← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄ တားမြစ်ထားသော ပင်လယ်ပြင်

အမေရိကန် ဖျက်သင်္ဘော တစ်စင်း ပါလာဝမ်ကျွန်း အနီးရှိ ပင်လယ်ပြင်တွင် အမည်မသိ လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်း၏ တိုက်ခိုက် နစ်မြုပ်ခံရသည့် သတင်းက အမေရိကန် တစ်နိုင်ငံလုံးကိုသာမက တစ်ကမ္ဘာလုံးကိုပါ အလျင်အမြန် ပျံ့နှံ့သွားလေသည်။

ဤသတင်းမှာ အလွန် ကြီးမားလှသော သတင်းကြီး တစ်ခု ဖြစ်ပေသည်။

ကမ္ဘာ့ရဲ အဖြစ် နှစ်ပေါင်း နှစ်ဆယ်ကျော် အထူးသဖြင့် လွန်ခဲ့သော ဆယ်စုနှစ်ကျော် အတွင်း အခြားသူများကို အနိုင်ကျင့်လာခဲ့သော်လည်း သူတို့ကို အနိုင်ကျင့်ရဲသူ မည်သူ ရှိခဲ့ဖူးသနည်း။ သူတို့ကသာ သူများတွေကို အနိုင်ကျင့်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့တွင်တော့ မတူတော့ပေ။ ကမ္ဘာ့ရဲ အနိုင်ကျင့် ခံလိုက်ရလေပြီ။ ဤသည်မှာ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရခြင်း ဖြစ်ပြီး တစ်ကမ္ဘာလုံးက ကမ္ဘာ့ရဲ၏ ဟာသကို ထိုင်ကြည့်နေကြလေသည်။

တကယ်တော့ ဤကိစ္စမှာ ရယ်စရာ မကောင်းသော်လည်း ရယ်စရာ အကောင်းဆုံး အချက်မှာ ကမ္ဘာ့ရဲက သူများကို အရိုက်ခံရပြီး သူ့ကို ရိုက်သွားသူက မည်သူမည်ဝါ ဖြစ်ကြောင်းကို မသိရှိခြင်းပင် ဖြစ်သည်။ ဤသည်မှာ တကယ်ကို အရှက်ကွဲလွန်းလှပေသည်။

စစ်သင်္ဘော သုံးစင်းဖြင့် လျှို့ဝှက်ဆန်းကြယ်သော စူပါ ရာဇဝတ်ကောင် အဖွဲ့ကို ဖမ်းဆီးရန် ပြင်ဆင်ခဲ့သော်လည်း ကြက်ခိုးမရသည့်အပြင် ဆန်ပါ အကုန်ခံလိုက်ရသလို ဖြစ်သွားလေသည်။ တစ်ဖက်လူ၏ အရိပ်အယောင်ကိုပင် မတွေ့လိုက်ရဘဲ မိမိဘက်မှ ဖျက်သင်္ဘော တစ်စင်း ဆုံးရှုံးသွားခဲ့ရလေသည်။

တရုတ် သတင်းစာ - တောင်တရုတ်ပင်လယ်မှာ တားမြစ်နယ်မြေ ဖြစ်သွားပြီ... ကမ္ဘာ့ရဲတောင် ဒီနေရာမှာ အထိနာသွားခဲ့ပြီ... တောင်တရုတ်ပင်လယ် အောက်မှာ ဘယ်လို အရာတွေ ရှိနေတာလဲ... တစ်ခါမှ မပေါ်ဖူးသေးတဲ့ တိုက်ခိုက်မှု နည်းလမ်းတွေ... တစ်ခါမှ မမြင်ဖူးသေးတဲ့ အစစ်အမှန် မျက်နှာ...

