အခန်း ၁၇၀
Vol. 17 Ch. 170
အခန်း (၁၇၀) အစောင့်အကြပ်တွေ ကြားထဲကနေ ဝင်ခိုးမယ်
အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို ရုံးချုပ်။
အစည်းအဝေးခန်းထဲတွင် လူဆယ်ဂဏန်းခန့် စုဝေးနေကြသည်။
အဖွဲ့ ဆယ်ဖွဲ့၏ ခေါင်းဆောင်များ၊ အထက်လူကြီး နှစ်ဦးနှင့် ဒုတိယ ဗျူရိုမှူး တစ်ဦးတို့ တက်ရောက်နေကြသည်။
"ပါလာဝမ်ကျွန်းမှာ ဖြစ်သွားတဲ့ ကိစ္စကို မင်းတို့အားလုံး သိလောက်ပြီလို့ ထင်တယ်... ဒီနေရာမှာ ငါ ထပ်မပြောတော့ဘူး... နောက်ထပ် ရေနံခိုးတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်း ထပ်မလာနိုင်အောင် အဖွဲ့နှစ်ဖွဲ့လုံးက အဖွဲ့ဝင် အားလုံးကို ပါလာဝမ်ကျွန်း အနီးက ဒီအဲလ် ရေနံကုမ္ပဏီရဲ့ ရေနံတူးစင်ပေါ်ကို စောင့်ကြည့်ရေး တာဝန်နဲ့ ငါ စေလွှတ်မယ်"
ဒုတိယ ဗျူရိုမှူး ဘော့ဘ် က လူအားလုံးကို တစ်ချက် ကြည့်ကာ ပြောလိုက်လေသည်။
လက်ရှိတွင် ဤကိစ္စကို အထက်လူကြီးများက အလွန် အလေးထားနေကြသည်။ အလေးထားသည်ဟု ဆိုခြင်းထက် ဤမျှ အဆင့်မြင့် နည်းပညာကို ပိုင်ဆိုင်ထားသော အဖွဲ့အစည်းအပေါ် အကြံအစည် ရှိနေခြင်း ဖြစ်ပြီး ဖမ်းမိပါက မျှော်လင့်မထားသော အကျိုးအမြတ်များ ရရှိနိုင်မည်ဟု မျှော်လင့်နေကြခြင်း ဖြစ်သည်။
သူတို့က ဒီအဲလ် ရေနံကုမ္ပဏီ၏ ဆုံးရှုံးမှု တစ်ခုတည်းအတွက်နှင့် ဤမျှ အင်တိုက်အားတိုက် လုပ်ဆောင်နေမည် မဟုတ်ပေ။
"ဒုတိယ ဗျူရိုမှူး... ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးဗျူရိုက လူနှစ်ဖွဲ့တည်း သွားရုံနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး... ကျွန်တော်တို့က တစ်ဖက်လူကို လုံးဝ တားနိုင်မှာ မဟုတ်ဘူး... လူဆယ်ဖွဲ့ သွားရင်တောင် တစ်ဖက်လူရဲ့ အစစ်အမှန် မျက်နှာကို သိနိုင်မှာ မဟုတ်ဘူး... တွေ့ရဖို့တောင် မသေချာဘူး... ဖမ်းဖို့ဆိုတာ ဝေလာဝေးပဲ"
အန်တိုနီက လက်ထောင်ကာ သူ၏ အမြင်ကို တင်ပြလိုက်လေသည်။ အင်အားကြီးမားသော စစ်သင်္ဘောများ၊ လက်နက်များ၏ အကူအညီ မပါဘဲ သွားခြင်းထက် မသွားသည်က ပိုကောင်းပေမည်။ သွားလည်း အလကားသာ ဖြစ်မည်။
