အခန်း ၁၈၃
Vol. 19 Ch. 183
အခန်း ၁၈၃ ပစ်မှတ် ရွှေသင်္ဘောစု
ဤရက်ပိုင်းများတွင် စူးမေးသည် ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီ မှတ်ပုံတင်ရေး ကိစ္စများဖြင့် အလုပ်ရှုပ်နေပြီး မကြာမီ ပြီးစီးတော့မည်ဟု ခန့်မှန်းရသည်။
ဆွန်ဖုန်းသည် မကြာမီ နယူးဖောင်လန်သို့ ပြန်သွားပြီး ပင်လယ်ရေအောက် ဆယ်ယူရေး ကုမ္ပဏီ၏ အဖွဲ့အစည်းကို စတင် ဖွဲ့စည်းကာ မိမိသည် ပင်လယ်ရေအောက် သင်္ဘောပျက် ဆယ်ယူရေး နယ်ပယ်သို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း ကမ္ဘာကို ကြေညာရန် စီစဉ်ထားလေသည်။
ဟိုင်ယန်မြို့ရှိ ဗီလာ စာကြည့်ခန်း အတွင်းတွင်...
ဆွန်ဖုန်းသည် လက်ပ်တော့ တစ်လုံးဖြင့် အင်တာနက်ပေါ်မှ ပင်လယ်ရေအောက် သင်္ဘောပျက်များနှင့် ပတ်သက်သော အချက်အလက်များကို အရူးအမူး ရှာဖွေ ဖတ်ရှုနေသလို ရှေးဟောင်းနှင့် ခေတ်သစ် နာမည်ကြီး သင်္ဘောပျက်များ အကြောင်း စာအုပ် တချို့ကိုလည်း ဝယ်ယူကာ လေ့လာ ဖတ်ရှုနေလေသည်။
သင်္ဘောပျက် ဆယ်ယူမည် ဆိုပါက အနည်းဆုံးတော့ မည်သည့် သင်္ဘောပျက်များက ဆယ်ယူသင့်သည်၊ မည်သည့် သင်္ဘောပျက်များက မဆယ်ယူသင့်ဘူး၊ သို့မဟုတ် ဆယ်ယူလိုက်ပါက မည်သို့သော ပဋိပက္ခ ပြဿနာများ ဖြစ်လာနိုင်သည် ဆိုသည်ကိုတော့ သိထားရမည် ဖြစ်သည်။
ဥပမာအားဖြင့် အချို့သော နာမည်ကြီး သင်္ဘောပျက်များကို နိုင်ငံတော် အဆင့်မှ ဆယ်ယူရေးများ လုပ်ဆောင်နေခြင်းမျိုး ရှိနိုင်သည်။ သို့မဟုတ် မဆယ်ယူရသေးသော်လည်း တည်နေရာကို တွေ့ရှိထားပြီး ဆယ်ယူရန် ပြင်ဆင်နေခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ထိုကဲ့သို့သော သင်္ဘောပျက်မျိုး ဆိုလျှင် ဆွန်ဖုန်း အနေဖြင့် ဝင်ရောက် စွက်ဖက်ရန် မသင့်တော်ပေ။ နိုင်ငံ တစ်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းက လက်ရှိ ဆွန်ဖုန်း၏ စတိုင် မဟုတ်ပေ။ လောလောဆယ် သူက အေးအေးဆေးဆေး နေချင်သေးသည်။
ပင်လယ်ရေကြောင်း ခရီးစဉ်များ စတင်ခဲ့သည့် ခေတ်မှစ၍ အနောက်နိုင်ငံပဲ ဖြစ်ဖြစ်၊ အရှေ့နိုင်ငံပဲ ဖြစ်ဖြစ် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်၊ နှစ်ထောင်ခန့်မှစ၍ လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ် အထိ ကာလ အတွင်း ရတနာများ အပြည့် တင်ဆောင်လာသော သင်္ဘောများ မည်မျှလောက် ထိုကြောက်မက်ဖွယ်ကောင်းသော သမုဒ္ဒရာ အတွင်းသို့ နစ်မြုပ်သွားခဲ့ပြီး မရေမတွက်နိုင်သော စည်းစိမ်ချမ်းသာများ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားခဲ့ကြောင်း မည်သူမျှ မသိနိုင်ပေ။