ဗြိတိန် သတင်းစာ - ကမ္ဘာ့ နံပါတ်တစ် ရေတပ်ရဲ့ ဩဇာအာဏာ စိန်ခေါ်ခံလိုက်ရပြီလား... တစ်ဖက်လူရဲ့ အင်အားက ဘယ်လောက်တောင် ကြီးမားနေလို့လဲ... ဖျက်သင်္ဘောကို နစ်မြုပ်ပစ်နိုင်ပေမယ့် ဘာလို့ လူကို မသတ်တာလဲ... ဒါက စဉ်းစားစရာ ပြဿနာ တစ်ခုပဲ...

ဖိလစ်ပိုင် နေ့စဉ်သတင်းစာ - ကျွန်တော်တို့ အနေနဲ့ ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်... ပင်လယ်ရေအောက်က လျှို့ဝှက်ဆန်းကြယ်တဲ့ အကြမ်းဖက်သမားတွေက ကျွန်တော်တို့ရဲ့ ပင်လယ်ပြင် အတွင်းမှာ ရှိနေပြီး ကျွန်တော်တို့ကို အမြဲတမ်း စောင့်ကြည့်နေပါတယ်... တောင်တရုတ်ပင်လယ်ရဲ့ လုံခြုံရေး အတွက် ပူးပေါင်း ဆောင်ရွက်ကြဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်...

ဂျပန် သတင်းစာ - ကိုယ်နဲ့ မဆိုင်ရင် နေပါစေ... နစ်ချင်တဲ့ သင်္ဘော နစ်ပါစေ...

မကြာမီ ယခုနှစ် အတွင်း တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ဖြစ်ရပ်များ အားလုံးက တောင်တရုတ်ပင်လယ်ကို တားမြစ်ထားသော ပင်လယ်ပြင် တစ်ခုလို ဖြစ်သွားစေခဲ့လေသည်။

အထူးသဖြင့် အမေရိကန် ဖျက်သင်္ဘောပင်လျှင် ထိုလျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်း၏ တစ်ချက်တည်းဖြင့် ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားခဲ့ရသဖြင့် ကုန်သွယ်ရေး သင်္ဘော အများအပြားမှာ မျောက်ညိုလေးများ၏ ပင်လယ်ပြင်ကို မဖြတ်သန်းရဲကြတော့ဘဲ ရေကြောင်းလမ်းကြောင်း တချို့ကိုပါ ပြောင်းလဲခဲ့ကြလေသည်။

တစ်ချိန်တည်းမှာပင် တောင်တရုတ်ပင်လယ်တွင် ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေး စသည်တို့ကို တူးဖော်နေသော ကုမ္ပဏီ သူဌေးများ အားလုံးမှာလည်း အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့နေကြလေသည်။

သူတို့သည် နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်စွာဖြင့် တူးဖော်နေကြရပြီး မည်သည့်နေ့တွင် ထိုလျှို့ဝှက်ဆန်းကြယ်သော ရေအောက် အဖွဲ့အစည်းက သူတို့၏ ရေနံမြေ သို့မဟုတ် တွင်းထွက်များကို လာရောက် ခိုးယူမည်ကို မသိရှိကြပေ။ သူတို့ လုပ်နိုင်သည်မှာ ဘုရားသခင်က သူတို့ကို ကံကောင်းမှုများ ယူဆောင်လာပေးရန် ဆုတောင်းရုံသာ ရှိလေသည်။

ဒီနေရာမှာ လူတချို့က မေးစရာ ရှိလာပါလိမ့်မည်။ ဘာလို့ စစ်တပ်ကို အကူအညီ မတောင်းတာလဲ ဟူ၍ ဖြစ်သည်။ အမေရိကန် ဖျက်သင်္ဘောကြီးတောင် စက္ကန့်ပိုင်း အတွင်း ချေမှုန်းခံလိုက်ရတာ မမြင်ဘူးလား။ စစ်တပ်ကတောင် ကြောက်နေရတာကို ဘယ်သူ့ကို သွားအားကိုးရမှာလဲ။

