← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း (၁၆၂) ငါ့ကို အလုပ်လုပ်လို့ မရအောင် လုပ်မယ်ပေါ့လေ

"မစ္စတာဆွန်... ကျွန်တော်တို့ရဲ့ စေတနာကို လက်မခံဘူး ဆိုရင်တော့ ခင်ဗျား နည်းနည်း မှားသွားပြီ ထင်တယ်..."

အန်ဒါဆန်သည် နောက်ဆုံးတွင် မျက်နှာဖုံးကို ခွာချလိုက်ပြီး ကြောက်မက်ဖွယ် ကောင်းသော အမူအရာကို ပြသလာလေသည်။

"ခင်ဗျား ဒီစကားက ဘာအဓိပ္ပာယ်လဲ... ခြိမ်းခြောက်တာလား..."

ဆွန်ဖုန်းက ဒေါသထွက်လာသော အန်ဒါဆန်ကို စိုက်ကြည့်ကာ လေးနက်သော လေသံဖြင့် မေးလိုက်လေသည်။

"ဟွန့်... ခင်ဗျား အဲဒီလို မှတ်ယူလို့ ရတယ်..."

အန်ဒါဆန်က အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည်။

"ဒီတော့ ကျွန်တော်က ခင်ဗျားတို့ရဲ့ တောင်းဆိုချက်ကို သေချာပေါက် လက်ခံရမယ်ဆိုတဲ့ သဘောပေါ့..."

ဆွန်ဖုန်း၏ လေသံမှာ တဖြည်းဖြည်း အေးစက်လာလေသည်။

ယခု အန်ဒါဆန်၏ ခြိမ်းခြောက်မှုကို ဆွန်ဖုန်း အလွန် မကျေနပ်ပေ။

တစ်ဖက်လူက သူတို့ ကုမ္ပဏီ၏ နောက်ခံ အင်အားနှင့် အရှိန်အဝါကို အားကိုးကာ အတင်းအကျပ် ဝယ်ယူရန် ကြိုးစားနေခြင်း ဖြစ်သည်။

"ဟုတ်တယ်..."

အန်ဒါဆန်က ပြတ်သားစွာ ပြောလိုက်သည်။

"ကျွန်တော်သာ လက်မခံရင် ခင်ဗျားတို့ ဘာလုပ်မှာလဲ..."

ဆွန်ဖုန်း၏ အသံမှာ အလွန် တည်ငြိမ်နေသည်။

အစက သူသည် တစ်ဖက်လူကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခဲ့သော်လည်း တစ်ဖက်လူက လူမိုက်ဆန်ဆန် လုပ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

'ကျား မဟောက်တိုင်း ကြောင်နာလို့ မထင်နဲ့... ငါ့ကို ဒေါသထွက်အောင် လုပ်ရင် ငါက မင်းတို့ကို အဆပေါင်း တစ်သောင်းလောက် ပိုပြီး နာကျင်အောင် လုပ်ပြမယ်... ငါ ပြောတဲ့အတိုင်း လုပ်နိုင်တယ်... ငါ့မှာ အဲဒီလောက် အင်အားလည်း ရှိတယ်...'

တစ်ချိန်တည်းမှာပင် လောကကြီးသည် ဤသို့ပင် ဖြစ်ကြောင်း သူ သိလိုက်ရသည်။

အားနည်းသူကို အားကြီးသူက အနိုင်ကျင့်သည့် လောကပင်။

ယခုအချိန်တွင် အန်ဒါဆန်က ဆွန်ဖုန်းကို စဉ့်တီတုံးပေါ်မှ အသားတစ်တုံးကဲ့သို့ သဘောထားကာ သူ၏ အသက်အိုးအိမ်စည်းစိမ်ကို စိတ်ကြိုက် ခြယ်လှယ်နိုင်သည်ဟု ထင်မှတ်နေပုံရသည်။

"ဟွန့်... လက်မခံရင် မင်းကို ရေနံလောကမှာ ဆက်ပြီး ရပ်တည်လို့ မရအောင် ငါ လုပ်ပစ်မယ်..."

