အခန်း ၁၆၅
Vol. 17 Ch. 165
အခန်း (၁၆၅) သူတို့ရဲ့ အာရုံကြောတွေကို စိန်ခေါ်မယ်
"မစ္စတာမိုက်ကယ်... ခင်ဗျား အခု အားလားတော့ မသိဘူး... ကျွန်တော်တို့ ခင်ဗျားနဲ့ စကားနည်းနည်းလောက် ပြောချင်လို့ပါ"
အန်တိုနီနှင့် ဂျန်းနီတို့သည် ပင်လယ်ပြင် ရေနံတူးစင်ပေါ်သို့ ရောက်သည်နှင့် အလုပ်များနေသော မိုက်ကယ်ကို သွားရှာကြလေသည်။
မိုက်ကယ်သည် လက်ထဲမှ အလုပ်ကို ချထားလိုက်ပြီး အန်တိုနီနှင့် ဂျန်းနီကို မြင်သောအခါ မျက်မှောင်ကြုတ်သွားလေသည်။
သူ့ရှေ့ရှိ ထိုလူနှစ်ယောက်သည် ဤနေရာတွင် ဖြစ်ပျက်ခဲ့သော အခြေအနေများကို မှတ်တမ်းတင်ရန် တစ်ပတ်လျှင် တစ်ကြိမ် လာရောက်လေ့ရှိသည်။ ထို့အပြင် ဤနေရာတွင် စောင့်ကြည့်ရန် လူနှစ်ယောက်ကိုလည်း အမြဲတမ်းထားရှိသည်။
ထိုလူနှစ်ယောက်က နေ့စဉ် ရေဒါစောင့်ကြည့်ရေး ကိရိယာများကို စောင့်ကြည့်ပြီး ယခင်က ရေနံခိုးသူများ ဤနေရာသို့ နောက်တစ်ကြိမ် ပြန်လာမည်လားဆိုသည်ကို စောင့်ကြည့်နေကြသည်။
တကယ်တော့ မိုက်ကယ်သည် ထိုလူနှစ်ယောက်ကို အနည်းငယ် မနှစ်မြို့ပေ။
တစ်ပတ်တစ်ကြိမ် လာနေသဖြင့် အလွန် စိတ်အနှောင့်အယှက်ဖြစ်ရသည်။ လာတိုင်းလည်း သူ၏ အလုပ်များကို နှောင့်နှေးစေသည်။
လပေါင်းများစွာ ကြာသည်အထိ ထိုလျှို့ဝှက်ဆန်းကြယ်သော ရေနံခိုးသူသည် နောက်ထပ် ပေါ်မလာတော့ပေ။ ဤကိစ္စမျိုး နောက်ထပ် ဖြစ်လာမည်မဟုတ်ဟု မိုက်ကယ်က ထင်သည်။
ထိုလူများလည်း တစ်ပတ်လျှင် တစ်ကြိမ် လာနေရန် မလိုအပ်ပေ။
"ဪ... အန်တိုနီနဲ့ ဂျန်းနီတို့ပါလား... ခင်ဗျားတို့ အခြေအနေ လာစုံစမ်းတာလား"
မိုက်ကယ်က လျှောက်လာပြီး ပြုံးကာ ပြောလိုက်လေသည်။
တကယ်တော့ သူသည် ထိုလူနှစ်ယောက်ကို သိပ်ပြီး စကားမပြောချင်သော်လည်း သူတို့က အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရိုမှ ဖြစ်ကြောင်း သိထားသဖြင့် မျက်နှာပျက်အောင် မလုပ်ရဲပေ။
"အင်း... ဟုတ်တယ်... ခင်ဗျားကို လာနှောင့်ယှက်ရပြန်ပြီ"
"ဟဲဟဲ... စုံစမ်းစစ်ဆေးရေးကို ပူးပေါင်းကူညီရမှာပေါ့... ဘာမှ မဖြစ်ပါဘူး... အလုပ်မရှုပ်ပါဘူး"
မိုက်ကယ်က ရယ်မောကာ ပြောနေသော်လည်း စိတ်ထဲတွင်မူ အလွန် အနှောင့်အယှက်ဖြစ်နေလေသည်။
"မစ္စတာမိုက်ကယ်ရဲ့ အလုပ်တွေရော အဆင်ပြေရဲ့လား"
