← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆ သူဌေးကို ဒူးထောက် ရှိခိုးပါရစေ

နောက်တစ်နေ့တွင် ဆွန်ဖုန်းသည် ဝယ်ယူထားသော ရေငုပ် စက်ပစ္စည်းများကို စပိန်သို့ စတင် ပို့ဆောင်စေခဲ့သည်။

တတိယနေ့ နံနက်ပိုင်းတွင်မူ ဆွန်ဖုန်းသည် ဝန်ထမ်း အယောက် တစ်ရာခန့်နှင့် အတူ စပိန်နိုင်ငံ၊ ဗီဂိုမြို့သို့ လေယာဉ်စင်းလုံးငှားဖြင့် ထွက်ခွာလာခဲ့လေသည်။

ဗီဂိုမြို့သည် စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ကမ်းရိုးတန်းရှိ ဗီဂို ပင်လယ်အော်၏ တောင်ဘက် ကမ်းခြေတွင် တည်ရှိသည်။

မျက်နှာချင်းဆိုင်တွင် မော်လန်ဇို ကျွန်းဆွယ် ရှိပြီး ပင်လယ်အော် အဝင်ဝတွင် ဆီးယက်စ် ကျွန်းစုက အကာအကွယ် ပေးထားသဖြင့် သဘာဝ ဆိပ်ကမ်းကောင်း တစ်ခု ဖြစ်သည်။

စပိန်နိုင်ငံ ဂါလီစီယာ ဒေသ အနောက်ပိုင်း၏ အဓိက ဆိပ်ကမ်းမြို့ ဖြစ်သလို အရေးပါသော စီးပွားရေး ဗဟိုချက် တစ်ခုလည်း ဖြစ်သည်။ ထို့အပြင် စပိန်သာမက ဥရောပတွင်ပါ အကြီးဆုံး ငါးဖမ်းဆိပ်ကမ်းမြို့လည်း ဖြစ်သည်။

ဆွန်ဖုန်းသည် ဤမြို့သို့ ရောက်ရှိ အခြေချပြီးနောက် ဆယ်ယူရေး သင်္ဘောနှင့် လိုအပ်သော ထောက်ပံ့ရေး ပစ္စည်းများ ဝယ်ယူကာ ဗီဂို ပင်လယ်အော်သို့ ထွက်ခွာရန် စီစဉ်ထားလေသည်။

တစ်ရက် အကြာတွင် ဆွန်ဖုန်းသည် လူတစ်စုကို ခေါ်ဆောင်ကာ ဗီဂိုမြို့သို့ ရောက်ရှိလာခဲ့လေသည်။

ဤမြို့လေးမှာ အလွန် လှပကြောင်း ဝန်ခံရမည် ဖြစ်သည်။ ပင်လယ်ကမ်းခြေတွင် တည်ရှိပြီး ရှုခင်း အလွန် လှပကာ လာရောက် လည်ပတ်သူ ခရီးသွား များပြားလှသည်။

တည်းခိုခန်း တစ်ခု ရှာပြီး ဝန်ထမ်း အယောက် တစ်ရာခန့်၏ နေရာထိုင်ခင်းများကို စီစဉ်ပေးပြီးနောက် ဆွန်ဖုန်းသည် လူဆယ်ယောက်ခန့်ကို ခေါ်ကာ လွန်ခဲ့သော နှစ်ရက်က ပို့ထားခဲ့သော ရေငုပ် စက်ပစ္စည်းများကို သွားရောက် ထုတ်ယူလေသည်။

"ဟဲဟဲ... သူဌေး... ဒီတစ်ခေါက် ကျွန်တော်တို့ ဘယ်လို သင်္ဘောပျက်မျိုးကို ဆယ်ယူဖို့ စီစဉ်ထားလဲ မသိဘူး... တိကျတဲ့ နေရာက ဘယ်မှာလဲ... ကျွန်တော်တို့ ဘယ်တော့ ထွက်ခွာကြမလဲ"

လမ်းတွင် တယ်ကျီ ဟုခေါ်သော စကားများသည့် ကောင်က ပါးစပ် မပိတ်နိုင်တော့ဘဲ စတင် မေးမြန်းလေသည်။

