အခန်း ၁၇၆
Vol. 18 Ch. 176
အခန်း ၁၇၆ ကိုယ်ရေးကိုယ်တာ အတွင်းရေးမှူး ဆိုတာ ဘာလဲ သိလား
အကယ်၍ ဤရေနံတွင်း အသစ် ၄ တွင်းကို တူးဖော်ပြီးစီးသွားပါက ဆွန်ဖုန်း၏ တစ်လ ရေနံထွက်နှုန်းမှာ တန်ချိန် ၆ သောင်းအထိ ရောက်ရှိသွားမည် ဖြစ်သည်။
တန်ချိန် ၆ သောင်းကို လက်ရှိ ပေါက်ဈေး တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၀၀ ခန့်ဖြင့် တွက်ပါက (ဈေးနှုန်းများကို ဤစာအုပ်ပါအတိုင်း မှတ်ယူပါ၊ လက်တွေ့နှင့် အနည်းငယ် ကွဲလွဲမှု ရှိနိုင်သည်) တစ်လလျှင် ဒေါ်လာ သန်း ၃၀ ဖိုးခန့် ထုတ်လုပ်နိုင်မည် ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်နှင့် အခွန်အခများကို နုတ်လိုက်လျှင်ပင် အမြတ်အစွန်းမှာ အတော်လေး များပြားနေဦးမည် ဖြစ်သည်။
တကယ်တော့ ဆွန်ဖုန်းသည် ဤရေနံလေးဖြင့် ထမင်းစားနေခြင်း မဟုတ်ပေ။ ရေနံထွက်နှုန်း အနည်းငယ် ထပ်တိုးလာပါက သူသည် တောင်တရုတ်ပင်လယ်မှ ခိုးယူလာသော ရေနံများကို ရောင်းချနိုင်ပြီ ဖြစ်သည်။
ထိုအချိန်ကျလျှင် စူးမေးကို စိန့်ဖုန်းရေနံမြေ၏ စုစုပေါင်း ရေနံထွက်နှုန်း စာရင်းကို အတုလုပ်ခိုင်းပြီး လစဉ် ထွက်နှုန်းကို လိမ်လည် တိုးမြှင့်လိုက်ပါက ပြဿနာ ကြီးကြီးမားမား ရှိမည် မဟုတ်ပေ။
နောက်ထပ် ရက်သတ္တပတ် အနည်းငယ် အတွင်း ချားလ်စ် သည် ရေနံတွင်း အသစ် ၄ တွင်း တူးဖော်ရေး လုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင်ခဲ့ပြီး ဆွန်ဖုန်းကမူ အသံလက်ထောက်ကို Z မော်ဒယ် ရေနံစုပ်စက်တွင် တပ်ဆင်ထားသော စူပါ ရေနံစုပ်စက် ၏ စွမ်းအားကို အနည်းငယ် တိုးမြှင့်ခိုင်းလိုက်သည်။
ထို့ကြောင့် ပထမဆုံး တူးဖော်ခဲ့သော ရေနံတွင်း ၆ တွင်း၏ တစ်ရက် ရေနံထွက်နှုန်းမှာ တန်ချိန် ၂၀၀ မှ ၃၀၀ အထိ မြင့်တက်သွားခဲ့သည်။ ထိုသို့ဖြင့် စုစုပေါင်း ရေနံထွက်နှုန်းမှာလည်း အတော်လေး တိုးတက်သွားခဲ့သည်။
ရေနံထွက်နှုန်း တိုးလာခြင်းကြောင့် စူးမေး တို့မှာ အလွန် အံ့ဩဝမ်းသာ ဖြစ်ခဲ့ကြသည်။ ရေနံထွက်နှုန်း များလေလေ စိန့်ဖုန်းရေနံမြေသည် ပြိုလဲရန် ပိုမို ခက်ခဲလေလေ ဖြစ်ကြောင်း သက်သေပြနေသောကြောင့်ပင်။