"အန်တိုနီ... မပူပါနဲ့... ဒီတစ်ခေါက် အထက်လူကြီးတွေက အရမ်း အလေးထားတယ်... ပါလာဝမ်ကျွန်း အနီးတဝိုက်မှာ ကင်းလှည့်ဖို့ ဖျက်သင်္ဘော နှစ်စင်းနဲ့ ကင်းလှည့်သင်္ဘော တစ်စင်း စေလွှတ်ဖို့ ဆုံးဖြတ်ထားတယ်... လှုပ်ရှားမှု တစ်ခုခု ရှိတာနဲ့ တရားခံကို ချက်ချင်း ရှာဖွေပြီး ချေမှုန်းပစ်လိမ့်မယ်"
ဘော့ဘ် က အန်တိုနီကို စိတ်ဓာတ်မကျစေရန် အချက်ပြကာ ပြုံး၍ ပြောလိုက်လေသည်။
စစ်တပ်ကပါ ပါဝင်လာမည်ဟု ကြားသောအခါ လူအများစုမှာ သက်ပြင်းချနိုင်သွားကြသည်။ ထိုသို့ဆိုလျှင် သူတို့တွင် လုံလောက်သော အင်အား ရှိသွားပြီ ဖြစ်သည်။
"အင်း... ဒီလိုဆိုရင်တော့ ကျွန်တော်တို့ တစ်ဖက်လူကို ရင်ဆိုင်ဖို့ အခွင့်အရေး ရှိသွားပြီ"
အန်တိုနီက ဖြည်းညင်းစွာ ခေါင်းညိတ်ကာ ပြောလိုက်လေသည်။ တစ်ဖက်လူ ပါလာဝမ်ကျွန်း အနီးသို့ နောက်တစ်ကြိမ် ရောက်လာပါက ဤစစ်သင်္ဘော သုံးစင်း ရှိနေသဖြင့် အန်တိုနီတို့ အနေဖြင့် တစ်ဖက်လူကို ကြောက်နေစရာ မလိုတော့ပေ။
"ကောင်းပြီ... ဒါဆိုရင် အစည်းအဝေး သိမ်းမယ်... အန်တိုနီနဲ့ အိုနေးလ် မင်းတို့ နှစ်ယောက် မနက်ဖြန် မင်းတို့ လူတွေကို ခေါ်ပြီး ပါလာဝမ်ကျွန်းကို ချက်ချင်း သွား... စစ်တပ်ရဲ့ တာဝန်တွေကို ကူညီပေးဖို့ တာဝန်ယူရမယ်"
ဘော့ဘ် က တာဝန်ပေးအပ်လိုက်သော အဖွဲ့ခေါင်းဆောင် နှစ်ဦးကို ပြောလိုက်လေသည်။
"နားလည်ပါပြီ ဒုတိယ ဗျူရိုမှူး"
......
ဤရက်ပိုင်းအတွင်း ဆွန်ဖုန်းသည် နယူးဖောင်လန်သို့ ပြန်ရောက်သည်နှင့် ပထမဆုံး အနေဖြင့် ရေအောက်တူးဖော်ရေး စနစ်ကြီးကို အားသွင်းလိုက်သည်။ ထို့နောက် စိန့်ဖုန်းရေနံမြေတွင် ဆက်လက် နေထိုင်ကာ ရေနံတူးဖော်ရေး ကိစ္စများကို အလုပ်ရှုပ်နေလေသည်။
ရေအောက်တူးဖော်ရေး စနစ်ကြီး အတွင်းရှိ စက်ကိရိယာများ အားပြည့်ရန် တစ်ပတ်ခန့် အချိန်ယူရမည် ဖြစ်ရာ ဤတစ်ပတ်လုံး နယူးဖောင်လန်တွင်သာ နေထိုင်ရမည် ဖြစ်သည်။
ဤတစ်ပတ်အတွင်း စိန့်ဖုန်းရေနံမြေတွင် နောက်ထပ် ရေနံတွင်း တစ်တွင်း ထပ်မံ တူးဖော်နိုင်ခဲ့ရာ ယခုဆိုလျှင် စုစုပေါင်း ရေနံတွင်း ခုနစ်တွင်း ရှိသွားပြီ ဖြစ်သည်။ ထို့အပြင် ရေနံတွင်းတိုင်းမှ ရေနံများ ထွက်ရှိနေသဖြင့် သတင်းကောင်း တစ်ခုဟု ဆိုနိုင်သည်။
ဒီအဲလ် ရေနံကုမ္ပဏီက ဆွန်ဖုန်း၏ ရေနံမြေကို ပိတ်ဆို့မည်ဟု ဆိုသော ကိစ္စနှင့် ပတ်သက်၍မူ လောလောဆယ်တွင် တစ်ဖက်လူ ထံမှ မည်သည့် လှုပ်ရှားမှုကိုမျှ မတွေ့ရသေးပေ။ သူတို့သည် ပါလာဝမ်ကျွန်းရှိ ရေနံမြေ ကိစ္စကြောင့် ခေါင်းကိုက်နေကြပုံရသည်။