တကယ်တော့ ဤရာစုနှစ် အနည်းငယ် အတွင်း ရတနာ ရှာဖွေမှု အရှိန်အဟုန်မှာ ဘယ်သောအခါမှ လျော့ကျသွားခြင်း မရှိခဲ့ပေ။ နည်းပညာ တိုးတက်လာမှုနှင့်အတူ လက်ရှိတွင် ပိုမို ပြင်းထန်လာမည့် အရိပ်အယောင်များ ရှိနေသည်။ နည်းပညာ တိုးတက်လာသည်နှင့်အမျှ ဆယ်ယူရေး နည်းပညာများလည်း ပိုမို အဆင့်မြင့်လာပြီး ရေနက်ပိုင်း သင်္ဘောပျက်များ ဆယ်ယူရေးမှာလည်း ပိုမို အဆင်ပြေလာမည် ဖြစ်သည်။
သင်္ဘော နစ်မြုပ်ရသည့် အကြောင်းအရင်း အများအပြား ရှိသည်။ သဘာဝဘေးအန္တရာယ်ကြောင့် နစ်မြုပ်သွားခြင်း ရှိသလို၊ ကံမကောင်း၍ ကျောက်ဆောင်နှင့် တိုက်မိကာ နစ်မြုပ်သွားခြင်းလည်း ရှိသည်။ အချို့က စစ်ပွဲ အတွင်း ပစ်ချခံရခြင်း သို့မဟုတ် ပင်လယ်ဓားပြများနှင့် တွေ့ခြင်းကြောင့် ဖြစ်သည်။
သို့သော် မည်သို့ပင် ဖြစ်စေကာမူ ရတနာများ တင်ဆောင်လာသော သင်္ဘောပျက်သာ ဖြစ်ပါစေ... သင်သာ ဆယ်ယူနိုင်မည် ဆိုပါက တစ်သက်လုံး သုံးမကုန်သော ငွေကြေးများကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
"အာဝ ပီရူး သင်္ဘော"
ဆွန်ဖုန်း ခဏခန့် ရှာဖွေ ဖတ်ရှုပြီးနောက် ဤနာမည်ကြီး အာဝ ပီရူး သင်္ဘောပျက်က သူ၏ အာရုံကို ဖမ်းစားသွားလေသည်။ ကြည့်လိုက်သည်နှင့် ဤသင်္ဘောမှာ ဂျပန်များ၏ သင်္ဘော ဖြစ်ကြောင်း သိသာလှသည်။
ဖြစ်နိုင်ပါက ဆွန်ဖုန်း အနေဖြင့် ဂျပန်များ၏ သင်္ဘောပျက်ကို အဆယ်ယူချင်ဆုံး ဖြစ်ပြီး ဆယ်ယူရရှိလာသော ရတနာများကို တိုကျိုသို့ ချက်ချင်း သွားရောက် လေလံတင် ရောင်းချကာ သူတို့ကို ဒေါသထွက်သေအောင် လုပ်ချင်မိသည်။
သို့သော် ဤအာဝ ပီရူး သင်္ဘော၏ အသေးစိတ် အချက်အလက်များကို ဆက်လက် ဖတ်ရှုလိုက်သောအခါ ဆွန်ဖုန်းမှာ မျက်မှောင်ကြုတ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဤသင်္ဘောပျက်ကို လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်က တရုတ်ပြည်မှ ဆယ်ယူရေး ပြုလုပ်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ သို့သော် လုံးဝ ဆယ်ယူနိုင်ခဲ့ခြင်း မဟုတ်ဘဲ တစ်ဝက်တစ်ပျက်နှင့် ရပ်နားလိုက်ရပြီး တန်ဖိုးကြီး ရတနာများလည်း မရရှိခဲ့ပေ။