ဤကာလ အတွင်း ဒီအဲလ် ရေနံကုမ္ပဏီက စိန့်ဖုန်းရေနံမြေသို့ လာရောက်၍ ဆွန်ဖုန်းနှင့် စေ့စပ်ဆွေးနွေးခြင်း၊ ခြိမ်းခြောက်ခြင်းများ မပြုလုပ်တော့သော်လည်း စိန့်ဖုန်းရေနံမြေမှ ရေနံ စတင် ထွက်ရှိချိန်မှ စ၍ ယခုအချိန်အထိ ဆွန်ဖုန်း၏ ရေနံကို လာရောက် ဝယ်ယူသူ တစ်ဦးမျှ မရှိသေးပေ။
ဤအချက်က ဆွန်ဖုန်းကို အလွန် စိတ်ပျက်စေခဲ့သည်။ ဒီအဲလ် ရေနံကုမ္ပဏီက တကယ်ပဲ နောက်ကွယ်ကနေ လက်မည်းကြီးနဲ့ ဝင်ရောက် စွက်ဖက်နေတာလား။
သို့သော် ဆွန်ဖုန်းသည် ဝူမုန့်ရှင်းကို ရေနံဝယ်ယူမည့် ဖောက်သည်များ ရှာဖွေရန် မခိုင်းခဲ့ပေ။ ဤရေနံ အနည်းငယ်ကို ရောင်းချရုံဖြင့် ငွေများများစားစား မရနိုင်သလို လက်ရှိ ဆွန်ဖုန်း၏ ငွေကြေး လည်ပတ်မှုမှာလည်း ပြဿနာ မရှိသေးပေ။ သူလုပ်မည် ဆိုပါက အပေးအယူ ကြီးကြီးမားမားကိုသာ လုပ်ဆောင်မည် ဖြစ်သည်။
စိန့်ဖုန်းရေနံမြေ ဘက်မှ ကိစ္စများကို ဖြေရှင်းပြီးနောက် ဆွန်ဖုန်းသည် လီယာဒက်ဘာ့ဂ် သို့ သွားမည့် လေယာဉ်ပေါ်သို့ တစ်ယောက်တည်း တက်ခဲ့လေသည်။ နောက်တစ်ဆင့် အနေဖြင့် သူသည် မားစ် သံမဏိတွင်း၏ အခြေအနေကို သွားရောက် ကြည့်ရှုရန် စီစဉ်ထားသည်။
ထို့နောက် လျန်ယင် နှင့်အတူ ဟိုင်ယန်မြို့ သို့ ပြန်ကာ သံမဏိ စက်ရုံခွဲ အသစ်တွင် အထူး သံမဏိနှင့် သံမဏိတုံး၊ သံမဏိပြား ထုတ်လုပ်ရေး လိုင်းများ တပ်ဆင်မည့် ကိစ္စများကို ဖြေရှင်းမည် ဖြစ်သည်။
တစ်ရက် အကြာတွင် ဆွန်ဖုန်းသည် ခရီးဆောင်အိတ် တစ်လုံး ကိုင်ကာ လီယာဒက်ဘာ့ဂ် မြို့ လေဆိပ်တွင် တစ်ယောက်တည်း ပေါ်လာခဲ့လေသည်။
ယနေ့ လျန်ယင် က သူ့ကို လေဆိပ်သို့ လာကြိုမည်ဟု ပြောထားသဖြင့် သူကိုယ်တိုင် အငှားယာဉ် ငှားစီးစရာ မလိုတော့ပေ။
ဆွန်ဖုန်း လေယာဉ်ပေါ်မှ ဆင်းပြီး ခရီးသည် ကြိုဆိုရေး လမ်းကြောင်းသို့ ရောက်ရှိလာချိန်တွင် အဝေးမှနေ၍ ဆွဲဆောင်မှု ရှိသော မိန်းမပျိုလေး တစ်ဦးကို တွေ့လိုက်ရလေသည်။
"ဖုန်းကိုကို..."
အဝေးမှနေ၍ လျန်ယင်က ချိုသာသော အသံလေးဖြင့် လှမ်းခေါ်လိုက်ပြီး ဆွန်ဖုန်းကို လက်ပြကာ အလွန် ဝမ်းသာနေသော မျက်နှာထားဖြင့် နှုတ်ဆက်လိုက်လေသည်။
"ဒီကောင်မလေးကတော့လေ..."