ဒီအဲလ် ရေနံကုမ္ပဏီ ရုံးချုပ်။

အစည်းအဝေးခန်း။

ယနေ့ ဒီအဲလ် ဥက္ကဋ္ဌသည် ပါလာဝမ်ကျွန်း ရေနံမြေ ကိစ္စကို ဖြေရှင်းရန် အစည်းအဝေး တစ်ခု ခေါ်ယူလိုက်လေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုကျိန်စာသင့် ရေနံခိုးသည့် အဖွဲ့က သူ၏ ရေနံမြေကို တတိယ အကြိမ် ဗြောင်ကျကျ လာခိုးကြောင်း ကြားသိရသောအခါ ဒီအဲလ် ဥက္ကဋ္ဌမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့သည်။ အန်ဒါဆန်ကို ဖမ်းပြီး သုံးရက် သုံးညတိတိ ရိုက်နှက်ချင်စိတ် ပေါက်သွားခဲ့သည်။

သို့သော် အမေရိကန် ဖျက်သင်္ဘောပင် တစ်ဖက်လူ၏ နစ်မြုပ်ခြင်းကို ခံလိုက်ရကြောင်း ကြားသိရသောအခါ ဒီအဲလ် ဥက္ကဋ္ဌသည် ချက်ချင်း နှုတ်ဆိတ်သွားပြီး ဒေါသလည်း မထွက်တော့ပေ။ တစ်ဖက်လူမှာ အလွန် အစွမ်းထက်ကြောင်း သူ သိလိုက်သည်။ သူလို စီးပွားရေးသမား သေးသေးလေး တစ်ယောက် အနေဖြင့် သွားရောက် မစော်ကားရဲပေ။

"ဒါရိုက်တာ အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အရ ပါလာဝမ်ကျွန်း ရေနံမြေ တူးဖော်ရေးကို ယာယီ ရပ်ဆိုင်းထားဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်... နောက်ပိုင်း အခြေအနေ ကောင်းလာမှပဲ ဆက်ပြီး တူးဖော်တော့မယ်"

ဒီအဲလ် ဥက္ကဋ္ဌက မျက်နှာငယ်လေးဖြင့် ကြေညာလိုက်လေသည်။

"ဘာလို့လဲ ဥက္ကဋ္ဌကြီး... ကျွန်တော်တို့ ရေနံမြေ တူးဖော်ရေးကို ရပ်လိုက်ရင် ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုက အရမ်း ကြီးမားသွားလိမ့်မယ်"

မန်နေဂျာ တစ်ဦးက မတ်တတ်ရပ်ကာ နားမလည်စွာဖြင့် မေးလိုက်လေသည်။

"ဥက္ကဋ္ဌကြီး... ကျွန်တော်တို့မှာ တခြား နည်းလမ်း မရှိတော့ဘူးလား... အမေရိကန် ရေတပ်က တောင်တရုတ်ပင်လယ်ကို မသွားရဲတော့ဘူးလား... ပထမ ရေတပ်သာ သွားပြီး တစ်ဖက်လူကို ခြိမ်းခြောက်ပေးရင် ကျွန်တော်တို့ ဆက်ပြီး တူးဖော်လို့ ရနိုင်မယ်လို့ ထင်တယ်"

ဈေးကွက်ရှာဖွေရေး ဌာနမှ ဒုတိယ မန်နေဂျာ တစ်ဦးက ပြောလိုက်လေသည်။

"ဝက်လို ကောင်... ပထမ ရေတပ်ကို သွားဖို့ ခင်ဗျားမှာ ဘာအင်အား ရှိလို့လဲ... တောင်တရုတ်ပင်လယ်က အမေရိကန်ရဲ့ အိမ်နောက်ဖေး ဥယျာဉ်မှ မဟုတ်တာ... အဲဒီလောက် အန္တရာယ် များတဲ့ နေရာကို သူတို့က သွားပါ့မလား"

"ဒါပေမယ့်..."

