← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း (၁၆၁) ကျွန်တော့်ရဲ့ အစုရှယ်ယာကို ဝယ်ချင်တယ်...

"တကယ်လား..."

ဝူမုန်ရှင်းက မျက်လုံးပြူးကာ အလွန်အမင်း စိတ်ဝင်စားနေသည့် အမူအရာဖြင့် မေးလိုက်လေသည်။

"ဒါပေါ့... မင်းတို့သာ ငါ့နောက် လိုက်ခဲ့မယ် ဆိုရင် တစ်လကို တူနာငါး တစ်ကောင်နှုန်းနဲ့ ကျွေးမယ်..."

ဆွန်ဖုန်းက သူ့ရှေ့တွင် ထိုင်နေသော အလှပိုင်ရှင်ကြီး နှစ်ဦးကို ကြည့်ကာ မဖွယ်မရာ အပြုံးဖြင့် ပြောလိုက်လေသည်။

"ဟွန့်... မလိုက်ပါဘူး..."

မိန်းကလေး နှစ်ယောက်က နှာခေါင်းရှုံ့ကာ အစားအသောက်များကိုသာ ဆက်လက် အာရုံစိုက် စားသောက်နေကြလေသည်။

သူတို့ သုံးယောက် စကားပြောရင်း စားသောက်နေကြစဉ် စူးမေးက ရုတ်တရက် သက်ပြင်းချကာ ပြောလိုက်လေသည်။

"နိုင်ငံခြားမှာ အလုပ်လုပ်နေတာ မသိမသာနဲ့ နှစ်သစ်ကူးဖို့တောင် နီးလာပြီ... အချိန်တွေ ကုန်တာ အရမ်း မြန်တာပဲ..."

"ဟုတ်တယ်နော်... နှစ်သစ်ကူးကျရင် ငါတို့ နိုင်ငံကို ပြန်ကြမလား..."

ဝူမုန်ရှင်းက ဆွန်ဖုန်းကို တစ်ချက် ကြည့်ကာ မေးလိုက်လေသည်။

လက်ရှိ စိန့်ဖုန်းရေနံမြေက အခုမှ စတင် အလုပ်လုပ်နေဆဲဖြစ်ပြီး နေ့စဉ် အလုပ်များနေသဖြင့် နှစ်သစ်ကူးချိန်တွင် နိုင်ငံသို့ ပြန်ရန် အချိန်ရမရ မသိပေ။

ရုတ်တရက် မိသားစုကို လွမ်းဆွတ်သွားမိသည်။

"ပြန်မှာပေါ့... ဘာလို့ မပြန်ရမှာလဲ... ငွေဆိုတာ ဘယ်တော့မှ ရှာလို့ မကုန်နိုင်ဘူး... ငါတို့ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ နှစ်သစ်ကူးရင်တော့ အိမ်ပြန်ရမှာပဲ..."

ဆွန်ဖုန်းက ပြောလိုက်သည်။

နောက်ထပ် တစ်လကျော်ကြာပါက သူ၏ ကလေး မွေးဖွားတော့မည် ဖြစ်ရာ နှစ်သစ်ကူးချိန်တွင် ကလေးကို ခေါ်ကာ မိဘများထံ ပြသရန် သူ သေချာပေါက် ပြန်သွားရမည် ဖြစ်သည်။

"ဝေး... ဖုန်းကိုကို အရမ်း ကောင်းတာပဲ..."

ဝူမုန်ရှင်းက ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။

"ဟဲဟဲ... မင်းတို့ နှစ်ယောက် နှစ်သစ်ကူးကျရင် ငါ့အိမ်မှာ လာနေကြမလား..."

ဆွန်ဖုန်းက ပြုံး၍ မေးလိုက်လေသည်။

"ဒါက... သိပ်မကောင်းဘူး ထင်တယ်... ငါက အမေတို့ အဖေတို့နဲ့ အတူတူ နေရဦးမယ်လေ..."