ဆွန်ဖုန်းက ရယ်မောကာ ခရီးဆောင်အိတ်ကို ဆွဲ၍ လျှောက်သွားလိုက်ပြီး လျန်ယင်၏ ခါးသေးသေးလေးကို ဖက်လိုက်ရာ ပတ်ဝန်းကျင်ရှိ အမျိုးသားများမှာ မနာလို ဖြစ်သွားကြလေသည်။
"ဖုန်းကိုကို... ဒီလောက်ကြာတာတောင် ညီမကို လာမကြည့်ဘူးနော်"
လျန်ယင်က ဆွန်ဖုန်း၏ အပြုအမူကို ဂရုမစိုက်ဘဲ အနည်းငယ် နာကြည်းသော လေသံဖြင့် ပြောလိုက်လေသည်။ သူမက ဆွန်ဖုန်း၏ ခရီးဆောင်အိတ်ကို အလွန် လိမ္မာစွာဖြင့် ကူညီ သယ်ဆောင်ပေးလေသည်။ တကယ်တော့ သူမက ကောင်မလေးကောင်း တစ်ယောက် ဖြစ်ပြီး ဆွန်ဖုန်းက သူမကို အလကား ချစ်ခင်နေခြင်း မဟုတ်ပေ။
"ဟဲဟဲ... ကိုယ် အခု ညီမကို လာကြည့်တာပဲလေ"
ဆွန်ဖုန်းက လျန်ယင်ကို ဖက်ကာ လေဆိပ်ထဲမှ ထွက်လာခဲ့လေသည်။ သူတို့ နှစ်ယောက်မှာ ချစ်သူရည်းစားများ ကဲ့သို့ အလွန် ရင်းနှီး ချစ်ခင်နေကြလေသည်။
"ဟွန်း... လပေါင်းများစွာ နေမှ တစ်ခါ လာတာကို"
လျန်ယင်က ကျေနပ်ပုံ မပေါ်ဘဲ နှုတ်ခမ်းဆူကာ မကျေမနပ် ပြောလိုက်လေသည်။
"ကောင်းပါပြီ... ကောင်းပါပြီ... ကိုယ် မှားသွားပါတယ်... ကိုယ့်ရဲ့ ကျောင်းသူလေး၊ ကျောင်းရဲ့ အလှဘုရင်မလေးကို လာမကြည့်တာ အတော်ကြာသွားလို့လေ... ကဲ ညီမ ဘာလျော်ကြေး လိုချင်လဲ"
ကားပေါ်ရောက်သောအခါ ဆွန်ဖုန်းသည် လျန်ယင်၏ နာကြည်းနေသော အကြည့်ကို မခံနိုင်တော့ဘဲ လက်မြှောက် အရှုံးပေးလိုက်လေသည်။
"ညီမကို ရက်အနည်းငယ်လောက် သေချာ အဖော်ပြုပြီး လိုက်လည်ပေး..."
လျန်ယင်က နာကြည်းနေသော အမူအရာမှ ချက်ချင်း ပြောင်းလဲသွားပြီး အဆော့မက်သော ကလေးမလေး တစ်ယောက်လို ဖြစ်သွားကာ ဆွန်ဖုန်းကို လျှာလေး ထုတ်ပြလိုက်လေသည်။
"ကောင်းပြီ... ညီမကို အဖော်လုပ်ပေးမယ်... ဘယ်လို လည်ချင်လဲ... ဖယောင်းရည် ပူပူလောင်းမလား... သားရေကြိုးနဲ့ ရိုက်မလား..."
