အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း ၁၉၄ ရွှေတွေ... ရွှေတွေ
"စစ်ဆေးမှု ပြီးဆုံးပါပြီ... အချက်အလက်များ အရ ဤသင်္ဘောပျက် ၁၇ စင်း အတွင်းတွင် ရွှေနှင့် ကျောက်မျက်ရတနာ အမြောက်အမြား ပါရှိကြောင်း တွေ့ရပါတယ်... သင်္ဘောတိုင်း နီးပါးမှာ အပြည့် တင်ဆောင်ထားပါတယ်"
အသံလက်ထောက်က အစီရင်ခံလိုက်လေသည်။
"ဟူး..."
ဆွန်ဖုန်း ထိုစကားကို ကြားသောအခါ အသက်ရှူ မြန်လာပြီး နှလုံးခုန်သံများ ဒိတ်ဒိတ် မြည်အောင် ခုန်လာလေသည်။ ရွှေ အမြောက်အမြား ဆိုသော စကားလုံးကို ကြားလိုက်ရချိန်တွင် ဆွန်ဖုန်း၏ မျက်နှာပေါ်တွင် အံ့ဩ ဝမ်းသာမှုများ ပေါ်လွင်လာပြီး စိတ်ထဲမှ ဝမ်းသာမှုကို ဖွင့်ထုတ်ရန် အော်ဟစ်ချင်စိတ်ပင် ပေါက်သွားလေသည်။
ဤသတင်းက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။
သင်္ဘောပျက် ၁၇ စင်းတိတိ... သင်္ဘောတိုင်းမှာ ရွှေနှင့် ကျောက်မျက်ရတနာများ အပြည့် ပါရှိသည် ဆိုတော့ မည်မျှ ကြီးမားသော ရတနာသိုက်ကြီး ဖြစ်မည်နည်း။ ဤသည်မှာ ခေတ်သစ် ပင်လယ်ရေအောက် ဆယ်ယူရေး သမိုင်းတွင် အကြီးကျယ်ဆုံးနှင့် အဂုဏ်သိက္ခာ အရှိဆုံး ဆယ်ယူမှုကြီး ဖြစ်လာပေမည်။
ဆွန်ဖုန်း အနေဖြင့် မကြာမီ သူနှင့် သူ၏ ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီ မှာ နာမည်ကြီးလာတော့မည် ဖြစ်ပြီး သမိုင်းတွင် မှတ်တမ်းတင်ခံရကာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေမည် ဖြစ်ကြောင်း သိလိုက်လေသည်။
"ပိုင်ရှင်... ကျွန်တော် ခန့်မှန်းရသလောက် ဒါက ဒဏ္ဍာရီထဲက ရွှေသင်္ဘောစု ဖြစ်ရမယ်... သင်္ဘောပျက် ၁၇ စင်းတိတိ ဖြစ်နေတာရယ်၊ သင်္ဘောတိုင်းမှာ ရွှေတွေ အပြည့် ပါနေတာရယ်က ရွှေသင်္ဘောစု မှတ်တမ်းတွေနဲ့ အတိအကျ ကိုက်ညီနေပါတယ်"
အသံလက်ထောက်က ပြောလိုက်လေသည်။
"ဟုတ်တယ်... တကယ် အတိအကျ ကိုက်ညီနေတယ်... ဒါပေမယ့် ဒါက လွန်ခဲ့တဲ့ နှစ်ရာချီက စပိန် ရွှေသင်္ဘောစု ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အရေးမကြီးတော့ဘူး... အခု ငါတို့ ရတနာသိုက်ကြီး တစ်ခုကို ရှာတွေ့သွားတာက အဓိကပဲ"
ဆွန်ဖုန်းက ရယ်မော၍ ပြောလိုက်လေသည်။