ဝူမုန်ရှင်းက အနည်းငယ် တွေဝေသွားပြီးနောက် ပြောလိုက်လေသည်။

တကယ်တော့ သူမ၏ ရင်ထဲတွင် ရုတ်တရက် တုန်ခါသွားပြီး ဆွန်ဖုန်း၏ အိမ်သို့ တကယ် သွားချင်စိတ် ပေါက်လာခဲ့သည်။

စူးမေးကမူ ထိုသို့မဟုတ်ပေ။

"မသွားဘူး..."

ဆွန်ဖုန်းကို မျက်နှာသာ လုံးဝ မပေးဘဲ တိုက်ရိုက် ငြင်းဆိုလိုက်လေသည်။

"မင်းတို့ရဲ့ မိဘတွေကိုပါ ခေါ်လာလို့ ရတယ်လေ... အဲဒါမှ ပိုပြီး စည်ကားမှာပေါ့..."

ဆွန်ဖုန်းက ဆက်လက်၍ မြှူဆွယ်နေလေသည်။

"အင်း... ဖြစ်နိုင်သားပဲ... ငါတို့ အိမ်မှာက ငါ တစ်ယောက်တည်း ရှိတာဆိုတော့ ငါ ပြန်သွားရင်တောင် သုံးယောက်တည်း ဆိုတော့ သိပ်မစည်ကားဘူး... ဖုန်းကိုကိုရဲ့ အိမ်ကို သွားမယ်ဆိုရင်တော့ တော်တော်လေး ကောင်းမယ့်ပုံပဲ..."

ဝူမုန်ရှင်းက ရုတ်တရက် စိတ်ကူးပေါက်ကာ ပြောလိုက်လေသည်။

"ကောင်းပြီလေ... ဒါဆို အဲဒီလိုပဲ သဘောတူလိုက်ပြီ..."

"ဪ... ဒါနဲ့... ဒီကိစ္စက နောက်ထပ် နှစ်လလောက် လိုသေးတယ်ဆိုတော့ အလောတကြီး မဟုတ်သေးပါဘူး... ဒီညမှာ အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်ဖို့ ရှိတယ်..."

ဆွန်ဖုန်းက ပြောလိုက်သည်။

"ဘာကိစ္စလဲ..."

ဝူမုန်ရှင်းက နားမလည်စွာဖြင့် မေးလိုက်လေသည်။

"ဟဲဟဲ... မနေ့ညက မနည်း ကြိုးစားပြီး အကောင့်ကြီးကို ရွှေအဆင့် ၁ မှာ အမှတ် ၁၀၀ ပြည့်အောင် ဆော့ထားတယ်လေ... ဒီည နင်က ငါ့ကို အဆင့်တက်အောင် ကူညီပြီး ဆော့ပေးရမယ်..."

"..."

ဝူမုန်ရှင်းသည် နဖူးကို လက်ဖြင့် အုပ်ကာ စကားမပြောနိုင်တော့ပေ။

......

နောက်တစ်နေ့တွင် ဆွန်ဖုန်းသည် စိန့်ဖုန်းရေနံမြေသို့ သွားရောက်ကာ အလုပ်သမားများ၏ အလုပ်များကို ဆက်လက် ကြီးကြပ်နေလေသည်။

လက်ရှိတွင် တူးဖော်ရေး အခြေအနေမှာ အခြေခံအားဖြင့် တည်ငြိမ်နေပြီ ဖြစ်ပြီး ဆွန်ဖုန်းက နေ့စဉ် လာရောက်၍ အလုပ်သမားများ၏ လုပ်ငန်းခွင် အခြေအနေကို စစ်ဆေးရုံသာ ဖြစ်သည်။

ထောက်ပံ့ရေး အပိုင်းကိုမူ စူးမေးနှင့် ဝူမုန်ရှင်းတို့ နှစ်ဦးက တာဝန်ယူထားသည်။

လက်ရှိတွင် ရေနံ များများစားစား မထွက်ရှိသေးသဖြင့် အရောင်းအဝယ် အတွက် လောစရာ မလိုသေးပေ။

လက်ရှိအချိန်တွင် ရေနံ တူးဖော်ရေးကိုသာ အဓိကထား လုပ်ဆောင်နေပြီး ထွက်လာသော ရေနံများကို သိုလှောင်ထားခြင်းသာ ဖြစ်သည်။

"ဪ... သူဌေး လာပြီလား..."