အန်ဒါဆန်က ရိုင်းစိုင်းသော လေသံသို့ ပြောင်းလဲကာ အေးစက်စွာ ပြောလိုက်လေသည်။

သူပြောသည့် စကားမှာ လေလုံးထွားနေခြင်း မဟုတ်ဘဲ အမှန်တရား ဖြစ်သည်။

ဒီအဲလ် ရေနံကုမ္ပဏီ၏ နောက်ခံ အင်အားနှင့် အရှိန်အဝါ အရ ဆွန်ဖုန်းကို ရေနံလောကတွင် ဆက်လက် ရပ်တည်၍ မရအောင် လုပ်ဆောင်ရန်မှာ အလွန် လွယ်ကူသော ကိစ္စဖြစ်သည်။

ဒီအဲလ် ရေနံကုမ္ပဏီသည် ရုံးချုပ်က အမေရိကန်တွင် ရှိသော်လည်း ၎င်း၏ အစစ်အမှန် နောက်ခံ အင်အားမှာ ကနေဒါ ဘက်အထိ လွှမ်းမိုးနိုင်သည်။

လူရာဝင်ဆံ့ရုံသာမက ဩဇာအာဏာလည်း ရှိသဖြင့် အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ဆွန်ဖုန်းကို အကြီးအကျယ် ဒုက္ခရောက်သွားစေနိုင်သည်။

"ဟားဟား... ငါ့ကို ဆက်ပြီး ရပ်တည်လို့ မရအောင် လုပ်ပစ်မယ်..."

ဆွန်ဖုန်းက ဟားတိုက် ရယ်မောလိုက်လေသည်။ ရယ်ရလွန်း၍ မျက်ရည်များပင် ကျလာလုနီးပါး ဖြစ်သွားသည်။

သူ ကြီးပြင်းလာသည့် တစ်လျှောက်လုံးတွင် ဤမျှ မောက်မာသော လူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ သူ့ကို ဆက်ရပ်တည်လို့ မရအောင် လုပ်ပစ်မည်တဲ့လား။

"ဘာရယ်တာလဲ... ငါ ပြောတာတွေကို လေလုံးထွားနေတယ်လို့ မထင်နဲ့... မင်းကို နောက်ထပ် အခွင့်အရေး တစ်ခု ပေးမယ်... သေချာ ပြန်စဉ်းစား... မဟုတ်ရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မင်းဘာသာ ခံရလိမ့်မယ်..."

အန်ဒါဆန်က ကြိမ်းဝါးလိုက်သည်။

ဆွန်ဖုန်းသည် အန်ဒါဆန်၏ ကြိမ်းဝါးမှုကို လုံးဝ မကြောက်ပေ။

ရေနံမြေ ဒေဝါလီခံရမည် ဆိုလျှင်တောင် အစုရှယ်ယာကို လုံးဝ ရောင်းချမည် မဟုတ်ပေ။ လုံးဝ မဖြစ်နိုင်ပေ။

"နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဘယ်လို ခံရမှာလဲ... ငါ မင်းကို မေးချင်တယ်... နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဘယ်လို ခံရမှာလဲ..."

ဆွန်ဖုန်းလည်း လုံးဝ ဒေါသထွက်လာလေသည်။

'မင်းက မနက်စောစောစီးစီး ငါ့ရဲ့ အစုရှယ်ယာကို လာဝယ်တယ်... ငါက မရောင်းဘူးလို့ ပြောတာကို မင်းက ငါ့ကို ခြိမ်းခြောက်သေးတယ်... ရေနံမြေ တူးဖော်ခွင့်က ငါ့လက်ထဲမှာ ရှိတယ်... စိန့်ဖုန်းရေနံမြေမှာ ဥပဒေ အကာအကွယ် ရှိတယ်... လုပ်ကြံသတ်ဖြတ်မယ် ဆိုရင်လည်း ငါက တစ်ယောက်တည်းနဲ့ လူတစ်ရာလောက်ကို နိုင်တယ်... မင်း ငါ့ကို ဘယ်လို နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရအောင် လုပ်မလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်...'

