← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း (၁၅၉) တမင်သက်သက် ပြုလုပ်ခြင်း

"သောက်ကျိုးနည်း... ဘာမှလည်း ထူးထူးခြားခြား မတွေ့ရဘူး... ပြီးတော့ လူပုံအလယ်မှာ မျက်နှာ ဖြတ်ရိုက်ခံရသေးတယ်... တကယ် ကံဆိုးတာပဲ..."

နှစ်နာရီကြာ လေ့လာပြီးနောက် လူတိုင်းမှာ ဘာမှ မရလိုက်ကြပေ။ အထူးသဖြင့် ဒေးဗစ်မှာ ဆွန်ဖုန်း၏ အပြင်းအထန် စော်ကားမှုကို ခံခဲ့ရသဖြင့် သူ၏ စိတ်အခြေအနေမှာ အလွန် ဆိုးရွားနေလေသည်။

မကြာမီပင် ဆွန်ဖုန်းသည် ထိုလူအုပ်ကြီးကို ပြန်လည် ပို့ဆောင်ပေးလိုက်လေသည်။

ထိုလူအုပ်ကြီးမှာ လာရောက်စဉ်က အလွန် ပျော်ရွှင်နေခဲ့သော်လည်း ပြန်သွားချိန်တွင်မူ အားလုံးမှာ ချေးစားထားရသကဲ့သို့ မျက်နှာများ ပျက်ယွင်းကာ စိတ်ပျက်လက်ပျက် ဖြစ်နေကြလေသည်။

"ဟူး... နောက်ဆုံးတော့ ဒီလူအုပ်ကြီးကို ပြန်လွှတ်လိုက်နိုင်ပြီ..."

စူးမေးသည် ဆွန်ဖုန်း၏ ဘေးတွင် ရပ်ကာ ရှေ့မှ ကားမောင်း၍ ထွက်ခွာသွားသော လူအုပ်ကြီးကို ကြည့်ရင်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။

"ဟုတ်တယ်လေ... အလကား အချိန်ဖြုန်းတာပဲ..."

ဆွန်ဖုန်းက ဆေးလိပ် တစ်လိပ်ကို မီးညှိလိုက်ပြီး အခိုးအငွေ့များကို မှုတ်ထုတ်ရင်း ပြောလိုက်လေသည်။

"ကဲ... မင်း အလုပ် သွားလုပ်တော့... ကိုယ် ပြန်စရာ ကိစ္စလေး ရှိလို့..."

ဆွန်ဖုန်းက ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ..."

နယူးစ် မြို့ငယ်လေးရှိ နေအိမ်သို့ ပြန်ရောက်သောအခါ ဆွန်ဖုန်းသည် အင်တာနက်မှတစ်ဆင့် ကုန်ကြမ်း အချို့ကို ဆက်လက် မှာယူလိုက်လေသည်။

ထိုကုန်ကြမ်းများမှာ ကျောက်ခွဲ အလင်းလှိုင်းစက်၊ စူပါ ရေနံစုပ်ပန့် နှင့် အပူဖြာထွက်စက် တို့ကို ဖန်တီးရာတွင် အသုံးပြုရန် ဖြစ်သည်။

မှန်ပေသည်။ ဆွန်ဖုန်းသည် တူးဖော်ရေး လုပ်ငန်းကို ဆက်လက် တိုးချဲ့ရန် ရည်ရွယ်ထားသည်။

ယမန်နေ့ကပင် ဆွန်ဖုန်းသည် လီကျစ်ထံမှ Z မော်ဒယ် ရေနံစုပ်စက် အသစ် ဆယ်လုံးနှင့် KL မော်ဒယ် ရေနံတူးစက် ငါးစုံ ထပ်မံ မှာယူခဲ့ပြီး ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ ဆွန်ဖုန်းက တစ်ပတ်ရစ်များကို မဝယ်တော့ဘဲ အသစ်စက်စက်များကိုသာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အသစ်များကလည်း သိပ်ပြီး ဈေးမကြီးလှပေ။

