← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း (၁၆၇) တုန်လှုပ်ခြင်း

"အားလုံး မလန့်ကြနဲ့... ကျွန်တော် ပြောတာကို နားထောင်ပါ... မကြောက်ကြနဲ့... တည်တည်ငြိမ်ငြိမ် နေကြပါ... ဟိုဟိုဒီဒီ မလျှောက်သွားကြနဲ့... အစွန်းဘက်ကို အရမ်း မသွားကြနဲ့..."

မိုက်ကယ်က အသံကျယ်ကျယ်ဖြင့် အော်ပြောကာ ပတ်ဝန်းကျင်ရှိ အလုပ်သမားများကို နှစ်သိမ့်နေလေသည်။

တကယ်တော့ မိုက်ကယ်သည် အလုပ်သမားများကြားတွင် အတော်လေး ဩဇာညောင်းသူ ဖြစ်သည်။ ထို့ကြောင့် မိုက်ကယ်၏ နှစ်သိမ့်မှုအောက်တွင် မကြာမီ ထိုလူများ၏ စိတ်ခံစားမှုမှာ တဖြည်းဖြည်း တည်ငြိမ်သွားလေသည်။

အန်တိုနီတို့ လေးယောက်မှာ ထွက်မသွားရသေးပေ။ သူတို့ ထွက်သွားရန် ပြင်ဆင်နေချိန်တွင် ရေနံတူးစင်ပေါ်၌ ဤပြင်းထန်သော တုန်ခါမှုကြီးကို ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။

"မြေငလျင်လား..."

ဂျန်းနီက နံရံကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး သံသယဝင်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။

"ဒီတုန်ခါမှုက အင်အား ရစ်ချ်တာစကေး ၅ လောက်တော့ ရှိမယ်..."

ဂျေ သည်လည်း အနည်းငယ် ထိတ်လန့်လာလေသည်။

လူသားများမှာ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် အားအနည်းဆုံး ဖြစ်သည်။

သူတို့မှာ သာမန်လူများ မဟုတ်ဘဲ စိတ်ဓာတ်ကြံ့ခိုင်သူများ ဖြစ်သော်လည်း လူတိုင်းကတော့ သေရမှာကို ကြောက်ကြသည်ချည်းသာ ဖြစ်သည်။ သေရမှာ မကြောက်သော လူဟူ၍ မရှိပေ။

ဤလူများထဲတွင် အန်တိုနီ တစ်ယောက်သာ အတည်ငြိမ်ဆုံး ဖြစ်သည်။

သူက ပတ်ဝန်းကျင် အခြေအနေကို ကြည့်လိုက်ပြီး စက္ကန့်အနည်းငယ် အကြာတွင် တုန်ခါမှု ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။

ထို့နောက် အန်တိုနီက လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။

"မြေငလျင် မဟုတ်တာလည်း ဖြစ်နိုင်တယ်... အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်း လာတိုက်ခိုက်တာလည်း ဖြစ်နိုင်တယ်..."

အန်တိုနီ၏ စကားကို ကြားသောအခါ ကျန်သုံးယောက်မှာ အံ့ဩသွားကြပြီးနောက် ခဏစဉ်းစားကြည့်ရာ ဖြစ်နိုင်ခြေ အလွန်များကြောင်း တွေးမိလိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် တစ်နှစ်လုံးလုံး မြေငလျင် မလှုပ်ခဲ့သောကြောင့်ပင်။ ဒီအဲလ် ရေနံကုမ္ပဏီမှ ကျွမ်းကျင်သူများလည်း လာရောက် စစ်ဆေးပြီးဖြစ်ရာ ဤနေရာတွင် လာမည့် အချိန်ကာလ တစ်ခုအတွင်း လုံးဝ မြေငလျင် လှုပ်မည် မဟုတ်ကြောင်း အတည်ပြုထားသည်။

ယခင် ရေနံခိုးခံရသည့် အချိန်ကလည်း အသေးစား တုန်ခါမှု လေးငါးကြိမ်ခန့် ဖြစ်ပေါ်ခဲ့ဖူးသည်။