ဆွန်ဖုန်းက လက်ချောင်းလေးများကို ရေတွက်ကာ နောက်ပြောင်လိုက်လေသည်။
"အဲဒါတွေ မဟုတ်ပါဘူး... ညီမကို အပြင်ခေါ်သွားပြီး ရက်အနည်းငယ်လောက် လိုက်လည်ခိုင်းတာပါ"
လျန်ယင်၏ ဖြူဖွေးသော မျက်နှာလေးမှာ နီရဲသွားပြီး ဆွန်ဖုန်းကို တစ်ချက် တံတွေးထွေးဟန် ပြကာ စိတ်ထဲတွင် 'လူဆိုးကြီး' ဟု ကျိန်ဆဲလိုက်လေသည်။
"ကောင်းပြီ... အဖော်လုပ်ပေးမယ်"
သူတို့ နှစ်ယောက် ကားပေါ် တက်ပြီးနောက် လေဆိပ်မှ ထွက်ခွာလာခဲ့ကြလေသည်။
"အခု ဘယ်သွားမလဲ... ဗီလာကို ပြန်မလား... ကုမ္ပဏီကို သွားမလား"
လျန်ယင်က ကားမောင်းရင်း မေးလိုက်လေသည်။
"အင်း... ကိုယ့် ခရီးဆောင်အိတ်က သိပ်မများပါဘူး... ကုမ္ပဏီ ရုံးချုပ်ကို အရင် သွားကြတာပေါ့... ဒီည ညီမ အလုပ်ဆင်းမှ အတူတူ သွားလည်ကြတာပေါ့"
ဆွန်ဖုန်းက ဤတစ်ကြိမ်တွင် အဝတ်အစား နှစ်စုံသာ ယူလာခဲ့ပြီး အခြား ပစ္စည်း ဘာမှ မပါပေ။ ခရီးဆောင်အိတ် အသေးလေး တစ်လုံးသာ ပါသဖြင့် ဗီလာကို တစ်ယောက်တည်း ပြန်သွားလျှင်လည်း ဘာလုပ်ရမှန်း မသိသောကြောင့် ကုမ္ပဏီ ရုံးချုပ်သို့ သွားရောက် လည်ပတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဆွန်ဖုန်းသည် မားစ် မြို့ငယ်လေးရှိ မားစ် သံမဏိတွင်း၏ ရုံးခန်း အဆောက်အအုံသို့ မသွားဘဲ လျန်ယင် နှင့်အတူ လီယာဒက်ဘာ့ဂ် မြို့တွင်းရှိ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီ ရုံးချုပ်သို့ သွားခဲ့လေသည်။
ရုံးချုပ်မှာ လီယာဒက်ဘာ့ဂ် မြို့လယ်ခေါင်ရှိ လူစည်ကားသော နေရာတွင် တည်ရှိသည်။
သူတို့ နှစ်ယောက် မကြာမီ ကုမ္ပဏီ၏ ဝင်ပေါက်ရှေ့သို့ ရောက်ရှိသွားကြလေသည်။ လျန်ယင်က ကားကို ပါကင် သွားထိုးပြီး ခရီးဆောင်အိတ်ကို ကားထဲတွင်သာ ထားခဲ့လိုက်သည်။
ဆွန်ဖုန်းသည် လျန်ယင်၏ ခါးသေးသေးလေးကို ဖက်ကာ ရယ်မော စကားပြောရင်း ကုမ္ပဏီ၏ ဧည့်ကြို ကောင်တာသို့ ဝင်လာခဲ့ကြလေသည်။
"မန်နေဂျာ လျန်... လူကြီးမင်း တစ်ယောက်က မန်နေဂျာကို လာရှာပါတယ်"
သူတို့ နှစ်ယောက် ဝင်လာသည်နှင့် ဧည့်ကြို နိုင်ငံခြားသူ ချောချောလေးက လျန်ယင်ကို ရိုသေစွာ ပြောလိုက်ပြီး ဆွန်ဖုန်းကို မြင်သောအခါလည်း ချက်ချင်း နှုတ်ဆက်လိုက်လေသည်။
"ဪ... ယင်ယင်... နောက်ဆုံးတော့ မင်းကို စောင့်နေရတာ တွေ့ပြီပဲ... မွန်းလွဲပိုင်းက ဘယ်တွေများ သွားနေတာလဲ... ကုမ္ပဏီမှာ မင်းကို မတွေ့ဘူး"