စက်ကိရိယာများ ရောက်ရှိလာသည်နှင့် ဆွန်ဖုန်းသည် နောက်ထပ် ရေနံတွင်း ဆယ်တွင်းကို ထပ်မံ တူးဖော်မည် ဖြစ်သည်။

ရည်ရွယ်ချက်မှာ ရေနံ ပိုမို ထုတ်လုပ်နိုင်ရန် ဖြစ်သည်။

ကျောက်ခွဲ အလင်းလှိုင်းစက် ဖန်တီးရန် ကုန်ကြမ်းများ ဝယ်ယူရသည်မှာ သိပ်မခက်ခဲလှပေ။

ဆွန်ဖုန်း၏ ခန့်မှန်းချက်အရ တစ်ပတ်ခန့် အကြာတွင် ကုန်ကြမ်းများ အားလုံး ရောက်ရှိလာမည်ဖြစ်ပြီး ထိုအခါကျလျှင် အသံလက်ထောက်ကို ဖန်တီးခိုင်း၍ ရပြီဖြစ်သည်။

ရက်သတ္တပတ် နှစ်ပတ်ခန့် အကြာတွင် ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားခဲ့လေသည်။

စက်ကိရိယာများ အားလုံးကိုလည်း စိန့်ဖုန်းရေနံမြေ အခြေစိုက် စခန်းသို့ သယ်ယူပြီး ဖြစ်သည်။

"သူဌေး... ကျွန်တော်တို့ နောက်ထပ် ရေနံတွင်း ဆယ်တွင်း ထပ်တူးမလို့လား... နည်းနည်းများ လောလွန်းနေသလားလို့..."

ရေနံမြေ အခြေစိုက် စခန်းရှိ ရုံးခန်းတွင် ချားလ်စ်က ဆွန်ဖုန်း၏ အစီအစဉ်ကို နားထောင်ပြီးနောက် အနည်းငယ် စိုးရိမ်စွာဖြင့် မေးလိုက်လေသည်။

လက်ရှိ ရေနံတွင်း သုံးတွင်းမှာ နည်းနေသည်ကတော့ အမှန်ပင် ဖြစ်သော်လည်း ဆွန်ဖုန်းက ယခု ချက်ချင်း ရေနံတွင်း ဆယ်တွင်း အသစ် ထပ်တူးမည် ဟုဆိုလာသဖြင့် အရှိန်လွန်နေသလား ဟု သူ တွေးမိခြင်း ဖြစ်သည်။

"ကိစ္စမရှိပါဘူး... ငါ့စကားကိုသာ နားထောင်ပါ... ဘာပူစရာ ရှိလို့လဲ... ငါတောင် မပူတာ မင်းက ဘာလို့ ပူနေရတာလဲ... လူအင်အား မလုံလောက်လို့လား၊ ဒါမှမဟုတ် တခြား အကြောင်းကြောင့်လား..."

ဆွန်ဖုန်းက မေးလိုက်သည်။ ဤပြဿနာကို သူ တကယ်ပဲ မေ့နေခဲ့ခြင်း ဖြစ်သည်။ လူအင်အား ထပ်မံ ခေါ်ယူရန် သူ မေ့သွားခဲ့သည်။

"အင်း... လူအင်အားကတော့ နည်းနည်း နည်းနေတယ်... ဒါပေမယ့် ကျွန်တော်တို့ အရင်ဆုံး သုံးတွင်း တူးလို့ ရပါတယ်... လူအင်အား လုံလောက်တဲ့ အချိန်ကျမှ ကျန်တဲ့ အတွင်းတွေကို ဆက်တူးတာပေါ့..."

ချားလ်စ်က ခဏ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။ သူဌေးကတောင် မကြောက်မှတော့ ဝန်ထမ်း တစ်ယောက် အနေဖြင့် အများကြီး ပူပန်နေရန် မလိုအပ်ပေ။

"ဒါဆိုလည်း ကောင်းပြီ... မင်း ဒီနေ့ လူအင်အား စုစည်းပြီး စက်ကိရိယာတွေကို တပ်ဆင်ထားလိုက်... မနက်ဖြန် မနက်စောစော ငါတို့ စတင် တူးဖော်ကြမယ်..."