"ဟေ့... တကယ်ကို အကောင်းအဆိုး မသိတဲ့ ကောင်ပဲ..."

အန်ဒါဆန်သည် ဆွန်ဖုန်းက လုံးဝ အလျှော့မပေးသည်ကို မြင်သောအခါ သူ ဆက်ပြောနေလည်း အလကားပင် ဖြစ်ကြောင်း သိလိုက်သဖြင့် ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"ဆွန်ဖုန်း... ငါ မင်းကို ပြောမယ်... မင်းရဲ့ ရေနံစိမ်းတွေကို တစ်စည်မှ ရောင်းမထွက်အောင် ငါ လုပ်နိုင်တယ်... ပြီးတော့ မင်းရဲ့ ရေနံတွေကို ဘယ်ရေနံချက်စက်ရုံ၊ ဘယ်ကုမ္ပဏီကမှ မဝယ်ရဲအောင် လုပ်ပြမယ်..."

ဆွန်ဖုန်းသည် တစ်ဖက်လူ၏ ကြိမ်းဝါးမှုကို ကြားသောအခါ ရယ်ချင်သွားမိသည်။

တစ်ဖက်လူ ပြောသော စကားမှာ ၈၀ ရာခိုင်နှုန်းခန့် မှန်ကန်နိုင်ခြေ ရှိသော်လည်း တစ်ဖက်လူ၏ လူရာဝင်ဆံ့မှုနှင့် ဩဇာလွှမ်းမိုးမှု အရ ဤသို့ လုပ်ဆောင်ရန် တကယ်ကို မခက်ခဲပေ။

အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်းသည် ဤနေရာသို့ ရောက်ရှိလာသည်မှာ မကြာသေးသလို ရေနံလောကသို့ အခုမှ စတင် ခြေချခြင်း ဖြစ်သဖြင့် အဆက်အသွယ် သိပ်မရှိသေးသောကြောင့်ပင်။

သို့သော် ဆွန်ဖုန်းက အရှုံးပေးမည်လား။ လုံးဝ အရှုံးမပေးပေ။ လုံးဝကို အရှုံးပေးမည် မဟုတ်ပေ။

"ငါ မင်းကို ပြောမယ် အန်ဒါဆန်... ငါ့ရဲ့ ရေနံတွေကို ငါ မရောင်းဘူး... ငါ တူးထုတ်ပြီး သိုလှောင်ထားမယ်... ဒေဝါလီ ခံရရင် ခံရပါစေ... မင်းတို့ကိုတော့ အစုရှယ်ယာ ဝင်ခွင့် လုံးဝ မပေးဘူး..."

ဆွန်ဖုန်းက ချက်ချင်းပင် ပို၍ ပြင်းထန်သော စကားဖြင့် ပြန်လည် တုံ့ပြန်လိုက်လေသည်။

"မင်း..."

အန်ဒါဆန်သည် ဒေါသထွက်လွန်း၍ စကားပင် ဆက်မပြောနိုင်တော့ပေ။

တစ်ဖက်လူက ဤမျှ ခေါင်းမာမည်ဟု သူ မထင်ထားခဲ့ပေ။ ဒေဝါလီခံရမည် ဆိုလျှင်တောင် အရှုံးမပေးချင်သည့် သတ္တိကို သူ အံ့ဩမိသည်။

"မင်း ဘာမင်းလဲ... စူးမေး... ဧည့်သည်တွေကို ပို့လိုက်..."