လေယာဉ်ပေါ်တွင် ဆွန်ဖုန်းသည် မကြာမီ ဆယ်ယူမည့် သင်္ဘောပျက်၏ ခေတ်ကာလ၊ နေရာ သို့မဟုတ် နာမည်များကို ဤလူများအား လုံးဝ ပြောပြခဲ့ခြင်း မရှိပေ။

ထို့ကြောင့် ဤလူများက သူဌေးက သတင်းပေါက်ကြားမည် စိုး၍ ဟု ထင်မှတ်နေကြပြီး ပို၍ပင် လျှို့ဝှက်ဆန်းကြယ်နေသည်ဟု ခံစားနေကြရသည်။

အထူးသဖြင့် ဤ တယ်ကျီ ပင် ဖြစ်သည်။ အကြောင်းမဲ့ သက်သက် ခဏခဏ မေးနေသဖြင့် ဆွန်ဖုန်းမှာ စိတ်ရှုပ်လွန်း၍ သေချင်စိတ်ပင် ပေါက်နေလေပြီ။

ဤကောင်၏ ရေငုပ် ကျွမ်းကျင်မှုက လူ ၃၀ အနက် အတော်ဆုံး ဖြစ်နေ၍သာ တော်တော့သည်။ သို့မဟုတ်ပါက ဤခွေးကောင်ကို အစောကြီးကတည်းက မောင်းထုတ်ပစ်ပြီးပြီ ဖြစ်သည်။

"အေးပါကွာ... မင်းက အဲဒီလောက်တောင် စိတ်ဝင်စားနေမှတော့ ငါ ပြောပြလိုက်ပါ့မယ်... ငါက နာမည်ကြီး ရွှေသင်္ဘောစုကို ဆယ်ယူဖို့ စီစဉ်ထားတာ"

ဆွန်ဖုန်းက ဤကောင်ကို သည်းမခံနိုင်တော့ဘဲ ပြောလိုက်လေသည်။

"ရွှေသင်္ဘောစု... အင်... သူ... သူဌေး... နစ်မြုပ်တာ နှစ်ရာချီ ကြာနေပြီ ဖြစ်တဲ့၊ ဗီဂို ပင်လယ်အော်ထဲမှာ နစ်မြုပ်နေတဲ့ စပိန် ရွှေသင်္ဘောစုကို ပြောတာတော့ မဟုတ်ပါဘူးနော်"

တယ်ကျီက ပါးစပ် အဟောင်းသားဖြင့် လုံးဝ မယုံကြည်နိုင်သော အမူအရာဖြင့် မေးလိုက်လေသည်။

"ဟုတ်တယ်လေ... ဘယ်လိုလဲ... ယုံကြည်ချက် ရှိရဲ့လား"

ဆွန်ဖုန်းက ဤကောင် အံ့ဩနေသည်ကို မြင်သောအခါ ပခုံးကို ပုတ်ကာ မေးလိုက်လေသည်။

"မရှိပါဘူး"

နောက်တစ်စက္ကန့်တွင် တယ်ကျီက ခေါင်းကို ပလုတ်တုတ် ကစားစရာလို အဆက်မပြတ် ခါယမ်းကာ ငြင်းလိုက်လေသည်။

ယခုအချိန်တွင် တယ်ကျီ၏ စိတ်ထဲ၌ အလွန် ခါးသီးနေလေပြီ။ လမ်းတစ်လျှောက်လုံး သူဌေးက မည်သည့် သင်္ဘောပျက်ကို ဆယ်ယူမည်ကို မပြောပြသဖြင့် အလွန် အလားအလာ ကောင်းသော သင်္ဘောပျက် တစ်ခုခု ဖြစ်မည်ဟု ထင်ထားခဲ့သည်။

သို့သော် ရွှေသင်္ဘောစု ဖြစ်နေမည်ဟု သူ မထင်ထားခဲ့ပေ။

ရာစုနှစ်များစွာ အတွင်း ရတနာ ရှာဖွေသူ ဘယ်လောက်များများက ဤဗီဂို ပင်လယ်အော်သို့ လာရောက်၍ ရွှေသင်္ဘောစုကို ရှာဖွေခဲ့ကြသော်လည်း ယနေ့တိုင် တည်နေရာကို ရှာမတွေ့သေးကြောင်း သိထားရမည်။