အာဝ ပီရူး သင်္ဘောသည် ၁၉၄၀ ပြည့်လွန်နှစ်များတွင် တည်ဆောက်ခဲ့သော ဂျပန် ပင်လယ်ကူး ရေနံတင် သင်္ဘော တစ်စင်း ဖြစ်သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဂျပန် စစ်တပ်က သိမ်းယူထားသော အာဝ ပီရူး သင်္ဘောသည် စင်ကာပူတွင် အရှေ့တောင်အာရှ ဒေသမှ ဆုတ်ခွာလာသော ဂျပန် အများအပြားကို တင်ဆောင်ကာ ဂျပန်သို့ ထွက်ခွာလာခဲ့ပြီးနောက် နျိုရှန်ကျွန်း အရှေ့ဘက် ပင်လယ်ပြင်တွင် ပစ်ချခံခဲ့ရသည်။
ပြောစမှတ်များ အရ အာဝ ပီရူး သင်္ဘောပေါ်တွင် ရွှေ ၄၀ တန်၊ ပလက်တီနမ် ၁၂ တန်၊ စက်မှုလုပ်ငန်းသုံး စိန် ၁၅၀,၀၀၀ ကာရက်၊ တန်ဖိုး မခန့်မှန်းနိုင်သော ငွေစက္ကူထုပ်ကြီးများ၊ လက်မှုပစ္စည်းများ၊ အနုပညာ ပစ္စည်းများ၊ ကျောက်မျက်ရတနာ သေတ္တာ ၄၀ တို့ ပါဝင်ကြောင်း သိရပြီး တန်ဖိုး မခန့်မှန်းနိုင်ပေ။
ခန့်မှန်းချက်များ အရ အနည်းဆုံး ဆယ်ယူနိုင်မည့် ကုန်ပစ္စည်း တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၄၉ သန်း ရှိပြီး စုစုပေါင်း စည်းစိမ် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ အထိ ရှိသည်ဟု ဆိုသည်။
ဤရွှေငွေ ရတနာများ အပြင် အာဝ ပီရူး သင်္ဘောပျက်ပေါ်တွင် တန်ဖိုး မဖြတ်နိုင်သော ရတနာ တစ်ခု ဖြစ်သည့် ပေကျင်းလူသား ဦးခေါင်းခွံ ကျောက်ဖြစ်ရုပ်ကြွင်း လည်း ပါဝင်နိုင်ခြေ ရှိသည်ဟု ဆိုသည်။
တရုတ်ပြည် အနေဖြင့် လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်က ဆယ်ယူရေးများ ပြုလုပ်ခဲ့ပြီး ပစ္စည်း တချို့ကို ဆယ်ယူနိုင်ခဲ့သော်လည်း ဆယ်ယူရေး နည်းပညာ ပြဿနာများနှင့် ဆယ်ယူရေး အခက်အခဲများလွန်းမှု ကြောင့် လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရသည်။
သို့သော် လက်ရှိ အချိန်အထိ သူတို့ အနေဖြင့် သင်္ဘောပျက်ပေါ်တွင် ထိုရွှေ ၄၀ တန်ကို မတွေ့ရသေးသလို တန်ဖိုး မဖြတ်နိုင်သော ပေကျင်းလူသား ဦးခေါင်းခွံ ကျောက်ဖြစ်ရုပ်ကြွင်း ကိုလည်း မတွေ့ရသေးကြောင်း ဆိုကြသည်။ ပြောစကားများက အမှန်လား အမှားလား ဆိုတာကိုတော့ လက်ရှိအချိန် အထိ မသိရသေးပေ။