အန်တိုနီက မိုက်ကယ်ကို ဆေးလိပ်တစ်လိပ် ကမ်းပေးလိုက်ပြီး သူကိုယ်တိုင်လည်း တစ်လိပ် မီးညှိလိုက်လေသည်။
မိုက်ကယ်သည် ဆေးလိပ်ကို ယူကာ မီးညှိလိုက်ပြီး တစ်ရှိုက် ပြင်းပြင်းရှိုက်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"လတ်တလော အလုပ်တွေတော့ အဆင်ပြေပါတယ်"
"ဘာမှ ထူးဆန်းတဲ့ ကိစ္စတွေ မဖြစ်ဘူးမလား... ဥပမာ အရင်တစ်ခေါက်ကလို တူးစင်ကြီး တုန်ခါသွားတာမျိုး... ဒါမှမဟုတ် ရေအောက်မှာ ထူးခြားတဲ့ လှုပ်ရှားမှုမျိုးတွေပေါ့"
အန်တိုနီက ပြုံး၍ မေးလိုက်လေသည်။
"မရှိပါဘူး... ဒီလပိုင်းတွေထဲမှာ လုံးဝ မရှိပါဘူး... အရင်တစ်ခေါက်က ကိစ္စပြီးကတည်းက အဲဒီလို နားမလည်နိုင်တဲ့ ထူးဆန်းတဲ့ ကိစ္စမျိုး နောက်ထပ် လုံးဝ မဖြစ်တော့ပါဘူး"
မိုက်ကယ်က ခေါင်းခါကာ ပြောလိုက်လေသည်။
"ဪ... ဒီလိုလား... ဒီအတိုင်းပဲ ဆက်သွားပါစေလို့ မျှော်လင့်ပါတယ်... အဲဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ ရေနံပျောက်ဆုံးမှုမျိုး နောက်ထပ် မဖြစ်ပါစေနဲ့တော့"
အန်တိုနီက သက်ပြင်းချကာ ပြောလိုက်လေသည်။
တကယ်တော့ သူသည်လည်း ဤလပိုင်းများအတွင်း တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ကိစ္စများကြောင့် ဆံပင်များပင် ဖြူလာခဲ့ရသည်။
တစ်ဖက်လူမှာ နတ်ဘုရားတစ်ပါးလို ဖြစ်နေပြီး သူကတော့ သာမန်လူသားတစ်ယောက်လို ဖြစ်နေသည်။ တစ်ဖက်လူမှာ အမြဲတမ်း လာချင်တိုင်းလာ၊ သွားချင်တိုင်းသွား လုပ်နေသဖြင့် သူ လုံးဝ စုံစမ်း၍ မရနိုင်အောင် ဖြစ်နေလေသည်။
"ဟုတ်ပါတယ်... အရင်တစ်ခေါက် ကိစ္စကြောင့် ကျွန်တော်တို့ ကုမ္ပဏီ အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်... ရေနံတန်ချိန် သန်းဆယ်နဲ့ချီပြီး ဆုံးရှုံးခဲ့ရတာ... နောက်တစ်ကြိမ် ထပ်ဖြစ်မယ်ဆိုရင် ဒီရေနံမြေကို ဆက်ပြီး တူးဖော်စရာတောင် မလိုတော့ဘူး... ဒီရေနံတူးစင်ကြီးလည်း အလကားဖြစ်သွားမှာပဲ"
မိုက်ကယ်က မျက်နှာငယ်လေးဖြင့် ပြောလိုက်လေသည်။
ယခင်အကြိမ်က ဖြစ်ရပ်ကြောင့် မိုက်ကယ်မှာ ဤနေရာ၏ တာဝန်ခံဖြစ်နေသဖြင့် အဆဲခံရရုံသာမက လပေါင်းများစွာ၏ အပိုဆုကြေးများပါ ဖြတ်တောက်ခံခဲ့ရသည်။
