← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃ ရှာတွေ့ပြီ

မိမိ၏ သူဌေးမှာ အချိန်တိုအတွင်း ပင်လယ်ရေထဲတွင် အတော်လေး ကောင်းမွန်စွာ ရေငုပ်နိုင်သည်ကို မြင်သောအခါ တယ်ကျီ တစ်ယောက် အံ့ဩလွန်း၍ မေးရိုးပင် ပြုတ်ကျလုမတတ် ဖြစ်သွားလေသည်။

"လခွီး... သင်တာ အရမ်း မြန်တာပဲ"

တယ်ကျီ မှာ မူလက သူ ကိုယ်တိုင် ဆွန်ဖုန်းကို အနီးကပ် သင်ကြားပေးရမည်ဟု ထင်ထားခဲ့သည်။

ထို့အပြင် ဆွန်ဖုန်း အန္တရာယ် မဖြစ်စေရန် အမြဲတမ်း ဂရုစိုက်နေရမည်ဟုလည်း တွေးထားခဲ့သည်။

ယခုမူ ဆွန်ဖုန်းက ရေငုပ်စတင် သင်ယူသူ တစ်ယောက်က တစ်ပတ်ကြာ သင်ယူထားသည်ထက်ပင် ပိုမို ကောင်းမွန်နေသည်ကို မြင်သောအခါ သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်မိလေသည်။

ရေမှာ အလွန် အေးစက်လှသဖြင့် နာရီဝက်ခန့် ရေငုပ်ပြီးနောက် တယ်ကျီ က ပြန်တက်ရန် အကြံပြုလိုက်လေသည်။

ရေထဲတွင် အချိန်အကြာကြီး နေပါက ကြွက်တက်ခြင်းနှင့် အခြား ပြဿနာများ အလွယ်တကူ ဖြစ်လာနိုင်သောကြောင့်ပင်။

အဓိက အကြောင်းရင်းမှာ အပေါ့စား ရေငုပ် စက်ပစ္စည်းများက အအေးဒဏ်ကို မကာကွယ်နိုင်သောကြောင့် ဖြစ်သည်။

သင်္ဘောပေါ် ရောက်သောအခါ...

"ဘယ်လိုလဲ တယ်ကျီ... ငါ သင်တာ ဘယ်လိုနေလဲ"

ဆွန်ဖုန်းက အဝတ်အစား လဲပြီးနောက် ထွက်လာကာ တယ်ကျီ ကို မေးလိုက်လေသည်။

"သူဌေး... တကယ်ကို အံ့ဩဖို့ ကောင်းလောက်အောင် သင်ယူနိုင်စွမ်း မြန်ပါတယ်... ရေငုပ်ခြင်းနဲ့ ပတ်သက်ပြီး အရမ်း ပါရမီ ပါတယ်"

တယ်ကျီ က ဆွန်ဖုန်းကို လက်မထောင်ပြလိုက်လေသည်။

ရေငုပ်သမား တစ်ယောက် ဖြစ်ရန် ကိုယ်ခန္ဓာ ကြံ့ခိုင်မှု ကောင်းမွန်ရန် လိုအပ်သည်။ အထူးသဖြင့် ရေနက်ပိုင်း ရေငုပ်ရာတွင် ကိုယ်ခန္ဓာ ကြံ့ခိုင်မှု မကောင်းပါက လုံးဝ ရေနက်ပိုင်းသို့ ငုပ်နိုင်မည် မဟုတ်ပေ။

လက်ရှိတွင် ရေအောက် မီတာ ၂၀၀ ကျော် အထိ ငုပ်နိုင်ခြင်းက အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်ပြီး မီတာ ၁၀၀ ကျော် အထိ ငုပ်နိုင်လျှင်ပင် ကျွမ်းကျင်သူ အဖြစ် သတ်မှတ်နိုင်သည်။

တယ်ကျီ ဆိုလျှင် သူ၏ အမြင့်ဆုံး ကန့်သတ်ချက်မှာ မီတာ ၁၅၀ ဖြစ်ပြီး အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်သည်။