ဤအကြောင်းကို ဖတ်ရသောအခါ ဆွန်ဖုန်းမှာ စိတ်လှုပ်ရှားလာမိသည်။ တရုတ်ပြည် အနေဖြင့် ဆယ်ယူနိုင်စွမ်း မရှိသော်လည်း သူ့တွင် ရှိသည် မဟုတ်ပါလား။
သို့သော် သေချာ ပြန်စဉ်းစားကြည့်သောအခါ ဤသင်္ဘောပျက်ကို လက်ရှိ အချိန်တွင် သူ ဝင်ရောက် စွက်ဖက်၍ မရနိုင်သေးကြောင်း သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်ပြည်က ပါဝင် ပတ်သက်နေပြီး ဖြစ်သောကြောင့်ပင်။ ဆွန်ဖုန်း အနေဖြင့် အေးအေးဆေးဆေး နေချင်သေးသဖြင့် ဝင်မပါတော့ရန် ဆုံးဖြတ်လိုက်လေသည်။
"ဟူး... ဂျပန်တွေကို ဒေါသထွက်အောင် လုပ်ဖို့ အခွင့်အရေးကောင်း တစ်ခုတော့ လက်လွတ်သွားပြီ... ကြည့်ရတာ တခြား သင်္ဘောပျက်တွေကိုပဲ ရှာကြည့်ရတော့မယ်"
ဆွန်ဖုန်းက သက်ပြင်းချကာ ပြောလိုက်လေသည်။
ဆွန်ဖုန်း ဆက်လက် ရှာဖွေ ဖတ်ရှုနေလေသည်။
မကြာမီ သူ ပစ်မှတ် တစ်ခု ရှာတွေ့သွားလေသည်။
"စပိန် ရွှေသင်္ဘောစု"
ဆွန်ဖုန်းသည် ဤသင်္ဘောပျက် အပေါ်တွင် အာရုံကျသွားလေသည်။ ထို့အပြင် ဤသည်မှာ သင်္ဘောပျက် တစ်စင်းတည်း မဟုတ်ဘဲ သင်္ဘောစု တစ်ခု ဖြစ်ပြီး ရတနာများ အပြည့် တင်ဆောင်ထားသော သင်္ဘောပျက် ၁၇ စင်းတိတိ ဖြစ်သည်။ ဤသင်္ဘောစုကြီးကို ဆယ်ယူနိုင်ပါက မည်မျှ ကြီးမားသော စည်းစိမ်ချမ်းသာမျိုး ဖြစ်လာမည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
ဆွန်ဖုန်းက အချက်အလက်များကို ဖတ်ကြည့်လိုက်လေသည်။
၁၇၀၂ ခုနှစ်တွင် စပိန် သမိုင်းတွင် နာမည်ကြီးသော ရွှေသင်္ဘောစု သည် အတ္တလန္တိတ် သမုဒ္ဒရာ ဗီဂို ပင်လယ်အော်တွင် ဗြိတိန်တို့၏ တိုက်ခိုက် နစ်မြုပ်ခြင်းကို ခံခဲ့ရပြီး ရတနာ ရှာဖွေမှု သမိုင်းတွင် ကြီးမားသော လျှို့ဝှက်ချက် တစ်ခု အဖြစ် ကျန်ရစ်ခဲ့သည်။
ထိုနှစ် ဇွန်လ၏ နေ့တစ်နေ့တွင် ရွှေသင်္ဘောစု သည် အတ္တလန္တိတ် သမုဒ္ဒရာ ဗီဂို ပင်လယ်အော်သို့ ရောက်ရှိလာချိန်၌ ဗြိတိန်-ဒတ်ချ် ပူးပေါင်း ရေတပ်၏ ပိတ်ဆို့ တိုက်ခိုက်ခြင်းကို ရုတ်တရက် ခံလိုက်ရသည်။ မျှော်လင့်ချက် ကင်းမဲ့သွားသော ရွှေသင်္ဘောစု စစ်သေနာပတိချုပ်က ရွှေငွေ ကျောက်မျက်ရတနာများ တင်ဆောင်လာသော သင်္ဘောများကို မီးရှို့ ဖျက်ဆီးရန် အမိန့်ပေးခဲ့သည်။