အကျိုးအမြတ် ဆုံးရှုံးမှု ဖြစ်ပေါ်ပါက မိုက်ကယ်နှင့် မသက်ဆိုင်ဟု ဆိုနိုင်သော်လည်း ကုမ္ပဏီက အပြစ်တင်စရာ လူတစ်ယောက်ကို ရှာရမည်ဖြစ်သည်။ ထို့ကြောင့် သူ့အထက်လူကြီး အန်ဒါဆန်က တာဝန်ယူမည်မဟုတ်ပေ။ သူသာလျှင် တာဝန်ယူရမည်ဖြစ်သည်။
"ဒီလိုဆိုမှတော့ မိုက်ကယ်... ခင်ဗျားကို ကျွန်တော်တို့ ဆက်မနှောင့်ယှက်တော့ပါဘူး... ဒီမှာ စောင့်ကြည့်နေတဲ့ သူနှစ်ယောက်ဆီ သွားပြီး အခြေအနေ မေးကြည့်လိုက်ဦးမယ်"
အန်တိုနီသည် မိုက်ကယ်၏ ညည်းတွားသံများကို ဆက်မနားထောင်ချင်တော့သဖြင့် ဂျန်းနီကို ခေါ်ကာ ရေနံတူးစင်ပေါ်တွင် စောင့်ကြည့်နေသော သူ၏ လက်အောက်ငယ်သား နှစ်ယောက်ရှိရာသို့ ထွက်လာခဲ့လေသည်။
မကြာမီ အန်တိုနီနှင့် ဂျန်းနီတို့သည် ရေနံတူးစင်ပေါ်ရှိ အခန်းငယ်လေးတစ်ခုသို့ ရောက်ရှိသွားလေသည်။
ဤအခန်းငယ်လေးမှာ အခန်းငှားလေး တစ်ခန်းခန့်သာ ကျယ်ဝန်းသည်။ အတွင်းသို့ ဝင်လိုက်သည်နှင့် နားမလည်နိုင်သော စက်ကိရိယာများ၊ ဝိုင်ယာကြိုးများနှင့် မော်နီတာ ခြောက်လုံး၊ ခုနစ်လုံးခန့်ကို တွေ့ရသည်။
မော်နီတာများပေါ်တွင် ရေအောက် ပတ်လည်တွင် တပ်ဆင်ထားသော ရေဒါစောင့်ကြည့်ရေးစနစ်မှ ပြန်လည်ပေးပို့သော အချက်အလက်များကို ပြသနေသည်။
"ခေါင်းဆောင် လာပြီလား"
အခန်းတွင်းရှိ လူနှစ်ယောက်သည် အန်တိုနီနှင့် ဂျန်းနီတို့ ရောက်လာသည်ကို မြင်သောအခါ အပြေးအလွှား နှုတ်ဆက်ကာ ရေခပ်တိုက်ကြလေသည်။
ထိုလူနှစ်ယောက်မှာ ဂျေ နှင့် အက်ဘီ ဟုခေါ်ပြီး အန်တိုနီ၏ လက်အောက်ငယ်သားများ ဖြစ်သည်။
"အင်း... မင်းတို့ ပင်ပန်းနေပြီ"
အန်တိုနီက လက်အောက်ငယ်သားများကို နှစ်သိမ့်စကား ပြောလိုက်လေသည်။
ရေနံတူးစင်ပေါ်တွင် အလုပ်လုပ်ရသည်မှာ အလွန်ပင်ပန်းသည်။ စားသောက်နေထိုင်ရေး အားလုံးမှာ အဆင်မပြေပေ။
ထိုလူနှစ်ယောက်မှာ ဤနေရာတွင် စောင့်နေသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ရာ ယခုဆိုလျှင် ရူးလုမတတ် ဖြစ်နေလောက်ပြီဖြစ်သည်။
"ဘာမှမဖြစ်ပါဘူး... အဖွဲ့အစည်းအတွက်ပဲလေ"
ဂျေ က ပြုံး၍ ပြောလိုက်လေသည်။
"အင်း... နောက်ထပ် တစ်လလောက်နေရင် မင်းတို့နေရာကို အစားထိုးဖို့ နောက်ထပ် နှစ်ယောက် လွှတ်လိုက်မယ်... မင်းတို့ နည်းနည်းလောက် ထပ်သည်းခံလိုက်ပါဦး"
အန်တိုနီက ဂျေ နှင့် အက်ဘီ၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။
