အခန်း ၁၈၉
Vol. 19 Ch. 189
အခန်း ၁၈၉ အခြား သင်္ဘောပျက်များ
ညအချိန် ရောက်လာလေပြီ။
ညအမှောင်ထုက ပိုမို ကြီးစိုးလာပြီး ပင်လယ်ရေအောက်တွင်မူ မှင်ရည်ကဲ့သို့ ပို၍ပင် မှောင်မိုက်နေလေသည်။
ဆွန်ဖုန်းသည် ရေငုပ်ဝတ်စုံကို မောင်းနှင်ကာ အမှောင်ထုထဲတွင် တိတ်တဆိတ် သွားလာနေလေသည်။
သူက မီးမောင်းများလည်း ဖွင့်မထားပေ။ အသံလက်ထောက်၏ မြေပုံ လမ်းညွှန်ချက် ရှိနေသဖြင့် လမ်းပျောက်မည်ကို သို့မဟုတ် တစ်ခုခုနှင့် တိုက်မိမည်ကို စိုးရိမ်စရာ မလိုပေ။
ယခုအချိန်တွင် ဆွန်ဖုန်းသည် ရှာဖွေရေး စနစ်ကို ဖွင့်ထားရုံသာမက လုံခြုံရေး အကာအကွယ် စနစ်ကိုပါ ဖွင့်ထားပြီး ရေငုပ်ဝတ်စုံကို အကာအကွယ် ပေးထားလေသည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် အခြားသူများ၏ သတိထားမိခြင်းမှ ရှောင်ရှားနိုင်ပြီး ပြဿနာ အကြီးအကျယ် မဖြစ်စေရန် ကာကွယ်ထားခြင်း ဖြစ်သည်။
ရွှေသင်္ဘောစု၏ တည်နေရာကို မသိရှိသဖြင့် ဆွန်ဖုန်း အနေဖြင့် တစ်ဆင့်ချင်းစီ အသေးစိတ် ရှာဖွေရုံသာ ရှိတော့သည်။
ရှာဖွေပြီးသော နေရာတိုင်းကို အသံလက်ထောက် ပေးထားသော အီလက်ထရောနစ် မြေပုံပေါ်တွင် အမှတ်အသား ပြုလုပ်ထားမည် ဖြစ်ရာ နောက်တစ်ကြိမ် ထပ်မံ ရှာဖွေစရာ မလိုတော့ပေ။
အလွန် အစွမ်းထက်သော ရှာဖွေရေး စနစ်ဖြင့် ဆွန်ဖုန်း၏ ရှာဖွေမှု အောက်မှ မည်သည့်အရာမျှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။ ပင်လယ်ကြမ်းပြင် အောက် မီတာ တစ်ထောင် အထိပင် ရှာဖွေနိုင်စွမ်း ရှိသည်။
ယခင်က ရေငုပ်ဝတ်စုံ၏ ရှာဖွေနိုင်စွမ်းမှာ ရေမိုင် ၅၀ သာ ရှိစဉ်ကပင် ဆွန်ဖုန်း အနေဖြင့် အတော်လေး အံ့ဩခဲ့ရသည်။ ယခု ရေမိုင် ၃၅၀ အထိ ရောက်ရှိသွားသောအခါ လုံးဝကို အံ့မခန်း ဖြစ်သွားတော့သည်။
ရေငုပ်ဝတ်စုံ၏ အမြင့်ဆုံး အမြန်နှုန်းနှင့် ပေါင်းစပ်လိုက်သောအခါ အသွားအပြန် တစ်ခေါက် အတွင်း စတုရန်း ရေမိုင် ရာချီရှိသော ပင်လယ်ပြင်ကို ဆွန်ဖုန်းက အချိန်ခဏလေး အတွင်း အကုန်အစင် ရှာဖွေနိုင်ခဲ့သည်။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ရွှေသင်္ဘောစု၏ အရိပ်အယောင်ကိုပင် မတွေ့ရသေးခြင်း ဖြစ်သည်။
သို့သော်လည်း ပြဿနာ မရှိပေ။
အဘယ်ကြောင့်ဆိုသော် ဗီဂို ပင်လယ်အော်ရှိ စတုရန်း ရေမိုင် ရာချီကို ဆွန်ဖုန်း ရှာဖွေ ပြီးစီးသွားပြီ ဖြစ်သောကြောင့်ပင်။