"တော်ပြီ... ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ... ခင်ဗျားတို့ ဘာမှ ဆက်မပြောကြနဲ့တော့"

ဒီအဲလ် ဥက္ကဋ္ဌသည် ရုတ်တရက် အသက်ဆယ်နှစ်ခန့် အိုမင်းသွားသကဲ့သို့ ဖြစ်သွားပြီး သူ၏ လေသံတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေလေသည်။

"အစည်းအဝေး သိမ်းမယ်"

အကယ်၍ ဒီအဲလ် ရေနံကုမ္ပဏီက ဤရေနံမြေ တူးဖော်ရေးကို ရပ်ဆိုင်းလိုက်ကြောင်း ဆွန်ဖုန်းသာ သိပါက သူသည် အချိန်ရသလို သွားရောက်၍ ပြောင်စင်နေအောင် ခိုးယူပြီးမှသာ ကျေနပ်မည် ဖြစ်သည်။

တတိယ အကြိမ် ရေနံခိုးပြီး ပြန်လာပြီးနောက် ဆွန်ဖုန်းသည် လောလောဆယ် ဆက်မသွားရန် ဆုံးဖြတ်လိုက်လေသည်။ ယခုအချိန်အထိ ဆွန်ဖုန်းသည် ရေနံ သုံးကြိမ် ခိုးခဲ့ပြီး ဖြစ်သည်။

ပထမ အကြိမ်တွင် တန်ချိန် သန်းငါးဆယ်၊ ဒုတိယ အကြိမ်တွင် တန်ချိန် တစ်ဆယ့်နှစ်သန်း၊ တတိယ အကြိမ်တွင်လည်း ထိုနည်းတူပင် ဖြစ်သည်။ ယခု သူ၏ သိုလှောင်ရုံ အတွင်းတွင် ရေနံတန်ချိန် စုစုပေါင်း ခုနစ်ဆယ့်လေးသန်း ရှိနေပြီ ဖြစ်သည်။

သို့သော် ထိုရေနံများကို မရောင်းရဲသေးပေ။ ရောင်းချလိုပါက စိန့်ဖုန်းရေနံမြေတွင် ရေနံတွင်းများ ပိုမို တူးဖော်ပြီး ထုတ်လုပ်မှု ပမာဏ တိုးလာမှသာ ရေနံရောင်းချမှုကို ဖုံးကွယ်နိုင်မည် ဖြစ်သည်။

...

"ဖုန်းကိုကို... ဒီသုံးရက် ဘယ်တွေများ သွားနေတာလဲ... လူကို မတွေ့ရဘူး... မိန်းကလေး သွားပိုးနေတာလား"

ညဘက်တွင် ဝူမုန့်ရှင်းနှင့် စူးမေး တို့ နှစ်ယောက် နယူးစ် မြို့ငယ်လေးရှိ အိမ်သို့ ပြန်ရောက်လာသောအခါ ဆွန်ဖုန်း ပြန်ရောက်နေသည်ကို တွေ့လိုက်ရလေသည်။

"ဟဲဟဲ... ကိုယ် ဘယ်မှာ မိန်းကလေး သွားပိုးရမှာလဲ... အလုပ်ရှုပ်နေလို့ပါ... ပိုးရင်တောင် ညီမတို့ကိုပဲ ပိုးမှာပေါ့"

ဆွန်ဖုန်းက သူ ပါလာဝမ်ကျွန်းကို ရေနံသွားခိုးခဲ့ကြောင်း ဘယ်တော့မှ ပြောပြမည် မဟုတ်ပေ။

"ဟွန်း... ညီမကို ပိုးချင်ရင် ပိုးခွင့်ပြုမှ ရမှာနော်"

စူးမေးက ဆွန်ဖုန်း၏ ဘေးတွင် ထိုင်လိုက်ပြီး ပန်းသီး တစ်လုံးကို ယူကာ ကိုက်စားလိုက်လေသည်။

"စူးမေးကို ပိုးဖို့ ကိုယ်က ပျင်းသေးတယ်... ထမင်းဟင်း မချက်တတ်တဲ့ မိန်းမက မိန်းမကောင်း မဟုတ်ဘူး"

ဆွန်ဖုန်းက စူးမေးကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

"ရှင်..."