တချို့ဆိုလျှင် ဆယ်စုနှစ်ချီ အချိန်ပေး ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ကြပေ။

ယခု မိမိ၏ သူဌေးက ထိုသင်္ဘောပျက်ကို သွားဆယ်မည်ဟု ပြောနေခြင်းမှာ နောက်ပြောင်နေခြင်း မဟုတ်ပါလား။ ရာခိုင်နှုန်း ၁၂၀ သေချာသည်မှာ သင်္ဘောပျက်၏ တိကျသော တည်နေရာကို ရှာတွေ့မည် မဟုတ်ပေ။ ဆယ်ယူရေး ဆိုသည်ကို ပြောဖို့ပင် မလိုတော့ပေ။

"သူဌေး... တကယ်ပဲ ဗီဂို ပင်လယ်အော်က ရွှေသင်္ဘောစုကို ဆယ်ယူဖို့ စီစဉ်ထားတာလား"

ဆွန်ဖုန်း၏ အခြား တစ်ဖက်မှ လိုက်ပါလာသော ပေကျိ က မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

ဤပေကျိ ဆိုသူမှာ ရေကြောင်း သွားလာရေးနှင့် ရေကြောင်း သမိုင်းတို့ကို ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပြီး အတော်လေး အရည်အချင်း ရှိသူဟု ဆိုနိုင်သည်။

"ဟုတ်တယ်လေ... ဘာလဲ... မင်းလည်း မယုံကြည်ဘူးလား"

ဆွန်ဖုန်းက ပြန်မေးလိုက်လေသည်။

"အင်း... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီရာစုနှစ်တွေ အတွင်း လူပေါင်း မရေမတွက်နိုင်အောင် ရှာမတွေ့ခဲ့တာကို ကျွန်တော်တို့က ဒီလောက် လွယ်လွယ်နဲ့ ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ... တကယ်လို့ ကံကောင်းပြီး ရှာတွေ့နိုင်မယ် ဆိုရင်တောင် ဆယ်စုနှစ်ချီ အချိန်ယူရလိမ့်မယ်"

ပေကျိ က ပွင့်လင်းစွာ ပြောလိုက်လေသည်။

တကယ်တော့ ပေကျိ ပြောလိုသည့် အဓိပ္ပာယ်ကို ဆွန်ဖုန်း နားလည်ပါသည်။ သူ ဆိုလိုသည်မှာ လုံးဝ ရှာတွေ့နိုင်မည် မဟုတ်ကြောင်းနှင့် ဆွန်ဖုန်းကို အချိန်မဖြုန်းဘဲ လက်လျှော့လိုက်ရန် တိုက်တွန်းနေခြင်း ဖြစ်သည်။

"ဟဲဟဲ... ငါလည်း စမ်းပြီး ရှာကြည့်မလို့ပါ... တကယ်လို့ မရဘူး ဆိုရင်လည်း တခြား သင်္ဘောပျက်တွေကို ပြောင်းရှာတာပေါ့"

ဆွန်ဖုန်းက တိတိကျကျ မပြောလိုက်ပေ။ ဤကောင်တွေ စိတ်အားငယ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

"အဲဒါဆို တော်ပါသေးတယ် သူဌေးရယ်"

တယ်ကျီ၏ မူလက ရှုံ့မဲ့နေသော မျက်နှာမှာ ချက်ချင်း ပြုံးရွှင်သွားပြီး ပေါ့ပေါ့ပါးပါးဖြင့် စကားပြန်များလာလေသည်။

ပေကျိ လည်း သက်ပြင်းချလိုက်လေသည်။ သူက ဆွန်ဖုန်း၏ ကုမ္ပဏီနှင့် တစ်နှစ် စာချုပ် ချုပ်ဆိုထားပြီး ဆယ်ယူရရှိမည့် ရတနာများက သူတို့နှင့် တစ်ပြားမှ မဆိုင်ပေ။ သူတို့က နေ့စားလစာဖြင့်သာ အလုပ်လုပ်ကြခြင်း ဖြစ်သည်။