ယခုတစ်ကြိမ် တုန်ခါမှုမှာ ယခင်အကြိမ်များထက် အများကြီး ပိုမို ပြင်းထန်သော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခြင်း မဟုတ်ဟု မဆိုနိုင်ပေ။

မည်သို့ပင်ဖြစ်စေ အန်တိုနီ၏ အလိုအလျောက် သိစိတ်အရ ယခုရုတ်တရက် ဖြစ်ပေါ်လာသော တုန်ခါမှုမှာ မြေငလျင် ဖြစ်နိုင်ခြေ အလွန် နည်းပါးလှပေသည်။

"ဒါဆိုရင် ငါတို့ အခု ဘာဆက်လုပ်ကြမလဲ..."

ဂျန်းနီက ချက်ချင်း ပြန်လည် တည်ငြိမ်သွားပြီး အန်တိုနီကို မေးလိုက်လေသည်။

"တကယ်လို့ အဲဒီ ရေနံခိုးတဲ့ လူတွေ လာတိုက်ခိုက်တာ ဆိုရင် လက်ရှိ ငါတို့ရဲ့ လူအင်အားနဲ့ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... သူတို့ လက်ချက်နဲ့ ငါတို့ပါ ထိခိုက်သွားနိုင်တယ်... အခု ချက်ချင်း တောင်တရုတ်ပင်လယ် အနီးအနားက အမေရိကန် စစ်သင်္ဘောတွေကို ဒီကိုလာဖို့ အကြောင်းကြားမှပဲ အလုပ်ဖြစ်မယ်..."

အန်တိုနီက ပြောလိုက်သည်။

အကယ်၍ သူတို့ ယခု ချက်ချင်း ရေအောက်သို့ ဆင်းသွားပါက တစ်ဖက်လူက ဒေါသထွက်ပြီး သူတို့ကို သတ်ပစ်လိုက်မည်ကို စိုးရိမ်ရသည်။

"ဒါပေမယ့် စစ်သင်္ဘောတွေ လာဖို့ စောင့်နေရင် တစ်ဖက်လူက လွတ်သွားလောက်ပြီ... စစ်သင်္ဘောတွေ ရောက်လာလည်း အလကားပဲ ဖြစ်ပြီး ဆီကုန်တာပဲ အဖတ်တင်မှာပေါ့... ပြီးတော့ ဒီရေအောက် တုန်ခါမှုက အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းက ရေနံလာခိုးတာ ဟုတ်မဟုတ် ငါတို့ သေချာ မသိသေးဘူးလေ... တကယ်လို့ မဟုတ်ခဲ့ရင် ရေတပ်က လူတွေ ဒေါသထွက်ပြီး ငါတို့ကို အပြစ်လာတင်လိမ့်မယ်..."

အက်ဘီက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။

သူတို့လေးယောက် ခဏတာ တိတ်ဆိတ်သွားကြသည်။ ရုတ်တရက် သူတို့ တစ်ခုကို သတိထားမိလိုက်သည်။ တကယ်လို့ ဒီတစ်ခါ ဖြစ်ရပ်က အစစ်အမှန် ဖြစ်ခဲ့လျှင်တောင် တစ်ဖက်လူကို သူတို့ ဘာမှ မတတ်နိုင်ကြောင်း သိလိုက်ရသည်။

စစ်သင်္ဘောတွေ ရောက်လာလျှင်တောင် တစ်ဖက်လူကို ခြိမ်းခြောက်ရုံသာ တတ်နိုင်မည်ဖြစ်ပြီး တစ်ဖက်လူက ကြောက်ချင်မှလည်း ကြောက်မည်ဖြစ်သည်။

"ငါတို့ စစ်သင်္ဘောတွေ မခေါ်ရင် တခြား ဘာလုပ်နိုင်သေးလို့လဲ... ဘာမှ ဂရုမစိုက်နဲ့တော့... အရင်ဆုံး ခေါ်လိုက်... ဟုတ်မဟုတ်ကတော့ နောက်မှ သိရမှာပဲ... ဘာပဲဖြစ်ဖြစ် ငါတို့ အကုန်ရင်းလိုက်မယ်..."

