အခန်း ၁၉၀
Vol. 19 Ch. 190
အခန်း ၁၉၀ ရွှေသင်္ဘောစု ဗီဂို ပင်လယ်အော်မှာ မရှိဘူးလား
"တယ်ကျီ... သင်္ဘောမောင်းတဲ့ လူကို တောင်ဘက်တည့်တည့်ကို သွားခိုင်းလိုက်"
မနက်ပိုင်း ဆွန်ဖုန်း ထလာပြီးနောက် အခန်းထဲမှ ထွက်လာရာ ကုန်းပတ်ပေါ်တွင် တယ်ကျီ တစ်ယောက် မနက်ခင်း လေ့ကျင့်ခန်း လုပ်နေသည်ကို တွေ့လိုက်ရလေသည်။ သို့သော် ဤကောင်မှာ ပိန်လွန်းပြီး နေ့တိုင်း လေ့ကျင့်ခန်း လုပ်နေသော်လည်း ဘာမှ ထူးခြားလာသည်ကို မတွေ့ရပေ။
"ဟုတ်ကဲ့... အခုပဲ သွားပြောလိုက်ပါ့မယ်"
တယ်ကျီ က အလွန် ဖော်ရွေစွာဖြင့် ပြုံးကာ ပြောလိုက်ပြီးနောက် သင်္ဘောမောင်းသူကို သွားပြောရန် ပြေးသွားလေသည်။
ဆွန်ဖုန်း ကဲ့သို့သော သူဌေးမျိုးကို သူ တစ်ခါမှ မကြုံဖူးပေ။ ပင်လယ်ရေအောက် သင်္ဘောပျက် ဆယ်ယူရေး အလုပ်မှာ မနေ့ညကလို အကင်စားပွဲကြီး ဖြစ်သွားခဲ့သည် မဟုတ်ပါလား။ နောက်ရက်တွေမှာလည်း ဤကဲ့သို့ သက်တောင့်သက်သာ ဖြစ်နေမည်ဟု သူ တွေးနေမိလေသည်။
"သူဌေး... မနက်ခင်းပါ"
ကုန်းပတ်ပေါ်ရှိ ဝန်ထမ်းများက ဆွန်ဖုန်း လျှောက်လာသည်ကို မြင်သောအခါ ခေါင်းညိတ် နှုတ်ဆက်ကြလေသည်။
"အေးအေး"
"သူဌေး... ကျွန်တော် နားမလည်တာ တစ်ခု ရှိလို့ပါ... အခု ကျွန်တော်တို့က ရွှေသင်္ဘောစုရဲ့ တည်နေရာကိုတောင် မသိသေးဘဲနဲ့ ဘာလို့ ဆယ်ယူရေး သင်္ဘောကို ပင်လယ်ပြင်ကို ထွက်လာခဲ့တာလဲ... အခု အခြေအနေ အရ ဆိုရင် ဆယ်ယူရေး သင်္ဘောကို ထွက်လာခိုင်းလည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး... လောလောဆယ် ဆယ်ယူစရာ သင်္ဘောပျက်မှ မရှိသေးတာ... ကျွန်တော်တို့ အနေနဲ့ သင်္ဘောပျက်ရဲ့ တည်နေရာကို အရင် ရှာပြီးမှ ဆယ်ယူရေး သင်္ဘောကို ခေါ်လာတာက ပိုအသုံးဝင်မှာပါ"
ပေကျိ က မည်သည့် အချိန်ကတည်းက ဆွန်ဖုန်း၏ အနီးသို့ ရောက်နေမှန်း မသိဘဲ မေးလိုက်လေသည်။
ပုံမှန် ဆယ်ယူရေး အဆင့်ဆင့် အရ ဆိုလျှင် သင်္ဘောပျက်၏ တည်နေရာကို အရင် ရှာဖွေပြီးမှ ဆယ်ယူရေး သင်္ဘောကို ခေါ်လာကာ ဆယ်ယူရေး လုပ်ငန်းများ စတင်ရမည် ဖြစ်သည်။ အစပိုင်းတွင် အခြား သင်္ဘောများ အသုံးပြု၍ သင်္ဘောပျက်၏ တည်နေရာကို စုံစမ်း ရှာဖွေရသည်။
ယခု သူဌေး၏ လုပ်ရပ်မှာ ဆီတွေ၊ ပိုက်ဆံတွေ အလကား ဖြုန်းတီးနေခြင်းသာ ဖြစ်သည်ဟု သူ ထင်သည်။ သူ တကယ် နားမလည်နိုင်အောင် ဖြစ်နေလေသည်။