ဖမ်းဆီးခံရသော စပိန် ရေတပ် ဗိုလ်ချုပ်ကြီး ချာကွန်၏ ခန့်မှန်းချက် အရ မြင်းလှည်း အစီးရေ ၅,၀၀၀ ခန့် တင်ဆောင်နိုင်သော ရွှေနှင့် ကျောက်မျက်ရတနာများ ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။
ဤနေရာ အထိ ဖတ်ပြီးသောအခါ ဆွန်ဖုန်းမှာ စိတ်လှုပ်ရှားလွန်း၍ အရူးတစ်ယောက်လို ဖြစ်သွားလေသည်။
'မြင်းလှည်း အစီး ၅,၀၀၀ စာ ရွှေနဲ့ ကျောက်မျက်ရတနာတွေတဲ့... ရူးပြီ... ရူးပြီ'
ဤရတနာများမှာ မည်မျှ ရှိမည်နည်း။ ဖမ်းဆီးခံရသော စပိန် ရေတပ် ဗိုလ်ချုပ်ကြီး ချာကွန်၏ ခန့်မှန်းချက် အရ မြင်းလှည်း အစီးရေ ၄၀၀၀ မှ ၅၀၀၀ ခန့် တင်ဆောင်နိုင်သော ရွှေနှင့် ကျောက်မျက်ရတနာများ ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။ ဗြိတိန်တို့က ပင်လယ်ရေအောက်သို့ အကြိမ်ကြိမ် အန္တရာယ်ခံ ရေငုပ် ဆင်းခဲ့သော်လည်း စစ်ပွဲ သုံ့ပန်း ပစ္စည်း အနည်းငယ်သာ ဆယ်ယူနိုင်ခဲ့သည်။
ထိုအချိန်မှစ၍ ရာစုနှစ်ပေါင်းများစွာ တိုင်အောင် ဤရတနာများက ရတနာရှာဖွေသူ မရေမတွက်နိုင်အောင် ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ရေမိုင် ၁၀၀၀ ခန့်ရှိသော ပင်လယ်ရေအောက်တွင် စွန့်စားရှာဖွေသူ အများအပြား ပေါ်ထွက်လာခဲ့သည်။
အချို့က ဘာမှမရှိတော့သော သင်္ဘောပျက်များကို ဆယ်ယူရရှိခဲ့ပြီး အချို့က မြစိမ်းရတနာ၊ ခရမ်းရောင် သလင်းကျောက်၊ ပုလဲ၊ ပယင်း အမည်းရောင် စသည့် ကျောက်မျက်ရတနာများကို ရရှိခဲ့ကြသည်။ အချို့ကလည်း ခေတ်မီ နည်းပညာနှင့် စက်ပစ္စည်းများကို အသုံးပြု၍ ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်သည်။
အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ လေလှိုင်းနှင့် ပင်လယ်ရေစီးကြောင်းများကြောင့် ရတနာများမှာ ရွှံ့နွံများ အောက်တွင် နစ်မြုပ် ဖုံးလွှမ်းသွားခဲ့ပြီး ကောလာဟလ အများအပြားကလည်း ဤရတနာများကို ပိုမို လျှို့ဝှက်ဆန်းကြယ်လာစေခဲ့သည်။
ဆိုလိုသည်မှာ လက်ရှိအချိန် အထိ ဤရတနာများမှာ ပင်လယ်ရေနက်ပိုင်းတွင် နစ်မြုပ်နေဆဲ ဖြစ်ပြီး ရှာမတွေ့သေးကြောင်းပင် ဖြစ်သည်။
"ဒါပဲ"
ဆွန်ဖုန်းက ပေါင်ကို ရိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