ဂျန်းနီက အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

သူတို့ ဤနေရာတွင် စောင့်နေသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်သည်။ ယခု ဖြစ်ပေါ်လာသော အခြေအနေမှာ သေချာပေါက် အတည်မပြုနိုင်သော်လည်း တစ်သောင်းကို မှားသတ်မိပါစေ၊ တစ်ယောက်ကိုတော့ အလွတ်မပေးနိုင်ပေ။

ရေတပ်၏ ဒေါသကိုတော့ သူတို့၏ အထက်လူကြီးများကိုသာ ရင်ဆိုင်ခိုင်းလိုက်တော့မည်။

"ကောင်းပြီ... ဂျန်းနီ... မင်း အခုချက်ချင်း တောင်တရုတ်ပင်လယ် အနီးအနားက စစ်သင်္ဘောတွေကို ဆက်သွယ်လိုက်... ငါက မိုက်ကယ်ဆီ သွားပြီး လူတချို့ကို ရေအောက်ဆင်းပြီး အခြေအနေ ကြည့်ဖို့ ခိုင်းလို့ ရမရ သွားတိုင်ပင်လိုက်ဦးမယ်... သဲလွန်စလေး တစ်ခုလောက် ရရင် အကောင်းဆုံးပဲ..."

အန်တိုနီက ဂျန်းနီကို မှာကြားလိုက်ပြီးနောက် ဂျေ နှင့် အက်ဘီကို ခေါ်ကာ မိုက်ကယ်ရှိရာသို့ ထွက်သွားလေသည်။

"ကောင်းပါပြီ..."

အန်တိုနီ ထွက်သွားပြီးနောက် ဂျန်းနီက စစ်သင်္ဘောရှိ လူများကို ဖုန်းခေါ်လိုက်လေသည်။

"ဟဲလို... မင်္ဂလာပါ... ဗိုလ်ချုပ် ကယ်ရီ လားရှင့်... ဟုတ်ကဲ့... ကျွန်မ စုံစမ်းစစ်ဆေးရေးဗျူရိုက ဒုတိယ အဖွဲ့ခေါင်းဆောင် ဂျန်းနီ ပါ..."

"ဘာကိစ္စ ရှိလို့လဲ..."

ဖုန်းတစ်ဖက်မှ ကယ်ရီက မေးလိုက်လေသည်။

"ဒီလိုပါ... ပါလာဝမ်ကျွန်း ရေနံတူးစင်ဘက်မှာ အရင်တစ်ခေါက်ကလို လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်ရပ်မျိုး ထပ်ဖြစ်နေတယ်... ခုနလေးတင် ပြင်းထန်တဲ့ တုန်ခါမှုကြီး ဖြစ်သွားတယ်... အဲဒီ ရေနံခိုးတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်း ထပ်ရောက်လာပြီလို့ ကျွန်မတို့ သံသယရှိတယ်... အဲဒါကြောင့် ကူညီပေးဖို့ တောင်းဆိုတာပါ..."

ဂျန်းနီက ဤဘက်ရှိ အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။

"တကယ်လား..."

ကယ်ရီက ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့ဩသွားလေသည်။

ဤကိစ္စကို သူလည်း ကြားဖူးသည်။ အထက်လူကြီးများကလည်း တောင်တရုတ်ပင်လယ်တွင် ဤကဲ့သို့ ကိစ္စမျိုး ဖြစ်ပွားပါက ချက်ချင်း သွားရောက်ရန်နှင့် တစ်ဖက်လူကို ပစ်သတ်နိုင်ပါက အကောင်းဆုံး ဖြစ်ကြောင်း ညွှန်ကြားထားသည်။ တစ်ဖက်လူက ဂြိုဟ်သားပဲ ဖြစ်ဖြစ်၊ မည်သည့် အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် သတ်ပစ်ရန် အမိန့်ပေးထားခြင်း ဖြစ်သည်။

"တကယ်ပါ... ကျွန်မတို့ အခု အခင်းဖြစ်ပွားတဲ့ နေရာမှာ ရောက်နေပါတယ်..."