တကယ်တော့ ဆွန်ဖုန်းသည် တစ်ဖက်လူ၏ ပိတ်ဆို့မှုကို မကြောက်ပေ။ အကယ်၍ တစ်ဖက်လူက သူတို့၏ အဆက်အသွယ်များနှင့် အင်အားကို အသုံးပြု၍ အခြားသူများ ဆွန်ဖုန်း၏ ရေနံကို မဝယ်ရဲအောင် လုပ်ဆောင်လာပါက ဆွန်ဖုန်းသည် လီကျိ၏ ကျင်းချန် ရေနံကုမ္ပဏီသို့ တိုက်ရိုက် ရောင်းချနိုင်သည်။
တရုတ်လူမျိုး အချင်းချင်း ကူညီကြမည်ဟု ဆွန်ဖုန်း ယုံကြည်သည်။ ထို့အပြင် ကျင်းချန် ရေနံကုမ္ပဏီ၏ အင်အားမှာ ဒီအဲလ် ရေနံကုမ္ပဏီထက် အနည်းငယ် ပိုမို ကြီးမားသဖြင့် ဒီအဲလ် ရေနံကုမ္ပဏီကို ကြောက်လန့်နေမည် မဟုတ်ပေ။
မနေ့က ဆွန်ဖုန်းသည် လျန်ယင်း ထံသို့ ဖုန်းဆက်၍ မာလ် သံမဏိတွင်း၏ အခြေအနေကို မေးမြန်းခဲ့သည်။ ထိုဘက်ရှိ အခြေအနေမှာ တည်ငြိမ်သော်လည်း သံရိုင်း ရောင်းချရမှုမှာ အနည်းငယ် ကျဆင်းသွားကြောင်း လျန်ယင်းက ပြောပြသည်။
သို့သော် ဆွန်ဖုန်းက သိပ်ပြီး ဂရုမစိုက်ပေ။ လက်ရှိ သံမဏိ လုပ်ငန်း တစ်ခုလုံးမှာ အခြေအနေ မကောင်းသဖြင့် ဤသည်မှာ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စဖြစ်သည်။
တစ်ပတ် အချိန်သည် အလွန် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဆွန်ဖုန်း၏ ရေအောက်တူးဖော်ရေး စနစ်ကြီးလည်း အားပြည့်သွားပြီ ဖြစ်ရာ တောင်တရုတ်ပင်လယ်သို့ ကြီးမားသော ကိစ္စများ လုပ်ဆောင်ရန် ဆက်လက် ထွက်ခွာနိုင်ပြီ ဖြစ်သည်။
မျောက်ညိုလေးများနှင့် ဒီအဲလ် ရေနံကုမ္ပဏီတို့ဘက်မှ ကြိုတင် ကာကွယ်မှုများ လုပ်ဆောင်ထားမည်ကို ဆွန်ဖုန်း သိသည်။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သော အပတ်က သူ ရေနံခိုးပြီးနောက် တမင်သက်သက် အသံကျယ်ကြီးများ ထွက်အောင် လုပ်ခဲ့သဖြင့် တစ်ဖက်လူက ကြိုတင် ကာကွယ်မှု မလုပ်ထားပါကသာ ပုံမှန်မဟုတ်သော ကိစ္စ ဖြစ်မည်။
ဟဲဟဲ... ဆွန်ဖုန်းက တစ်ဖက်လူ ကြိုတင် ကာကွယ်ထားသည့် ကြားမှပင် ရေနံကို သွားခိုးမည် ဖြစ်သည်။ အဲဒါမှ စိတ်လှုပ်ရှားစရာ ကောင်းပြီး တစ်ဖက်လူရဲ့ အာရုံကြောတွေကို စိန်ခေါ်နိုင်မည် ဖြစ်သည်။