"ကိစ္စ မရှိပါဘူး... ငါ့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ်... မနေ့ညက အားလုံး အတူတူ အကင်စားကြတော့ ဆယ်ယူရေး သင်္ဘောရဲ့ ကုန်းပတ်က တော်တော်လေး အသုံးဝင်တယ် မဟုတ်ဘူးလား... ဘယ်သူက အသုံးမဝင်ဘူးလို့ ပြောလဲ"
ဆွန်ဖုန်းက ရယ်မော၍ ပြောလိုက်လေသည်။
ရေငုပ်ဝတ်စုံ၏ ရှာဖွေရေး စနစ် ရှိနေသဖြင့် သင်္ဘောပျက်၏ တည်နေရာကို ရှာဖွေရန် အချိန်အကြာကြီး ယူရမည် မဟုတ်ကြောင်း ဆွန်ဖုန်း သူ့ကို ပြောပြမည် မဟုတ်ပေ။ ရက်အနည်းငယ် အတွင်း ရှာတွေ့လိမ့်မည်ဟု သူ ယုံကြည်ထားလေသည်။
"ဟုတ်... ဟုတ်ကဲ့ပါ"
ပေကျိ မှာ ချက်ချင်းပင် ဆွံ့အသွားလေသည်။
ဆယ်ယူရေး သင်္ဘောနှင့် အထောက်အကူပြု သင်္ဘောတို့မှာ တောင်ဘက်သို့ ဦးတည် သွားနေကြလေသည်။ ဤပင်လယ်ပြင် တစ်ဝိုက်ကို ဆွန်ဖုန်း ရှာဖွေခဲ့ပြီး ဖြစ်ပြီး ရွှေသင်္ဘောစုကို မတွေ့ခဲ့သဖြင့် ဤနေရာတွင် ဆက်နေရန် မလိုတော့ပေ။ တောင်ဘက်ခြမ်းကို ဆွန်ဖုန်း မရှာရသေးသဖြင့် သင်္ဘောများကို တောင်ဘက်သို့ မောင်းနှင်ခိုင်းလိုက်ခြင်း ဖြစ်သည်။
မကြာမီ ညအချိန်သို့ ရောက်ရှိလာပြန်သည်။ ဆွန်ဖုန်းသည် ပင်လယ်အောက်ကြမ်းပြင်သို့ ထပ်မံ ရောက်ရှိသွားပြီး ရှာဖွေရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လေသည်။
"နေရာအနှံ့ ရှာဖွေရေး စနစ်ကို ဖွင့်... သွားမယ်"
ဆွန်ဖုန်းသည် ရေငုပ်ဝတ်စုံကို မောင်းနှင်ကာ ဗီဂို ပင်လယ်အော်၏ ကျန်ရှိနေသော သုံးပုံနှစ်ပုံကို ရှာဖွေရန် ထွက်ခွာသွားလေသည်။
"အသံလက်ထောက်... ဒီည ငါ ဒုတိယနေ့ မနက် ၇ နာရီ အထိ အလုပ်လုပ်မယ်... ဗီဂို ပင်လယ်အော်ရဲ့ ကျန်နေတဲ့ သုံးပုံနှစ်ပုံကို အကုန် ရှာလို့ ပြီးနိုင်မလား"
ယခုအချိန်တွင် ဆွန်ဖုန်း၏ စိတ်ထဲ၌ အနည်းငယ် စိတ်လှုပ်ရှားနေလေပြီ။ ကျန်ရှိနေသော သုံးပုံနှစ်ပုံကို ရှာဖွေ ပြီးစီးသွားပါက ထိုရွှေသင်္ဘောစုကို ရှာတွေ့နိုင်လောက်ပြီ ဖြစ်သည်။ မကြာမီ အမေရိကန် ဒေါ်လာ ဘီလီယံချီ ရရှိတော့မည် ဖြစ်ရာ တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