ဤသင်္ဘောပျက်များက ရွှေသင်္ဘောစု ဟုတ်မဟုတ် ဆိုသည်ကို ဆွန်ဖုန်းက သမိုင်းပညာရှင် မဟုတ်သဖြင့် သင်္ဘောများ၏ ပုံစံနှင့် ရွှေများ၏ နမူနာများကို ကြည့်၍ သင်္ဘောပျက်များ၏ ခေတ်ကာလကို မဆုံးဖြတ်နိုင်ပေ။
ထို့အပြင် လက်ရှိ အချိန်တွင် ဆွန်ဖုန်းသည် ဤသင်္ဘောပျက်များကို ဖျက်ဆီး၍ မရနိုင်သေးပေ။ သို့မဟုတ်ပါက နောက်ပိုင်း မိမိ၏ ဝန်ထမ်းများ ဆယ်ယူရေး လုပ်သောအခါ သံသယ ဝင်သွားမည် ဖြစ်သည်။
"တကယ်လို့ ဒီသင်္ဘောပျက်တွေက ရွှေသင်္ဘောစု ဖြစ်မယ် ဆိုရင်တော့ သမိုင်းမှတ်တမ်းတွေနဲ့ အများကြီး ကွာခြားနေပြီ"
ဆွန်ဖုန်းက နှုတ်ခမ်းကို သပ်ရင်း ပြောလိုက်လေသည်။ သူ ယခု ရောက်ရှိနေသော နေရာမှာ အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းပိုင်းတွင် ဖြစ်ပြီး ဗီဂို ပင်လယ်အော်နှင့် ရေမိုင် ၄၀၀ ခန့် ကွာဝေးကြောင်း သိထားရမည်။
ကောလာဟလများ အရ ရွှေသင်္ဘောစုသည် ဗီဂို ပင်လယ်အော် တစ်နေရာတွင် နစ်မြုပ်ခဲ့သည်ဟု ဆိုသော်လည်း လက်ရှိ ဆွန်ဖုန်း တွေ့ရှိခဲ့သော သင်္ဘောပျက် ၁၇ စင်းမှာ အတ္တလန္တိတ် နိုင်ငံတကာ ရေပိုင်နက် ကြမ်းပြင်တွင် ဖြစ်နေသည်။ ဗီဂို ပင်လယ်အော်နှင့် မိုင်ပေါင်းများစွာ ကွာဝေးနေလေသည်။
အကယ်၍ ဤသင်္ဘောပျက်များသာ ရွှေသင်္ဘောစု ဖြစ်ပါက ဤနှစ်ရာချီ အတွင်း ရတနာ ရှာဖွေသူ အများအပြား ဘာကြောင့် ရှာမတွေ့ခဲ့သည်ကို သူ သဘောပေါက်သွားလေပြီ။ ဗီဂို ပင်လယ်အော် အတွင်းတွင် မရှိဘဲ အပြင်ဘက်ကို ရောက်နေသဖြင့် ဗီဂို ပင်လယ်အော်ကို ပြောင်းပြန်လှန် ရှာလျှင်တောင် အလကားပင် ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် ရွှေသင်္ဘောစုက အတ္တလန္တိတ် သမုဒ္ဒရာ ကြမ်းပြင်တွင် ရှိနေပြီး ရေအနက် ၃,၀၃၅ မီတာ အထိ နက်သော နေရာတွင် ဖြစ်နေသောကြောင့်ပင်။ ထိုမျှ နက်ရှိုင်းသော ပင်လယ်ရေအောက်တွင် ဤသင်္ဘောပျက်များကို ရှာတွေ့ရန်မှာ အလွန် ခက်ခဲလှပေသည်။
မူလက ဆွန်ဖုန်းသည် ဗီဂို ပင်လယ်အော်ကို ရှာဖွေပြီးနောက် လက်လျှော့ရန် စဉ်းစားခဲ့သော်လည်း ဗီဂို ပင်လယ်အော်နှင့် အတ္တလန္တိတ် သမုဒ္ဒရာ ဆုံရာ ရေပြင်ကို တစ်ချက်လောက် ရှာဖွေချင်သေး၍သာ ဆက်ရှာခဲ့ခြင်း ဖြစ်သည်။