စူးမေးက ဒေါသတကြီး မျက်မှောင်ကြုတ်သွားပြီး ဆွန်ဖုန်းကို နာကြည်းစွာ ကြည့်ကာ ပြောလိုက်လေသည်။

"ညီမက ငယ်ငယ်ကတည်းက စာပဲ သင်... သင်... သင် လာခဲ့တာ... ဘယ်မှာ ထမင်းဟင်း ချက်တတ်ပါ့မလဲ"

သူမ၏ စိတ်ထဲတွင်တော့... 'ထမင်းဟင်း မချက်တတ်တဲ့ မိန်းမက တကယ်ပဲ မိန်းမကောင်း မဟုတ်ဘူးလား' ဟု ထပ်မံ တွေးလိုက်မိလေသည်။

"ဟားဟား... ဖုန်းကိုကိုက စူးမေးကို စနေတာပါ"

ဘေးမှ ဝူမုန့်ရှင်း က ဝင်ပြောလိုက်လေသည်။

စူးမေး က ဆွန်ဖုန်းကို ကြည့်ကာ အဖြေကို စောင့်နေလေသည်။

"ကိုယ် ပြောတာ အတည်"

"......"

"ဒီရက်ပိုင်း စိန့်ဖုန်းရေနံမြေ ဘက်မှာ ဘာပြဿနာမှ မရှိဘူးမလား"

ဆွန်ဖုန်းက မိန်းကလေး နှစ်ယောက်ကို မေးလိုက်လေသည်။

"ဘာမှ မရှိပါဘူး... လောလောဆယ် ရေနံ ထွက်နှုန်းက တည်ငြိမ်နေပါတယ်"

စူးမေး က ပန်းသီးကို ဆက်ကိုက်စားရင်း မပီမသ ပြောလိုက်လေသည်။

"ဪ... ဒါနဲ့ မနေ့က လျန်ယင် ဖုန်းဆက်လာတယ်... ကိုကို့ဖုန်း ခေါ်မရဘူးတဲ့... ဟိုင်ယန်မြို့ က သံမဏိ စက်ရုံ အသစ် ဆောက်ပြီးပြီတဲ့... ထုတ်လုပ်ရေး လိုင်းတွေ တပ်ဆင်ဖို့ ဘယ်တော့လောက် ပြန်လာမလဲလို့ မေးနေတယ်"

"အင်း... လောလောဆယ် ဒီဘက်မှာ အလုပ်မအားသေးဘူး... ဒီကိစ္စတွေ ပြီးမှပဲ ပြန်သွားတော့မယ်"

ဆွန်ဖုန်းသည် ဟိုင်ယန်မြို့ ဘက်က ကိစ္စကိုပင် မေ့လုနီးပါး ဖြစ်နေလေပြီ။ လပေါင်းများစွာ ကြာသွားပြီ ဆိုတော့ ထိုဘက်တွင် တကယ်ပင် ဆောက်လုပ် ပြီးစီးလောက်ပြီ ဖြစ်သည်။

"ကောင်းပါပြီ... ဒါဆိုလည်း အစ်မလျန်ယင်ဆီ ဖုန်းဆက်ပြီး ပြောလိုက်ပါဦး"

"အိုကေ"

"ဖုန်းကိုကို... ညီမတို့ ထမင်း မစားရသေးဘူး... ဒီည ကိုကိုပဲ ဟင်းချက်ပေး... တရုတ်စာ စားချင်လို့"

ဝူမုန့်ရှင်း က ဆွန်ဖုန်း၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူ၏ လက်မောင်းကို ဆွဲကာ အသားစိုင် အိအိလေးများဖြင့် ပွတ်သီးပွတ်သပ် လုပ်ရင်း ချွဲနွဲ့ကာ တောင်းဆိုလိုက်လေသည်။

"ကောင်းပါပြီ... ညီမတို့ သမင်မငယ်လေး နှစ်ကောင် အလိုကျ လုပ်ပေးပါ့မယ်"

ဆွန်ဖုန်းက ရယ်မောကာ အခွင့်အရေး ယူ၍ ပြောလိုက်လေသည်။

All Chapters