အချိန်များ မြန်ဆန်စွာ ကုန်ဆုံးသွားပြီး ညနေစောင်းသို့ ရောက်ရှိလာလေသည်။

ညစာ စားပြီးနောက် ညအမှောင်ထု ကြီးစိုးလာချိန်တွင် ဆွန်ဖုန်းသည် ရေငုပ်ဝတ်စုံကို ဝတ်ဆင်ကာ ပင်လယ်အောက်ကြမ်းပြင်သို့ တိတ်တဆိတ် ဆင်းသွားလေသည်။

"ရှာဖွေရေး စနစ်ကို ဖွင့်... အီလက်ထရောနစ် မြေပုံကို ဖွင့်ပြီး လမ်းညွှန်ချက် ထည့်သွင်း... ဒီပင်လယ်ပြင် တစ်ဝိုက်ကို စတင် ရှာဖွေမယ်"

ဆွန်ဖုန်းသည် ရေငုပ်ဝတ်စုံကို ညွှန်ကြားချက်များ စတင် ပေးလိုက်လေသည်။

မကြာမီ ရေငုပ်ဝတ်စုံမှာ အပြည့်အဝ အသက်ဝင်လာပြီး ကြိုတင် သတ်မှတ်ထားသော အစီအစဉ် အရ အတ္တလန္တိတ် သမုဒ္ဒရာ နိုင်ငံတကာ ရေပိုင်နက်နှင့် ဗီဂို ပင်လယ်အော် ဆုံရာ ရေပြင်ကို စတင် ရှာဖွေလေသည်။

ဤပင်လယ်ပြင်မှာ အလွန် ကျယ်ဝန်းလှရာ အကုန်အစင် ရှာဖွေနိုင်ရန် တစ်ညလုံး အချိန်ယူရမည်ဟု ခန့်မှန်းရသည်။

ရေငုပ်ဝတ်စုံ၏ အမြန်နှုန်းက လုံလောက်စွာ မြန်ဆန်နေ၍သာ တော်တော့သည်။

သို့မဟုတ်ပါက ရှာဖွေရေး လွှမ်းခြုံနိုင်မှု အကွာအဝေး ရေမိုင် ၃၅၀ အထိ ရောက်ရှိနေလျှင်တောင် အလကားပင် ဖြစ်ပေမည်။

ဤပင်လယ်ပြင် တစ်ဝိုက်တွင် ပင်လယ်ရေအောက် သင်္ဘောပျက်များ သိပ်မများတော့ပေ။ အနည်းဆုံးတော့ ဗီဂို ပင်လယ်အော် အတွင်းလောက် မများပြားတော့ပေ။

ဆွန်ဖုန်းသည် ရေငုပ်ဝတ်စုံကို မောင်းနှင်ကာ မှောင်မိုက် အေးစက်နေသော ပင်လယ်အောက်ကြမ်းပြင်တွင် သွားလာနေလေသည်။

သူ၏ ရှေ့ရှိ အလင်းရောင် တစ်ခုတည်းသော အရာမှာ မျက်နှာပြင်မှ ထွက်ပေါ်နေသော အလင်းရောင်သာ ဖြစ်ပြီး ဆွန်ဖုန်း၏ မျက်လုံးများက ထိုမျက်နှာပြင်ပေါ်ရှိ ရှာဖွေရေး အချက်အလက်များနှင့် ခွဲခြမ်းစိတ်ဖြာမှုများကို စူးစိုက် ကြည့်ရှုနေလေသည်။

သံသယ ဖြစ်စရာ နေရာ တစ်ခုလေးကိုမျှ သူမလွတ်တမ်း ကြည့်ရှုနေလေသည်။

ပင်လယ်ပြင်တိုင်းကို ဆွန်ဖုန်းက အလွန် သေချာစွာ ရှာဖွေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူက ရေငုပ်ဝတ်စုံ၏ အမြန်နှုန်းကို လျှော့ချထားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အမြန်နှုန်း လွန်ကဲပါက ရှာဖွေရေး စနစ်က အလုံးစုံ လွှမ်းခြုံနိုင်မည် မဟုတ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထိုသို့ဖြင့် ဤတစ်ညတာမှာ စိတ်လှုပ်ရှားမှုများ၊ အာရုံစူးစိုက်မှုများဖြင့် ကုန်ဆုံးသွားခဲ့လေသည်။

