အခန်း ၁၆၃
Vol. 17 Ch. 163
အခန်း (၁၆၃) မင်းတို့ရဲ့ ရေနံတွေကို သွားခိုးပစ်မယ်...
ဆွန်ဖုန်းသည် ပြောသည့်အတိုင်း လုပ်တတ်သူ ဖြစ်သည်။
နောက်တစ်နေ့ နံနက်တွင် ဆွန်ဖုန်းသည် လူသူကင်းမဲ့သော ကမ်းခြေ တစ်ခုတွင် အချိန်အတော်ကြာ အသုံးမပြုခဲ့သော ရေအောက်တူးဖော်ရေး စနစ်ကြီးကို ဝတ်ဆင်ကာ မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားလေသည်။
ဤရက်ပိုင်းအတွင်း ဆွန်ဖုန်းသည် ရေအောက်တူးဖော်ရေး စနစ်ကြီး အတွင်းရှိ တူးဖော်ရေး စက်ကိရိယာများကို အသုံးမပြုခဲ့သဖြင့် လက်ရှိတွင် ရေနံတူးဖော်ရေး စက်ကိရိယာများမှာ အားအပြည့် ဖြစ်နေပြီး သုံးရက်ဆက်တိုက် အလုပ်လုပ်နိုင်သည်။
ဆွန်ဖုန်းသည် အန္တရာယ်ကိုလည်း မကြောက်ပေ။ ရေအောက်တူးဖော်ရေး စနစ်ကြီး၏ ၃၅၀ ကီလိုမီတာ အချင်းဝက်အတွင်း ရှာဖွေနိုင်စွမ်း ရှိသဖြင့် ထိုဧရိယာ အတွင်းရှိ မည်သည့် လှုပ်ရှားမှုကိုမဆို ဆွန်ဖုန်း သိရှိနိုင်ပေသည်။
အကယ်၍ ကံမကောင်းစွာဖြင့် လူမိသွားပါက ဆွန်ဖုန်းသည် ချက်ချင်း ဆုတ်ခွာမည်ဖြစ်ပြီး တစ်ဖက်လူက သူ၏ အရိပ်ကိုပင် မြင်တွေ့ရမည် မဟုတ်ပေ။
ပင်လယ်ရေအောက်တွင် ဆွန်ဖုန်းသည် ဘုရင် တစ်ပါးပင် ဖြစ်သည်။ သူ့ကို မည်သူကမျှ ဒုက္ခမပေးနိုင်သလို ဖမ်းဆီးနိုင်မည်လည်း မဟုတ်ပေ။
"ခရီးပန်းတိုင် - တောင်တရုတ်ပင်လယ် ပါလာဝမ်ကျွန်း... အမြန်ဆုံး အရှိန်နဲ့ ထွက်မယ်..."
ဆွန်ဖုန်းက အသံလက်ထောက်ကို အမိန့်ပေးလိုက်လေသည်။
"ဟုတ်ကဲ့ပါ အရှင်... ငါးနာရီ အကြာမှာ ရောက်ရှိပါမယ်..."
"ဝုန်း..."
ရေအောက်တူးဖော်ရေး စနစ်ကြီး၏ တွန်းကန်အားပေး စက်များ စတင် လည်ပတ်လာပြီး တောင်တရုတ်ပင်လယ်ဆီသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ထွက်ခွာသွားလေသည်။
တကယ်တော့ ရေအောက်တူးဖော်ရေး စနစ်ကြီး၏ အရှိန်မှာ ဤမျှ နှေးကွေးခြင်း မဟုတ်ပေ။ နယူးဖောင်လန်မှ တောင်တရုတ်ပင်လယ်သို့ ငါးနာရီ ကြာမြင့်ခြင်းမှာ လက်ရှိ ရေအောက်တူးဖော်ရေး စနစ်ကြီးသည် အလယ်အလတ် သို့မဟုတ် အဆင့်မြင့် စွမ်းအင်များကို အသုံးမပြုနိုင်သေးသောကြောင့် ဖြစ်သည်။
အသံလက်ထောက်၏ ရှင်းပြချက်အရ အကယ်၍ ရေအောက်တူးဖော်ရေး စနစ်ကြီးသာ အလယ်အလတ် စွမ်းအင်ကို အသုံးပြုနိုင်ပါက ရေအောက်တွင် အလင်းအမြန်နှုန်းနှင့် အပြိုင် ပြေးနိုင်ပြီး လေထဲတွင်မူ အရှိန် ပို၍ပင် မြန်ဆန်မည် ဖြစ်သည်။
အဆင့်မြင့် စွမ်းအင်ကိုသာ အသုံးပြုနိုင်ပါက အရှိန်ကို ပြောစရာပင် မလိုတော့ပေ။
ငါးနာရီ အကြာတွင် ဆွန်ဖုန်းသည် ပါလာဝမ်ကျွန်း အနီးရှိ ဒီအဲလ် ရေနံကုမ္ပဏီနှင့် မျောက်ညိုလေးများ ပူးပေါင်း တူးဖော်နေသော ပင်လယ်ရေအောက် ရေနံမြေ အနီးသို့ ရောက်ရှိသွားလေသည်။
"ရှာဖွေရေး စနစ်ကို ဖွင့်လိုက်... ပတ်ဝန်းကျင်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ရှိမရှိ ကြည့်လိုက်..."
