတော့ ကျွန်တော် လက်မခံဘူး... ခင်ဗျား ကြည့်လေ... ကျွန်တော့်ရဲ့ လက်ရှိ ရေနံတွင်းတွေက ရေနံတွေ အရမ်း မြန်မြန် ထွက်နေတာပဲ မဟုတ်လား..."
ဆွန်ဖုန်းက မထီမဲ့မြင် လုပ်ဟန်ဆောင်ကာ လက်မခံသည့် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။
"ဒါပေမယ့် ပညာရှင် တချို့ရဲ့ ခန့်မှန်းချက်အရ ဒီဘက်က ရေနံအလွှာတွေရဲ့ ဖိအားက အများစုက နည်းပြီး ရေနံထွက်ဖို့ ခက်တယ်လို့ ဆိုထားတယ်လေ..."
အန်ဒါဆန်က လက်မခံနိုင်သော လေသံဖြင့် ပြန်လည် ချေပလိုက်လေသည်။
"အဲဒီ ပညာရှင်တွေက နယူးဖောင်လန် အနောက်ပိုင်း ကမ်းရိုးတန်းက ရေနံမြေတွေကို တူးဖော်ဖူးလို့လား... ကျွန်တော်က အနောက်ပိုင်း ကမ်းရိုးတန်းက ကျောက်လွှာအောက် ရေနံမြေကို ပထမဆုံး တူးဖော်တဲ့ သူလေ... သူတို့ကရော..."
ဆွန်ဖုန်းက အထင်သေးစွာဖြင့် ပြောလိုက်လေသည်။
ထိုစကား တစ်ခွန်းတည်းဖြင့် လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။
မှန်ပေသည်။ ထိုပညာရှင်များ ဆိုသည်မှာလည်း ဘူမိ ဖွဲ့စည်းပုံ၊ တိုင်းတာရေးနှင့် အတွေ့အကြုံများအပေါ် အခြေခံ၍ ခန့်မှန်းထားကြခြင်းသာ ဖြစ်သည်။
ယခု ဆွန်ဖုန်းက ကိုယ်တိုင် တူးဖော်နေသူ ဖြစ်ရာ နှိုင်းယှဉ်ကြည့်ပါက မည်သူ့စကားက ပို၍ ယုံကြည်ရမည်မှာ အထင်အရှားပင် ဖြစ်သည်။
အန်ဒါဆန်သည် ထိုစကားကို ကြားသောအခါ မျက်နှာတစ်ခုလုံး နီရဲသွားပြီး အလွန် ရှက်ရွံ့သွားလေသည်။
"ရေနံအလွှာက ဖိအားနဲ့ တခြား အခြေအနေတွေ သင့်တော်တယ် ထားဦး... ဒါပေမယ့် ရေနံစေးကို ဒီလို Z မော်ဒယ် ရေနံစုပ်စက် သုံးပြီးတော့ စုပ်တင်လို့ မရနိုင်ဘူးလေ..."
ဒေးဗစ်က နောက်ထပ် သံသယ တစ်ခုကို ထုတ်ဖော် မေးမြန်းလိုက်လေသည်။
"ဪ... ဆောရီးပဲဗျာ... ဒီနေရာက မြေအောက် ရေနံအလွှာက ရေနံကျဲ အလွှာပါ... ရေနံစေး အလွှာ မဟုတ်ဘူး... မယုံရင် ခင်ဗျားတို့ သွားကြည့်လို့ ရပါတယ်... ကျွန်တော် အရမ်း ကံကောင်းသွားတယ်လို့ပဲ ပြောရမှာပေါ့ဗျာ... ဟားဟား..."
ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်လေသည်။
"ဘာ... မဖြစ်နိုင်တာ..."
"ဒါက အရမ်း ကံကောင်းလွန်းနေတာပဲ... ဒီလို အခြေအနေမျိုး ဖြစ်မလာနိုင်ဘူးလို့ ပြောလို့ မရပေမယ့် နယူးဖောင်လန် ဘက်မှာ ရေနံကျဲ အလွှာ ရှိတဲ့ ရေနံမြေဆိုတာ တကယ်ကို ရှားပါတယ်... အရမ်းကို ရှားပါတယ်... ဆွန်ဖုန်းက ဒီလို ရေနံအလွှာမျိုးကို တွေ့သွားတာ တကယ်ကို မထင်ထားဘူး..."
"ရေနံကျဲ အလွှာ ဖြစ်ပေါ်ဖို့အတွက် သတ်မှတ် အခြေအနေတချို့ လိုအပ်တယ်... ကြည့်ရတာ ဆွန်ဖုန်း ရင်းနှီးမြှုပ်နှံထားတဲ့ ဒီရေနံမြေက... မဟုတ်ဘူး... ဒီရေနံမြေလို့ မပြောရဲဘူး... အနည်းဆုံးတော့ ဒီလွင်ပြင်ငယ်လေး အောက်က ရေနံမြေ ဧရိယာက တူးဖော်ဖို့ အတော်လေး လွယ်ကူမယ် ထင်တယ်..."
"ကျောက်လွှာအောက် ရေနံမြေ တူးဖော်တာတောင် ဒီလောက် ကံကောင်းနေသေးတာ... တကယ်ကို အံ့ဩစရာပဲ..."
လူဆယ်ယောက်ကျော်သည် တစ်ယောက်တစ်ပေါက်ဖြင့် ဝိုင်းဝန်း ဆွေးနွေးနေကြပြီး ဆွန်ဖုန်း၏ ကံကောင်းမှုကို အံ့ဩနေကြသည်။
"ကောင်းပြီလေ..."