နံနက် ငါးနာရီ အချိန် ရောက်သည် အထိ ဆွန်ဖုန်းမှာ ဘာတစ်ခုမှ မတွေ့ရှိခဲ့ရပေ။ အထူးသဖြင့် ညဉ့်နက်ပိုင်း အချိန်တွင် ဖြစ်သည်။

ရွှေသင်္ဘောစုကို မပြောနှင့်ဦး၊ အခြား သာမန် သင်္ဘောပျက်များကိုပင် မတွေ့ရတော့ပေ။

ဆွန်ဖုန်း ယခုအချိန်တွင် လက်လျှော့ချင်စိတ်များပင် ပေါက်လာလေပြီ။

တကယ်တမ်းတော့ ရွှေသင်္ဘောစု ဆိုသည်မှာ လုံးဝ မရှိခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ယခု သူ၏ လုပ်ရပ်များမှာ အနည်းငယ် အရူးဆန်နေပြီ ဖြစ်သည်။

"ဒီလိုလုပ်မယ်... ရှာဖွေရေး အကွာအဝေးကို နည်းနည်း ထပ်ချဲ့မယ်... အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းပိုင်းကို နောက်တစ်ခေါက် ထပ်ရှာမယ်"

"ဒါက နောက်ဆုံးအကြိမ် ရှာဖွေမှုပဲ... တကယ်လို့ ရွှေသင်္ဘောစုကို ထပ်မတွေ့ဘူး ဆိုရင်... ငါတို့ တခြား နာမည်ကြီး သင်္ဘောပျက်တွေကိုပဲ ပြောင်းရှာကြတာပေါ့"

ဆွန်ဖုန်းက အသံလက်ထောက်ကို ပြောလိုက်လေသည်။

ရှာဖွေရေး အကွာအဝေးကို ထပ်ချဲ့မည် ဆိုပါက ဗီဂို ပင်လယ်အော်နှင့် အလွန် ဝေးကွာသွားပြီး အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းပိုင်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထိုနေရာမှာ ရှာဖွေရန် မသင့်တော်တော့ပေ။

"ဟုတ်ကဲ့ပါ ပိုင်ရှင်... ဒီတစ်ကြိမ် ရှာဖွေရေး အကွာအဝေးကို မူလ အကွာအဝေးထက် နှစ်ဆ တိုးမြှင့်လိုက်ပါမယ်... ဒီနေရာကို အကုန်အစင် ရှာဖွေဖို့ ဆိုရင် အချိန် ၁၂ နာရီလောက် ယူရပါမယ်"

အသံလက်ထောက်က ပြောလိုက်လေသည်။

"အင်း... စလိုက်တော့... မင်းပဲ လမ်းညွှန်ပြီး ရှာပေးတော့... ငါ ခဏ မှေးလိုက်ဦးမယ်"

ဆွန်ဖုန်းက ပင်ပန်းနေသော အသံဖြင့် အသံလက်ထောက်ကို ပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ ပိုင်ရှင်... အလိုအလျောက် သွားလာရေး စနစ်ကို ဖွင့်လိုက်ပါပြီ"

ရေငုပ်ဝတ်စုံသည် ပင်လယ်အောက်ကြမ်းပြင်တွင် ရှာဖွေရေး ဧရိယာကို ထပ်မံ ချဲ့ထွင်လိုက်လေသည်။

လက်ရှိ ရောက်ရှိနေသော နေရာမှာ ဗီဂို ပင်လယ်အော်နှင့် အတ္တလန္တိတ် သမုဒ္ဒရာ ဆုံရာမှ ရေမိုင် ၂၀၀ ခန့် ကွာဝေးနေပြီ ဖြစ်သည်။

ဆွန်ဖုန်း တစ်ယောက် ရေငုပ်ဝတ်စုံ အတွင်း မှိန်းနေစဉ် ရုတ်တရက် အသံလက်ထောက်၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံက သူ့ကို လန့်နိုးသွားစေခဲ့သည်။