ဆွန်ဖုန်းက အသံလက်ထောက်ကို ပြောလိုက်လေသည်။
"ဟုတ်ကဲ့... ရှာဖွေရေး စနစ်ကို ဖွင့်နေပါတယ်... ဖွင့်နေဆဲ... ဖွင့်ပြီးပါပြီ... အမည်မသိ အန္တရာယ်တွေကို စတင် စစ်ဆေးနေပါပြီ... တီ... တီ... တီ... စစ်ဆေးပြီးပါပြီ..."
"သတင်းပို့ပါတယ် အရှင်... ရှေ့က ရေနံတူးစင်ရဲ့ ရေအောက် ပတ်လည်မှာ လူတွေ တပ်ဆင်ထားတဲ့ ရေအောက် စောင့်ကြည့်ရေး စနစ်တွေ ရှိပါတယ်..."
အသံလက်ထောက်က သတင်းပို့လိုက်လေသည်။
"ဟဲဟဲ... ကြည့်ရတာ သူတို့ အခိုးခံရလွန်းလို့ ကြောက်သွားပြီး ရေအောက် စောင့်ကြည့်ရေး စနစ်တွေ တပ်ဆင်ထားတာ ဖြစ်မယ်... တော်သေးတယ်... ငါ စစ်ဆေးခိုင်းလိုက်လို့... မဟုတ်ရင် ငါ့ရဲ့ ရေအောက်တူးဖော်ရေး စနစ်ကြီးက သူတို့ဆီမှာ ပေါ်သွားတော့မှာပဲ..."
ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်လေသည်။
"ဒီစောင့်ကြည့်ရေး စနစ်က ဘယ်လို အမျိုးအစားလဲ ဆိုတာ စစ်ဆေးကြည့်ပါဦး..."
"ဟုတ်ကဲ့... ခဏစောင့်ပါ..."
မကြာမီ အသံလက်ထောက်သည် ကမ္ဘာ့ အင်တာနက် သတင်းအချက်အလက် သိုလှောင်ရုံမှတစ်ဆင့် စစ်ဆေး သိရှိသွားလေသည်။
"သတင်းပို့ပါတယ် အရှင်... ဒီရေနံတူးစင် ပတ်လည်မှာ တပ်ဆင်ထားတာက G မော်ဒယ် ရေဒါ တုံ့ပြန်မှု စောင့်ကြည့်ရေး ကိရိယာတွေပါ... ဒီလို ကိစ္စမျိုးကို အရပ်ဘက်မှာ အသုံးပြုတာ ရှားပါတယ်... နိုင်ငံတော် အဆင့် အဖွဲ့အစည်း တစ်ခုခုက ပိုင်ဆိုင်တဲ့ အဆင့်မြင့် နည်းပညာ ဖြစ်ဖို့ များပါတယ်..."
အသံလက်ထောက်က ပြောလိုက်သည်။
"ဪ... ဒီလိုဆိုရင်တော့ ဒီနေရာမှာ အဖွဲ့အစည်း တစ်ခုခုက ဝင်ရောက် စွက်ဖက်ပြီး စုံစမ်းစစ်ဆေးနေတာ ဖြစ်မယ်... ကြည့်ရတာ ငါ အရင်က လုပ်ခဲ့တဲ့ ကိစ္စက နည်းနည်း ကြီးသွားတယ် ထင်တယ်... ဪ... မဟုတ်ဘူး... သုံးကြိမ်နော်... ငါက ရေနံတင် ခိုးတာ မဟုတ်ဘူး... သံရိုင်းတွေ၊ ရွှေရိုင်းတွေပါ ခိုးခဲ့တာလေ... ဟဲဟဲ..."
