အခန်း ၁၈၈
Vol. 19 Ch. 188
အခန်း ၁၈၈ ချီးစားပြမယ်
စပိန်နိုင်ငံရှိ လူတိုင်းသည် ရွှေသင်္ဘောစု နစ်မြုပ်ခဲ့သည့် ဇာတ်လမ်းကို သိကြပြီး ထိုရွှေနှင့် ကျောက်မျက်ရတနာများ အပြည့် တင်ဆောင်လာသော သင်္ဘောစုမှာ မလှမ်းမကမ်းရှိ ဗီဂို ပင်လယ်အော် ရေအောက်တွင် နစ်မြုပ်နေကြောင်းကိုလည်း သိရှိကြသည်။
သို့သော် ဤသင်္ဘောပျက်ကို ရှာတွေ့မည် မဟုတ်ကြောင်းကိုလည်း လူတိုင်း သိထားကြသည်။ အဘယ်ကြောင့်ဆိုသော် ရာစုနှစ်ပေါင်းများစွာ အတွင်း လူပေါင်း မရေမတွက်နိုင်အောင် ဤရွှေသင်္ဘောစုကို ဆယ်ယူရန် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးတွင် အားလုံးမှာ ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ တဖြည်းဖြည်းနှင့် ရတနာရှာဖွေသူ အားလုံး မျှော်လင့်ချက် ကင်းမဲ့လာပြီး ဤရွှေသင်္ဘောစု အပေါ် စိတ်ဝင်စားမှု လျော့ကျသွားခဲ့ကြသည်။
ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် သူတို့ အတိအကျ မည်သည့် နေရာတွင် ရှိနေသည်ကို မည်သူမျှ မသိကြပေ။ ယခင်က အလွန် ခေတ်စားခဲ့သော ရတနာရှာဖွေမှုများမှာ ယခုအခါ ပုံပြင်တစ်ပုဒ် အဖြစ်သာ ကျန်ရစ်ခဲ့ပြီး ရတနာရှာဖွေသူများမှာလည်း အလွန် ရှားပါးသွားပြီ ဖြစ်သည်။ ဤရွှေသင်္ဘောစု အကြောင်းမှာ ဇာတ်လမ်း တစ်ပုဒ် အဖြစ်သာ လက်ဆင့်ကမ်း ပြောဆိုနေကြတော့သည်။
ထို့ကြောင့် ဆံပင်အဝါရောင်နှင့် ကတုံးပြောင်တို့က ဆွန်ဖုန်းတို့ ရွှေသင်္ဘောစုကို ဆယ်ယူမည်ဟု ကြားသောအခါ မလှောင်ပြောင်ဘဲ နေနိုင်မည်လား။ သူတို့ အမြင်တွင် ဤလုပ်ရပ်မှာ လုံးဝ အရူးလုပ်ရပ်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရွှေသင်္ဘောစုကို လုံးဝ ရှာတွေ့နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ဤသို့ အလကား လိုက်ရှာနေခြင်းမှာ ရူးသွား၍ မဟုတ်လျှင် ငွေမက်လွန်း၍သာ ဖြစ်ရမည်။
ဆွန်ဖုန်း၏ ဝန်ထမ်းများမှာ တစ်ဖက်လူ၏ လှောင်ပြောင်မှုကြောင့် အားလုံး ဒေါသထွက်လာကြလေသည်။ ဒေါသကြီးသူ တချို့ ဆိုလျှင် လက်သီးလက်မောင်း တန်းကာ တစ်ဖက်လူကို ချတော့မည့် အတိုင်းပင် ဖြစ်နေကြသည်။
"မင်းတို့မှ အရူးတွေ... မင်းတို့ တစ်ဆွေလုံး၊ တစ်မျိုးလုံး အရူးတွေ"
စကားများသော တယ်ကျီ က ဤမျှ စော်ကားမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ တစ်ဖက်လူနှင့် ချက်ချင်းပင် လမ်းဘေး ရန်ပွဲလို အပြန်အလှန် ဆဲဆိုတော့လေသည်။
မကြာမီ နှစ်ဖက်စလုံး ဒေါသတွေ ထွက်လာကြပြီး ရန်ပွဲ ဖြစ်လုမတတ်ပင် ဖြစ်လာလေသည်။