"အခု ည ၁၀ နာရီ ရှိပါပြီ... ပိုင်ရှင် အနေနဲ့ မနက် ၅ နာရီ အထိ အလုပ်လုပ်မယ် ဆိုရင် ဗီဂို ပင်လယ်အော်ရဲ့ ကျန်နေတဲ့ သုံးပုံနှစ်ပုံကို အကုန် ရှာဖွေလို့ ပြီးနိုင်ပါတယ်"
အသံလက်ထောက်က ဖြေလိုက်လေသည်။
"ကောင်းပြီ... ဒီရွှေသင်္ဘောစု အတွက် ငါ ဒီတစ်ညတော့ မအိပ်တော့ဘူး"
ဆွန်ဖုန်းက လက်သီးဆုပ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
"ဆက်သွားမယ်"
ရွှေသင်္ဘောစုကို ရှာတွေ့ပြီးနောက် ဆွန်ဖုန်း အနေဖြင့် ဗီဂို ပင်လယ်အော်၏ အပြင်ဘက်၊ အတ္တလန္တိတ် သမုဒ္ဒရာ နိုင်ငံတကာ ရေပိုင်နက် အတွင်းတွင် ရေတိမ်ပိုင်း နေရာ တစ်ခု ရှာဖွေကာ ဤရွှေသင်္ဘောစုကို နေရာချထားရန် လိုအပ်သေးသည်။
နောက်ထပ် နှစ်လ သုံးလ နေလျှင် နှစ်သစ်ကူးတော့မည် ဖြစ်ရာ ဆွန်ဖုန်းသည် ရွှေသင်္ဘောစုမှ ဆယ်ယူရရှိသော ရတနာများကို နှစ်သစ်ကူး မတိုင်မီ ရောင်းချကာ နှစ်သစ်ကူးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန် ရည်ရွယ်ထားလေသည်။
မျှော်လင့်ချက်တွေကတော့ လှပသော်လည်း လက်တွေ့မှာတော့ အလွန် ရက်စက်လှပေသည်။ ဆွန်ဖုန်း တစ်ညလုံး ပင်လယ်အောက်ကြမ်းပြင်တွင် ရှာဖွေခဲ့သော်လည်း နံနက် ၅ နာရီ အထိ ဗီဂို ပင်လယ်အော် တစ်ခုလုံးကို ရှာဖွေ ပြီးစီးသွားသည့်တိုင်အောင် ရွှေသင်္ဘောစုကို မတွေ့ရှိခဲ့ပေ။
ဤအမှန်တရားက မူလက စိတ်လှုပ်ရှားနေသော ဆွန်ဖုန်းကို ကောင်းကင်မှ မြေကြီးပေါ်သို့ ကျဆင်းသွားစေသကဲ့သို့ အလွန် ပြင်းထန်သော ထိုးနှက်ချက် တစ်ခု ဖြစ်သွားစေခဲ့သည်။
ဗီဂို ပင်လယ်အော် တစ်ခုလုံးကို ရှာဖွေ ပြီးစီးသွားသော်လည်း ရွှေသင်္ဘောစု၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် ဆွန်ဖုန်းမှာ ပင်လယ်အောက်ကြမ်းပြင်တွင် အံ့ဩ မှင်တက်သွားလေသည်။
"ဘယ်လို ဖြစ်တာလဲ... ဘာလို့ ရွှေသင်္ဘောစုကို ရှာမတွေ့တာလဲ... ငါ သေချာ မရှာခဲ့လို့လား... ဒါမှမဟုတ် တစ်နေရာရာကို ကျော်သွားလို့များလား"
ဆွန်ဖုန်း၏ စိတ်ထဲတွင် ရုတ်တရက် စိတ်ရှုပ်ထွေးလာလေသည်။
ရေငုပ်ဝတ်စုံ၏ ရှာဖွေနိုင်စွမ်းကို ဆွန်ဖုန်း သိထားပြီး အလွန်လည်း ယုံကြည်သည်။ ရွှေသင်္ဘောစုက မြေအောက် မီတာ တစ်ထောင် အထိ နစ်မြုပ်နေလျှင်တောင် ရှာဖွေရေး စနစ်က ရှာတွေ့နိုင်မည်ဟု သူ ယုံကြည်ထားသည်။ သို့သော် အမှန်တရားကတော့ ဗီဂို ပင်လယ်အော် တစ်ခုလုံးကို ရှာဖွေ ပြီးသည့်တိုင် ဘာမှ မတွေ့ရခြင်းပင်။