"ဟေ့ကောင်... ဘာကိစ္စ ရှိလို့ အော်နေတာလဲ"

ဆွန်ဖုန်းက အိပ်မှုန်စုံမွှားဖြင့် အသံလက်ထောက်ကို ဆဲဆိုလိုက်လေသည်။

"ပိုင်ရှင်... မြောက်ဘက်တည့်တည့် ကီလိုမီတာ ၁၅၀ အကွာမှာ သင်္ဘောပျက် တစ်စင်း တွေ့ပါတယ်... အဲ... မဟုတ်ဘူး... သင်္ဘောပျက် ဆယ်စင်းကျော် တွေ့ပါတယ်"

"စစ်ဆေးကြည့်တဲ့ အခါမှာ သင်္ဘောပျက်တွေပေါ်မှာ ရတနာတွေ ပါရှိကြောင်း တွေ့ရပါတယ်"

အသံလက်ထောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"ဘာ... တကယ်လား... အတုလား... သင်္ဘောပျက် ဆယ်စင်းကျော်တောင်"

ဆွန်ဖုန်း၏ အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားလေသည်။

အသံလက်ထောက်၏ အစီရင်ခံစာကို ကြားသောအခါ ရွှေသင်္ဘောစုကို ရှာတွေ့သွားပြီဟု သူ ချက်ချင်း သဘောပေါက်လိုက်သည်။ ဆယ်စင်းကျော်တောင်တဲ့။

"မြန်မြန်... အဲဒီကို သွားကြည့်မယ်"

ဆွန်ဖုန်းက ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အရင်သွားကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ရတနာတွေ ရှိတယ် ဆိုမှတော့ သွားကြည့်လိုက်ရုံသာ ရှိသည်။

"ဟုတ်ကဲ့... မြောက်ဘက်တည့်တည့်၊ အကွာအဝေး ကီလိုမီတာ ၁၅၀... သွားမယ်"

ရေငုပ်ဝတ်စုံ ချက်ချင်း ထွက်ခွာသွားလေသည်။

ကီလိုမီတာ ၁၅၀ ဆိုသည်မှာ ရေငုပ်ဝတ်စုံဖြင့် သွားလျှင် ခဏလေးသာ ကြာသည်။

ပစ်မှတ်သို့ ရောက်ရှိသောအခါ ဆွန်ဖုန်း ကြည့်လိုက်ရာ ရှေ့ မီတာ အနည်းငယ် အကွာတွင် သင်္ဘောပျက်များ တကယ် ရှိနေကြောင်း တွေ့လိုက်ရသည်။

ထို့အပြင် တစ်စင်းတည်း မဟုတ်ဘဲ ဆယ်စင်းကျော်တိတိ ဖြစ်နေသည်။

"၁... ၂... ၃..."

ဆွန်ဖုန်းသည် ထိုသင်္ဘောပျက်များ၏ အထက်သို့ ရောက်ရှိသွားပြီး မီးမောင်းများ ဖွင့်ကာ စတင် ရေတွက်လေသည်။

"အို ဘုရားရေ... ၁၇ စင်း တိတိပဲ"

ဆွန်ဖုန်းမှာ အလွန် အံ့ဩသွားလေသည်။

ဤအရေအတွက်က ရွှေသင်္ဘောစု နစ်မြုပ်မှု သမိုင်းမှတ်တမ်းများနှင့် အတိအကျ ကိုက်ညီနေလေသည်။

ဤသင်္ဘောပျက် ၁၇ စင်းမှာ တစ်နေရာတည်းတွင် စုပုံနေခြင်း မဟုတ်ဘဲ ဝေးသော သင်္ဘောများမှာ ၃ - ၄ ကီလိုမီတာခန့် ကွာဝေးပြီး နီးသော သင်္ဘောများမှာ ၁ - ၂ ကီလိုမီတာခန့် ကွာဝေးကြသည်။

ယခုအချိန်တွင် ထိုသင်္ဘောများမှာ ပင်လယ်အောက်ကြမ်းပြင်ရှိ ရွှံ့နွံများ အတွင်း ငြိမ်သက်စွာ လဲလျောင်းနေကြလေသည်။