ဆွန်ဖုန်း ယုံကြည်သည်မှာ ရက်အနည်းငယ် အတွင်း ဗီဂို ပင်လယ်အော် တစ်ခုလုံးကို အကုန်အစင် ရှာဖွေနိုင်မည် ဖြစ်သည်။
ထိုအချိန်ကျပါက လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက နစ်မြုပ်ခဲ့သော ရွှေသင်္ဘောစု မည်သည့် နေရာတွင် ပုန်းအောင်းနေမည်ကို သူ သိချင်လှသည်။ မြေကြီးကို သုံးတောင်လောက် တူးရမည် ဆိုလျှင်တောင် သူ ဖော်ထုတ်ပစ်မည် ဖြစ်သည်။
"ပိုင်ရှင်ကို သတင်းပို့ပါတယ်... ရှေ့ ကီလိုမီတာ နှစ်ရာ အကွာမှာ သင်္ဘောပျက် တစ်စင်း တွေ့ပါတယ်... ဒါပေမယ့် အသေးစိတ် စစ်ဆေးကြည့်တဲ့ အခါမှာတော့ သင်္ဘောပေါ်မှာ တန်ဖိုးရှိတဲ့ ရတနာတွေ မတွေ့ရပါဘူး"
အသံလက်ထောက်က ဆွန်ဖုန်းကို သတင်းပို့လိုက်လေသည်။
"အင်း... သိပြီ... ဆက်ပြီး ရှာဖွေမယ်... ဂရုစိုက်နေစရာ မလိုဘူး"
ဤသင်္ဘောပျက်မှာ ဆွန်ဖုန်း တွေ့ရှိခဲ့သော ဆယ့်ငါးစင်းမြောက် သင်္ဘောပျက် ဖြစ်သည်။
ထိုဆယ့်ငါးစင်းထဲတွင် ရှေးဟောင်း သင်္ဘောပျက်များ ပါသလို ခေတ်သစ် သင်္ဘောပျက်များလည်း ပါဝင်သည်။ သို့သော် အားလုံး တူညီသည်က မည်သည့် ရတနာမှ မပါရှိခြင်းပင် ဖြစ်သည်။
"ဗီဂို ပင်လယ်အော်မှာ သင်္ဘောပျက်တွေ တော်တော် များတာပဲ"
ဆွန်ဖုန်းက သူ့ဘာသာ ရေရွတ်လိုက်လေသည်။
ဗီဂို ပင်လယ်အော်၏ ပတ်လည်ရှိ ကုန်းမြေများတွင် နာမည်ကြီး ဆိပ်ကမ်းများ အများအပြား ရှိပြီး လွန်ခဲ့သော ရာစုနှစ်များစွာက ဖြစ်စေ၊ လက်ရှိ အချိန်တွင် ဖြစ်စေ အလွန် ကောင်းမွန်သော ရေကြောင်းလမ်း တစ်ခု ဖြစ်သည်။
ထို့ကြောင့် အခြား သင်္ဘောပျက်များ ပင်လယ်ရေအောက်တွင် ရှိနေခြင်းမှာ နားလည်နိုင်စရာပင်။
ပင်လယ်ရေအောက်တွင် သင်္ဘောပျက် ရှာဖွေသူ အများအပြားသည် အလွန် ခက်ခဲ ပင်ပန်းစွာ ရှာဖွေပြီးနောက် သင်္ဘောပျက် တစ်စင်းကို ရှာတွေ့တတ်ကြသည်။
သို့သော် ဆက်လက် ဆယ်ယူသောအခါ သင်္ဘောပျက် အတွင်း၌ ဘာမှ မရှိကြောင်း တွေ့ရတတ်သည်။ ဤကဲ့သို့သော ကိစ္စမျိုးမှာ အလွန် အဖြစ်များသည်။
သို့သော် ဆွန်ဖုန်း အတွက်မူ ဤပြဿနာများ ဖြစ်လာမည် မဟုတ်ပေ။
ရှာဖွေရေး စနစ် ရှိနေသဖြင့် ရတနာ မပါသော သင်္ဘောပျက်များကို တိုက်ရိုက် ကျော်သွားနိုင်ပြီး သွားကြည့်ရန်ပင် မလိုပေ။
သာမန် လူများ ဆိုလျှင်မူ အတွင်းတွင် ရတနာ ပါမပါ သူတို့ မသိနိုင်ပေ။ သင်္ဘောပျက်ပေါ်တွင် ဖုံးလွှမ်းနေသော ရွှံ့နွံများကို ဖယ်ရှားပြီးမှသာ အသေးစိတ် စစ်ဆေးနိုင်မည် ဖြစ်သည်။
ဆွန်ဖုန်း နောက်ထပ် တစ်နာရီခန့် ရှာဖွေပြီးသောအခါ ရုတ်တရက် အသံလက်ထောက်၏ အသံ ထပ်မံ ထွက်ပေါ်လာလေသည်။