ဂျန်းနီက အတည်ပြု ပြောလိုက်လေသည်။ တကယ်တော့ သူမကိုယ်တိုင်လည်း သေချာ မသိပေ။ မည်သို့ပင်ဖြစ်စေ စစ်သင်္ဘောများကို အရင် လှည့်စားပြီး ခေါ်လိုက်ခြင်း ဖြစ်သည်။

"ကောင်းပြီ... တည်နေရာ ပို့ပေးလိုက်... ငါ တစ်နာရီ အတွင်း ရောက်လာခဲ့မယ်..."

ကယ်ရီက ပြောလိုက်သည်။

"ကောင်းပါပြီ..."

...

"မိုက်ကယ်..."

အန်တိုနီက အဝေးမှနေ၍ ကုန်းပတ်ပေါ်တွင် အလုပ်သမားများကို နှစ်သိမ့်ပေးနေသော မိုက်ကယ်ကို မြင်သောအခါ အမြန် လျှောက်သွားလိုက်လေသည်။

"ဘာကိစ္စလဲ... မစ္စတာ အန်တိုနီ..."

မိုက်ကယ်သည် အန်တိုနီ ပြေးလာသည်ကို မြင်သောအခါ မကောင်းသည့် နိမိတ်တစ်ခုကို ခံစားလိုက်ရလေသည်။

"ဒီလိုပါ... ခုနက တုန်ခါမှုက အဲဒီ ရေနံခိုးတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့ လာတိုက်ခိုက်တာလို့ ငါ သံသယရှိတယ်... ဒါကြောင့် မင်းကို လူတချို့ ဖွဲ့ပြီး ပင်လယ်ကြမ်းပြင် ပတ်လည်ကို ဆင်းပြီး အခြေအနေ စစ်ဆေးဖို့ တောင်းဆိုချင်တယ်..."

အန်တိုနီက မိုက်ကယ်နှင့် စကားရှည်ရှည် မပြောချင်တော့ဘဲ သူ၏ တောင်းဆိုချက်ကို တိုက်ရိုက် ပြောလိုက်လေသည်။

မိုက်ကယ်သည် ထိုစကားကို ကြားသောအခါ ချက်ချင်း ခေါင်းခါကာ ငြင်းဆိုလိုက်လေသည်။

"နိုး... နိုး... နိုး... ဒီတစ်ခေါက် တုန်ခါမှုက မြေငလျင်လား၊ ဒါမှမဟုတ် အဲဒီ ကျိန်စာသင့် ဂြိုဟ်သားတွေ လာတိုက်ခိုက်တာလား ဆိုတာ ငါ သေချာ မသိဘူး... မင်းတို့ သွားချင်ရင် မင်းတို့ဘာသာ သွား... အန္တရာယ်ကို မသိဘဲနဲ့ ငါ့ရဲ့ အလုပ်သမားတွေကို စွန့်စားခိုင်းပြီး သူတို့ အသက်ကို အန္တရာယ် မပေးနိုင်ဘူး... မင်းတို့ကို ကူညီဖို့အတွက် သူတို့ရဲ့ အသက်ကို လောင်းကြေး မထပ်နိုင်ဘူး..."

အန်တိုနီ၏ တောင်းဆိုချက်ကို မိုက်ကယ်က လုံးဝ ငြင်းဆိုလိုက်လေသည်။ နောက်ပြောင်နေတာလား... အောက်မှာ ဘာအခြေအနေမှန်း ဘယ်သူ သိမှာလဲ...