ဆွန်ဖုန်းက စကားတစ်ခွန်း ပြောပြီးသည်နှင့် တိုက်ရိုက် ထွက်သွားလေတော့သည်။

ဧည့်ခန်းထဲတွင် ဒေါသကြောင့် သွေးအန်လုမတတ် ဖြစ်နေသော အန်ဒါဆန်နှင့် ဘရက်ဒစ် တို့သာ ကျန်ရစ်ခဲ့လေသည်။

"လူကြီးမင်းတို့ နှစ်ယောက်... ကြွပါရှင်..."

စူးမေးသည်လည်း အန်ဒါဆန်တို့အား မျက်နှာသာ မပေးပေ။

တစ်ဖက်လူ၏ ဤမျှ မောက်မာမှုကို မြင်သောအခါ သူမသည် သူတို့ကို ဒေါက်မြင့်ဖိနပ်ဖြင့် ကန်ထုတ်ချင်စိတ်ပင် ပေါက်လာလေသည်။

"ဟွန့်..."

အန်ဒါဆန်က အေးစက်စက် နှာမှုတ်ကာ ဘရက်ဒစ်ကို ခေါ်၍ ထွက်သွားလေတော့သည်။

......

ကနေဒါ၊ ဒီအဲလ် ရေနံကုမ္ပဏီ ဌာနခွဲ။

"ဘာ... မင်းတို့ ပြောတာ ဆွန်ဖုန်း ဆိုတဲ့ တရုတ်ကောင်က မျက်နှာသာ ပေးတာကို လက်မခံဘဲ ငါတို့ကို အစုရှယ်ယာ ဝင်ခွင့် မပေးဘူး ဟုတ်လား..."

ရုံးခန်း အတွင်းတွင် လီယိုသည် အန်ဒါဆန်နှင့် ဘရက်ဒစ်တို့၏ အစီရင်ခံစာကို နားထောင်ပြီးနောက် မျက်နှာပေါ်တွင် အံ့ဩသည့် အရိပ်အယောင်များ ပေါ်လာလေသည်။

"ဟုတ်ပါတယ် ဥက္ကဋ္ဌ... အဲဒီအချိန်က ကျွန်တော်လည်း အပြင်းအထန် ခြိမ်းခြောက်ခဲ့သေးတယ်... ဒါပေမယ့် အဲဒီ ဆွန်ဖုန်းက ဒေဝါလီ ခံရရင် ခံရပါစေ၊ ကျွန်တော်တို့ကို အစုရှယ်ယာ ဝင်ခွင့် မပေးဘူးလို့ ပြောတယ်..."

အန်ဒါဆန်က သံမဏိလို မည်းနက်နေသော မျက်နှာဖြင့် ပြောလိုက်လေသည်။

"ဥက္ကဋ္ဌ... ကျွန်တော်တို့ နောက်ဆက်တွဲ ဘာဆက်လုပ်ကြမလဲ..."

ဘရက်ဒစ်က မေးလိုက်သည်။

"ဟွန့်... တစ်ဖက်လူက လူရာမဝင်မှတော့ ငါတို့က သူ့ကို လူရာဝင်အောင် သင်ပေးရမှာပေါ့..."

လီယို၏ အစကတည်းက အမူအရာ ကင်းမဲ့နေသော မျက်နှာမှာ စတင် အုံ့မှိုင်းလာလေသည်။

"မင်းတို့ ဘာဆက်လုပ်ရမလဲ ဆိုတာ သိတယ် မဟုတ်လား..."

လီယိုက သူတို့ နှစ်ဦးကို မေးလိုက်လေသည်။

"ဟဲဟဲ... သိပါပြီ..."