ဆွန်ဖုန်းက ပြောလိုက်သည်။

"ဟုတ်ကဲ့... ကျွန်တော် အခုပဲ သွားလုပ်ပါ့မယ်..."

"သွားလိုက်တော့..."

နောက်တစ်နေ့ နံနက်စောစောတွင် ဆွန်ဖုန်းသည် စောစောထကာ ကားမောင်း၍ ရေနံမြေ အခြေစိုက် စခန်းသို့ လာခဲ့လေသည်။

ထိုအချိန်တွင် ချားလ်စ်တို့ အုပ်စုသည် ဆွန်ဖုန်းကို စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

"အားလုံး အဆင်သင့် ဖြစ်ပြီလား..."

ဆွန်ဖုန်းသည် ကားပေါ်မှ ဆင်းပြီး ချားလ်စ်ထံသို့ လျှောက်သွားကာ မေးလိုက်လေသည်။

"အားလုံး အဆင်သင့် ဖြစ်ပါပြီ သူဌေး... မနေ့ညက ညလုံးပေါက် အလုပ်လုပ်ပြီး စက်ကိရိယာတွေ အားလုံးကို အသစ်တူးမယ့် ရေနံတွင်း သုံးတွင်း နေရာကို သယ်သွားပြီး တပ်ဆင်ပြီးပါပြီ..."

ချားလ်စ်က ဖြေလိုက်သည်။

"ကောင်းတယ်... ဒါဆို ငါတို့ သွားကြစို့..."

လူတစ်အုပ်ကြီး ကားပေါ်တက်ကာ သတ်မှတ်နေရာသို့ အပြေးအလွှား ထွက်လာခဲ့ကြလေသည်။

ခရီးပန်းတိုင်သို့ ရောက်သောအခါ ချားလ်စ်က အလုပ်များကို ခွဲဝေပေးပြီး ဝန်ထမ်း အသီးသီးသည် မိမိတို့၏ တာဝန်များကို ယူကာ အလုပ်စတင်ရန် ပြင်ဆင်ကြလေသည်။

"သူဌေး... စလို့ ရပြီလား..."

ချားလ်စ်က အားလုံး အဆင်သင့် ဖြစ်နေသည်ကို မြင်သောအခါ ဆွန်ဖုန်းကို မေးလိုက်လေသည်။

"စလိုက်တော့..."

"ဟုတ်ကဲ့ပါ..."

KL မော်ဒယ် တူးဖော်ရေး စက်သည် စွမ်းအင်ထုတ် အပိုင်းမှ စတင် လည်ပတ်လာပြီး အားပြင်းသော လည်ပတ်မှုဖြင့် စူပါ စိန်လွန်သွားကြီး စတင် လည်ပတ်လာလေသည်။

"အောက်ကို ဖိချ... စတူးတော့..."

ချားလ်စ်က အော်ဟစ်လိုက်ပြီး KL တူးဖော်ရေး စက်ကို ထိန်းချုပ်နေသော ဝန်ထမ်းများကို အမိန့်ပေးလိုက်လေသည်။

"ဝုန်း... ဝုန်း... ဝုန်း..."

လွန်သွားက မြေပြင်နှင့် ထိတွေ့လိုက်သည်နှင့် မြေကြီးများကို ချက်ချင်း ဖောက်ထွင်းသွားပြီး ကြောက်မက်ဖွယ် ကောင်းသော လွန်သွား၏ တူးဆွမှုကို လုံးဝ မခံနိုင်ပေ။

တစ်ချိန်တည်းမှာပင် ဆွန်ဖုန်းသည် ယခင်ကကဲ့သို့ပင် အသံလက်ထောက်မှတစ်ဆင့် လွန်သွား အတွင်း၌ တပ်ဆင်ထားသော ကျောက်ခွဲ အလင်းလှိုင်းစက် ကို ချိတ်ဆက်ကာ မြေအောက်ရှိ ကျောက်လွှာများကို အလင်းလှိုင်းဖြင့် စတင် ခွဲထုတ်စေလိုက်သည်။