မိုက်ကယ်သည် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ပြီး လက်အောက်ငယ်သားများကို ချစ်ခင်တတ်ကြောင်း ဝန်ခံရမည် ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ဤမျှ ဩဇာညောင်းနေခြင်း ဖြစ်သည်။

မိုက်ကယ်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်ကို မြင်သောအခါ အန်တိုနီ အလွန် စိတ်ပူသွားလေသည်။

တစ်ဖက်လူက အနီးအနားတွင် ရှိနေသည်ဖြစ်ရာ သူကိုယ်တိုင် ဆင်းပြီး အခြေအနေကို ကြည့်ရှုချင်နေသည်။ သဲလွန်စလေး တစ်ခုလောက် ရလျှင်တောင် ကောင်းသည်ဟု သူ တွေးထားသည်။

မိုက်ကယ်က ငြင်းဆိုလိုက်မည်ဟု သူ မထင်ထားခဲ့ပေ။ မိုက်ကယ်က ငြင်းဆိုလိုက်ပါက သူတို့ လေးယောက်တည်းဖြင့် ဤအလုပ်ကို မည်သို့ လုပ်နိုင်မည်နည်း။

စစ်သင်္ဘော ရောက်လာချိန်အထိ စောင့်နေရမည် ဆိုလျှင် အားလုံး နောက်ကျသွားပြီ ဖြစ်သည်။

"ဟွန့်... အခု ငါက အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ အဖွဲ့ခေါင်းဆောင် အနေနဲ့ မင်းတို့ကို အမိန့်ပေးတယ်... ငါတို့ရဲ့ အလုပ်ကို အပြည့်အဝ ပူးပေါင်းကူညီရမယ်..."

အန်တိုနီသည် တစ်ဖက်လူက မျက်နှာသာ မပေးသည်ကို မြင်သောအခါ ဒေါသထွက်လာပြီး သူ၏ ရာထူးကို အသုံးပြုကာ အတင်းအကျပ် အမိန့်ပေးလိုက်လေသည်။

"မင်း..."

မိုက်ကယ်သည် အန်တိုနီက သူ့ကို အတင်းအကျပ် အမိန့်ပေးနေသည်ကို မြင်သောအခါ ဒေါသထွက်လွန်း၍ မျက်လုံးများ ပြူးကာ ထိုခွေးမသားကို ထိုးသတ်ပစ်ချင်စိတ် ပေါက်လာလေသည်။

"မင်းက နိုင်ငံသားတွေရဲ့ အသက်ကို ဂရုမစိုက်ဘူးလား... သောက်ကျိုးနည်း..."

မိုက်ကယ်က အန်တိုနီကို ဒေါသတကြီး စိုက်ကြည့်ကာ ဆဲဆိုလိုက်လေသည်။

"ဆဲလို့ ဝပြီလား... ဝပြီဆိုရင် မြန်မြန် လူသွားစုတော့... ငါ့မှာ အချိန်မရှိဘူး..."

အန်တိုနီ၏ မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အုံ့မှိုင်းနေပြီး သူ၏ လက်က ခါးပေါ်ရှိ သေနတ်အိမ်ကို ကိုင်ထားသည်ကို မိုက်ကယ် မြင်လိုက်ရသည်။

"ဟွန့်..."

မိုက်ကယ်က အေးစက်စက် နှာမှုတ်လိုက်လေသည်။

တစ်ဖက်လူ၏ အာဏာပြမှု အောက်တွင် သူ အလျှော့ပေးလိုက်ရပြီး ဒေါသတကြီးဖြင့် လူသွားစုရလေတော့သည်။

ဆယ်မိနစ်ကျော် အကြာတွင် မိုက်ကယ်သည် အဖွဲ့ငယ် ငါးဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး အန်တိုနီတို့ လေးယောက်ပါ ပေါင်းလိုက်လျှင် စုစုပေါင်း အဖွဲ့ငယ် ခြောက်ဖွဲ့ ဖြစ်သွားလေသည်။

မကြာမီ သူတို့သည် ရေနံတူးစင်ပေါ်တွင် အသင့် ပြင်ဆင်ထားသော ရှာဖွေရေး ရေငုပ်သင်္ဘောငယ်များပေါ်သို့ တက်ကာ ပင်လယ်ရေအောက်သို့ စတင် ဆင်းသက်ကြလေသည်။

မကြာမီ အန်တိုနီတို့ အဖွဲ့ငယ် ခြောက်ဖွဲ့သည် ရေနံတူးစင်ကို ဗဟိုပြု၍ အရပ်ခြောက်မျက်နှာသို့ ခွဲထွက်ကာ ရှာဖွေမှု စတင်ကြလေသည်။

ယခုအချိန်တွင် ဆွန်ဖုန်းသည် ရေမိုင် တစ်ရာကျော် အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက အပြာရောင် သေမင်းတမန် အလင်းတန်းများ ပစ်ခတ်ပြီးနောက် ချက်ချင်း ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ အမြန်ဆုံး အားပြန်သွင်းပြီး ဤနေရာသို့ နောက်တစ်ကြိမ် လာရောက်၍ ဒုက္ခပေးရန် ဖြစ်သည်။ ဟဲဟဲ...