ဆွန်ဖုန်းက သူ ကျူးလွန်ခဲ့သော ပြစ်မှုများကို လက်ချိုးရေတွက်ကာ ပြောလိုက်လေသည်။
"ဒါပေမယ့် အင်အားကြီးတဲ့ အဖွဲ့အစည်း တစ်ခုခု ဝင်စွက်ဖက်ပြီး စုံစမ်းစစ်ဆေးနေတယ် ဆိုရင်တောင် သူတို့ ဘာမှ စုံစမ်း သိရှိနိုင်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်... ဒီတစ်ခါ ငါ ထပ်ခိုးလည်း သူတို့ ဘာမှ သိမှာ မဟုတ်ဘူး..."
ဆွန်ဖုန်းက ပြောလိုက်သည်။
"ဒါပေါ့... အရှင်က အရမ်း တော်တာပဲ... ဒီသာမန် လူသားတွေက ဘယ်လိုလုပ်ပြီး အရှင့်ကို ခြေရာခံနိုင်မှာလဲ..."
အသံလက်ထောက်က အလွန် ဖားယားကာ ပြောလိုက်လေသည်။
"တော်ပြီ... ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းမနေနဲ့တော့... ဒီရေအောက် စောင့်ကြည့်ရေး စနစ်ကို ဘယ်လို ဖြေရှင်းမလဲ ပြော... ငါ ခိုးတဲ့အချိန် လူမမိအောင်လို့..."
ဆွန်ဖုန်းက အသံလက်ထောက်၏ ကြွားလုံးထုတ်မှုကို ဖြတ်ပြောလိုက်လေသည်။
"အရှင်... ဒီလို ရေအောက် ရေဒါ စောင့်ကြည့်ရေး စနစ်က သာမန် ကင်မရာ စောင့်ကြည့်ရေး စနစ်မျိုး မဟုတ်ဘူး... ရေဒါလှိုင်းကို အသုံးပြုပြီး တုံ့ပြန်မှု ပြန်လည် ရယူတာ... ဆိုလိုတာက ဒီရေဒါတွေက သတ်မှတ်ထားတဲ့ အရာဝတ္ထု တစ်ခုခုနဲ့ ထိတွေ့မိရင် သတင်းအချက်အလက် ပြန်ပို့ပေးတယ်... ဥပမာ - သူ့ရဲ့ အကာအကွယ် ဧရိယာ အတွင်းကို တစ်ခုခု ဝင်လာတာနဲ့ ချက်ချင်း နှိုးစက် မြည်ပြီး အဲဒီလူတွေက ဝင်ရောက် ကျူးကျော်သူ ရှိနေပြီ ဆိုတာကို သိသွားလိမ့်မယ်..."
"လိုရင်းကို ပြော..."
ဆွန်ဖုန်းက စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။
"အဟမ်း... ကောင်းပြီ... ကောင်းပြီ... ကျွန်တော်တို့ အကာအကွယ် အလွှာကို ဖွင့်လိုက်ရုံနဲ့ ဒီလို ရေဒါလှိုင်း ဖြာထွက်မှုကို တားဆီးနိုင်တယ်... အကာအကွယ် အလွှာ အတွင်းမှာ ရှိနေသရွေ့ ဒီရေဒါက ကျွန်တော်တို့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး... တစ်ချိန်တည်းမှာပဲ တစ်ဖက်လူကလည်း ကျွန်တော်တို့ ရေနံခိုးနေတာကို သိနိုင်မှာ မဟုတ်ဘူး..."
"အကာအကွယ် အလွှာ ဖွင့်လိုက်ရင် ရပြီလို့ တိုက်ရိုက် ပြောလိုက်ရုံနဲ့ ပြီးနေတာကို... ငါနားမလည်တဲ့ အရာတွေကို လာပြောပြီး ဘာတွေ ကြွားချင်နေတာလဲ... မရှက်ဘူးလား..."
ဆွန်ဖုန်းက မျက်လုံး လှန်ပြလိုက်လေသည်။
"..."
"ဒါကလွဲရင် တခြား အန္တရာယ် ဘာရှိသေးလဲ..."