ရှာဖွေရေး အကွာအဝေးကို နှစ်ဆ တိုး၍ နောက်တစ်ကြိမ် ရှာဖွေခဲ့ခြင်းက ကံကောင်းသွားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ဆွန်ဖုန်းတွင် ရေငုပ်ဝတ်စုံ ကဲ့သို့သော အစွမ်းထက် စက်ပစ္စည်း ရှိနေလျှင်တောင် ဤသင်္ဘောပျက်များ၏ တည်နေရာကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
ကြိုးစားသူကို နတ်ကောင်းမ သည် ဆိုသလို အခွင့်အရေး ဆိုသည်မှာ စောင့်ဆိုင်းခြင်းနှင့် သည်းခံနိုင်ခြင်း ရှိသူများ အတွက်သာ အမြဲ ရှိနေတတ်သည်။ ဆွန်ဖုန်း စောင့်ဆိုင်းခဲ့သဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ကံကောင်း၍သာ သူ ဆက်လက် ရှာဖွေရန် မဆုံးဖြတ်ခဲ့ပါက ဤရတနာများနှင့် လွဲချော်သွားမည် ဖြစ်သည်။
"ကံကောင်းလို့ ငါ ဒီရတနာတွေကို လက်မလွှတ်ခဲ့ရတာ... ဒီတစ်ခေါက်တော့ တကယ် အကျိုးအမြတ် များတာပဲ"
ဆွန်ဖုန်းက ရယ်မော၍ ပြောလိုက်လေသည်။
"တကယ်လို့ ဒီသင်္ဘောပျက်တွေ အားလုံးက ရွှေသင်္ဘောစု ဖြစ်မယ် ဆိုရင်... ကောလာဟလတွေထဲက မြင်းလှည်း ၅,၀၀၀ စာ ရွှေတွေက ဘယ်နှစ်တန်လောက် ရှိမလဲ မသိဘူး"
ဆွန်ဖုန်းက တံတွေးမြိုချရင်း ပြောလိုက်လေသည်။ ထို့အပြင် ဤကဲ့သို့သော ရှေးဟောင်း ရွှေများ၏ တန်ဖိုးမှာ လက်ရှိ ဈေးကွက်ပေါက်ဈေးထက် ပိုမို ဈေးကြီးမည် ဖြစ်ပြီး တန်ဖိုး ပိုမို မြင့်မားပေလိမ့်မည်။
"ပိုင်ရှင်... ကျွန်တော်တို့ အရင်ဆုံး ဒီသင်္ဘောပျက်တွေကို သိုလှောင်ရုံထဲ ထည့်ကြရအောင်"
အသံလက်ထောက်က သတိပေးလိုက်လေသည်။
"အင်း... ကောင်းပြီ... ငါတို့ ဘယ်လို သိမ်းကြမလဲ... သင်္ဘောတွေကို မပျက်စီးစေဘဲ သိမ်းနိုင်တဲ့ နည်းလမ်း ရှိလား"
ဆွန်ဖုန်းက မေးလိုက်လေသည်။ သင်္ဘောပျက်များ၏ မူလ ပုံစံကို မပျက်စီးစေဘဲ သိုလှောင်ရုံ အတွင်းသို့ သိမ်းဆည်းချင်သောကြောင့် ဖြစ်သည်။
"အဲဒါ လွယ်ပါတယ်... စက်ရုပ်တွေကို ခိုင်းပြီး ဒီမြေကွက် တစ်ခုလုံးကို ဖြတ်ထုတ်ကာ သိုလှောင်ရုံထဲ သိမ်းလိုက်ရုံပဲ... ဒီလိုဆိုရင် ဒီသင်္ဘောပျက်တွေကို ပျက်စီးစေမှာ မဟုတ်ဘူး"
အသံလက်ထောက်က ပြောလိုက်လေသည်။
"ကောင်းပြီ... အဲဒီလိုပဲ လုပ်ကြတာပေါ့"