"အသံလက်ထောက်... မင်း အီလက်ထရောနစ် မြေပုံကို တစ်ချက်လောက် စစ်ကြည့်ပေးပါ... ငါ ဘယ်နေရာကိုများ ကျော်သွားခဲ့သေးလဲ လို့"
ဆွန်ဖုန်းက မိမိ၏ စိတ်ရှုပ်ထွေးမှုကို ထိန်းချုပ်ကာ အသံလက်ထောက်ကို ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ပိုင်ရှင်"
"ရှာဖွေနေပါတယ်... ရှာဖွေမှု ပြီးဆုံးပါပြီ... ပိုင်ရှင် ရှာဖွေခဲ့တဲ့ နေရာတွေကို စစ်ဆေးနေပါတယ်... စစ်ဆေးမှု ပြီးဆုံးပါပြီ... ပိုင်ရှင်... ရေငုပ်ဝတ်စုံရဲ့ ရှာဖွေမှု မှတ်တမ်းတွေ အရ ဗီဂို ပင်လယ်အော် တစ်ခုလုံးကို ပိုင်ရှင် ရှာဖွေပြီးသွားပါပြီ"
"ဘာ... ဒါဆို ဘာလို့ ရွှေသင်္ဘောစုကို ရှာမတွေ့တာလဲ"
ဆွန်ဖုန်းက ဆံပင်များကို ဆွဲဖွကာ စိတ်ရှုပ်ထွေးမှုကို အတင်း ထိန်းချုပ်ရင်း အေးအေးဆေးဆေး စဉ်းစားကြည့်လေသည်။
"ရေငုပ်ဝတ်စုံရဲ့ ပြဿနာ မဟုတ်ဘူး ဆိုရင်... ပြီးတော့ ငါ မရှာရသေးတဲ့ နေရာလည်း မရှိဘူး ဆိုရင်တော့... ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိတော့တယ်"
ဆွန်ဖုန်းက စိတ်ထဲတွင် တွေးလိုက်လေသည်။
ပထမ ဖြစ်နိုင်ခြေ တစ်ခုမှာ ရွှေသင်္ဘောစု ဆိုသည်မှာ လုံးဝ မရှိခဲ့ခြင်း ဖြစ်သည်။ မနစ်မြုပ်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ လက်ရှိ ကမ္ဘာပေါ်တွင် ပျံ့နှံ့နေသော သတင်းများနှင့် မှတ်တမ်းများ အားလုံးမှာ ကောလာဟလများသာ ဖြစ်နိုင်သည်။
ဒုတိယ ဖြစ်နိုင်ခြေမှာ ရွှေသင်္ဘောစုက ဗီဂို ပင်လယ်အော်တွင် နစ်မြုပ်ခဲ့ခြင်း မဟုတ်ပေ။ ဗီဂို ပင်လယ်အော်တွင် နစ်မြုပ်ခဲ့သည် ဆိုလျှင်တောင် နှစ်ရာချီ ကြာမြင့်ခဲ့သော သဘာဝ အပြောင်းအလဲများကြောင့် ရွှေသင်္ဘောစုက ဗီဂို ပင်လယ်အော် အတွင်းတွင် ရှိမနေတော့ခြင်း ဖြစ်နိုင်သည်။
ဤဖြစ်နိုင်ခြေ နှစ်ခု အတွက် ဆွန်ဖုန်းက ဒုတိယ ဖြစ်နိုင်ခြေကို ပို၍ ယုံကြည်ချင်မိသည်။ သေချာပေါက် ပထမ ဖြစ်နိုင်ခြေလည်း ဖြစ်နိုင်သည်။ ဥပမာအားဖြင့် အာဝ ပီရူး သင်္ဘော ဆိုလျှင် ရွှေများ အပြည့် တင်ဆောင်ထားပြီး နိုင်ငံတော် အဆင့် ခေါင်းခွံ ကျောက်ဖြစ်ရုပ်ကြွင်းလည်း ပါဝင်သည်ဟု ကောလာဟလ ထွက်ခဲ့သော်လည်း တရုတ်ပြည်က လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဆယ်ယူရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာတွင် ရွှေနှင့် ခေါင်းခွံကို မတွေ့ခဲ့ရပေ။