ဧည့်ကြို ကောင်တာမှ မိန်းကလေး၏ အသံကို ကြားသောအခါ ထိုသူကလည်း လျန်ယင် ပြန်ရောက်လာပြီ ဖြစ်ကြောင်း သိလိုက်ပြီး ဧည့်ကြို နားနေခန်း ဘက်မှ အမြန် ပြေးလာလေသည်။
ဆွန်ဖုန်းက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် အလွန် ကြည့်ကောင်းသော လူရွယ် တစ်ယောက်ကို စိတ်ဝင်တစား ကြည့်လိုက်လေသည်။ ထိုသူက နှင်းဆီပန်းစည်း အကြီးကြီး တစ်စည်းကို ကိုင်ထားပြီး နားနေခန်း ဘက်မှ အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာနေခြင်း ဖြစ်သည်။
ဆွန်ဖုန်း အကြမ်းဖျင်း ကြည့်လိုက်ရာ ထိုနှင်းဆီပန်းစည်းတွင် နှင်းဆီပန်း အပွင့် ၉၉ ပွင့် ပါဝင်လောက်မည်ဟု ခန့်မှန်းရပြီး တကယ်ကို အရင်းအနှီး ကြီးကြီး ထုတ်ထားကြောင်း သိသာလှပေသည်။
"ယင်ယင်... ယင်ယင်..."
ဤလူရွယ်လေးမှာ ပြေးလာရင်း အလွန် ရင်းနှီးစွာ ခေါ်ဝေါ်နေလေရာ တကယ်ကို လွန်လွန်းလှပေသည်။
သို့သော် သူ အနီးသို့ ရောက်သောအခါ သူ လိုက်နေသော မိန်းကလေးမှာ သူစိမ်း အမျိုးသား တစ်ဦး၏ လက်မောင်း အတွင်းသို့ ရောက်နေပြီး ထိုအမျိုးသားက သူမ၏ ခါးသေးသေးလေးကို ဖက်ထားသည်ကို တွေ့လိုက်ရလေသည်။ သူ့မှာတော့ သူမ၏ ခါးကို ဖက်ခွင့်ပင် မရခဲ့ဖူးပေ။
လူရွယ်လေး၏ မူလက ဝမ်းသာနေသော မျက်နှာမှာ ချက်ချင်း မှုန်ကုပ်သွားပြီး ဆွန်ဖုန်းကို မေးလိုက်လေသည်။
"ခင်ဗျားက ဘယ်သူလဲ... လျန်ယင်ရဲ့ ခါးကို ဘာလို့ ဖက်ထားတာလဲ"
လျန်ယင်က သူမ၏ ရှေ့ရှိ ယန်ဖုန်းကျိကို မြင်သောအခါ မျက်မှောင်များ ပြင်းထန်စွာ ကြုတ်သွားလေသည်။
ဤသူမှာ သူမ၏ တက္ကသိုလ်ကျောင်းနေဖက် သူငယ်ချင်း ဖြစ်ပြီး ယခင် တက္ကသိုလ် တက်စဉ်ကလည်း သူမကို လိုက်ဖူးသော်လည်း သူမက လက်မခံခဲ့ပေ။ ထိုစဉ်ကလည်း သူက လျန်ယင်ကို ဆက်လက် အနှောင့်အယှက် မပေးခဲ့ပေ။
နောက်ပိုင်း ဘွဲ့ရပြီး လျန်ယင် အလုပ်ဝင်ချိန်တွင် ယန်ဖုန်းကျိက နိုင်ငံခြားသို့ ပညာသင် သွားခဲ့ကြောင်း သူမ ကြားခဲ့ရသည်။
သို့သော် လွန်ခဲ့သော တစ်လခန့်က လီယာဒက်ဘာ့ဂ် မြို့တွင် သူ့ကို မမျှော်လင့်ဘဲ ပြန်တွေ့ခဲ့ရပြီး သူက ကနေဒါနိုင်ငံ လီယာဒက်ဘာ့ဂ် တွင် ပညာသင်နေကြောင်း သိလိုက်ရသောအခါ လျန်ယင်မှာ ဘာပြောရမှန်းပင် မသိတော့ပေ။