အန်တိုနီတို့ လေးယောက်သည် မိုက်ကယ်နှင့်အတူ ရေငုပ်သင်္ဘောငယ် တစ်စင်းအတွင်း ထိုင်ကာ ရှေ့သို့ ဖြည်းဖြည်းချင်း မောင်းနှင်နေကြလေသည်။ မိုက်ကယ်က ဤစက်ကို မောင်းနှင်နေခြင်း ဖြစ်ပြီး သူ အမြန် မမောင်းရဲပေ။ အဘယ်ကြောင့်ဆိုသော် ယခင်တစ်ကြိမ်က ဖြစ်ရပ်ကို နောက်တစ်ကြိမ် ထပ်ကြုံရပါက အမြန်မောင်းခြင်းက သေလမ်းရှာခြင်းပင် ဖြစ်သောကြောင့်တည်း။

"လောလောဆယ် ဘာမှ မတွေ့သေးဘူး..."

အက်ဘီက ရေငုပ်သင်္ဘော၏ ပြတင်းပေါက်မှတစ်ဆင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရေမှလွဲ၍ ဘာမှ မတွေ့ရကြောင်း ပြောလိုက်လေသည်။

"မလောပါနဲ့... အလွယ်တကူ ရှာတွေ့နိုင်မယ် ဆိုရင် ငါတို့လည်း ဒီလောက်ထိ မျက်စိကန်းနေမှာ မဟုတ်ဘူး..."

အန်တိုနီက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ တကယ်တော့ သူ၏ စိတ်ထဲတွင် အလွန် စိတ်လှုပ်ရှားနေလေသည်။

ရှေ့သို့ ဆယ်မိနစ်ခန့် ဖြည်းဖြည်းချင်း သွားပြီးနောက် မည်သည့် အရာကိုမျှ မတွေ့ရသေးဘဲ ပင်လယ်ကြမ်းပြင်မှာ ငြိမ်သက်နေဆဲပင် ဖြစ်သည်။

"အို... ဘုရားသခင်... ရှေ့က တွင်းကြီး နှစ်တွင်းက ဘယ်အချိန်ကတည်းက ပေါ်လာတာလဲ..."

ဆက်သွယ်ရေး စက်ထဲမှ အံ့ဩတကြီး အော်ဟစ်သံ ထွက်ပေါ်လာလေသည်။

"ဂျက်... ဘာတွေ့လို့လဲ..."

မိုက်ကယ်သည် ဆက်သွယ်ရေး စက်ထဲမှ အသံမှာ သူ၏ လက်အောက်ငယ်သား ဂျက် ၏ အသံဖြစ်ကြောင်း သိလိုက်လေသည်။

"ခေါင်းဆောင်... ကျွန်တော်တို့ ရှေ့ မီတာ တစ်ရာ အကွာမှာ ကြီးမားတဲ့ တွင်းကြီး နှစ်တွင်းကို တွေ့တယ်... ဒီတွင်းကြီးတွေက ကျွန်တော်တို့ရဲ့ ရေနံတူးစင်ကနေ မီတာ တစ်ထောင်လောက်ပဲ ဝေးမယ် ထင်တယ်... အရင်တစ်ခေါက် ကျွန်တော်တို့ လာရှာတုန်းက ဒီတွင်းကြီး နှစ်တွင်းကို မတွေ့ခဲ့ပါဘူး... ဒီနေ့မှ ဘယ်လိုဖြစ်ပြီး ပေါ်လာတာလဲ မသိဘူး..."