"အိုး ကျေးဇူးတင်ပါတယ် ခေါင်းဆောင်"
ထိုလူနှစ်ယောက်မှာ ထိုစကားကို ကြားသောအခါ အလွန် စိတ်လှုပ်ရှားသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ လူနေရန် သင့်တော်သော နေရာ မဟုတ်သောကြောင့်ပင်။
"ဒါနဲ့ ဒီအပတ်ထဲမှာ ဘာတွေများ တွေ့ရသေးလဲ... ဒါမှမဟုတ် မသင်္ကာစရာ တစ်ခုခုများ တွေ့ရသေးလား"
ထိုင်ပြီးနောက် အန်တိုနီက မေးလိုက်လေသည်။
"မရှိပါဘူး... ရေဒါက ပို့လာတဲ့ အချက်အလက်တွေအရ ပတ်ဝန်းကျင် အားလုံး ပုံမှန်ပါပဲ... ဘာထူးခြားမှုမှ မရှိပါဘူး"
အက်ဘီက မှတ်တမ်းစာအုပ်ကို ထုတ်ကာ အန်တိုနီကို ပြလိုက်လေသည်။
အန်တိုနီက ယူကြည့်လိုက်ရာ တကယ်ပင် ဘာမှ ဖြစ်မနေကြောင်း တွေ့ရသည်။
"ဟူး တကယ်ကို ထူးဆန်းတာပဲ... ဒီလပိုင်းတွေထဲမှာ တောင်တရုတ်ပင်လယ်မှာ အရင်တစ်ခေါက်ကလို လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စမျိုး တစ်ခုမှ မဖြစ်တော့ဘူး... တစ်ဖက်လူက ကိုယ့်ကိုယ်ကိုယ် မဖော်ပြရဲတော့ဘဲ ပုန်းအောင်းသွားတာများလား"
အန်တိုနီက စဉ်းစားကာ ပြောလိုက်လေသည်။
တောင်တရုတ်ပင်လယ် အပါအဝင် အခြားသော ပင်လယ်ပြင်များတွင်လည်း ယခင်အကြိမ်ကကဲ့သို့ ကိစ္စမျိုး ဖြစ်ပွားခြင်း မရှိတော့ပေ။
"ခေါင်းဆောင်... ကျွန်မ ထင်တာတော့ တစ်ဖက်လူက လတ်တလောမှာ ဘာမှ လှုပ်ရှားတော့မယ် မထင်ဘူး... လပေါင်းများစွာ ကြာသွားပြီကို တစ်ဖက်လူက ဘာမှ ထပ်မလှုပ်ရှားဘူးလေ... တကယ်လို့ ဒီလိုကိစ္စမျိုး ဆက်လုပ်ချင်သေးတယ်ဆိုရင် ဒီလပိုင်းတွေထဲမှာ လုပ်သင့်နေပြီ"
ဂျန်းနီက ခဏ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"ဟုတ်တယ်... ဂျန်းနီ ပြောတာ မှန်တယ်"
ဂျေ ကလည်း ထောက်ခံလိုက်သည်။
တကယ်တော့ ပြစ်မှုကျူးလွန်သူမှာ သူတို့၏ မျက်စိအောက်တွင်ပင် ပြစ်မှုကျူးလွန်နေကြောင်း သူတို့ မသိရှိကြပေ။
သူတို့ ပတ်လည်တွင် တပ်ဆင်ထားသော ရေဒါစောင့်ကြည့်ရေးစနစ်မှ ထုတ်လွှတ်သော ရေဒါလှိုင်းများမှာ ရေအောက်တူးဖော်ရေးစနစ်ကြီး၏ အကာအကွယ်အလွှာက အားလုံး စုပ်ယူသွားပြီး ထိုရေဒါများက မည်သည့် အချက်အလက်မျှ ပြန်လည်မပို့နိုင်ပေ။
ထို့ကြောင့် သူတို့က မော်နီတာကို ၂၄ နာရီလုံး ကြည့်နေလျှင်ပင် ပြဿနာကို တွေ့ရှိနိုင်မည် မဟုတ်ပေ။
...