"ဟေ့ကောင်... မင်း ဟိုဘက်ကူးလာခဲ့... ငါနဲ့ အချီ သုံးရာလောက် ချကြည့်ရအောင်"
"အရူးမှ ကူးသွားမှာပေါ့... မင်းတို့က လူများတယ်လေ... သတ္တိရှိရင် မင်း ဒီဘက်ကို ကူးလာခဲ့ပြီး တစ်ယောက်ချင်း ချမယ်"
ခဏခန့် အပြန်အလှန် ဆဲဆိုပြီးနောက် တစ်ဖက်လူက ထပ်မံ၍ လှောင်ပြောင်လာပြန်သည်။
"မင်းတို့က အရူးတွေ မဟုတ်ဘူးလား... တကယ်လို့ မင်းတို့သာ ရွှေသင်္ဘောစုကို ရှာတွေ့ခဲ့ရင်... နေဦး... ရွှေ တစ်သေတ္တာပဲ ဖြစ်ဖြစ် ရှာတွေ့ခဲ့ရင် ငါ ဒီဆံပင်အဝါရောင် ကတုံးက တိုက်ရိုက်ထုတ်လွှင့်ပြီး ချီးစားပြမယ်"
ထိုဆံပင်အဝါရောင် လူသန်ကြီးက အလွန် မောက်မာစွာဖြင့် စိန်ခေါ်လိုက်လေသည်။
ဤတစ်ကြိမ် တစ်ဖက်လူ၏ စိန်ခေါ်မှုကို ကြားသောအခါ ဆွန်ဖုန်း ဘက်မှ လူများ အားလုံး ငြိမ်ကျသွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စကို တကယ် လုပ်နိုင်မည် မဟုတ်ဟု သူတို့လည်း ထင်နေသောကြောင့်ပင်။ ရွှေသင်္ဘောစု ဆိုသည်မှာ ဒဏ္ဍာရီထဲက ရတနာများ ကဲ့သို့ အလွန် လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ တကယ်သာ လွယ်လွယ်ကူကူ ရှာတွေ့နိုင်မည် ဆိုပါက ဤရာစုနှစ်ပေါင်းများစွာ အတွင်း အခြားသူများက ရှာတွေ့သွားပြီးလောက်ပြီ ဖြစ်သည်။
"မင်း... လခွီးပဲ"
စကားများသော တယ်ကျီ ပင်လျှင် တစ်ဖက်လူ၏ စကားကြောင့် ဆွံ့အသွားပြီး ဆဲဆိုရုံသာ တတ်နိုင်တော့သည်။
တစ်ဖက်လူ၏ လှောင်ပြောင်မှုကို ဆွန်ဖုန်းက ဒေါသမထွက်ဘဲ ပြုံး၍ ပြောလိုက်လေသည်။
"မင်းတို့လို အရူးတွေ... ငါ ရွှေသင်္ဘောစုကို ရှာတွေ့တဲ့ အခါကျမှ ဘယ်သူက အစစ်အမှန် အရူးလဲ ဆိုတာ မင်းတို့ကို သိစေရမယ်... ပင်လယ်အောက်မှာ ရွှေတွေ ရှိနေတာကိုတောင် သွားမဆယ်တတ်တဲ့ ကောင်တွေကမှ တကယ့် အရူးအစစ်တွေပဲ"
"တယ်ကျီ... ငါတို့ သွားမယ်"
ဆွန်ဖုန်းက တစ်ဖက်လူကို ဆက်မပြောတော့ဘဲ သူ၏ ဝန်ထမ်းများကို ခေါ်ကာ သင်္ဘောပေါ် တက်၍ ထွက်ခွာရန် ပြင်လိုက်လေသည်။
သင်္ဘော မထွက်ခွာမီ ဆွန်ဖုန်းက တစ်ဖက်လူကို အော်ပြောရန် မမေ့ခဲ့ပေ။
"ဟေ့... သားလေးတို့... မင်းတို့ ဒီမှာ ငါ အောင်ပွဲခံပြီး ပြန်လာမယ့် အချိန်ကို စောင့်နေကြ... မင်းတို့ ချီးစားပြရဖို့ သေချာသွားပြီ"
"ငါတို့ ဒီမှာ တစ်လ အနားယူမယ်... မင်း တစ်လ အတွင်း ရှာတွေ့ခဲ့ရင် ငါ အဆုံးထိ တာဝန်ယူမယ်... ချီးစားပြဖို့ မပြောနဲ့... ခွေးနဲ့ လုပ်ပြရမယ် ဆိုရင်တောင် လုပ်ပြမယ်"
"လခွီး... မင်း စောင့်နေလိုက်"
......