ယန်ဖုန်းကျိသည် လျန်ယင်ကို ပြန်တွေ့သောအခါ လျန်ယင်မှာ ပိုမို လှပ ရင့်ကျက်လာရုံသာမက ကုမ္ပဏီ တစ်ခု၏ အထွေထွေ မန်နေဂျာ အဖြစ် ရာထူးတိုးလာပြီး သာမန် ကျောင်းသူလေး ဘဝမှနေ၍ သူဌေးမလေး တစ်ယောက် အဖြစ်သို့ အကြီးအကျယ် ပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ရသည်။
ထို့ကြောင့် သူက လျန်ယင်ကို အရူးအမူး စတင် လိုက်တော့လေသည်။ အကယ်၍ သူသာ တကယ် ရခဲ့မည် ဆိုပါက သူ ယန်ဖုန်းကျိ အနေဖြင့် အလှလေးကို ပိုင်ဆိုင်ရုံသာမက အနှစ် ၂၀ ခန့် ကြိုးစား အလုပ်လုပ်စရာ မလိုတော့ပေ။ အနှစ် ၂၀ တောင် ဖြစ်သည်။
လွန်ခဲ့သော ကာလများ အတွင်း ယန်ဖုန်းကျိသည် သုံးရက် တစ်ခါ၊ နှစ်ရက် တစ်ခါ ကုမ္ပဏီသို့ လာရောက်၍ လျန်ယင်ကို အနှောင့်အယှက် ပေးနေခဲ့သဖြင့် သူမမှာ အလွန် စိတ်ရှုပ်နေခဲ့ရသည်။
ယနေ့လည်း သူ ထပ်ရောက်လာပြန်ပြီး 'ယင်ယင်' ဟု အလွန် ရင်းနှီးစွာ ခေါ်နေပြန်ရာ သူနှင့် မိမိမှာ အလွန် ရင်းနှီးနေသကဲ့သို့ ဖြစ်နေသဖြင့် သူမမှာ အမျိုးသမီး အသုံးအဆောင် တစ်ခုဖြင့် သူ့ကို ရိုက်သတ်ပစ်ချင်စိတ်ပင် ပေါက်သွားလေသည်။
လျန်ယင်က နှုတ်ခမ်းကို စေ့ထားပြီး ဘာမှ မပြောဘဲ ယန်ဖုန်းကျိကို ကြည့်ရန်ပင် ပျင်းရိနေလေသည်။
"အဟမ်း... ကိုယ်က ဘယ်သူလဲ ဆိုတာ အရေးမကြီးပါဘူး... အရေးကြီးတာက မင်းက ကိုယ့်ရဲ့ အတွင်းရေးမှူးကို ဘာကိစ္စနဲ့ လာရှာတာလဲ... သူ့ကို လိုက်ချင်လို့လား"
ဆွန်ဖုန်းက ဒေါသထွက်နေသော ယန်ဖုန်းကျိကို ကြည့်ကာ အေးအေးဆေးဆေး မေးလိုက်လေသည်။
"ယင်ယင်က ခင်ဗျားရဲ့ အတွင်းရေးမှူး... သူက အထွေထွေ မန်နေဂျာ မဟုတ်ဘူးလား... ပြီးတော့ ခင်ဗျား ယင်ယင်ရဲ့ ခါးကို မလွှတ်သေးဘူးလား... သူ့ခါးကို ဖက်ထားရအောင် ခင်ဗျားတို့က ဘာပတ်သက်မှု ရှိလို့လဲ"
ယန်ဖုန်းကျိက ဆွန်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်ကာ စစ်ဆေး မေးမြန်းသည့် ပုံစံဖြင့် ပြောလိုက်လေသည်။
"ဪ... လျန်ယင်က ကိုယ်တို့ ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ ဖြစ်သလို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အတွင်းရေးမှူးလည်း ဖြစ်တယ်... ဘာလဲ... ကိစ္စရှိရင် အတွင်းရေးမှူးက လုပ်တယ်... ကိစ္စမရှိရင် အတွင်းရေးမှူးကို လုပ်တယ် ဆိုတဲ့ နာမည်ကြီး စကားကို မင်း မကြားဖူးဘူးလား... အခု ကိုယ်က သူ့ခါးကို ဖက်ထားတော့ ဘာဖြစ်လဲ... မင်းနဲ့ ဘာဆိုင်လို့လဲ... မင်းက ဘယ်သူမို့လို့လဲ"
ဆွန်ဖုန်းက ယန်ဖုန်းကျိကို အထင်သေးစွာဖြင့် ပြောလိုက်လေသည်။
"ဖူး..."