ဆွန်ဖုန်းက ရေအောက်တူးဖော်ရေး စနစ်ကြီးကို အကာအကွယ် အလွှာ ဖွင့်ခိုင်းရင်း မေးလိုက်လေသည်။
တစ်ဖက်လူက ဤနေရာကို အာရုံစိုက်နေပြီ ဖြစ်ရာ ဆွန်ဖုန်း အနေဖြင့် အလွန် သတိထားရမည် ဖြစ်ပြီး အမှားအယွင်း အနည်းငယ်မျှ မခံနိုင်ပေ။
"အင်း... ကျွန်တော်တို့က ဒီရေဒါရဲ့ ရှာဖွေမှုကို တားဆီးနိုင်ပေမယ့် S စီးရီး တူးဖော်ရေး စက်ကိရိယာတွေကို အသုံးပြုတဲ့ အချိန်မှာ မြေအောက် ကျောက်လွှာကို ဖောက်ထွင်းရတဲ့အတွက် တုန်ခါမှု တချို့တော့ ဖြစ်ပေါ်နိုင်တယ်... အဲဒီ တုန်ခါမှုတွေက အပြင်ကို ပျံ့နှံ့သွားပြီး ရေဒါရဲ့ တုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်တယ်... အဲဒါက ကျွန်တော်တို့ကို ပေါ်သွားစေနိုင်တယ်..."
အသံလက်ထောက်က အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီးနောက် ပြောလိုက်လေသည်။
"ဒီလိုလား... ဒါဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်မှ စိတ်ချလက်ချ ခိုးလို့ ရမှာပေါ့..."
ဆွန်ဖုန်းက ခဏ စဉ်းစားပြီးနောက် အသံလက်ထောက်ကို ဆက်မေးလိုက်လေသည်။ "ဒါဆို မင်းမှာ ဒီပြဿနာကို ဖြေရှင်းဖို့ ဘာနည်းလမ်း ရှိလဲ..."
"ဒီပြဿနာကို ဖြေရှင်းဖို့က မခက်ခဲပါဘူး... ဒါပေမယ့် တန်ဖိုး တစ်ခုတော့ ပေးဆပ်ရလိမ့်မယ်..."
အသံလက်ထောက်က တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။
"ဘာတန်ဖိုးလဲ..."
"လက်ရှိ ကျွန်တော်တို့ရဲ့ အကာအကွယ် အလွှာက ပင်လယ်ကြမ်းပြင်ရဲ့ အပေါ်ယံ ဧရိယာကိုပဲ ကာကွယ်ပေးထားတာ... မြေအောက်ကို မရောက်ဘူး... ဆိုလိုတာက ကျွန်တော်တို့ ခြေအောက်က မြေအောက် မီတာ ဆယ်ဂဏန်းလောက် အထိကို အကာအကွယ် အလွှာက မကာကွယ်ပေးထားဘူး... အကာအကွယ် အလွှာကို မြေအောက် မီတာ တစ်ထောင်လောက် အထိ အောက်ကို ထိုးဆင်းပြီး ကာကွယ်လိုက်မယ် ဆိုရင်တော့ တူးဖော်တဲ့ အချိန်မှာ ဖြစ်ပေါ်လာမယ့် မြေတုန်ခါမှု အနည်းငယ်ကို အပြင် မရောက်အောင် ကာကွယ်ပေးနိုင်လိမ့်မယ်..."
အဲဒီ အကြောင်းပြချက်ကြောင့်ပဲ အရင်တစ်ခေါက် ခိုးတုန်းက မလှမ်းမကမ်းက ရေနံတူးစင်ပေါ်က လူတွေက မြေငလျင် အသေးစားလေး လှုပ်တယ်လို့ ထင်သွားကြတာပဲ။
"လိုရင်းကို ပြော..."
"အဲ... ရေအောက်တူးဖော်ရေး စနစ်ကြီးရဲ့ စွမ်းအင် ပိုကုန်သွားမှာကို ပြောတာပါ... သုံးရက် အချိန်အတွက် ရေအောက်တူးဖော်ရေး စနစ်ကြီးရဲ့ စွမ်းအင် ငါးရာခိုင်နှုန်း ကုန်သွားလိမ့်မယ်..."
"ငါးရာခိုင်နှုန်း... အဲဒီလောက်တောင် များတာလား..."