ပင်လယ်ရေအောက်တွင်မူ ဆွန်ဖုန်းမှာ ဘာမှ လုပ်စရာ မရှိသဖြင့် အသံလက်ထောက်နှင့် စကားပြောနေလေသည်။
အဘယ်ကြောင့်ဆိုသော် သူက သုံးရက်ကြာမှ အလုပ်သိမ်းရမည် ဖြစ်ရာ စကားပြောဖော် မရှိပါက ပင်လယ်ရေအောက်တွင် ထိုင်နေရင်း ပျင်းသေသွားနိုင်သောကြောင့်ပင်။
"အသံလက်ထောက်... ဒီကိစ္စကို ပိုပြီး ကြီးကျယ်သွားအောင် ငါတို့ ဘယ်လို လုပ်ကြမလဲ... ဒီအဲလ် ရေနံကုမ္ပဏီရဲ့ ရေနံတွေကို ခိုးရုံတင်မကဘဲ သူတို့ရဲ့ ရေနံတွေ ထပ်အခိုးခံရတယ်ဆိုတာကိုပါ သူတို့ကို သိစေချင်တယ်... အဲဒါမှ သူတို့ကို သေအောင် ဒေါသထွက်စေနိုင်မှာ... ငါတို့က ခိုးပြီးတာနဲ့ ပြန်သွားမယ်ဆိုရင် သူတို့ရဲ့ ရေနံ တန်ချိန် သန်းဆယ်နဲ့ချီ အခိုးခံရမှန်းတောင် သူတို့ သိမှာမဟုတ်ဘူး"
ဆွန်ဖုန်းက ခေါင်းစောင်းကာ စဉ်းစားရင်း ပြောလိုက်လေသည်။
"အရှင်... ခိုးပြီးသွားရင် အပေါ်က ရေနံတူးစင်ပေါ်က လူတွေ သိအောင် နည်းနည်းလောက် လှုပ်ရှားမှုလေး လုပ်ပြလိုက်ပေါ့... အဲဒီအခါကျရင် သူတို့ ရေနံမြေကို နောက်တစ်ယောက် လာခိုးသွားမှန်း သူတို့ သိသွားမှာပေါ့"
"အင်း ဟုတ်တယ်... အဲဒီလို လုပ်ရမယ်... သုံးရက်နေလို့ ငါတို့ ရေနံခိုးပြီးရင် ပြန်ခါနီးကျရင် တမင်သက်သက် လှုပ်ရှားမှုလေး လုပ်ပြပြီး တစ်ဖက်လူကို သိအောင် လုပ်ရမယ်... ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ငါတို့ကို မြင်ရမှာမှ မဟုတ်တာ... ငါတို့ရဲ့ မျက်နှာကိုလည်း မြင်ရမှာ မဟုတ်ဘူးလေ"
ဆွန်ဖုန်းက မဖွယ်မရာ ပြုံးကာ ပြောလိုက်လေသည်။
"ဟုတ်တယ် အရှင်... လှုပ်ရှားမှုလေး လုပ်ပြပြီးရင် ငါတို့ ပြန်ဆုတ်ကြမယ်... အဲဒီအခါကျမှ သူတို့ သတိထားမိလည်း ရေအောက်တူးဖော်ရေးစနစ်ကြီးရဲ့ အရှိန်နဲ့ဆို ငါတို့က ကီလိုမီတာ ရာနဲ့ချီပြီး ဝေးတဲ့ နေရာကို ရောက်နေလောက်ပြီ"
"အရှင်... တကယ်တော့ ကျွန်တော့်မှာ ပိုကောင်းတဲ့ အကြံတစ်ခု ရှိတယ်"
"ဘာအကြံလဲ"
ဆွန်ဖုန်းက အနည်းငယ် စိတ်ဝင်စားသွားသည်။