ပထမ အချက် အနေဖြင့် လက်ရှိတွင် နိုင်ငံတော် အဆင့်မှ ဝင်ရောက် စွက်ဖက်ခြင်း မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် သင်္ဘော နစ်မြုပ်ခဲ့သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်ပြီး တိကျသော တည်နေရာလည်း မရှိသောကြောင့် ဖြစ်သည်။ နှစ်ရာချီ အချိန်ကြာမြင့်မှုနှင့် ပင်လယ်ရေစီးကြောင်းများကြောင့် အတ္တလန္တိတ် သမုဒ္ဒရာ ဗီဂို ပင်လယ်အော်၏ မည်သည့် ထောင့်တွင် မြုပ်နေမှန်း မည်သူမျှ မသိနိုင်ပေ။
ဤနှစ်ရာချီ အတွင်း ရတနာ ရှာဖွေသူ မရေမတွက်နိုင်အောင် ဤပင်လယ်ပြင်တွင် လာရောက် ရှာဖွေခဲ့ကြသော်လည်း ယနေ့တိုင်အောင် ရှာမတွေ့သေးပေ။
ဆွန်ဖုန်း ယုံကြည်သည်မှာ သူသာလျှင် ဤဗီဂို ပင်လယ်အော်တွင် ရေငုပ်ဝတ်စုံ၏ အလွန် အစွမ်းထက်သော ရေမိုင် ၃၅၀ ပတ်လည် လွှမ်းခြုံ ရှာဖွေနိုင်သည့် စနစ်ကို အသုံးပြု၍ အသေးစိတ် ရှာဖွေမည် ဆိုပါက သေချာပေါက် ရှာတွေ့နိုင်မည် ဖြစ်သည်။ သူတို့ မည်မျှ နက်သော နေရာတွင် မြုပ်နေပါစေ၊ ရတနာ သင်္ဘောပေါ်တွင် ရွှံ့နွံများ မည်မျှ ထူထပ်စွာ ဖုံးလွှမ်းနေပါစေ... ရေအောက်တူးဖော်ရေး စနစ်ကြီး ရှိနေသရွေ့ ဤအရာများက ပြဿနာ မဟုတ်ပေ။
"ဘယ်လိုလဲ... အသံလက်ထောက်"
ဆွန်ဖုန်းက အသံလက်ထောက်ကို မေးလိုက်လေသည်။
"ပိုင်ရှင်... ကျွန်တော်လည်း ပိုင်ရှင် ဒီသင်္ဘောပျက်ကို ဆယ်ယူဖို့ သဘောတူပါတယ်... တကယ်လို့ ဆယ်ယူနိုင်ခဲ့ရင် ကျွန်တော်တို့ အနေနဲ့ ရေနံမြေ အသစ်တွေ ရင်းနှီးမြှုပ်နှံဖို့ ဒါမှမဟုတ် တခြား စီမံကိန်းတွေ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေး အများကြီး ရလာမှာပါ"
အသံလက်ထောက်က ဖြေလိုက်လေသည်။
"အင်း... ဟဲဟဲ... ဒီရွှေသင်္ဘောစုက ငါ ဆွန်ဖုန်း ရဲ့ အပိုင်ပဲ... ဟားဟား"
"ပိုင်ရှင် စောစောစီးစီး မပျော်ပါနဲ့ဦး... ဒီရွှေသင်္ဘောစု နစ်မြုပ်ခဲ့တဲ့ နေရာက အတ္တလန္တိတ် သမုဒ္ဒရာရဲ့ ဗီဂို ပင်လယ်အော်ထဲမှာလို့ ထင်ရတယ်... ဗီဂို ပင်လယ်အော်က အရင်က စပိန်ပိုင် ပင်လယ်တွင်း ဖြစ်ခဲ့ပေမယ့် အခု နှစ်ရာချီ ကြာသွားတဲ့ အခါမှာ ပေါ်တူဂီပိုင် ဖြစ်သွားလောက်ပြီ"
"သင်္ဘောပျက်နဲ့ တည်နေရာက ဘာဆိုင်လို့လဲ... စပိန်ပဲ ဖြစ်ဖြစ်၊ ပေါ်တူဂီပဲ ဖြစ်ဖြစ်... ဆယ်ယူပြီးရင် ငါ ဆွန်ဖုန်း ရဲ့ ကိုယ်ပိုင် ပစ္စည်း ဖြစ်သွားမှာပဲ"
ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။