"ပိုင်ရှင်ကို သတင်းပို့ပါတယ်... ရှေ့ ကီလိုမီတာ တစ်ရာ အကွာမှာ ရှေးဟောင်း သင်္ဘောပျက် တစ်စင်း တွေ့ပါတယ်... ကြည့်ရတာ ရှေးဟောင်း စပိန် သင်္ဘောပျက် ဖြစ်ဖို့ များပါတယ်... သင်္ဘော အတွင်းမှာ စစ်ဆေးကြည့်တဲ့ အခါ ရတနာတွေ ပါရှိကြောင်း တွေ့ရပါတယ်"
"ဝါး... တကယ်လား"
ဤသတင်းကြောင့် ဆွန်ဖုန်းမှာ အိပ်ချင်စိတ်များ လုံးဝ ပျောက်ကွယ်သွားပြီး လန်းဆန်း တက်ကြွလာလေသည်။
"မြန်မြန်... သွားကြည့်မယ်"
ရတနာများ ရှိနေသည် ဆိုမှတော့ မည်သို့ လက်လွတ်ခံနိုင်မည်နည်း။ ရွှေသင်္ဘောစု ရှာဖွေရေး အတွက်မူ မလောသေးပေ။
"ဟုတ်ကဲ့ပါ ပိုင်ရှင်"
၁၀ မိနစ်၊ မိနစ် ၂၀ ခန့် အကြာတွင် ဆွန်ဖုန်းသည် ထိုရှေးဟောင်း စပိန် သင်္ဘောပျက် ရှိရာသို့ ရောက်ရှိလာခဲ့လေသည်။ ယခု ရောက်ရှိနေသော နေရာ၏ ရေအနက်မှာ မီတာ တစ်ထောင်ခန့် ရှိသည်။
မီးမောင်းများ ဖွင့်လိုက်သောအခါ စူးရှသော အလင်းရောင်များက ရေညှိများ ဖုံးလွှမ်းနေသော သစ်သား သင်္ဘောပျက်ပေါ်သို့ ကျရောက်သွားလေသည်။
ဤသင်္ဘောပျက်မှာ ရွှံ့နွံများ လုံးဝ ဖုံးလွှမ်းနေခြင်း မရှိဘဲ သင်္ဘော ကိုယ်ထည်၏ တစ်ဝက်ခန့်မှာ ရွှံ့နွံများ အပေါ်တွင် ပေါ်နေသဖြင့် သင်္ဘောပျက်၏ ပုံစံကြမ်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။
သင်္ဘော ကိုယ်ထည် ပျက်စီးနေသော နေရာများရှိ အပေါက်ငယ်များ အတွင်းမှ ရေနက်ပိုင်း ငါးအုပ်ငယ်လေးများကို မြင်တွေ့ရပြီး မီးရောင်ကြောင့် လန့်ဖြန့်ကာ အလျင်အမြန် ထွက်ပြေးသွားကြလေသည်။
"အထဲဝင်ကြည့်မယ်"
ဆွန်ဖုန်းသည် ရေငုပ်ဝတ်စုံကို မောင်းနှင်ကာ ပင်လယ်ရေစား၍ ဆွေးမြည့်နေပြီ ဖြစ်သော သင်္ဘော ကိုယ်ထည်ကို အကြမ်းပတမ်း တိုက်ခိုက် ဝင်ရောက်သွားလေသည်။
ဆွေးမြည့်နေသော သစ်သားပြားများက ရေငုပ်ဝတ်စုံ၏ အကြမ်းပတမ်း ဝင်ရောက်မှုကို မခံနိုင်ဘဲ 'ဝုန်း' ခနဲ မြည်သံနှင့်အတူ ပွင့်ထွက်သွားပြီး နောက်တစ်စက္ကန့်တွင် ဆွန်ဖုန်းသည် ရှေးဟောင်း သင်္ဘောပျက်၏ အတွင်းပိုင်းသို့ ရောက်ရှိသွားလေသည်။
ဤရှေးဟောင်း သင်္ဘောပျက်မှာ စပိန် ရှေးဟောင်း ကုန်တင်သင်္ဘော ဖြစ်ပုံရပြီး အတော်လေး ကြီးမားသည်။
သင်္ဘော အတွင်းပိုင်း နေရာ အတော်များများမှာ ပြိုကျ ပျက်စီးနေပြီး အလွန် ရှုပ်ပွနေလေသည်။ အတွင်းပိုင်းတွင်လည်း အလွန် နက်ရှိုင်းသော ရွှံ့နွံများ ရှိနေသည်။
"ကုန်လှောင်ရုံထဲ သွားကြည့်မယ်"