ဆွန်ဖုန်းက စက်ရုပ် ရာချီနှင့် တူးဖော်ရေး စက်ပစ္စည်းများကို ထုတ်လိုက်လေသည်။ တူးဖော်ရေး စက်ပစ္စည်းများတွင် ဖြတ်တောက်နိုင်သော စနစ် ပါဝင်သဖြင့် မကြာမီ ဆွန်ဖုန်းသည် ဤသင်္ဘောပျက် ၁၇ စင်းကို သိုလှောင်ရုံ အတွင်းသို့ သိမ်းဆည်းလိုက်နိုင်လေသည်။
သိမ်းဆည်းပြီးနောက် ဆွန်ဖုန်းသည် မိမိ၏ သင်္ဘော ရှိရာသို့ ပြန်လာခဲ့လေသည်။ တစ်ရက်နှင့် တစ်ည အလုပ်လုပ်ခဲ့ရသဖြင့် အတော်လေး အနားယူရန် လိုအပ်နေပြီ ဖြစ်သည်။ ဤမျှ ကြီးမားသော ရွှေနှင့် ကျောက်မျက်ရတနာများကို ရှာတွေ့ခဲ့သဖြင့် ဤတစ်ကြိမ် အနောက်နိုင်ငံသို့ လာရခြင်းမှာ အကျိုးအမြတ် ကြီးမားလှပေသည်။
အချိန်တန်၍ ဆယ်ယူရေး လုပ်ငန်းများ လုပ်ဆောင်သောအခါ အနောက်နိုင်ငံများက ဝင်ရောက် စွက်ဖက်မည်ကို ဆွန်ဖုန်း မကြောက်တော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ သင်္ဘောပျက် ဆယ်ယူသည့် နေရာမှာ နိုင်ငံတကာ ရေပိုင်နက် အတွင်းတွင် ဖြစ်သဖြင့် မည်သည့် နိုင်ငံကမှ သူ့ကို တားဆီးပိုင်ခွင့် မရှိပေ။ ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီ မှာ နိုင်ငံတကာ ဥပဒေ၏ အကာအကွယ်ကို ရရှိထားပြီး နိုင်ငံတကာ ရေပိုင်နက် အတွင်း တွေ့ရှိသော သင်္ဘောပျက်များမှာ ဆွန်ဖုန်း၏ ပိုင်ဆိုင်မှုသာ ဖြစ်သည်။ စပိန် အနေဖြင့် ဤရတနာများကို ပြန်လည် တောင်းခံချင်လျှင်တောင် အများဆုံး ၁၀ ရာခိုင်နှုန်းသာ ရရှိနိုင်မည် ဖြစ်သည်။
နိုင်ငံတကာ ဆယ်ယူရေး ဥပဒေ အရ နိုင်ငံတကာ ရေပိုင်နက် အတွင်း ဆယ်ယူရရှိသော သင်္ဘောပျက်၏ တန်ဖိုး ၉၀ ရာခိုင်နှုန်းမှာ ဆယ်ယူသူနှင့် သက်ဆိုင်သည်။
ဤအကာအကွယ် ရှိနေသဖြင့် ဆွန်ဖုန်းသည် အပြင်ပန်းတွင် မည်သူ့ကိုမျှ ကြောက်စရာ မလိုပေ။ အကယ်၍ တစ်ဖက်လူက နောက်ကွယ်မှ ယုတ်မာလာပါက သို့မဟုတ် အကြမ်းဖက်လာပါက ဆွန်ဖုန်းက 'သေခြင်း' ဆိုသည်ကို မည်သို့ ရေးရမည်ကို သူတို့ကို သင်ပေးမည် ဖြစ်သည်။ နိုင်ငံတကာ ရေပိုင်နက် အတွင်း စစ်သင်္ဘော တချို့ နစ်မြုပ်သွားခြင်းမှာ အလွန် ပုံမှန် ကိစ္စ တစ်ခု ဖြစ်သည် မဟုတ်ပါလား... ဟဲဟဲဟဲ...
သုံးနာရီ အကြာတွင်...
"ဒီနေ့က နေ့ကောင်းရက်မြတ်လေးပါ... မနက်ဖြန်လည်း နေ့ကောင်းရက်မြတ်လေးပါပဲ..."