ဆွန်ဖုန်း လျှောက်လာရင်း အမှတ် (၄) ရေနံတွင်းသို့ ရောက်လာသောအခါ ချားလ်စ်က ဘေးတွင် ဆေးပြင်းလိပ် သောက်နေရာမှ ဆွန်ဖုန်းကို မြင်သည်နှင့် အပြေးအလွှား လာရောက် နှုတ်ဆက်လေသည်။

"အင်း... လက်ရှိ အခြေအနေ ဘယ်လိုရှိလဲ..."

"လက်ရှိ အခြေအနေ ကောင်းပါတယ်... ဒီအမှတ် (၄) ရေနံတွင်းက နောက်လေးရက်လောက် နေရင် အပြီးသတ် တူးဖော်လို့ ရပါပြီ..."

ချားလ်စ်က ဖြေလိုက်သည်။

"ကောင်းတယ်... ဆက်ကြိုးစားကြ... ဒီည ခင်ဗျားတို့ကို ဟော့ပေါ့ ကျွေးမယ်..."

ဆွန်ဖုန်းက ပြုံးကာ ချားလ်စ်၏ တောင့်တင်းသော ပခုံးကို ပုတ်ရင်း ပြောလိုက်လေသည်။

"အိုး... ကျေးဇူးတင်ပါတယ် သူဌေး..."

ချားလ်စ်၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ပေါ်လာလေသည်။

ဟော့ပေါ့ ဆိုသည်မှာ သူ ပထမဆုံးအကြိမ် စားဖူးခြင်း ဖြစ်သည်။ ထိုတစ်ကြိမ်မှာ စိန့်ဖုန်းရေနံမြေ၏ ပထမဆုံး ရေနံတွင်းမှ ရေနံထွက်လာသော နေ့ညက ဖြစ်ပြီး သူဌေး ကိုယ်တိုင် ဝန်ထမ်း အားလုံးကို တရုတ် ရိုးရာ ဟင်းလျာဖြစ်သော မာလာဟော့ပေါ့နှင့် အရက်ပြင်းများကို ဤအေးစိမ့်သော ဆောင်းရာသီတွင် ကျွေးမွေးခဲ့ခြင်း ဖြစ်သည်။ ထိုအရသာမှာ တကယ်ကို မမေ့နိုင်စရာပင်။

"ဟေ့ကောင်တွေ... ကြားကြလား... ကြိုးကြိုးစားစား လုပ်ကြကွ... ဒီည သူဌေးက ငါတို့ အားလုံးကို ဟော့ပေါ့ ကျွေးမယ်တဲ့..."

ချားလ်စ်က ကျယ်လောင်သော အသံဖြင့် အနီးအနားရှိ ဝန်ထမ်းများကို အော်ပြောလိုက်လေသည်။

"ဝေး... သူဌေး သက်တော်ရာကျော် ရှည်ပါစေ..."

"ဟော့ပေါ့လား... တစ်ခါ စားပြီးတာနဲ့ အရသာကို စွဲသွားပြီ..."

ပတ်ဝန်းကျင်ရှိ ဝန်ထမ်းများ အားလုံးက ဝမ်းသာအားရ အော်ဟစ်လိုက်ကြလေသည်။

"ကောင်းပြီ... အလုပ်ကို သေချာ လုပ်ကြ... ဒီနေ့ ညနေ ငါးနာရီ အလုပ်သိမ်းမယ်..."

ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်ပြီး အခြား ရေနံတွင်းများသို့ ဆက်လက် ထွက်သွားလေသည်။

ဆွန်ဖုန်းသည် အမှတ် (၅) ရေနံတွင်းသို့ သွားရောက် စစ်ဆေးရန် ပြင်ဆင်နေစဉ် သူ၏ ဖုန်းမြည်လာလေသည်။

"စူးမေး... ဘာကိစ္စလဲ..."

ဆွန်ဖုန်းက မေးလိုက်သည်။

"သူဌေး... ရုံးခန်းကို လူနှစ်ယောက် ရောက်နေတယ်... အဲဒီထဲက တစ်ယောက်ကို သူဌေး သိတယ်... အန်ဒါဆန် တဲ့... သူတို့က သူဌေးနဲ့ ကိစ္စတစ်ခု ဆွေးနွေးစရာ ရှိလို့တဲ့... သူဌေး အခု အခြေစိုက် စခန်းကို ပြန်လာမလား..."

စူးမေးက အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။

"ဒီအဲလ် ရေနံကုမ္ပဏီက အန်ဒါဆန်..."

ဆွန်ဖုန်းက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်လေသည်။

အန်ဒါဆန် ရုတ်တရက် ရောက်လာခြင်းနှင့် သူနှင့် ဆွေးနွေးစရာ ရှိသည် ဆိုခြင်းမှာ သေချာပေါက် ကိစ္စကောင်း မဟုတ်နိုင်ကြောင်း ဆွန်ဖုန်း၏ စိတ်ထဲတွင် ကြိုတင် တွေးမိလိုက်သည်။

သေချာသည်မှာ ဆွန်ဖုန်း ထုတ်လုပ်ထားသော ရေနံများကို လာဝယ်ခြင်း ဖြစ်ပါက ချွင်းချက် ဖြစ်သည်။ သို့သော် ဒီအဲလ် ကဲ့သို့ ရေနံကုမ္ပဏီကြီး တစ်ခုက ဆွန်ဖုန်း၏ ရေနံမြေငယ်လေးမှ ထွက်ရှိသော ရေနံအနည်းငယ်ကို စိတ်ဝင်စားမည် မဟုတ်သည်မှာ သေချာပေသည်။

"ကြည့်ရတာ ပြဿနာ လာရှာတာ ဖြစ်ဖို့ များတယ်..."

ဆွန်ဖုန်းက စိတ်ထဲမှ တွေးလိုက်လေသည်။

"ဟုတ်တယ်... သူတို့ အခု ဧည့်ခန်းမှာ စောင့်နေတယ်... သူဌေး အခု ပြန်လာမလား၊ ဒါမှမဟုတ် သူတို့ကို စောင့်ခိုင်းထားမလား..."

စူးမေးက မေးလိုက်သည်။

"ငါ အခုပဲ ပြန်လာခဲ့မယ်..."

ဆွန်ဖုန်းက ပြောပြီးသည်နှင့် ဖုန်းချလိုက်ကာ မလှမ်းမကမ်းရှိ စိန့်ဖုန်းရေနံမြေ အခြေစိုက် စခန်းဆီသို့ လျှောက်သွားလေသည်။

ဆယ်မိနစ်ခန့် အကြာတွင် ဆွန်ဖုန်းသည် အခြေစိုက် စခန်းရှိ ရုံးခန်းသို့ ရောက်ရှိသွားလေသည်။

မကြာမီ ဆွန်ဖုန်းသည် စူးမေးနှင့်အတူ ယာယီ ဧည့်ခန်းသို့ ရောက်ရှိသွားပြီး အတွင်း၌ အန်ဒါဆန်နှင့် ဘရက်ဒစ် တို့က စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။

"ဟဲဟဲ... မစ္စတာဆွန်... ရောက်လာပြီလား..."

အန်ဒါဆန်နှင့် ဘရက်ဒစ် တို့က ဆွန်ဖုန်း ဝင်လာသည်ကို မြင်သောအခါ မတ်တတ်ရပ်၍ နှုတ်ဆက်ကြလေသည်။

"မင်္ဂလာနံနက်ခင်းပါ ခင်ဗျာ..."