ဆွန်ဖုန်းသည် သင်္ဘော အတွင်း၌ ဝင်ချင်တိုင်း ဝင်ထွက်နေပြီး ရေငုပ်ဝတ်စုံက အကာအကွယ် ပေးထားသဖြင့် အခြားသူများ ကဲ့သို့ ပင်လယ်အောက်တွင် ပိတ်မိပြီး သေဆုံးသွားမည်ကို စိုးရိမ်စရာ မလိုပေ။
"ဝုန်း"
ဆွန်ဖုန်းသည် ရှေ့ရှိ သစ်သားပြားများကို ခြေထောက်ဖြင့် ကန်ဖျက်ကာ ဝင်ရောက်သွားလေသည်။
ဤသင်္ဘောက သူ၏ သင်္ဘော မဟုတ်သလို ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ကဲ့သို့သော အတွေးမျိုးလည်း မရှိပေ။ ရိုးရှင်းပြီး ကြမ်းတမ်းစွာ ဝင်ရောက်သွားခြင်းပင် ဖြစ်သည်။
ဆွန်ဖုန်းသည် ကုန်လှောင်ရုံ အတော်များများကို လိုက်လံ ရှာဖွေခဲ့သော်လည်း ကြီးကြီးမားမား ရှာဖွေတွေ့ရှိမှု မရှိခဲ့ပေ။
ကွဲအက်နေသော ကြွေထည်များ၊ အလွန်အမင်း သံချေးတက်နေသော သံထည်ပစ္စည်းများနှင့် လူ့အရိုးစု နှစ်ဆယ်ကျော်ကိုသာ တွေ့ရှိခဲ့ရသည်။ ဤအရိုးစုများမှာ ဤသင်္ဘောပေါ်တွင် သေဆုံးသွားသူများ ဖြစ်ပေမည်။
မကြာမီ ဆွန်ဖုန်းသည် ကုန်လှောင်ရုံ အားလုံးကို ရှာဖွေပြီးစီးသွားသော်လည်း ဘာမှ မတွေ့ရှိရပေ။ သို့သော် ဆွေးမြည့်နေပြီ ဖြစ်သော အထည်အလိပ်များ၊ ချည်ထည်များ အစရှိသည်တို့ကို တွေ့ရှိရသည်။ ဤကုန်တင်သင်္ဘော တင်ဆောင်လာသော ပစ္စည်းများမှာ သိပ်တန်ဖိုးမကြီးကြောင်း သိသာလှသည်။
"ပိုင်ရှင်... ရှာဖွေတွေ့ရှိချက် အရ ရတနာတွေက မောင်းနှင်ရေး အခန်း ထဲမှာ ရှိနေပါတယ်... အဲဒီကို သွားကြည့်ပါလား"
အသံလက်ထောက်က ပြောလိုက်လေသည်။
"စောစောက မပြောဘူး"
ဆွန်ဖုန်းသည် သင်္ဘော ဝမ်းဗိုက်ပိုင်းရှိ ကုန်လှောင်ရုံများမှ ထွက်ခွာကာ မောင်းနှင်ရေး အခန်းသို့ တိုက်ရိုက် သွားလိုက်လေသည်။
မောင်းနှင်ရေး အခန်း အတွင်းသို့ ဝင်လိုက်သည်နှင့် ဆွန်ဖုန်းသည် ဟိုဘက်ဒီဘက် လဲကျနေသော သစ်သား သေတ္တာ ဆယ်လုံးကျော်ကို တွေ့လိုက်ရသည်။
သေတ္တာ တချို့မှာ သင်္ဘော နစ်မြုပ်စဉ်က ဟန်ချက် မညီမှုကြောင့် နံရံနှင့် တိုက်မိကာ ကွဲအက်နေပြီး အတွင်းမှ ရွှေငွေ ကျောက်မျက်ရတနာများ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေလေသည်။
"ဟားဟား... ဒီတစ်ခေါက်တော့ မရှုံးဘူး... ရွှေသင်္ဘောစုကို မရှာတွေ့သေးပေမယ့် ပထမဆုံး ညမှာပဲ မမျှော်လင့်ထားတဲ့ ရလဒ်မျိုး ရခဲ့တာ ဆိုတော့ အောင်မြင်တယ်လို့ ပြောလို့ ရတယ်"