သူတို့ နှစ်ဦးက အချင်းချင်း တစ်ချက် ကြည့်လိုက်ပြီးနောက် အေးစက်စက် ပြုံးကာ ပြောလိုက်ကြလေသည်။

မှန်ပေသည်။ သူတို့သည် ဆွန်ဖုန်းကို တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

ဒီအဲလ် ကုမ္ပဏီ၏ အဆက်အသွယ်၊ အင်အားနှင့် ဩဇာလွှမ်းမိုးမှုကို အသုံးပြု၍ ဆွန်ဖုန်း၏ စိန့်ဖုန်းရေနံမြေကို 'ပိတ်ဆို့' ကာ ရေနံများ ရောင်းမထွက်အောင် လုပ်ပြီး ဒေဝါလီခံရသည်အထိ တွန်းပို့ကာ လူဘယ်လို လုပ်ရမည်ကို အသေအချာ သင်ခန်းစာ ပေးရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

...

စိန့်ဖုန်းရေနံမြေ၊ ယာယီ ရုံးခန်း အတွင်းတွင်...

ဆွန်ဖုန်းက တရုတ်ဆေးလိပ် တာ့ကျုံးဟွာ ကို သောက်နေပြီး အခန်းတွင်း၌ မီးခိုးငွေ့များ ရစ်ဝိုင်းနေလေသည်။

ဆောင်းရာသီ ဖြစ်သဖြင့် ပြတင်းပေါက်များကိုပင် မဖွင့်ထားပေ။

စူးမေးက ဒေါက်မြင့်ဖိနပ်ဖြင့် ခပ်သုတ်သုတ် ဝင်လာရာ ထိုမီးခိုးငွေ့များကြောင့် ချက်ချင်း သီးသွားလေသည်။

သို့သော် စူးမေးသည် ဆွန်ဖုန်းကို အပြစ်မတင်ဘဲ ဆွန်ဖုန်း၏ အနီးသို့ သွားကာ မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။

"သူဌေး... နောက်ဆက်တွဲ ကျွန်မတို့ ဘယ်လို လုပ်ကြမလဲ... အဲဒီ ဒီအဲလ် ရေနံကုမ္ပဏီက ဘာလို့ ရုတ်တရက် ကျွန်မတို့ရဲ့ စိန့်ဖုန်းရေနံမြေကို အစုရှယ်ယာ ဝင်ချင်ရတာလဲ... ပြီးတော့ ကျွန်မတို့ အနေနဲ့ တစ်ဖက်လူရဲ့ လှည့်ကွက်တွေကို သတိထားဖို့ လိုမလား..."

ဒီအဲလ် ကုမ္ပဏီ ရုတ်တရက် ဤသို့ ပြုမူလာခြင်းအပေါ် စူးမေးလည်း အနည်းငယ် နားမလည်နိုင် ဖြစ်နေလေသည်။

"သူတို့ကို ဂရုစိုက်စရာ မလိုပါဘူး... ရေနံ ရောင်းမထွက်မှာလား... ဟဲဟဲ..."

ဆွန်ဖုန်းက တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို လုံးဝ လျစ်လျူရှုလိုက်သည်။

တူးဖော်ခွင့်က သူ့လက်ထဲမှာ အမြဲတမ်း ရှိနေသရွေ့ တစ်ဖက်လူ၏ မည်သည့် ခြိမ်းခြောက်မှုကိုမျှ သူ ကြောက်စရာ မလိုပေ။

ငွေရှာရန် နည်းလမ်းများစွာ ရှိသည်။ ဆွန်ဖုန်း အနေဖြင့် ရေနံ ရောင်းမှသာ အသက်ရှင်နိုင်မည် မဟုတ်ပေ။

ထို့အပြင် ဆွန်ဖုန်း၏ သိုလှောင်ရုံ အတွင်းတွင် ရွှေတန်ချိန် သုံးဆယ် ရှိနေသေးပြီး မရောင်းရသေးကြောင်း မမေ့သင့်ပေ။

"ရပါပြီ... မင်း ဘာမှ စိတ်ပူမနေပါနဲ့... ဒီကိစ္စကို ကိုယ်တိုင် ဖြေရှင်းလိုက်မယ်... လက်ရှိ မင်းရဲ့ တာဝန်က ထောက်ပံ့ရေး အပိုင်းကို သေချာ တာဝန်ယူပေးဖို့ပဲ..."