ဆက်သွယ်ရေး စက်ထဲမှ ဂျက် ၏ အသံမှာ အနည်းငယ် ထိတ်လန့်နေပြီး အသံများပင် တုန်ယင်နေလေသည်။

"သွားမယ်... လှည့်... အဲဒီနေရာကို အခုချက်ချင်း သွားကြည့်မယ်..."

အန်တိုနီ၏ မျက်ခွံများ လှုပ်သွားပြီး မိုက်ကယ်ကို အခင်းဖြစ်ပွားရာ နေရာသို့ ချက်ချင်း သွားရန် ပြောလိုက်လေသည်။

အန်တိုနီ ယခု တွေးမိလိုက်သည်မှာ ဤတစ်ကြိမ် တုန်ခါမှုမှာ မြေငလျင် မဟုတ်ဘဲ ထိုရေနံခိုးသော လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်း နောက်တစ်ကြိမ် ရောက်လာခြင်း ဖြစ်ကြောင်း အသေအချာပင် ဖြစ်သည်။

မကြာမီ အန်တိုနီတို့သည် ထိုတွင်းကြီး နှစ်တွင်း၏ ရှေ့သို့ ရောက်ရှိသွားလေသည်။ ရေငုပ်သင်္ဘော အတွင်းတွင် ထိုင်နေသော အန်တိုနီသည် ဤတွင်းကြီး နှစ်တွင်း၏ အစစ်အမှန် ပုံစံကို သေချာ မြင်တွေ့လိုက်ရသည်။ ထိုတွင်းကြီး နှစ်တွင်းမှာ အဝိုင်းပုံစံ ဖြစ်ပြီး အချင်း မီတာ ဆယ်ဂဏန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။ အနက်မှာ မီတာ တစ်ရာကျော်ခန့် ရှိပေသည်။

"ဘုရားရေ... အဲဒီလောက် ကြီးမားတဲ့ တုန်ခါမှုကြီး ဖြစ်သွားတာ မဆန်းပါဘူး... ဒီတွင်းကြီး နှစ်တွင်းကြောင့် ဖြစ်သွားတာကိုး... ဘယ်လို အရာကများ ပင်လယ်ကြမ်းပြင်မှာ ဒီလို တွင်းကြီး နှစ်တွင်း ဖြစ်သွားအောင် ဖောက်ခွဲနိုင်တာလဲ..."

အက်ဘီက မျက်လုံးပြူးကာ ပါးစပ် အဟောင်းသားဖြင့် အလွန် အံ့ဩသွားလေသည်။

"ကြည့်... ဒီတွင်းကြီးရဲ့ ဘေးပတ်လည်က နံရံတွေမှာရှိတဲ့ မြေကြီးတွေက အသစ်တွေချည်းပဲ... ဒီနေရာက ပင်လယ်ရေတွေလည်း အရမ်း နောက်ကျိနေတယ်... ခုနက တုန်ခါမှုက ဒီနေရာမှာ ပေါက်ကွဲမှု ဖြစ်သွားတာ သေချာတယ်..."

ဂျန်းနီက အရေးကြီးသော အချက်ကို ချက်ချင်း မြင်တွေ့သွားလေသည်။

"မှန်တယ်... ဒါကြောင့် ရစ်ချ်တာစကေး ၅ ရှိတဲ့ မြေငလျင်လောက် တုန်ခါမှု ဖြစ်သွားတာကိုး... ပေါက်ကွဲမှု ဖြစ်သွားလို့ပဲ... အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်း လုပ်တာများလား..."

ဂျေ က မေးစေ့ကို ပွတ်ကာ ပြောလိုက်လေသည်။

"တကယ်လို့ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းက လုပ်တာ ဆိုရင် တစ်ဖက်လူမှာ လက်နက် အင်အား ရှိတယ် ဆိုတာ သေချာသွားပြီ... ပြီးတော့ အရမ်း အစွမ်းထက်တယ် ဆိုတာလည်း သေချာတယ်..."

အန်တိုနီက ဤတွင်းကြီး နှစ်တွင်းကို ကြည့်ကာ စိတ်ထဲတွင် ပို၍ စိုးရိမ်လာလေသည်။

All Chapters