ဆွန်ဖုန်းက ပြုံး၍ သူတို့ နှစ်ဦးကို နှုတ်ဆက်လိုက်လေသည်။

အချင်းချင်း ယဉ်ကျေးမှု အရ စကားအနည်းငယ် ပြောပြီးနောက် ထိုင်လိုက်ကြလေသည်။

"ခင်ဗျားတို့ နှစ်ယောက် ကျွန်တော့်ဆီ လာတာ ဘာကိစ္စများ ဆွေးနွေးစရာ ရှိလို့လဲ..."

ဆွန်ဖုန်းက စူးမေး ဖျော်ပေးထားသော လက်ဖက်ရည်ပူပူကို တစ်ငုံ သောက်လိုက်ပြီး မျက်လုံးမှိတ်ကာ အန်ဒါဆန်ကို ကြည့်ရင်း မေးလိုက်လေသည်။

ဆွန်ဖုန်းက ထိုသို့ မေးလိုက်သည်ကို မြင်သောအခါ အန်ဒါဆန်နှင့် ဘရက်ဒစ် တို့သည် အချင်းချင်း တစ်ချက် ကြည့်လိုက်ပြီးနောက် အန်ဒါဆန်က အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"ဒီလိုပါ... ကျွန်တော်တို့ ဒီအဲလ် ရေနံကုမ္ပဏီက ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီကို ကောင်းမွန်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက် ကုမ္ပဏီ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်... ဒါကြောင့် ကျွန်တော်တို့က မစ္စတာဆွန် နဲ့ ပူးပေါင်းချင်လို့ပါ... မစ္စတာဆွန် ဘယ်လို သဘောရလဲ..."

"ဪ... ကျွန်တော့်ရဲ့ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီက ကုမ္ပဏီ သေးသေးလေး တစ်ခုပါ... ဒီအဲလ် ရေနံကုမ္ပဏီရဲ့ အင်အား အပုံတစ်သောင်းပုံ တစ်ပုံတောင် မရှိပါဘူး... မစ္စတာ အန်ဒါဆန်က အခုလို ချီးကျူးတော့ ကျွန်တော် တကယ်ကို အံ့ဩဝမ်းသာ ဖြစ်ရပါတယ်..."

ဆွန်ဖုန်း၏ မျက်လုံးထဲတွင် အုံ့မှိုင်းသော အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားလေသည်။

အန်ဒါဆန်၏ စကားအရ ယနေ့ကိစ္စမှာ သေချာပေါက် ကိစ္စကောင်း မဟုတ်နိုင်ကြောင်း ဆွန်ဖုန်း သိလိုက်သည်။

"ဘာလို့ ကျွန်တော့်ရဲ့ ဖုန်းရွေ့ ကုမ္ပဏီကို မဟာဗျူဟာမြောက် မိတ်ဖက် အဖြစ် သတ်မှတ်ရတာလဲ... ကျွန်တော်တို့က လုပ်ငန်းတူတွေ ဖြစ်ပေမယ့် လောလောဆယ်မှာ ပူးပေါင်းစရာ အကြောင်း ဘာမှ မရှိသေးဘူးလို့ ထင်တယ်... ကျွန်တော့် ကုမ္ပဏီက အင်အား နည်းတော့ ဘာကိစ္စကြီးမှ လုပ်နိုင်မှာ မဟုတ်ဘူး..."

ဆွန်ဖုန်းက အလွန် နှိမ့်ချစွာဖြင့် ပြောလိုက်လေသည်။

"ဟား... မစ္စတာဆွန်... ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့... ကျွန်တော်တို့ ဒါရိုက်တာ အဖွဲ့က ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီကို အလားအလာရှိတဲ့ ကုမ္ပဏီ တစ်ခုလို့ သတ်မှတ်ထားပါတယ်... ဒါကြောင့် ကျွန်တော်တို့ ဒီအဲလ် ရေနံကုမ္ပဏီက စိန့်ဖုန်းရေနံမြေရဲ့ အစုရှယ်ယာကို ဝယ်ချင်လို့ပါ... မစ္စတာဆွန် ဘယ်လို သဘောရလဲ..."