ပင်လယ်အောက် ရွှံ့နွံများက သင်္ဘော ကိုယ်ထည်၏ တစ်ဝက်ခန့်ကို ဖုံးလွှမ်းထားပြီး အထက်ပိုင်း တစ်ဝက်ခန့်သာ ပင်လယ်ရေထဲတွင် ပေါ်နေလေသည်။

သင်္ဘောပျက် တစ်စင်းချင်းစီတိုင်းက အလွန် ရှေးကျနေပုံ ရပြီး အလွန်လည်း ပျက်စီးနေလေပြီ။

ဆွန်ဖုန်း အနေဖြင့် သွားထိလိုက်ရုံဖြင့် အကုန် ပျက်ကျသွားတော့မည်ဟုပင် ခံစားရသည်။

သင်္ဘော တချို့၏ ရွက်တိုင်များမှာ ဘေးသို့ ယိမ်းယိုင်နေပြီး ကုန်းပတ်ပေါ်တွင်လည်း အပေါက်များ အများအပြား ရှိနေသည်။

သင်္ဘော ကိုယ်ထည်ပေါ်တွင် ရေညှိများနှင့် အဏုဇီဝပိုးမွှားများ ဖုံးလွှမ်းနေပြီး အစိမ်းရောင်၊ အဖြူရောင်များ အပြင် သစ်သား၏ အမည်းရောင်များပါ ရောယှက်နေလေသည်။

ဤရှေးဟောင်း သင်္ဘောပျက်များမှာ ပင်လယ်ထဲ နစ်မြုပ်သွားပြီးနောက် မည်သူကမှ ရှာမတွေ့ခဲ့ပုံ ရသည်။ ယခု ကြည့်ရသည်မှာ လုံးဝ အထိအတွေ့ မခံရသေးကြောင်း သိသာလှသည်။

ဆွန်ဖုန်းက ရေငုပ်ဝတ်စုံ မျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို ကြည့်လိုက်ရာ လက်ရှိ ရေအနက်မှာ ၃,၀၃၅ မီတာ အထိ ရှိနေကြောင်း တွေ့လိုက်ရသည်။

ဤမျှ နက်ရှိုင်းသော နေရာတွင် ရှိနေသဖြင့် ပင်လယ်ပြင် ဖြတ်သန်းသွားလာသော သင်္ဘောများ အနေဖြင့် ရှာတွေ့ရန် အလွန် ခက်ခဲမည် ဖြစ်သည်။

"အသံလက်ထောက်... ချက်ချင်း အသေးစိတ် စစ်ဆေးမှု စတင်လိုက်... ဒီသင်္ဘောပျက်တွေ ထဲမှာ ဘာရတနာတွေ ရှိလဲ ကြည့်ရအောင်"

ဆွန်ဖုန်းက အသံလက်ထောက်ကို စစ်ဆေးရန် အမိန့်ပေးလိုက်လေသည်။

အကယ်၍ ရွှေသင်္ဘောစု ဖြစ်နေပါက သူ ချက်ချင်း ဆယ်ယူ၍ မရနိုင်သေးပေ။

ထိုသင်္ဘောများကို သိမ်းဆည်းပြီး ရေတိမ်ပိုင်း နေရာသို့ ရွှေ့ပြောင်းကာ မိမိ၏ လက်အောက်ငယ်သားများကို ဆယ်ယူခိုင်းရမည် ဖြစ်သည်။

တကယ်တော့ ဤသို့ လုပ်ရသည်မှာ အတော်လေး အလုပ်ရှုပ်လှသည်။

သို့သော် ဆွန်ဖုန်း အနေဖြင့် မလုပ်၍ မရပေ။ ဤသို့ လုပ်မှသာ ဤရတနာများ၏ ဇာစ်မြစ်ကို ရှင်းပြနိုင်မည် ဖြစ်သောကြောင့်ပင်။

"ဟုတ်ကဲ့ပါ ပိုင်ရှင်... အသေးစိတ် စစ်ဆေးမှု စတင်ပါပြီ"

"စတင်နေပါပြီ... တီ... တီ... တီ... စစ်ဆေးမှု စတင်နေပါပြီ"

All Chapters