"အရှင်က ဒီအဲလ် ရေနံကုမ္ပဏီကို လက်စားချေချင်မှတော့ ငါတို့ အကြီးအကျယ် လုပ်လိုက်ကြမယ်... သုံးရက်နေလို့ ငါတို့ ရေနံတန်ချိန် သန်း ၁၂၀ ခိုးပြီးရင် ပြန်ခါနီးကျရင် တမင်သက်သက် လှုပ်ရှားမှုလေး လုပ်ပြပြီး တစ်ဖက်လူကို သူတို့ရဲ့ ရေနံမြေ နောက်တစ်ခါ အခိုးခံရပြီဆိုတာ သိအောင် လုပ်မယ်... ပြီးရင် ငါတို့ အားပြန်သွင်းပြီး ဆက်ခိုးမယ်... ဘာပဲဖြစ်ဖြစ် ဒီရေနံမြေက စတုရန်းကီလိုမီတာ ဆယ်ဂဏန်းလောက် ကျယ်တာပဲ... သူတို့ရဲ့ ရေဒါစောင့်ကြည့်ရေး နည်းပညာနဲ့ ငါတို့ ရေနံခိုးတာကို ဘယ်လိုလုပ်ပြီး တားဆီးနိုင်မှာလဲ... ငါတို့မှာ အကာအကွယ်အလွှာ ရှိတယ်... ၃၅၀ ကီလိုမီတာ အချင်းဝက်အတွင်း ရှာဖွေနိုင်တဲ့ စနစ်လည်း ရှိတယ်... တစ်ဖက်လူ နီးလာတာနဲ့ အန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်တယ်... သူတို့က ငါတို့ကို ရေနံခိုးမှန်း သိနေရင်တောင် တားဆီးလို့မရဘူး... ဖမ်းလို့လည်း မရဘူး... မြင်လည်း မမြင်ရဘူးလေ... ငါတို့က သူတို့ရဲ့ အာရုံကြောတွေကို စိန်ခေါ်ပြီး သူတို့ကို ဒေါသထွက်သေအောင် လုပ်ပစ်ရမယ်"
အသံလက်ထောက်က ဆွန်ဖုန်းကို အကြံပေးလိုက်လေသည်။
"ဟေ့ကောင်... မင်းအကြံက မိုက်တယ်ကွာ... တကယ်မိုက်တယ်"
ဆွန်ဖုန်းက အသံလက်ထောက်ကို လက်မထောင်ပြလိုက်လေသည်။
လက်ရှိ ရေအောက်တူးဖော်ရေးစနစ်ကြီး၏ အရှိန်၊ တိုက်ခိုက်နိုင်စွမ်းနှင့် အကာအကွယ်အလွှာတို့ကြောင့် တစ်ဖက်လူက သူ့ကို လုံးဝ မြင်တွေ့နိုင်မည် မဟုတ်သလို ဖမ်းဆီးနိုင်မည်လည်း မဟုတ်ကြောင်း ဆွန်ဖုန်း ယုံကြည်သည်။
ပထမဆုံးအနေဖြင့် အကာအကွယ်အလွှာကို ကြီးအောင်၊ သေးအောင် လုပ်နိုင်သည်။ ကြီးအောင်လုပ်လိုက်ပါက ရေနံတူးဖော်နေသော နေရာတစ်ခုလုံးကို ကာကွယ်ပေးနိုင်သည်။ သေးအောင်လုပ်လိုက်ပါက ရေအောက်တူးဖော်ရေးစနစ်ကြီးကို ကာကွယ်ပေးနိုင်သည်။
အကာအကွယ်အလွှာ၏ လုပ်ဆောင်ချက် တစ်ခုမှာ အမြင်အာရုံကို ဖုံးကွယ်ပေးခြင်း ဖြစ်ပြီး ကိုယ်ပျောက်ဝတ်ရုံကဲ့သို့ပင် ဖြစ်သည်။
ရေအောက်တူးဖော်ရေးစနစ်ကြီးကို အကာအကွယ်အလွှာက ဖုံးအုပ်ထားချိန်တွင် အပြင်ဘက်မှ လူများက အတွင်းရှိ ရေအောက်တူးဖော်ရေးစနစ်ကြီးကို လုံးဝ မြင်တွေ့ရမည် မဟုတ်ပေ။
ထို့ကြောင့် ယခင်အကြိမ်က မိုက်ကယ် စေလွှတ်လိုက်သော ရေငုပ်သင်္ဘောများ လာရောက် စစ်ဆေးစဉ်က ရှေ့တွင် ဘာမှ မမြင်ရသလို အတားအဆီး ဘာမှ မရှိသော်လည်း ရေကိုသာ မြင်တွေ့ရပြီး အကာအကွယ်အလွှာကို အတင်း ဝင်တိုက်မိသွားခြင်း ဖြစ်သည်။