"ပိုင်ရှင်... ဒီလိုပါ... လက်ရှိ နိုင်ငံတကာ ဆယ်ယူရေး ဥပဒေ အရ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ဆယ်ယူရရှိတဲ့ သင်္ဘောပျက်တွေရဲ့ တန်ဖိုး ၉၀ ရာခိုင်နှုန်းကို ဆယ်ယူသူက ပိုင်ဆိုင်ခွင့် ရှိတယ်... ဒါပေမယ့် သူများ နိုင်ငံပိုင် ပင်လယ်တွင်းကနေ ဆယ်ယူခဲ့ရင်တော့ အဲဒီနိုင်ငံက ဒီရတနာတွေကို ပြန်လည် တောင်းခံပိုင်ခွင့် ရှိတယ်... ဒါကြောင့် ပိုင်ရှင် ဆယ်ယူနိုင်ခဲ့ရင်တောင် သူများအတွက် အလကား လုပ်ပေးသလို ဖြစ်သွားမှာပါ"
အသံလက်ထောက်က ဗဟုသုတ မရှိသော ဆွန်ဖုန်းကို ရှင်းပြလိုက်လေသည်။
ဆွန်ဖုန်း ထိုစကားကို ကြားသောအခါ သွေးအန်လုမတတ် ဖြစ်သွားလေသည်။
"ဘာ... ဟုတ်လို့လား... ဒီလောက်တောင် လိမ်ညာ လှည့်ဖြားတာလား"
"ဒီလိုဆိုရင် ဒီရွှေသင်္ဘောစုက ဗီဂို ပင်လယ်အော်မှာ နစ်မြုပ်ခဲ့တာ ဆိုတော့ ဆယ်ယူမယ့် နေရာကလည်း ဗီဂို ပင်လယ်အော်ထဲမှာပဲ ဖြစ်ရမယ်... ဆိုလိုတာက ဘယ်သူပဲ ဆယ်ဆယ် ပေါ်တူဂီ ပိုင်ပဲ ဖြစ်သွားမှာပေါ့... လခွီး... ဒါက တော်တော် ယုတ်မာတာပဲ"
ဆွန်ဖုန်း၏ မူလက စိတ်လှုပ်ရှားနေသော မျက်နှာမှာ ချက်ချင်း ညှိုးကျသွားပြီး အအေးမိထားသော ခရမ်းသီး တစ်လုံးလို စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။
"ဟုတ်ပါတယ်... နိုင်ငံတကာ ဆယ်ယူရေး ဥပဒေက အဲဒီလို ပြဋ္ဌာန်းထားတာပါ"
အသံလက်ထောက်က ဖြေလိုက်လေသည်။
"တောက်... ခွေးကောင်တွေရဲ့ ဆယ်ယူရေး ဥပဒေက ငါ့ကို ဒုက္ခပေးပြီပဲ"
ဆွန်ဖုန်းသည် မိမိ အနေဖြင့် ကြီးပွားတော့မည်ဟု ထင်ထားခဲ့သော်လည်း ဤကဲ့သို့ သေရေးရှင်ရေး တမျှ အရေးကြီးသော ပြဿနာ ပေါ်လာမည်ဟု မထင်ထားခဲ့ပေ။
ထိုအခါမှ ဆွန်ဖုန်း ရုတ်တရက် သတိရသွားသည်မှာ ဤကဲ့သို့သော ကိစ္စမျိုးကို နိုင်ငံတကာ နာမည်ကြီး ဆယ်ယူရေး ကုမ္ပဏီများလည်း ကြုံတွေ့ခဲ့ဖူးပြီး နောက်ဆုံးတွင် သူများအတွက် အလကား လုပ်ပေးလိုက်ရကာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ဖူးကြောင်း ဖြစ်သည်။
"နည်းလမ်း မရှိတော့ဘူးလား"
ဆွန်ဖုန်းက အသံလက်ထောက်ကို မေးလိုက်လေသည်။
သင်္ဘောပျက်ကို ရှာတွေ့ပြီးနောက် ဆယ်ယူကာ မှောင်ခို ဈေးကွက်မှ တစ်ဆင့် ခိုးရောင်း၍ ရနိုင်သော်လည်း အရေအတွက်က အလွန် များပြားလွန်းပြီး အများစုမှာ ရွှေများ ဖြစ်နေသည်။ ထို့ကြောင့် မှောင်ခို ဈေးကွက်မှ ရောင်းချပါက မကြာမီ ပြဿနာ တက်လာမည်မှာ သေချာသည်။