ဆွန်ဖုန်းက စူးမေးအား သိပ်ပြီး စိတ်မပူရန် နှစ်သိမ့်ပေးလိုက်လေသည်။

"တကယ်လို့ ကျွန်မတို့ ရေနံတွေ ရောင်းမထွက်ရင် ရန်ပုံငွေ လည်ပတ်မှု အခက်အခဲ ဖြစ်လာမှာကို ကျွန်မ စိုးရိမ်လို့ပါ..."

စူးမေးသည် ဆွန်ဖုန်း တစ်ယောက်တည်း ဖိအားများကို ခံစားနေရသည်ကို မြင်သောအခါ ရင်ထဲတွင် နာကျင်သွားမိသည်။

"ကိစ္စမရှိပါဘူး... ရန်ပုံငွေ ပြဿနာကို ကိုယ်တိုင် နည်းလမ်း ရှာလိုက်ပါ့မယ်... ကိုယ့်ကို ယုံတယ် မဟုတ်လား..."

ဆွန်ဖုန်းက စူးမေး၏ လက်ကို ဆွဲယူကာ သူ့ရင်ခွင်ထဲသို့ သွင်းလိုက်ပြီး ပြုံးဖြီးဖြီးဖြင့် မေးလိုက်လေသည်။

"အင်း... ကျွန်မ ယုံပါတယ်..."

စူးမေးက မငြင်းဆန်ဘဲ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ကာ ဖြေလိုက်လေသည်။

"ကောင်းပြီ... သွား အလုပ်လုပ်တော့..."

ဆွန်ဖုန်းက မဖွယ်မရာ အပြုံးဖြင့် စူးမေး၏ တင်ပါးကို တစ်ချက် ပုတ်လိုက်ရာ စူးမေးက ညည်းတွားသံလေး ပြုကာ ထွက်သွားလေတော့သည်။

စူးမေး ထွက်သွားသည်ကို မြင်သောအခါ ဆွန်ဖုန်း၏ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

"ဟွန့်... ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့... ငါ့ကို ရပ်တည်လို့ မရအောင် လုပ်မယ်ပေါ့လေ... မင်းတို့က စရဲရင် ငါကလည်း အဆုံးထိ ပြန်ချပြမယ်... မင်းတို့ကို အကြီးအကျယ် ဆုံးရှုံးသွားအောင် လုပ်ပြမယ်..."

ဆွန်ဖုန်း ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ သူနှင့် ဒီအဲလ် ရေနံကုမ္ပဏီ အကြားတွင် ရန်ငြိုး ဖွဲ့မိသွားပြီ ဖြစ်ရာ ဆွန်ဖုန်း အနေဖြင့် အားနာနေစရာ မလိုတော့ပေ။

ပါလာဝမ်ကျွန်းသို့ တိုက်ရိုက် သွားရောက်ကာ နောက်ထပ် တစ်ခေါက် အကြီးအကျယ် ထပ်ခိုးရန် သူ ဆုံးဖြတ်လိုက်လေသည်။

"မင်းတို့က ငါ့ရဲ့ ရေနံတွေကို ရောင်းမထွက်အောင် လုပ်ပြီး ငါ့ကို ရပ်တည်လို့ မရအောင် လုပ်မယ်ပေါ့... ဒါဆိုလည်း ငါက တောင်တရုတ်ပင်လယ် ပါလာဝမ်ကျွန်းက မင်းတို့ရဲ့ ရေနံတွေကို သွားခိုးပစ်မယ်..."

ဆွန်ဖုန်းက အေးစက်စက် ပြုံးကာ ပြောလိုက်လေသည်။

All Chapters