အန်ဒါဆန်သည် ဆွန်ဖုန်းနှင့် အချိန်မဆွဲချင်တော့သဖြင့် သူ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောလိုက်လေသည်။

ထိုစကားကို ကြားသောအခါ ဆွန်ဖုန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားလေသည်။

ဒီအဲလ် ရေနံကုမ္ပဏီက အကြံဆိုးနှင့် လာခြင်းဖြစ်ကြောင်း သူ တွေးထားသည့်အတိုင်းပင် ဖြစ်နေသည်။

မဟာဗျူဟာမြောက် မိတ်ဖက် ဆိုသည်မှာ အလကား စကားသက်သက်သာ ဖြစ်ပြီး တကယ်တမ်းမှာ သူ၏ စိန့်ဖုန်းရေနံမြေ၏ အစုရှယ်ယာကို ဝယ်ယူချင်ခြင်းသာ ဖြစ်သည်။

ဒီလိုဆိုရင် သူ၏ ဤရေနံမြေကို ဒီအဲလ် ရေနံကုမ္ပဏီက မျက်စိကျနေပြီ ဆိုတဲ့ သဘောလား... သူတို့က ဝေစု ခွဲယူချင်နေတာလား... ဒါမှမဟုတ် တခြား ရည်ရွယ်ချက် ရှိနေတာလား...

ဆွန်ဖုန်းသည် မျက်စိတစ်မှိတ် အတွင်းမှာပင် အတွေးပေါင်းများစွာ တွေးတောလိုက်ပြီး ဖြစ်နိုင်ခြေ ရှိသမျှ အားလုံးကို စဉ်းစားလိုက်လေသည်။

"ငါ့ရဲ့ လက်ရှိ ရေနံမြေက သေးသေးလေးပဲ ရှိသေးတယ်... ဒီအဲလ် ရေနံကုမ္ပဏီလို နိုင်ငံတကာ ရေနံကုမ္ပဏီကြီး တစ်ခုက ဒီလောက်လေးရှိတဲ့ ရေနံကို မျက်စိကျစရာ အကြောင်း မရှိဘူး... ဒါဆိုရင်..."

ဆွန်ဖုန်း၏ မျက်လုံးများ တောက်ပသွားပြီး အေးစက်စက် လေသံဖြင့် မေးလိုက်လေသည်။

"ဪ... အစုရှယ်ယာ ဝယ်ချင်တယ်... ဘယ်လို သဘောလဲ..."

အန်ဒါဆန်သည် ဆွန်ဖုန်း၏ တည်ငြိမ်နေသော မျက်နှာကို မြင်သောအခါ 'မြေခွေးအိုကြီး' ဟု စိတ်ထဲမှ ကြိတ်ဆဲလိုက်သော်လည်း တည်ငြိမ်နေဆဲပင် ဖြစ်သည်။

"ဒီလိုပါ... ကျွန်တော်တို့ ဒီအဲလ် ရေနံကုမ္ပဏီက စိန့်ဖုန်းရေနံမြေကို ရင်းနှီးမြှုပ်နှံဖို့ တန်တယ်လို့ ယူဆပါတယ်... ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီက စိန့်ဖုန်းရေနံမြေရဲ့ အစုရှယ်ယာ တစ်ဝက်ကို ဝယ်ယူချင်ပါတယ်... မစ္စတာဆွန် ဘယ်လို သဘောရလဲ..."