ဆွန်ဖုန်းက အကြမ်းဖျင်း ကြည့်လိုက်ရာ ဤရတနာများထဲတွင် မြစိမ်းရတနာ၊ ခရမ်းရောင် သလင်းကျောက်၊ ပုလဲ၊ ပယင်း အမည်းရောင် စသည့် ကျောက်မျက်ရတနာများနှင့် ရွှေငွေ ပစ္စည်းများ ပါဝင်ကြောင်း တွေ့ရသည်။
သေတ္တာ ဆယ်လုံးကျော်တိတိ ရှိပြီး အကြမ်းဖျင်း ခန့်မှန်းကြည့်လျှင် ဒေါ်လာ သန်းဆယ်ချီ တန်ဖိုးရှိနိုင်ပြီး ပို၍ပင် များနိုင်သေးသည်။
ဆွန်ဖုန်းက ဤရတနာ သေတ္တာ ဆယ်လုံးကျော်ကို သိုလှောင်ရုံ အတွင်းသို့ အမြန် သိမ်းဆည်းလိုက်ပြီး ရွှေသင်္ဘောစုကို ဆက်လက် ရှာဖွေလေသည်။ ဤရတနာ သေတ္တာ ဆယ်လုံးကျော်မှာ ရွှေသင်္ဘောစု သင်္ဘောပျက် အတွင်းရှိ ရွှေများနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။
ထိုသို့ဖြင့် ဆွန်ဖုန်းသည် နံနက် သုံးနာရီခန့် အထိ ဆက်လက် ရှာဖွေခဲ့ပြီး နောက်ဆုံးတွင် ဗီဂို ပင်လယ်အော်၏ သုံးပုံတစ်ပုံခန့်ကို ရှာဖွေ ပြီးစီးသွားလေသည်။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ရွှေသင်္ဘောစု၏ အရိပ်အယောင်ကိုပင် မတွေ့ရခြင်း ဖြစ်သည်။
ခေတ်ကာလ အမျိုးမျိုးက သင်္ဘောပျက် ဆယ်စင်းကျော်ကို ထပ်မံ တွေ့ရှိခဲ့သော်လည်း ထိုသင်္ဘောပျက်များ အပေါ်တွင် မည်သည့် အကျိုးအမြတ်မှ မရရှိခဲ့ပေ။ ဤသင်္ဘောပျက် အားလုံးမှာ အလွတ်များ ဖြစ်ပြီး ဘာမှ မရှိပေ။
"ဒီနေ့တော့ ဒီလောက်ပဲ ထားလိုက်တော့မယ်... ပြန်အိပ်တော့မယ်... အိပ်ချင်လွန်းလို့ သေတော့မယ်"
ဆွန်ဖုန်းသည် ပင်လယ်အော်၏ သုံးပုံတစ်ပုံကို ရှာဖွေ ပြီးစီးသွားပြီ ဖြစ်ရာ ဤဗီဂို ပင်လယ်အော်ကို ရှာဖွေရန် ရက်အနည်းငယ်သာ လိုတော့မည် ဖြစ်သည်။
ယခု သူ အလွန် အိပ်ချင်နေပြီ ဖြစ်ရာ အရင်ဆုံး ပြန်နားပြီး မနက်ဖြန် ညမှ ဆက်ရှာရန် ဆုံးဖြတ်လိုက်လေသည်။
"နေရာ ရှာဖွေမှု စတင်ပါ... နေရာ ရှာဖွေမှု အောင်မြင်ပါပြီ... ဆယ်ယူရေး သင်္ဘောဆီကို အမြန်ဆုံး သွားမယ်"
နောက်တစ်စက္ကန့်တွင် ရေငုပ်ဝတ်စုံသည် ဆွန်ဖုန်း၏ ဆယ်ယူရေး သင်္ဘောဆီသို့ အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် ဦးတည် သွားလေသည်။
တစ်နာရီခန့် အကြာတွင် ဆွန်ဖုန်းသည် ဆယ်ယူရေး သင်္ဘောပေါ်ရှိ မိမိ၏ အခန်း အတွင်းသို့ ရောက်ရှိသွားလေသည်။
ဆယ်ယူရေး သင်္ဘောပေါ်တွင် နေထိုင်စရာ နေရာ သိပ်မရှိပေ။ ဝန်ထမ်း ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်မှာ အခြား အထောက်အကူပြု သင်္ဘော တစ်စင်းပေါ်တွင် သွားရောက် နေထိုင်ကြရသည်။
ထို့ကြောင့် ဆွန်ဖုန်း ပြန်လာသည်ကို မည်သူကမှ သတိမထားမိကြပေ။