ဆွန်ဖုန်း၏ မျက်ခွံများ လှုပ်သွားလေသည်။
ယခင်က ရေအောက်တူးဖော်ရေး စနစ်ကြီးသည် အာကာသမှ အခြေခံအဆင့် စွမ်းအင် ဥက္ကာခဲ တစ်ခုကို စုပ်ယူခဲ့သဖြင့် တစ်နှစ်တိတိ အသုံးပြုနိုင်ကြောင်း၊ ထို့အပြင် ရှာဖွေရေး ဧရိယာမှာလည်း ယခင် ကီလိုမီတာ ၅၀ မှ ၃၅၀ သို့ ကျယ်ပြန့်သွားခဲ့ကြောင်း မှတ်မိနေသည်။
ယခု အသံလက်ထောက်က ဤသုံးရက် အသုံးပြုရုံဖြင့် စွမ်းအင် ငါးရာခိုင်နှုန်း ကုန်ဆုံးမည်ဟု ဆိုလာရာ ဆွန်ဖုန်း မနှမြောဘဲ နေနိုင်မည်လော။
စွမ်းအင် ငါးရာခိုင်နှုန်း ဆိုသည်မှာ ရေအောက်တူးဖော်ရေး စနစ်ကြီးကို ပင်လယ်ရေအောက်တွင် ခရီးနှင်ရန် ၁၈ ရက်ခန့် အသုံးပြုနိုင်သည်။
၁၈ ရက် ဆိုသည့် အချိန်သည် ဆွန်ဖုန်း အတွက် ပင်လယ်ရေအောက်တွင် တွင်းထွက် ပစ္စည်း တစ်ခု ရှာတွေ့ရန် လုံလောက်သော အချိန် ဖြစ်သည်။
"တခြား နည်းလမ်း မရှိတော့ဘူးလား..."
ဆွန်ဖုန်းက နှမြောတသဖြစ်နေသော မျက်နှာဖြင့် အသံလက်ထောက်ကို ကြည့်ကာ အခြား နည်းလမ်း ရှိသေးသလား ဟု မျှော်လင့်ချက်ဖြင့် မေးလိုက်လေသည်။
"ကျွန်တော့်ကို အလယ်အလတ် စွမ်းအင် တစ်ခု ပေးလိုက်... ဒီပြဿနာ အသေးအမွှားလေးကို ဖြေရှင်းဖို့ နည်းလမ်း တစ်သောင်းလောက် ပေးမယ်..."
အသံလက်ထောက်က အလွန် မောက်မာစွာဖြင့် ပြောလိုက်လေသည်။
"ငါ ဘာမှ မမေးတော့ဘူး..."
ဆွန်ဖုန်းက နှုတ်ခမ်းမဲ့လိုက်လေသည်။
သူက အသံလက်ထောက်ကို ပေးဖို့ အလယ်အလတ် စွမ်းအင် တစ်ခု ဘယ်က သွားရှာရမည်နည်း။
"အရှင်... သုံးမလား..."
အသံလက်ထောက်က နှမြောတသ ဖြစ်နေသော ဆွန်ဖုန်းကို ကြည့်ကာ မေးလိုက်လေသည်။
"သုံးမယ်... လာပြီးမှတော့ အရင်းကျေအောင် မခိုးဘဲ ဘယ်ဖြစ်မလဲ..."
ဆွန်ဖုန်းက သွားကြိတ်ကာ ပြောလိုက်လေသည်။
"ဒါဆို အဆင့်မြှင့်ထားတဲ့ ဗားရှင်းကို ဖွင့်လိုက်မယ်နော်..."
"ဟုတ်ကဲ့ပါ အရှင်... အကာအကွယ် အလွှာ အဆင့်မြှင့် ဗားရှင်းကို ဖွင့်လိုက်ပါပြီ... အကာအကွယ်ကို မြေအောက် မီတာ တစ်ထောင့်ငါးရာ အထိ ထိုးဆင်းလိုက်ပါပြီ..."
"တီ... ဖွင့်နေဆဲ... အဆင့်မြှင့်နေဆဲ... အဆင့်မြှင့်ပြီးပါပြီ..."
"အရှင်... ပြီးပါပြီ... ကြီးကျယ်ခမ်းနားတဲ့ ရေနံခိုးတဲ့ လုပ်ငန်းစဉ်ကြီးကို စတင်လို့ ရပါပြီ..."
အသံလက်ထောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။