"No... No... No... တောင်းပန်ပါတယ်... ကျွန်တော် ဒီအဲလ် ရေနံကုမ္ပဏီနဲ့ အရမ်း ပူးပေါင်းချင်ပေမယ့် ကျွန်တော့်ရဲ့ စိန့်ဖုန်းရေနံမြေက လက်ရှိမှာ မိတ်ဖက် မလိုအပ်သေးပါဘူး..."

ဆွန်ဖုန်းက ချက်ချင်း တိုက်ရိုက် ငြင်းဆိုလိုက်လေသည်။

နောက်ပြောင်နေတာလား... ဒီအဲလ် ရေနံကုမ္ပဏီက ဘယ်လို ရည်ရွယ်ချက်နဲ့ပဲ လုပ်လုပ်၊ ရည်ရွယ်ချက် မပါဘူး ဆိုရင်တောင်မှ သူက စိန့်ဖုန်းရေနံမြေရဲ့ အစုရှယ်ယာကို တစ်ပြားမှ ရောင်းမှာ မဟုတ်ဘူး... စိန့်ဖုန်းရေနံမြေရဲ့ ပိုင်ဆိုင်မှု အားလုံးကို သူ့လက်ထဲမှာပဲ ဆုပ်ကိုင်ထားရမယ်...

တကယ်လို့ အခြားသူနဲ့ ပူးပေါင်းလိုက်မယ် ဆိုရင် သူ့ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားနိုင်တယ်... ပြီးတော့ သူက တခြား အကူအညီလည်း မလိုဘူး... ရင်းနှီးမြှုပ်နှံငွေလည်း လုံလောက်တယ်... ရေအောက်တူးဖော်ရေး စနစ်ကြီးလည်း ရှိတယ်... တူးဖော်ရေးကလည်း အဆင်ပြေနေတယ်... ဘာလို့ သူများတွေကို ဝေစု ခွဲပေးရမှာလဲ...

အန်ဒါဆန်သည် ဆွန်ဖုန်းက လုံးဝ တွေဝေခြင်း မရှိဘဲ ငြင်းဆိုလိုက်သည်ကို မြင်သောအခါ မျက်နှာ ပျက်သွားပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

"ဪ... မစ္စတာဆွန်... ဘာလို့ ဒီလောက် ပြတ်ပြတ်သားသား ငြင်းရတာလဲ... ခင်ဗျားသာ ကျွန်တော်တို့ ကုမ္ပဏီနဲ့ ပူးပေါင်းမယ် ဆိုရင် ကျွန်တော်တို့ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ပေးမယ်... နောက်ပိုင်း တူးဖော်ရေး ကုန်ကျစရိတ်တွေ၊ တူးဖော်ရေး နည်းပညာတွေကိုလည်း ထောက်ပံ့ပေးမယ်... ဒါက ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီ အတွက် အကျိုးရှိတာချည်းပဲ၊ ဆိုးကျိုး လုံးဝ မရှိဘူးနော်..."

"ဟဲဟဲ... ခင်ဗျားတို့ ကုမ္ပဏီက စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမယ့် လက်ရှိ ကျွန်တော့် ကုမ္ပဏီရဲ့ တူးဖော်ရေး ရန်ပုံငွေနဲ့ နည်းပညာတွေက လုံလောက်နေပါပြီ... ဒါကြောင့် ခင်ဗျားတို့ ကုမ္ပဏီက ပူပန်ပေးစရာ မလိုပါဘူး... ပူးပေါင်းဖို့ ကိစ္စကိုလည်း မလိုအပ်တော့ဘူးလို့ ထင်ပါတယ်... နောက်တစ်ခါ အခွင့်အရေး ရှိရင်တော့ ခင်ဗျားတို့ ကုမ္ပဏီနဲ့ ဝမ်းမြောက်ဝမ်းသာ ပူးပေါင်းပါ့မယ်..."