ထို့ကြောင့် အကာအကွယ်အလွှာမှာ ပွင့်လင်းမြင်သာမှု ရှိပြီး ကိုယ်ပျောက်နိုင်စွမ်းလည်း ရှိသဖြင့် အတွင်းရှိ လူနှင့် ပစ္စည်းများကို အပြင်မှ လူများ မမြင်ရအောင် ဖုံးကွယ်ပေးနိုင်သည်။
ယခင်အကြိမ်က မိုက်ကယ်တို့ အဖွဲ့သည် အကာအကွယ်အလွှာ အတွင်းရှိ အခြေအနေများကို မမြင်တွေ့ရခြင်းမှာ ထိုအချိန်က အတွင်းတွင် ဆွန်ဖုန်း၏ စက်ယန္တရားများက ရေနံမြေကို မနားတမ်း တူးဖော်နေသော်လည်း သူတို့က မမြင်တွေ့ရခြင်း ဖြစ်သည်။
ဤနတ်ကိရိယာ နှစ်ခုရှိနေသဖြင့် အသံလက်ထောက်က ဆွန်ဖုန်းကို ဤမျှ မောက်မာစွာ လုပ်ဆောင်ရန် အကြံပေးရဲခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နည်းပညာပိုင်းအရ အသာစီးရနေသဖြင့် ရန်သူက အလင်းတွင် ရှိပြီး မိမိက အမှောင်တွင် ရှိနေသဖြင့် တစ်ဖက်လူကို လုံးဝ ကြောက်စရာ မလိုသောကြောင့်ပင်။
"ဘယ်လိုလဲ... ကျွန်တော့် နည်းလမ်းက မိုက်လား... မမိုက်ဘူးလား"
အသံလက်ထောက်က ဂုဏ်ယူစွာဖြင့် မေးလိုက်လေသည်။
"ကောင်းတယ်... ဒီနည်းလမ်းကို စမ်းကြည့်လို့ ရတယ်"
ဆွန်ဖုန်းက ခေါင်းညိတ်လိုက်သည်။
ထိုအချိန်ကျလျှင် စုံစမ်းစစ်ဆေးရေးဗျူရို၏ အာရုံကြောများကို စိန်ခေါ်နိုင်ရုံသာမက ဒီအဲလ် ရေနံကုမ္ပဏီ ဒါရိုက်တာအဖွဲ့မှ အဘိုးကြီးများကိုလည်း ဒေါသထွက်သေအောင် လုပ်နိုင်မည်ဖြစ်သည်။
မျောက်ညိုလေးများကိုလည်း အသေအလဲ ဒေါသထွက်စေမည်ဖြစ်ရာ တကယ်ကို ကျိုးကြောင်းဆီလျော်လှပေသည်။ တွေးကြည့်ရုံဖြင့်ပင် အလွန် အားရစရာကောင်းလှပေသည်။
"ကောင်းပြီ... ဒီလိုပဲ လုပ်ကြမယ်"
အကြွင်းမဲ့ နည်းပညာ အသာစီးရမှု အောက်တွင် အရာအားလုံးမှာ စက္ကူကျားများသာ ဖြစ်သည်။ ဤသည်မှာ မောက်မာရဲသည့် အရင်းအနှီးပင် ဖြစ်သည်။
သေချာသည်မှာ ဤသို့သော ကိစ္စမျိုးကို ကုန်းပေါ်တွင် ဆွန်ဖုန်း မလုပ်ရဲသော်လည်း ပင်လယ်ရေအောက်တွင်မူ သူ အားနာနေစရာ မလိုပေ။
အဘယ်ကြောင့်ဆိုသော် ပင်လယ်ရေအောက်တွင် သူသည် ဘုရင်တစ်ပါး ဖြစ်သောကြောင့်ပင်။ လက်ရှိ လူသားများ၏ အင်အားမှာ ပင်လယ်ရေအောက်သို့ အပြည့်အဝ မရောက်ရှိနိုင်သေးပေ။ ပင်လယ်ရေအောက်မှာ သဘာဝ အတားအဆီး တစ်ခု ဖြစ်ပြီး ဆွန်ဖုန်းမှာ အကြွင်းမဲ့ လုံခြုံမှု ရှိပေသည်။