အလွန် မာကျောသော ကျောက်လွှာသည် အလင်းလှိုင်း၏ ရိုက်ခတ်မှုကြောင့် အပိုင်းပိုင်း အစစ ပြိုကွဲသွားလေသည်။

သေချာသည်မှာ ဆွန်ဖုန်းသည် ရေနံတွင်း အောက်ရှိ ကျောက်လွှာကိုသာ ခွဲထုတ်ခြင်း ဖြစ်ပြီး အခြား နေရာများကို မခွဲထုတ်ပေ။

အကယ်၍ လွင်ပြင်ငယ်လေး တစ်ခုလုံးရှိ ကျောက်လွှာများကို ခွဲထုတ်ပစ်လိုက်ပါက မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်မည်ကို သူ စိုးရိမ်သောကြောင့် ဖြစ်သည်။

မြေပြိုမှု ဖြစ်ပေါ်လာပါက အလွန် အန္တရာယ် များရုံသာမက ကုစားရန် နည်းလမ်းလည်း မရှိတော့ဘဲ နောက်ဆက်တွဲ တူးဖော်ရေး လုပ်ငန်းများကိုပါ ထိခိုက်စေနိုင်ပြီး လုံးဝ တူးဖော်၍ မရတော့သည့် အခြေအနေသို့ပင် ရောက်ရှိသွားနိုင်သည်။

ယခုအချိန်တွင် ဤနေရာနှင့် သိပ်မဝေးသော နောက်ထပ် ရေနံတွင်း နှစ်တွင်းကိုလည်း စတင် တူးဖော်နေပြီ ဖြစ်သည်။

ဆွန်ဖုန်းသည် ထိုရေနံတွင်း နှစ်တွင်း၏ တူးဖော်ရေး စက်များအတွင်း တပ်ဆင်ထားသော ကျောက်ခွဲ အလင်းလှိုင်းစက် ကိုလည်း အသံလက်ထောက်မှတစ်ဆင့် ထိန်းချုပ်ကာ တစ်ပြိုင်နက်တည်း အလုပ်လုပ်စေလိုက်သည်။

"ခေါင်းဆောင်... အခုလောလောဆယ် အားလုံး အဆင်ပြေပါတယ်... လွန်သွားက မြေအောက် အနက် မီတာ ၁၂၀ ကို ရောက်နေပါပြီ... အချက်အလက်တွေ အားလုံးလည်း ပုံမှန်ပါပဲ..."

"ကောင်းတယ်... သတိမလွတ်စေနဲ့... ဆက်ပြီး စောင့်ကြည့်နေ..."

ချားလ်စ်သည် ဤတစ်ကြိမ် တူးဖော်မှုမှာ ယခင်ကလောက် အဆင်မပြေနိုင်တော့ဟု ထင်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကံကောင်းခြင်း ဆိုသည်မှာ လူတိုင်းကို အမြဲတမ်း မျက်နှာသာ ပေးလေ့ရှိသည် မဟုတ်သောကြောင့်ပင်။

သို့သော် ယခုအခါ တူးဖော်ရေး လုပ်ငန်းမှာ ချောမွေ့နေသည်ကို မြင်တွေ့ရသောအခါ သူ၏ တွန့်လိမ်နေသော မျက်နှာအိုကြီးမှာ ချက်ချင်း ပြုံးရွှင်သွားပြီး သူ၏ စိုးရိမ်ပူပန်နေသော စိတ်မှာလည်း ပြေလျော့သွားလေသည်။

သို့သော် မကြာမီပင် ခလောက်... ခလောက်... ဟူသော အသံများ ထွက်ပေါ်လာလေသည်။

တူးဖော်ရေး စက် တစ်ခုလုံး အလွန် ပြင်းထန်စွာ တုန်ခါလာပြီး ၎င်းကို ထိန်းထားသော သံမဏိ ဖရိန်များပင် တုန်ခါ၍ အသံများ မြည်လာလေသည်။

"ဘာဖြစ်တာလဲ..."