တကယ်လို့ ရွှေသင်္ဘောစုကို သွားရှာမည် ဆိုပါက ရူးသွားလောက်အောင် ပျင်းစရာ ကောင်းမည် ဖြစ်ပြီး သူက ထိုမျှလောက် အချိန် မဖြုန်းချင်ပေ။

မကြာမီ လူဆယ်ယောက်ခန့်မှာ ကယ်ရီ ကုမ္ပဏီသို့ ရောက်ရှိသွားကြလေသည်။

ရောက်လာသော ပစ္စည်းများ အားလုံးမှာ ရေငုပ် စက်ပစ္စည်းများသာ ဖြစ်ပြီး ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့် ဆယ်ယူရေး စက်ပစ္စည်း အနည်းငယ်သာ ပါဝင်ကြောင်း တွေ့သောအခါ တယ်ကျီ က မျက်နှာပျက်သွားပြီး ဆွန်ဖုန်းကို မေးလိုက်လေသည်။

"သူဌေး... အဝေးထိန်း စနစ်တွေ၊ ရေအောက် စက်ရုပ်တွေ လိုမျိုး စက်ပစ္စည်းတွေ မဝယ်ထားဘူးလား"

"မဝယ်ထားဘူး"

ဆွန်ဖုန်းက ပြတ်သားစွာ ဖြေလိုက်လေသည်။

ပေကျိ က ထိုစကားကို ကြားသောအခါ မျက်နှာ အမူအရာ ပျက်သွားပြီး ပြောလိုက်လေသည်။

"အဟမ်း... သူဌေး... တကယ်ပဲ လာဆော့နေတာလား"

ကျွမ်းကျင် စက်ပစ္စည်းတွေ မရှိဘဲ ဘာသင်္ဘောပျက်ကို ဆယ်ယူမှာလဲဟု တွေးလိုက်မိသည်။

"အဲဒီလို နားလည်ထားလို့လည်း ရပါတယ်"

ဆွန်ဖုန်းက ရယ်မော၍ ပြောလိုက်လေသည်။

"......"

"ဪ ဒါနဲ့... မနက်ဖြန် ငါတို့ ဆယ်ယူရေး သင်္ဘော သွားဝယ်ကြမယ်... မင်းတို့မှာ အကြံဉာဏ်ကောင်းတွေ ရှိလား"

ဆွန်ဖုန်းက သူတို့ နှစ်ယောက်ကို မေးလိုက်လေသည်။

ထိုစကားကို ကြားသောအခါ သူတို့ နှစ်ယောက်လုံး သဘောပေါက်သွားလေသည်။ မိမိတို့၏ သူဌေးမှာ ဘာမှ သေချာ ပြင်ဆင်မထားဘဲ ရွှေသင်္ဘောစုကို ဆယ်ယူချင်နေခြင်းမှာ တကယ့် နောက်ပြောင်မှုကြီး တစ်ခုပင် ဖြစ်သည်။

"အဟမ်း... ဒီလို လုပ်ပါ သူဌေး... ကျွန်တော်ကတော့ အလယ်အလတ် အဆင့်ရှိတဲ့ ဆယ်ယူရေး သင်္ဘော တစ်စင်းပဲ ဝယ်ဖို့ အကြံပြုချင်ပါတယ်"

ပေကျိ က အကြံပြုလိုက်လေသည်။

အရမ်းကောင်းသော ဆယ်ယူရေး သင်္ဘောကို ဝယ်ခြင်းက ငွေဖြုန်းတီးခြင်း ဖြစ်သည်ဟု သူ ထင်သည်။ ကြည့်ရသည်မှာ သူဌေးက ဆော့ချင်သော စိတ်ဖြင့် ဤအလုပ်ကို လာလုပ်နေခြင်း ဖြစ်ပုံရသည်။ ချမ်းသာသော သူများ၏ ကမ္ဘာကို သူတို့ နားမလည်နိုင်ပေ။

"ကောင်းပြီ"

ဆွန်ဖုန်းက ကားနှစ်စီး ခေါ်ကာ ရေငုပ် စက်ပစ္စည်းများ အားလုံးကို ကားပေါ် တင်၍ တည်းခိုခန်းသို့ ပြန်လာခဲ့ကြလေသည်။