ဆွန်ဖုန်းက သူတို့ကို အသိပေးချင်သည်မှာ 'မင်းတို့ ကြိုတင် ကာကွယ်ထားလည်း ဘာဖြစ်လဲ... ငါက ခိုးနိုင်တုန်းပဲ... ပြီးတော့ ငါ ထွက်သွားတာကို မင်းတို့ တားနိုင်မှာ မဟုတ်ဘူး... အရေးအကြီးဆုံးက ငါ ဘယ်သူလဲ ဆိုတာကို မင်းတို့ သိနိုင်မှာ မဟုတ်ဘူး' ဟူ၍ ဖြစ်သည်။
ဤသည်မှာ ကြွားလုံးထုတ်နေခြင်း မဟုတ်ဘဲ ပြိုင်ဘက်ကို လုံးဝ အရေးမစိုက်ဘဲ အထင်သေးနေခြင်း ဖြစ်သည်။
"သွားမယ်... ပါလာဝမ်ကျွန်းကို ဆက်ထွက်မယ်... အစောင့်အကြပ်တွေ ကြားထဲကနေ ဝင်ခိုးကြမယ်"
နယူးဖောင်လန်ရှိ လူသူကင်းမဲ့သော ကမ်းခြေ တစ်နေရာတွင် ဆွန်ဖုန်းသည် ရေအောက်တူးဖော်ရေး စနစ်ကြီးကို ဝတ်ဆင်ကာ ပင်လယ်ရေအောက်သို့ နောက်တစ်ကြိမ် ငုပ်ဆင်းသွားပြီး တောင်တရုတ်ပင်လယ် ပါလာဝမ်ကျွန်းဆီသို့ အလျင်အမြန် ထွက်ခွာသွားလေသည်။
လေးနာရီကျော် အကြာတွင် ဆွန်ဖုန်းသည် ပါလာဝမ်ကျွန်း အနီးရှိ ပင်လယ်ပြင်သို့ နောက်တစ်ကြိမ် ရောက်ရှိလာလေသည်။ ထိုရေနံမြေနှင့် ကီလိုမီတာ ၈၀ ခန့် အကွာသို့ ရောက်သောအခါ အသံလက်ထောက် ထံမှ သတိပေးချက်ကို ရုတ်တရက် ကြားလိုက်ရလေသည်။
"တီ တီ တီ... သတိပေးချက်... အနောက်တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာမှာ ကင်းလှည့်သင်္ဘော တစ်စင်းကို တွေ့ရှိပါတယ်... ပင်လယ်ပြင်မှာ ကင်းလှည့်နေတာပါ... စစ်သင်္ဘောက ရေဒါ ရှာဖွေရေး စနစ်ကို ဖွင့်ထားတယ်... ကျွန်တော်တို့ကို ပစ်မှတ်ထားနေတာ ဖြစ်ဖို့များတယ်... ကျွန်တော်တို့ ပါလာဝမ်ကျွန်းကို အကြိမ်ကြိမ် ရောက်ဖူးပေမယ့် အရင်က စစ်သင်္ဘော တစ်စင်းမှ မတွေ့ဖူးဘူး... ဒီတစ်ခေါက် ရောက်လာတော့မှ အနီးအနားမှာ စစ်သင်္ဘော ပေါ်လာတယ်... ပြီးခဲ့တဲ့ အပတ်က ဖြစ်ရပ်က အဖွဲ့အစည်း တစ်ခုခုရဲ့ အထူး အလေးထားမှုကို ခံလိုက်ရပြီး ကျွန်တော်တို့ကို ကာကွယ်ဖို့ စစ်သင်္ဘောတွေတောင် စေလွှတ်လိုက်တာ ဖြစ်မယ်"
အသံလက်ထောက်က ပြောလိုက်လေသည်။
"ဟဲ... တစ်ဖက်လူက ငါတို့ကို တော်တော်လေး အလေးထားတာပဲ... ဒါပေမယ့် အဲဒီလိုမှ ပိုစိတ်ဝင်စားစရာ ကောင်းပြီး ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတာ"
ဆွန်ဖုန်းက အေးစက်စက် ပြုံးကာ ပြောလိုက်လေသည်။ စစ်သင်္ဘော စေလွှတ်လိုက်လည်း ဘာဖြစ်လဲ။ ငါက ပါလာဝမ်ကျွန်းမှာ ဝင်လိုက် ထွက်လိုက် အကြိမ်ကြိမ် လုပ်နိုင်တုန်းပဲ။