ဆွန်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။

ယခုအချိန်တွင် အန်ဒါဆန် ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်ကို သူ ခန့်မှန်းမိသလောက် ရှိနေပြီ ဖြစ်သည်။

တစ်ဖက်လူက စိန့်ဖုန်းရေနံမြေကို လာရောက် ရင်းနှီးမြှုပ်နှံချင်ခြင်း မဟုတ်သည်မှာ သေချာပေသည်။ သူတို့က ဤရေနံ အနည်းငယ်ကို လုံးဝ စိတ်ဝင်စားမည် မဟုတ်ပေ။

"ဒါဆိုရင် တစ်ဖက်လူက စိန့်ဖုန်းရေနံမြေကို စမ်းသပ် ကျောက်တုံး တစ်ခု အဖြစ် သုံးပြီး နယူးဖောင်လန် ကျောက်လွှာအောက် ရေနံမြေရဲ့ အခြေအနေကို စမ်းသပ်ချင်နေတာလား..."

ဆွန်ဖုန်းက စိတ်ထဲမှ တွေးလိုက်လေသည်။ တကယ်တော့ ဆွန်ဖုန်း၏ ခန့်မှန်းချက်မှာ မှန်ကန်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ တစ်ဖက်လူ၏ ရည်ရွယ်ချက်မှာ အတိအကျပင် ထိုသို့ ဖြစ်သည်။

အန်ဒါဆန်သည် တစ်ဖက်လူက ထပ်မံ ငြင်းဆိုလိုက်ပြန်သည်ကို မြင်သောအခါ မျက်နှာ အနည်းငယ် ပျက်သွားပြီး စိတ်ထဲတွင်လည်း ဒေါသထွက်လာလေသည်။

အစက သူက အစုရှယ်ယာ လာဝယ်ခြင်းမှာ လွယ်ကူသော ကိစ္စတစ်ခု ဖြစ်မည်ဟု ထင်ထားခဲ့သည်။ ကုမ္ပဏီငယ်လေး တစ်ခု အနေဖြင့် ကုမ္ပဏီကြီး တစ်ခု၏ ရင်းနှီးမြှုပ်နှံမှုကို ရရှိပါက အများစုမှာ အလွန် ကြိုဆိုကြမည်သာ ဖြစ်သည်။ သို့သော် ဆွန်ဖုန်းက လုံးဝ တွေဝေခြင်း မရှိဘဲ စက္ကန့်ပိုင်း အတွင်း ချက်ချင်း ငြင်းဆိုလိုက်မည်ဟု သူ မထင်ထားခဲ့ပေ။

"မစ္စတာဆွန်... ခင်ဗျား တကယ်ပဲ သေချာ ပြန်မစဉ်းစားတော့ဘူးလား..."

အန်ဒါဆန်သည် သူ၏ ဒေါသကို ထိန်းချုပ်ကာ မေးလိုက်လေသည်။

ဤဆွန်ဖုန်းက မျက်နှာသာ ပေးတာကို လက်မခံဘူး... သူ့ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံငွေ ထည့်ပေးမယ် ဆိုတာ သူ့ကို မျက်နှာသာ ပေးတာပဲ... ဒီအဲလ် ရေနံကုမ္ပဏီနဲ့ ပူးပေါင်းချင်နေတဲ့ ရေနံကုမ္ပဏီငယ်လေးတွေ ဘယ်လောက်တောင် များလိုက်သလဲ...

"မစဉ်းစားတော့ပါဘူး... ကျွန်တော် အရမ်း အလုပ်များလို့... မစ္စတာ အန်ဒါဆန် မှာ တခြား ကိစ္စ မရှိတော့ဘူး ဆိုရင် ကျွန်တော် အလုပ်သွားလုပ်တော့မယ်..."

ဆွန်ဖုန်းသည် အန်ဒါဆန်နှင့် အချိန်မဖြုန်းချင်တော့ပေ။

သူက အလွန် အလုပ်များသူ ဖြစ်သည်။

မပူးပေါင်းဘူး ဆိုရင် မပူးပေါင်းဘူးပေါ့... ဘာလို့ လာပြီး အာရုံ နောက်နေရတာလဲ...

All Chapters