ထို့ကြောင့် ဤဖြစ်နိုင်ခြေ နှစ်ခုလုံး ဖြစ်နိုင်ခြေ ရှိပြီး လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက ကိစ္စများမှာ အမှန်လား အမှားလား ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။ သို့သော် ဆွန်ဖုန်း အနေဖြင့် ဒုတိယ ဖြစ်နိုင်ခြေကို ပို၍ ယုံကြည်ချင်မိသည်။
"တကယ်လို့ ဗီဂို ပင်လယ်အော်ထဲမှာ မရှိဘဲ အတ္တလန္တိတ် သမုဒ္ဒရာလို နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ဆိုရင်... ငါ့ရဲ့ ရေငုပ်ဝတ်စုံက ကီလိုမီတာ ၃၅၀ အထိ ရှာနိုင်တယ် ဆိုရင်တောင် ရှာရတာ တော်တော် ခက်ခဲလိမ့်မယ်"
ဆွန်ဖုန်းက အနည်းငယ် စိတ်ညစ်သွားလေသည်။ အတ္တလန္တိတ် သမုဒ္ဒရာ ဆိုသည်မှာ ဗီဂို ပင်လယ်အော်နှင့် ယှဉ်၍ ရသော နေရာမျိုး မဟုတ်ပေ။
ဥပမာပေးရလျှင် ဗီဂို ပင်လယ်အော်ကို ရေအိုင်ငယ် တစ်ခု အဖြစ် သတ်မှတ်ပါက ဆွန်ဖုန်း အနေဖြင့် ရေအိုင်ငယ် အတွင်းတွင် ငါးဖမ်းနေခြင်း ဖြစ်ပြီး အလွန် လွယ်ကူကာ အလွယ်တကူ ဖမ်းမိနိုင်ပေသည်။ အကယ်၍ အတ္တလန္တိတ် သမုဒ္ဒရာ ဆိုပါက မြစ်ငယ်လေး တစ်ခု အတွင်း ငါးဖမ်းနေရသကဲ့သို့ ဖြစ်သွားမည် ဖြစ်ရာ အခက်အခဲမှာ မတူတော့ပေ။
"ပိုင်ရှင်... စိတ်မပျက်ပါနဲ့... ကျွန်တော် ပိုင်ရှင်နဲ့ အတူတူ ရှာပေးပါ့မယ်"
အသံလက်ထောက်က အတော်လေး သဘောကောင်းစွာဖြင့် နှစ်သိမ့်ပေးလေသည်။
"အင်း... အများကြီး မစဉ်းစားတော့ဘူး... ဗီဂို ပင်လယ်အော်ကို နောက်တစ်ခေါက် သေချာ ပြန်ရှာကြည့်မယ်"
ဆွန်ဖုန်းသည် တစ်ညလုံး မအိပ်ရသေးသဖြင့် မျက်လုံးများတွင် သွေးကြောများ နီရဲနေလေသည်။ သို့သော် ယခုအချိန်တွင် သူ ပြန်မအိပ်ချင်သေးပေ။ အားဖြည့်ဆေးများ ထိုးထားသဖြင့် ရက်အနည်းငယ် မအိပ်ဘဲ နေနိုင်သေးသည်။
ယခု သူ ပြန်အိပ်မည် ဆိုလျှင်လည်း အိပ်ပျော်မည် မဟုတ်ပေ။ ဗီဂို ပင်လယ်အော်ကို နောက်တစ်ကြိမ် အသေးစိတ် ပြန်ရှာကြည့်မှသာ စိတ်အေးနိုင်မည် ဖြစ်သည်။ သူ တကယ်ပဲ တစ်နေရာရာကို ကျော်သွားခဲ့သလား... သို့မဟုတ် ရွှေသင်္ဘောစုက ဗီဂို ပင်လယ်အော် အတွင်းတွင် တကယ်ပဲ မရှိတာလား။