"လုံခြုံရေး အရ... တစ်ဖက်လူ ကျွန်တော်တို့ကို မတွေ့သွားအောင်... တစ်ဖက်လူ စစ်သင်္ဘောရဲ့ ရေဒါ ရှာဖွေမှုကို တားဆီးဖို့ အကာအကွယ် အလွှာကို ချက်ချင်း ဖွင့်ဖို့ အကြံပြုပါတယ်"
"ကောင်းပြီ... အကာအကွယ် အလွှာကို အခုချက်ချင်း ဖွင့်လိုက်"
ဆွန်ဖုန်းက ရေအောက်တူးဖော်ရေး စနစ်ကြီးကို တိုက်ရိုက် အမိန့်ပေးလိုက်လေသည်။
"အကာအကွယ် အလွှာ ဖွင့်နေပါတယ်... ဖွင့်ပြီးပါပြီ"
ဤတစ်ကြိမ်တွင် အကာအကွယ် အလွှာကို အလွန် ကြီးမားအောင် မဖွင့်ထားဘဲ ရေအောက်တူးဖော်ရေး စနစ်ကြီးကိုသာ လုံလောက်စွာ ကာကွယ်နိုင်ရုံမျှသာ ဖွင့်ထားလိုက်သည်။ ယခု လောလောဆယ် ရေနံ စတင် မတူးဖော်ရသေးသဖြင့် အကြီးကြီး ဖွင့်ထားပါက စွမ်းအင် ဖြုန်းတီးရာ ကျပေမည်။
"ကောင်းပြီ... ရေနံမြေ ရှိတဲ့ နေရာကို ဆက်ထွက်မယ်"
ဆွန်ဖုန်းသည် မိမိကိုယ်ကို ပေါ်လွင်မည့် အန္တရာယ် မရှိတော့သည်ကို မြင်သောအခါ ရှေ့ရှိ ရေနံမြေဆီသို့ ဆက်လက် ထွက်ခွာသွားလေသည်။
သိပ်မကြာမီမှာပင် အသံလက်ထောက်က ဆွန်ဖုန်းကို ထပ်မံ သတိပေးလိုက်ပြန်သည်။
"ရှေ့ ကီလိုမီတာ ငါးဆယ် အကွာမှာ ဖျက်သင်္ဘော တစ်စင်း ထပ်တွေ့ပါတယ်"
"လခွီးပဲ... စစ်သင်္ဘော နှစ်စင်းတောင် ပါလာဝမ်ကျွန်း အနီးတဝိုက်မှာ ကင်းလှည့်နေတာလား... ကြည့်ရတာ တစ်ဖက်လူက အရင်းအနှီး အကြီးကြီး ထုတ်ထားတာပဲ... ငါ့ကို မသတ်ရမချင်း လက်လျှော့မယ့် ပုံမပေါ်ဘူး"
ဆွန်ဖုန်းက အနည်းငယ် မျက်လုံးပြူးသွားလေသည်။
"ဂရုစိုက်စရာ မလိုပါဘူး... ကျွန်တော်တို့ဆီမှာ အကာအကွယ် အလွှာ ရှိတယ်... တစ်ဖက်လူရဲ့ ရေဒါက ကျွန်တော်တို့ကို ရှာတွေ့မှာ မဟုတ်ဘူး"
အသံလက်ထောက်က အထင်သေးစွာဖြင့် ပြောလိုက်လေသည်။
"ကောင်းပြီ... ဒါဆို ဆက်သွားမယ်"
နောက်ထပ် ကီလိုမီတာ ငါးဆယ်ခန့် အကြာတွင် အသံလက်ထောက်က ဆွန်ဖုန်းကို ထပ်မံ သတိပေးလာပြန်သည်။ ရေနံမြေ၏ ပင်လယ်ပြင်ပေါ်တွင် နောက်ထပ် ဖျက်သင်္ဘော တစ်စင်း ရပ်နားထားကြောင်း ပြောလာလေသည်။
"ငါ့လခွီးပဲ... ငါ့ကို ရင်ဆိုင်ဖို့ စစ်သင်္ဘော သုံးစင်းတောင် လွှတ်လိုက်တာလား... ဘယ်လောက်တောင် ရန်ငြိုး ကြီးနေလို့လဲ... ငါက ရေနံတန်ချိန် သန်းဆယ်နဲ့ချီပြီး ခိုးရုံလေး ခိုးတာပါ... လူလည်း မသတ်ခဲ့ပါဘူး... အဲဒီလောက်ကြီး လုပ်စရာ လိုလို့လား"
ဆွန်ဖုန်းက စကားမပြောနိုင်တော့ဘဲ ညည်းတွားလိုက်လေသည်။