မကြာမီ တီ မော်ဒယ် ဆယ်ယူရေး သင်္ဘောမှာ ဗီဂို ဆိပ်ကမ်းမှ ထွက်ခွာလာပြီး ဗီဂို ပင်လယ်အော်သို့ ဦးတည်သွားလေသည်။
ကုန်းပတ်ပေါ်တွင် ဆွန်ဖုန်းက အဆုံးအစမဲ့သော ပင်လယ်ပြင်ကြီးကို ကြည့်ကာ အေးစက်သော ပင်လယ်လေကို ခံစားရင်း ဘာတွေ တွေးနေမှန်း မသိပေ။
"သူဌေး... အဟမ်း... အခု ကျွန်တော်တို့ ဘယ်ဘက်ကို သွားရမလဲ"
သင်္ဘောမောင်းသူက တယ်ကျီ ကို သွားမေးခိုင်းလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ဗီဂို ပင်လယ်အော်မှာ အလွန် ကြီးမားလှပြီး ရွှေသင်္ဘောစုက မည်သည့် နေရာတွင် မြုပ်နေမှန်း ဘုရားသခင်သာ သိမည် ဖြစ်သောကြောင့်ပင်။
"တယ်ကျီ... မင်း ပြောစမ်း... ပင်လယ်ထဲမှာ ရတနာ ရှာမယ် ဆိုရင် ဘယ်လို ရှာသင့်လဲ"
ဆွန်ဖုန်းက တယ်ကျီ၏ မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်လေသည်။
"အဲဒါတော့ ကျွန်တော် သိပ်နားမလည်ဘူး... ဒါပေမယ့် ပင်လယ်ထဲမှာ သင်္ဘောပျက် ရှာမယ် ဆိုရင်တော့... သင်္ဘောပျက်ရဲ့ ခန့်မှန်းခြေ နေရာကို သိရင် အဲဒီ ပင်လယ်ပြင် တစ်ဝိုက်မှာ အကြိမ်ကြိမ် ရှာဖွေရမှာပေါ့... အခု ကျွန်တော်တို့လို တိကျတဲ့ နေရာကို မသိဘူး ဆိုရင်တော့... လူမရောက်ဖူးတဲ့ နေရာတွေကို သွားပြီး ကံစမ်းကြည့်ရုံပဲ ရှိတော့မှာပေါ့"
တယ်ကျီ က ခေါင်းကုတ်ကာ ပြောလိုက်လေသည်။
တယ်ကျီ ပြောသည်မှာ အတော်လေး သဘာဝကျပေသည်။ ဆွန်ဖုန်း ကိုယ်တိုင်လည်း တိကျသော တည်နေရာကို မသိပေ။ ဗီဂို ပင်လယ်အော်၏ ရေမိုင် တစ်ထောင် အတွင်း ဤရာစုနှစ်ပေါင်းများစွာ ကာလ အတွင်း လူပေါင်း မည်မျှ ရှာဖွေခဲ့ပြီးပြီကို မသိနိုင်ပေ။ သို့သော် ယနေ့တိုင် ရှာမတွေ့ခဲ့ပေ။ သင်္ဘောပျက်က ရွှံ့နွံများ အောက်တွင် နစ်မြုပ်နေခြင်း သို့မဟုတ် ဗီဂို ပင်လယ်အော် အတွင်းတွင် မရှိခြင်း လည်း ဖြစ်နိုင်သည်။
"အင်း... သင်္ဘောမောင်းတဲ့ သူကို အဆင်ပြေသလို သာ မောင်းခိုင်းလိုက်... မလောပါဘူး... ငါတို့ ငါးဖမ်းပိုက်တွေ ချပြီး ငါးဖမ်း၊ ပြီးရင် ငါးကင် စားကြတာပေါ့"
ဆွန်ဖုန်းက တယ်ကျီ၏ ပခုံးကို ပုတ်ကာ သင်္ဘောမောင်းသူကို သွားပြောခိုင်းလိုက်လေသည်။
"......"