ယန်ဖုန်းကျိသည် ဆွန်ဖုန်း၏ စကားကို ကြားသောအခါ သွေးအန်လုမတတ် ဒေါသထွက်သွားလေသည်။ လျန်ယင်က ဤအမျိုးသား၏ အတွင်းရေးမှူး ဖြစ်နေမည်ဟု သူ မထင်ထားခဲ့သလို တစ်ဖက်လူက ကိစ္စမရှိရင် အတွင်းရေးမှူးကို လုပ်တယ် ဟု ပြောလိုက်သဖြင့်... ထိုသို့ဆိုလျှင်...
"ခင်ဗျား... ခင်ဗျားတို့..."
ယန်ဖုန်းကျိ၏ မျက်နှာမှာ အဖြူမှ အနီ၊ အနီမှ အဖြူ၊ ထို့နောက် သံမဏိ အရောင်သို့ ပြောင်းလဲသွားလေသည်။ သူက လျန်ယင်ကို တစ်လတိတိ အရူးအမူး လိုက်ခဲ့ပြီး နှင်းဆီပန်း ဘယ်လောက် ဝယ်ခဲ့ရမှန်း၊ အငှားယာဉ်ခ ဘယ်လောက် ကုန်ခဲ့ရမှန်းပင် မသိတော့ပေ။ သူ၏ ချောမောသော ရုပ်ရည်နှင့် အသေအလဲ လိုက်ခြင်းကြောင့် နောက်ဆုံးတွင် အလှလေးကို ပိုင်ဆိုင်နိုင်ပြီး အနှစ် ၂၀ လောက် အလုပ်လုပ်စရာ မလိုတော့ဘူးဟု ယုံကြည်ထားခဲ့သော်လည်း လျန်ယင်မှာ သူများ၏ တရားမဝင် ဇနီး ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။
လျန်ယင်သည် ဆွန်ဖုန်းက သူမကို ဒေါသထွက်လောက်အောင် ပြောလိုက်သည်ကို ကြားသော်လည်း မျက်နှာပေါ်တွင် အေးဆေးတည်ငြိမ်နေသော်လည်း သူမ၏ လက်တစ်ဖက်က ဆွန်ဖုန်း၏ ခါးပေါ်သို့ တိတ်တဆိတ် ရောက်သွားပြီး နူးညံ့သော အသားများကို အားကုန် ညှစ်ကာ တိတ်တဆိတ် လက်စားချေလိုက်လေသည်။
"ဘာလို့ ညီမက သူ့ရဲ့ အတွင်းရေးမှူး ဖြစ်ရတာလဲ... ဘာလို့ ကိစ္စရှိရင် အတွင်းရေးမှူးက လုပ်ပြီး ကိစ္စမရှိရင် အတွင်းရေးမှူးကို လုပ်ရတာလဲ"
ယခုအချိန်တွင် လျန်ယင်မှာ ဒေါသထွက်လွန်း၍ သေလုမတတ် ဖြစ်နေလေပြီ။
လျန်ယင်၏ တိတ်တဆိတ် မကျေမနပ် ဖြစ်မှုကို ဆွန်ဖုန်းက လုံးဝ လျစ်လျူရှုထားလိုက်သည်။ သူက ခန္ဓာကိုယ် အားဖြည့် ဆေးရည် ထိုးထားသူ ဖြစ်ရာ ဤမျှလောက် နာကျင်မှုကို ကြောက်မည် မဟုတ်ပေ။
"ကိုယ်တို့က ဘာဖြစ်လဲ... မင်းကရော... ဒီနှင်းဆီပန်းစည်းကြီး ကိုင်ပြီး ဒီကို ဘာလာလုပ်တာလဲ... ကိုယ်တို့ ကုမ္ပဏီက လောလောဆယ် အလုပ်ခေါ်မထားဘူးနော်"
ဆွန်ဖုန်းက ပြောလိုက်လေသည်။
"ခင်ဗျား... ကျွန်တော်..."