ထို့အပြင် သူက ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီကိုလည်း တည်ထောင်ထားပြီး ဖြစ်ရာ တရားဝင် လမ်းကြောင်းမှ ဆယ်ယူခြင်းက အကောင်းဆုံး ဖြစ်သည်။
"ပိုင်ရှင်... ကျွန်တော်တို့ ဒီလို လုပ်လို့ ရတယ်လေ... ပိုင်ရှင် သင်္ဘောပျက်ရဲ့ တည်နေရာကို ရှာတွေ့တာနဲ့ သိုလှောင်ရုံကို သုံးပြီး သင်္ဘောပျက် တစ်ခုလုံးကို သိုလှောင်ရုံထဲ ထည့်လိုက်မယ်... ပြီးတော့မှ နိုင်ငံတကာ ရေပိုင်နက်ပေါ် ရောက်အောင် ရွှေ့လိုက်မယ်... အဲဒီကျရင် ပိုင်ရှင်က လူလွှတ်ပြီး ဆယ်ခိုင်းလိုက်ရင် ဒီသင်္ဘောက နိုင်ငံတကာ ရေပိုင်နက်ပေါ်က သင်္ဘော ဖြစ်သွားပြီ မဟုတ်ဘူးလား... နိုင်ငံတကာ ရေပိုင်နက်ပေါ်က သင်္ဘောပျက် ဆိုရင် ပိုင်ရှင်ရဲ့ ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီ အနေနဲ့ ရတနာ တန်ဖိုးရဲ့ ၉၀ ရာခိုင်နှုန်းကို ရနိုင်ပြီလေ"
အသံလက်ထောက်က ရှင်းပြလိုက်လေသည်။
"ဝါး... ဒီနည်းလမ်း အရမ်း မိုက်တယ်... သင်္ဘောပျက်ကို နိုင်ငံတကာ ရေပိုင်နက်ပေါ်ကို ရွှေ့ပြောင်းနိုင်ရုံတင် မကဘူး... ရေတိမ်ပိုင်း အထိပါ ရွှေ့ပြောင်းနိုင်တယ်... ဒီလိုဆိုရင် ဆယ်ယူရတာ အများကြီး လွယ်ကူသွားပြီပေါ့"
ဆွန်ဖုန်း၏ မျက်လုံးများ အရောင်လင်းသွားပြီး ဝမ်းသာအားရ ပြောလိုက်လေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီသင်္ဘောပျက်က နစ်မြုပ်နေတာ နှစ်ရာချီ ကြာနေပြီ ဖြစ်ပြီး တိကျတဲ့ တည်နေရာကို ဘယ်သူမှ မသိဘူး... အဲဒီအချိန်ကျရင် ငါ ဆွန်ဖုန်း ပြောသလို ဖြစ်မှာပဲ... သင်္ဘောပျက်က နိုင်ငံတကာ ရေပိုင်နက်ပေါ်မှာ ရှိနေတယ်... မကျေနပ်ရင် လာကိုက်လေ... နှစ်ရာချီ ကြာတဲ့ ပင်လယ်ရေစီးကြောင်း အပြောင်းအလဲတွေကြောင့် တည်နေရာ ပြောင်းသွားတာလည်း မဖြစ်နိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။
"ငါက တကယ့် ပါရမီရှင်ပဲ"
ဆွန်ဖုန်းက ဟားဟားရယ်ကာ ပြောလိုက်လေသည်။
"ကျွန်တော်ကမှ တကယ့် ပါရမီရှင်ပါဗျာ"
အသံလက်ထောက်က နှိမ့်ချကာ ပြောလိုက်လေသည်။
"ကောင်းပြီ... ဒီပြဿနာ ပြေလည်သွားပြီ ဆိုတော့... ရွှေသင်္ဘောစုရေ... ငါ လာနေပြီ... စောင့်နေတော့"
ဆွန်ဖုန်း၏ မျက်လုံးများတွင် အရူးအမူး ဖြစ်မှုများ ပေါ်လွင်နေလေသည်။