"သူဌေး... သူဌေးက ဘာအလုပ်တွေ လုပ်တာလဲ"

ကားပေါ်တွင် တယ်ကျီ က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။ သူ၏ သူဌေးမှာ အလွန် ချမ်းသာသော လူငယ် တစ်ယောက် ဖြစ်ကြောင်း သူ ပို၍ သတိထားမိလာသည်။

"အင်း... ရေနံနဲ့ သံမဏိတွင်း လုပ်ငန်းတွေ လုပ်တယ်"

ဆွန်ဖုန်းက ဖြေလိုက်လေသည်။

"ဝါး... သူဌေးကြီးပဲ... ကျွန်တော်တော့ အရှုံးပေးပါပြီ"

တယ်ကျီ က အံ့ဩစွာ ပြောလိုက်လေသည်။ ထိုလုပ်ငန်း နှစ်ခုကို လုပ်ကိုင်နိုင်သူ ဆိုလျှင် သေချာပေါက် အလွန် ချမ်းသာမည် ဖြစ်သည်။

"သူဌေး... ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီ ဖွင့်ထားတာ ဘယ်လောက် ကြာပြီလဲ... တခြား သင်္ဘောပျက်တွေရော ဆယ်ယူဖူးလား"

တယ်ကျီ က ဆက်မေးလေသည်။

"တည်ထောင်တာ နှစ်ပတ်ပဲ ရှိသေးတယ်... ရွှေသင်္ဘောစုက ငါ့ရဲ့ ပထမဆုံး ပစ်မှတ်ပဲ"

ဆွန်ဖုန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။

"ဖူး..."

"......"

ကားပေါ်ရှိ ဝန်ထမ်းများ အားလုံးမှာ ထိုစကားကို ကြားပြီး မှင်တက်သွားကြလေသည်။

ပေကျိ ကလည်း ယခုမှပင် မိမိ၏ သူဌေး ဘာကြောင့် ဤမျှ ပေါ့ပေါ့ဆဆ ဖြစ်နေပြီး ကျွမ်းကျင် စက်ပစ္စည်းများကို မဝယ်ယူရကြောင်း သဘောပေါက်သွားလေသည်။

လုပ်ငန်းသစ် ဝင်ခါစ အတွေ့အကြုံ မရှိသူ ဖြစ်နေ၍ပင်။ ထို့ကြောင့်လည်း ရွှေသင်္ဘောစုကို ဆယ်ယူရန် စဉ်းစားနေခြင်း ဖြစ်သည်။ ဤသည်မှာ နောက်ပြောင်နေခြင်း မဟုတ်လျှင် ဘာဖြစ်မည်နည်း။

"သူဌေးမင်း ခင်ဗျာ... ကျွန်တော် သူဌေးကို ဒူးထောက် ရှိခိုးပါရစေ... ပိုက်ဆံ ရှိရင်တောင် ဒီလိုမျိုး မဖြုန်းသင့်ပါဘူး"

တယ်ကျီ က နေရာတွင်ပင် ဆွန်ဖုန်းကို ဒူးထောက်လုမတတ် ဖြစ်သွားလေသည်။

သူတို့ အမြင်တွင် သူဌေး တည်ထောင်ထားသော ဆယ်ယူရေး ကုမ္ပဏီမှာ အပျော်သက်သက် ကစားရန် တည်ထောင်ထားသည်ဟုသာ မြင်ကြသည်။

"မင်းတို့ ဘာလို့ ငါ့ကို ဒီလို အကြည့်တွေနဲ့ ကြည့်နေကြတာလဲ... ရွှေသင်္ဘောစုကို ဆယ်ယူမယ် ဆိုတာ ငါ တကယ် အတည် ပြောနေတာပါ"

ဆွန်ဖုန်းက ပတ်ဝန်းကျင်ရှိ လူများ၏ ထူးဆန်းသော အကြည့်များကို ကြည့်ကာ လေးနက်စွာ ပြောလိုက်လေသည်။

"......"

အားလုံး ဆွံ့အသွားကြလေသည်။

All Chapters