ယန်ဖုန်းကျိမှာ စကားထစ်သွားပြီး ဘာပြောရမှန်း မသိဖြစ်သွားလေသည်။
"ဘာ ခင်ဗျား... ဘာ ကျွန်တော် လဲ"
နောက်ဆုံးတွင် ရှက်ရွံ့ ဒေါသထွက်နေသော ယန်ဖုန်းကျိသည် အရှက်ကွဲကာ ထွက်ပြေးသွားရတော့လေသည်။ သူ နောက်နောင် လျန်ယင်ကို လာလိုက်ရဲမည် မဟုတ်တော့ကြောင်း ခန့်မှန်းရသည်။
ထိုသူ ထွက်သွားပြီးနောက် ဆွန်ဖုန်းသည် ဒေါသထွက်နေသော လျန်ယင်ကို ရုံးခန်း အတွင်းသို့ ခေါ်သွားလေသည်။
"ဖုန်းကိုကို... ဘာလို့ အဲဒီလို ပြောရတာလဲ... ညီမ စိတ်ကောက်သွားပြီနော်"
လျန်ယင်က ဒေါသတကြီးဖြင့် ထိုင်ခုံတွင် ထိုင်ကာ ဆွန်ဖုန်းကို စိတ်ကောက်ပြနေလေသည်။
"ကောင်းပါပြီ... ကောင်းပါပြီ... စိတ်မကောက်ပါနဲ့... ဒေါသ မထွက်ပါနဲ့... ကောင်းပြီလေ... ဒီည ကိုယ် ညီမကို အပျော်ဆုံး ဖြစ်အောင် လိုက်ပို့ပေးမယ်... လပေါ် ရောက်သွားသလို ခံစားရအောင်... ဆင်းလို့တောင် မရအောင် လုပ်ပေးမယ်"
ဆွန်ဖုန်း၏ ပါးစပ်မှ ဤစကားများ ထွက်လာသောအခါ လျန်ယင်က မည်သို့သော အဓိပ္ပာယ်မျိုး ပေါက်နေသနည်းဟု တွေးကာ အနည်းငယ် နေရခက်သွားလေသည်။
"ဘာလဲ... ကိုယ်က ညီမကို ပျော်အောင် လုပ်ပေးနိုင်မယ်လို့ မယုံဘူးလား"
ဆွန်ဖုန်းက လျန်ယင်၏ ဘေးတွင် ထိုင်လိုက်ပြီး သူမ ကိုယ်လုံးလေးဆီမှ မွှေးပျံ့သော ရနံ့ကို လောဘတကြီး ရှူရှိုက်ကာ ရယ်မော၍ မေးလိုက်လေသည်။
"ညီမ ထင်တာတော့ မကောင်းတဲ့ ကိစ္စတွေ ဖြစ်နေမလားလို့"
လျန်ယင်က အူကြောင်ကြောင်လေးဖြင့် ပြန်ပြောလိုက်လေသည်။
"ဘာတွေပြောနေတာလဲ... ညီမမှ မကြုံဖူးသေးတာ... မကောင်းတဲ့ ကိစ္စတွေ ဟုတ်မဟုတ် ဘယ်လို သိမှာလဲ"
ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။
"ညီမရဲ့ အလိုအလျောက် သိစိတ်ကို ယုံတယ်..."
လျန်ယင်က ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်လေသည်။
"ကိုယ့်ကို ယုံစမ်းပါ... ကိုယ်က အရမ်း သန်မာတယ်နော်..."
"......"
(စားမလား မစားဘူးလား ဆိုတာ အရမ်း အရေးကြီးတဲ့ မေးခွန်း တစ်ခုပဲ)