ဒေးဗစ်သည် လုံးဝ စကားမပြောနိုင်တော့ပေ။
ဆွန်ဖုန်းက ရေနံတွင်း သုံးတွင်းကို အဘယ်ကြောင့် ဤမျှ ချောမွေ့စွာ တူးဖော်နိုင်ခဲ့ပြီး တစ်နှစ်လျှင် ရေနံစည် ၁.၃ သန်း ထုတ်လုပ်နိုင်သနည်း ဆိုသည်ကို ယခု သူ နားလည်သွားပြီ ဖြစ်သည်။
ဒါက အရမ်း ကံကောင်းလွန်းနေတာ မဟုတ်ဘူးလား။
ရေနံတွင်း အောက်တွင် ရေနံစေးများ ဟုတ်မဟုတ် ဆိုသည်ကိုမူ သူတို့ ကိုယ်တိုင် သွားရောက် ကြည့်ရှုမည် မဟုတ်ပေ။ သူတို့၏ အဆင့်အတန်းနှင့် မသင့်တော်သောကြောင့်ပင်။
လူတစ်အုပ်ကြီး လှည့်လည် ကြည့်ရှုပြီးနောက် စိန့်ဖုန်းရေနံမြေတွင် လေ့လာစရာ အထူးတလည် ဘာမှ မရှိကြောင်း တွေ့ရှိလိုက်ကြသည်။
အသုံးပြုထားသော စက်ကိရိယာများမှာလည်း သူတို့ မမြင်ဖူးသော အရာများ မဟုတ်ဘဲ လက်ရှိ ကမ္ဘာပေါ်တွင် အသုံးပြုနေသော ရင့်ကျက်သည့် တူးဖော်ရေး စက်ယန္တရားများသာ ဖြစ်သည်။
ရေနံစုပ်စက်က တရုတ် Z မော်ဒယ် ဖြစ်ပြီး အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ တူးဖော်ရေး စက်ကိရိယာများကလည်း တရုတ် KL မော်ဒယ်များ ဖြစ်သည်။
အခြား အထောက်အကူပြု စက်ကိရိယာ အများစုမှာလည်း လေ့လာစရာ မလိုလောက်အောင် ရိုးရှင်းလှပေသည်။
လူဆယ်ယောက်ကျော် လှည့်လည် ကြည့်ရှုပြီးနောက် မည်သည့် လေ့လာစရာမျှ မတွေ့ရှိရဘဲ ဆွန်ဖုန်း၏ ကံကောင်းမှုကိုသာ အံ့ဩသွားကြရလေသည်။
ယခုအချိန်တွင် လူတစ်အုပ်ကြီးမှာ အနည်းငယ် စိတ်ပျက်နေကြသည်။ သူတို့ မျှော်လင့်ထားသော အရာ တစ်ခုမျှ မတွေ့ရသဖြင့် ဤတစ်ခေါက် လာရောက်ခြင်းမှာ အလကား ဖြစ်သွားပြီဟု ယူဆလိုက်ကြသည်။
တကယ်တော့ သူတို့က လှည့်ကွက်များကို မရှာတွေ့ခြင်း မဟုတ်ဘဲ ဆွန်ဖုန်း၏ လှည့်ကွက်များက အလွန် နက်နဲစွာ ဖုံးကွယ်ထားသောကြောင့် ဖြစ်သည်။
ပထမအချက်မှာ ကျောက်ခွဲ အလင်းလှိုင်းစက် ဖြစ်ပြီး လွန်သွား အတွင်းတွင် တပ်ဆင်ထားရာ သူတို့ မည်သို့ မြင်နိုင်မည်နည်း။
ဒုတိယအချက်မှာ စူပါ ရေနံစုပ်ပန့် ဖြစ်ပြီး ရေနံအလွှာထဲတွင် ရှိနေရာ သူတို့ မည်သို့ မြင်နိုင်မည်နည်း။
တတိယအချက်မှာ အပူဖြာထွက်စက် ဖြစ်ပြီး ၎င်းလည်း ရေနံအလွှာထဲတွင် ရှိနေရာ သူတို့ မည်သို့ မြင်နိုင်မည်နည်း။
ထို့ကြောင့် ဤလူများ ဤနေရာသို့ လာရောက်ခြင်းမှာ သာမန် အရာများကိုသာ မြင်တွေ့ရပြီး ဆွန်ဖုန်း၏ ကံကောင်းမှုကိုသာ မြင်တွေ့ရခြင်းမှလွဲ၍ အခြား မည်သည့် အကျိုးအမြတ်မျှ မရရှိခဲ့ပေ။
အဓိက ပြဿနာဖြစ်သော ဤကျောက်လွှာကို မည်သို့ ဖောက်ထွင်းခဲ့သနည်း ဆိုသည်ကို ဆွန်ဖုန်းက သူတို့အား မပြောပြခဲ့သလို သူတို့ကလည်း အတင်းအကျပ် မမေးရဲသဖြင့် ဒီအတိုင်းသာ ပြီးဆုံးသွားရလေသည်။
သို့သော် ဆွန်ဖုန်း အသုံးပြုထားသော KL မော်ဒယ် တူးဖော်ရေး စက်ကို မြင်သောအခါ သူတို့လည်း ဆက်လက် မမေးမြန်းလိုတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဤစက်မျိုးကို အသုံးပြု၍ မာကျောသော ကျောက်လွှာကို ဖောက်ထွင်းနိုင်မည် မဟုတ်သောကြောင့်ပင်။
ယခုအချိန်တွင် သူတို့ အားလုံးက ဆွန်ဖုန်းသည် ကံကောင်းသွားခြင်းသာ ဖြစ်ပြီး ဤလွင်ပြင်ငယ်လေး အောက်တွင် ကျောက်လွှာများ မရှိခြင်းများလား ဟု တွေးထင်နေကြလေတော့သည်။