ဆွန်ဖုန်းသည် သီချင်းလေး ညည်းကာ မိမိ၏ အခန်းထဲမှ ထွက်လာပြီး စိတ်ခံစားချက် အလွန် ကောင်းမွန်နေလေသည်။
"ဟေး... သူဌေး... ဒီနေ့ ဘာကိစ္စများ ရှိလို့ ဒီလောက်တောင် ပျော်နေရတာလဲ"
ဆွန်ဖုန်း ရောက်လာသည်ကို မြင်သောအခါ ဝန်ထမ်း တစ်ဦးက ပြုံးရွှင်စွာ မေးလိုက်လေသည်။
"ဟဲဟဲ... ငါ့ ဇနီးက မကြာခင် ငါ့သားလေး မွေးတော့မယ်လို့ လှမ်းပြောလို့လေ"
ဆွန်ဖုန်းက မထီမဲ့မြင် ဟန်ဖြင့် ဆေးလိပ် တစ်လိပ် ထုတ်ကာ မီးညှိလိုက်ပြီး ရွှေသင်္ဘောစုကို ရှာတွေ့ခြင်း အတွက် အောင်ပွဲခံလိုက်လေသည်။
"ဪ... သူဌေး... ဂုဏ်ယူပါတယ်"
တယ်ကျီ က ဆွန်ဖုန်း ရောက်လာသည်ကို မြင်သောအခါ ကပျာကယာ ပြေးလာပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေသည်။
"ဒီနေ့ ဘာဟင်းတွေ ချက်လဲ"
ဆွန်ဖုန်းက နေရာ တစ်ခုတွင် ဝင်ထိုင်ကာ မေးလိုက်လေသည်။ သူ တစ်နေကုန် ဘာမှ မစားရသေးကြောင်း သတိရသွားသည်။
"သူဌေး... ဒီနေ့ ကျွန်တော်တို့ ပင်လယ်ရေနဲ့ ပြုတ်ထားတဲ့ ပင်လယ်စာတွေ စားရမယ်... ဘာဟင်းခတ်အမွှေးအကြိုင်မှ မပါဘူး... အရသာ အစစ်အမှန်လေးပေါ့"
"အင်း... မဆိုးဘူး"
ဆွန်ဖုန်းက ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ရင်း ပြောလိုက်လေသည်။ ယခုအချိန်တွင် ရိုးရိုး မုန့်ကြမ်းလေး စားရလျှင်တောင် သူက အရသာ ရှိနေမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကိစ္စကောင်းများ ကြုံတွေ့ထားရသောကြောင့်ပင်။
"အဟမ်း... သူဌေး... ကျွန်တော်တို့ကို ဘယ်တော့လောက် ဗီဂိုမြို့က ပညာတတ် လူကုံထံတွေ စုဝေးတဲ့ နေရာကို နောက်တစ်ခေါက် သွားလည်ဖို့ ခေါ်သွားဦးမလဲ"
လုံချီ ဟု အမည်ရသော ကြွက်သားအပြည့်နှင့် လူသန်ကြီး တစ်ဦးက ကပ်လာပြီး ပြုံးဖြီးဖြီးဖြင့် မေးလိုက်လေသည်။ ယခင် တစ်ကြိမ် အတွေ့အကြုံက ဤလူများကို ထိုနေရာသို့ အမြဲ သတိရနေစေခဲ့သည်။
"ဟေ့ကောင်တွေ... မင်းတို့က အဲဒီ နေရာကိုပဲ သွားဖို့ စဉ်းစားနေကြတာ... အဲဒီ နေရာက ကောင်းပေမယ့် နေ့တိုင်း သွားလို့ မရဘူးလေ... အင်း... ဒီလိုလုပ်... ဗီဂိုမြို့ကို ပြန်ရောက်ရင် နောက်တစ်ခေါက် သွားလည်ဖို့ ငါ ခေါ်သွားမယ်"
ဆွန်ဖုန်းက အလွန် သဘောထား ကြီးစွာဖြင့် ပြောလိုက်လေသည်။
"ဝါး... သူဌေး မိုးကျရွှေကိုယ်ပါလား"
ဆွန်ဖုန်းသည် ဘေးရှိ ပျော်ရွှင်နေသော လူဆယ်ယောက်ကျော်ကို ကြည့်ကာ စိတ်ထဲတွင် ကျိတ်ရယ်နေလေသည်။
မကြာမီ ဤလူတွေက သူ့အတွက် သင်္ဘောပျက် ဆယ်ယူရေး လုပ်ရတော့မည် ဖြစ်ပြီး ထိုရွှေနှင့် ကျောက်မျက်ရတနာများကို ဆယ်ယူရင်း အလွန် ပင်ပန်းကြတော့မည် ဖြစ်သည်။
'မင်းတို့က ပညာတတ် လူကုံထံတွေ စုဝေးတဲ့ နေရာကိုပဲ နေ့တိုင်း သွားချင်နေကြတာ... အဲဒါ အလကား ရတယ် ထင်နေလား... ပိုက်ဆံတွေ အများကြီး ကုန်တာကွ'