ချားလ်စ်၏ ပြေလျော့သွားသော နှလုံးသားလေးမှာ ချက်ချင်း ပြန်လည် တင်းမာလာပြီး အလွန် စိုးရိမ်သွားလေသည်။

"သတင်းပို့ပါတယ် ခေါင်းဆောင်... လွန်သွားက အောက်ကို မဆင်းတော့ဘဲ နေရာမှာတင် လည်နေပါတယ်... စွမ်းအင်ထုတ် အပိုင်းကလည်း အားမရသလို ဖြစ်နေတယ်... စက်အားကို တင်လိုက်ရမလား..."

စက်ကို ထိန်းချုပ်နေသော ဝန်ထမ်း တစ်ဦးက ချားလ်စ်ကို မေးလိုက်လေသည်။

"ခေါင်းဆောင်... လွန်သွား အပူချိန်က အရမ်း မြန်မြန် တက်လာနေတယ်... ဟိုက်ဒရောလစ် ဖိအားကလည်း ပြန်ကန်ထွက်နေတယ်... ချက်ချင်း ရေမထိုးဘူးဆိုရင် လွန်သွား ပျက်သွားနိုင်တယ်..."

"စက်အားကို ဆက်တင်လိုက်... ရေထိုးပြီး အပူချိန် ချပေး... ဟိုက်ဒရောလစ် ဖိအားကို လျှော့ချ... ငါတို့ တူးရခက်တဲ့ ကျောက်လွှာနဲ့ တွေ့သွားပြီ ထင်တယ်... အရမ်း လောလို့ မရဘူး... အောက်ကို ဖိချတဲ့ အရှိန်ကို လျှော့ပြီး ဖြည်းဖြည်းချင်း တူးမှ ရမယ်..."

ချားလ်စ်က ခွဲခြမ်းစိတ်ဖြာပြီးနောက် အမိန့်ပေးလိုက်လေသည်။

"ဟုတ်ကဲ့ပါ ခေါင်းဆောင်..."

ထိုဝန်ထမ်းက စတင် အလုပ်လုပ်လေသည်။ သူ၏ မျက်နှာပေါ်တွင် ချွေးများပင် ကျလာလေသည်။ ယခုအချိန်က ဆောင်းရာသီ အစပိုင်း ဖြစ်ပြီး အပူချိန်မှာ သုညအောက် ရောက်နေသော်လည်း ဝန်ထမ်းများမှာ အလွန် စိတ်လှုပ်ရှားနေပုံရသည်။

ဆွန်ဖုန်းသည် ဤအရာများ အားလုံးကို မြင်တွေ့နေရသော်လည်း အနည်းငယ်မျှ စိုးရိမ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤအခြေအနေများ အားလုံးမှာ သူကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သောကြောင့်ပင်။

သူက ကျောက်ခွဲ အလင်းလှိုင်းစက် ကို အပေါ်ဆုံး ကျောက်လွှာ ၅ မီတာ အထူခန့်ကို မခွဲဘဲ ချန်ထားရန် တမင်သက်သက် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

ရေနံတွင်း တူးဖော်ခြင်းတိုင်းသည် အမြဲတမ်း ချောမွေ့နေမည် မဟုတ်ကြောင်း ဤအလုပ်သမားများကို သူ သိစေချင်သည်။ အကယ်၍ အမြဲတမ်း အဆင်ပြေလွန်းနေပါက သံသယ ဝင်စရာ ကောင်းလှပေသည်။

ဤ ၅ မီတာ အထူရှိသော ကျောက်လွှာကို တူးဖော်ရန်အတွက် ချားလ်စ်တို့ အဖွဲ့ တစ်မွန်းလွဲလုံး အချိန်ယူရမည် ဖြစ်သည်။

မကြာမီ အခြား ရေနံတွင်း နှစ်တွင်း၏ တူးဖော်ရေးတွင်လည်း အလားတူ ပြဿနာများ ကြုံတွေ့လာရလေသည်။

သို့သော် ပြဿနာ မရှိပေ။ ဤ ၅ မီတာ အထူရှိသော ကျောက်လွှာကို ဖောက်ထွင်းပြီးသည်နှင့် နောက်ဆက်တွဲ တူးဖော်ရေးများမှာ အလွန် လွယ်ကူသွားမည် ဖြစ်သည်။

All Chapters