ဆွန်ဖုန်းက ငါးဖမ်းပြီး ငါးကင်စားမည်ဟု ပြောသည်ကို ကြားသောအခါ တယ်ကျီ၏ နုနယ်သော နှလုံးသားလေးမှာ အကြီးအကျယ် လန့်ဖျပ်သွားလေသည်။
"သူဌေး... သူဌေးက တကယ်ပဲ သင်္ဘောပျက် ရှာဖို့ လာတာလား၊ ဒါမှမဟုတ် တံငါသည် ဘဝကို လာခံစားတာလား"
"အဟမ်း... အလုပ်လုပ်ရင်း အနားယူတာပေါ့... ငါတို့က ရတနာရှာရင်း အပျော်အပါးလည်း လုပ်လို့ ရတာပဲ"
ဆွန်ဖုန်းက ရယ်မော၍ ပြောလိုက်လေသည်။
"ကောင်းပါပြီ"
တယ်ကျီ မှာ လက်မြှောက် အရှုံးပေးလိုက်ရလေသည်။
တကယ်တော့ ဆွန်ဖုန်းက ဤသင်္ဘောနှင့် ရတနာ ရှာတွေ့မည်ဟု လုံးဝ မမျှော်လင့်ထားပေ။ ဤအမြန်နှုန်း၊ ဤနည်းပညာဖြင့် သင်္ဘောပျက်၏ တည်နေရာကို ရှာတွေ့မည် ဆိုလျှင် အံ့ဩစရာပင် ဖြစ်သည်။ ညဘက် လူခြေတိတ်ချိန် ရောက်မှသာ ဆွန်ဖုန်း ကိုယ်တိုင် ပင်လယ်ထဲ ဆင်းပြီး ရှာဖွေမည် ဖြစ်သည်။ လောလောဆယ် နေ့ခင်းဘက်တွင်မူ အချိန်မကျသေးပေ။
"အသံလက်ထောက်... ရှာဖွေရေး စနစ်ကို ဖွင့်ပြီး စတင် ရှာဖွေလိုက်"
ဆွန်ဖုန်းက ကုလားထိုင် တစ်လုံး ယူကာ လှဲလျောင်းရင်း အသံလက်ထောက်ကို ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ပိုင်ရှင်"
ဆွန်ဖုန်း၏ လက်ကောက်ဝတ်ရှိ နာရီမှ မမြင်နိုင်သော လှိုင်းများ ထွက်ပေါ်လာပြီး ရေမိုင် ၃၅၀ ပတ်လည် လွှမ်းခြုံနိုင်သော ရှာဖွေရေး စနစ်ကို ချက်ချင်း ဖွင့်လိုက်လေသည်။ ထိုအကွာအဝေး အတွင်းရှိ ပင်လယ်အောက်ကြမ်းပြင်ရော ပင်လယ်ရေ အတွင်းရှိ အရာအားလုံးပါ ဆွန်ဖုန်း၏ ရှာဖွေမှု အောက်မှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။
ဆွန်ဖုန်းက သင်္ဘော သွားနေစဉ် အတွင်း ရွှေသင်္ဘောစုကို ကံစမ်း ရှာဖွေကြည့်ရန် စဉ်းစားထားသည်။ ညရောက်မှသာ ကိုယ်တိုင် ပင်လယ်ထဲ ရေငုပ်ဆင်းကာ ဗီဂို ပင်လယ်အော် တစ်ခုလုံးကို အသေးစိတ် ရှာဖွေမည် ဖြစ်သည်။
ရေငုပ်ဝတ်စုံ၏ အမြန်နှုန်းဖြင့် ဤကဲ့သို့ အသေးစိတ် ရှာဖွေရန် သိပ်မခက်ခဲလှပေ။ သူ အချိန်မရွေး သင်္ဘောပေါ်သို့ ပြန်တက်လာ၍လည်း ရသည်။
"သူဌေး... ဒီလို လုပ်နေတာ တကယ် ကောင်းရဲ့လား"
တယ်ကျီ က ဆွန်ဖုန်း၏ အနီးသို့ ထပ်ရောက်လာပြီး ဆွန်ဖုန်း အပန်းဖြေနေသည့် ပုံစံကို ကြည့်ကာ နဖူးကို စမ်းရင်း မေးလိုက်လေသည်။
"မြန်မြန်... ငါးသွားဖမ်းချေ... ငါ ငါးကင် စားချင်တယ်"
"ဟုတ်ကဲ့... ဟုတ်ကဲ့... ဟုတ်ကဲ့"
ဤတစ်နေ့တာမှာ အလျင်အမြန် ကုန်ဆုံးသွားလေသည်။ ဆယ်ယူရေး သင်္ဘောပေါ်တွင် ဝန်ထမ်း တစ်ရာကျော်မှာ အရက်သောက်ရင်း၊ ငါးကင် စားရင်း အလွန် ပျော်ရွှင်နေကြလေသည်။ ဤဆယ်ယူရေး လုပ်ငန်းစဉ်မှာ သူတို့ ဘဝ တစ်လျှောက်လုံးတွင် အသက်သာဆုံး အလုပ် ဖြစ်မည်ဟု ထင်ကြပြီး သူတို့၏ အမြင်များကိုပင် ပြောင်းလဲသွားစေခဲ့သည်။
အားလုံး ပျော်ရွှင်နေချိန်တွင် ဆွန်ဖုန်းမှာ မည်သည့် အချိန်ကတည်းက ရေငုပ်ဝတ်စုံကို ဝတ်ဆင်ကာ ပင်လယ်အောက်ကြမ်းပြင်သို့ ရောက်ရှိနေမှန်း မသိတော့ပေ။
"ဟင်... သူဌေးရော"
"သူ ပင်ပန်းလို့ သွားနားတယ်လို့ ကြားတယ်"
"ဪ... အဲဒါဆို ငါတို့ ဆက်ပျော်ကြတာပေါ့"