အခန်း ၁၉၇
Vol. 20 Ch. 197
အခန်း ၁၉၇ ဆယ်ယူရေး စတင်ခြင်း
"ပေကျိ ငါတို့ ဆယ်ယူရေး လုပ်တဲ့ အချိန်ကျရင် သိရမှာပဲလေ"
တယ်ကျီက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
"ဟားဟား၊ ဒါလည်း ဟုတ်တာပဲ"
ပေကျိက ရယ်မောကာ ထောက်ခံလေသည်။
"တကယ်လို့ ရွှေသင်္ဘောစုသာ တကယ် ဖြစ်ခဲ့ရင် ဆယ်ယူရေး ပြီးသွားတဲ့ အခါ ဝန်ထမ်းတိုင်းကို ဆုကြေးငွေ ဒေါ်လာ တစ်သိန်းစီ ပေးမယ်"
ဆွန်ဖုန်းက လက်ခုပ်တီးကာ လူဆယ်ယောက်ကျော်ကို တိတ်တိတ်နေရန် အချက်ပြပြီးနောက် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်လေသည်။
"ဝါး... သူဌေး... ခင်ဗျား တကယ် သဘောကောင်းလွန်းတယ်"
"သူဌေး... ခင်ဗျားကို ချစ်တယ်"
ဝန်ထမ်း ဆယ်ယောက်ကျော်လုံး အသံကုန် အော်ဟစ် အောင်ပွဲခံလိုက်ကြလေသည်။
ဒေါ်လာ တစ်သိန်း ဆိုသည်မှာ ယွမ် တစ်သိန်း မဟုတ်ပေ။ အရာများစွာ လုပ်နိုင်လေပြီ။ မိန်းမယူ၊ ကလေးယူ၊ အိမ်ဝယ်၊ ကားဝယ်... အကုန် အဆင်ပြေသွားပြီ ဖြစ်သည်။
"သွားစမ်းပါ... ငါက ယောကျာ်းတွေကို မကြိုက်ဘူး"
ဆွန်ဖုန်းက ရယ်မောကာ ဆဲဆိုလိုက်လေသည်။
ဤလူများက ရွှေများကို မြင်ပြီး ငွေမက်ကာ မိမိကို ခြိမ်းခြောက် ငွေညှစ်မည်ကို ဆွန်ဖုန်း လုံးဝ မကြောက်ပေ။
သူက ဤကဲ့သို့သော သာမန်လူ တစ်ရာလောက်ကို အချိန်မရွေး အေးဆေး နှိမ်နင်းနိုင်စွမ်း ရှိသည်။
"သူဌေး... ကျွန်တော်တို့ သီးသန့် စကားနည်းနည်းလောက် ပြောလို့ ရမလား"
ပေကျိက စိုးရိမ်တကြီးဖြင့် လျှောက်လာပြီး ဆွန်ဖုန်းကို တိုးတိုးလေး မေးလိုက်လေသည်။
"ရတယ်လေ"
သူတို့ နှစ်ယောက် နေရာ တစ်ခု ရှာပြီးနောက် ပေကျိက စတင် ပြောလေသည်။
"သူဌေး... တကယ်လို့ ကျွန်တော်တို့ ခြေအောက်က ပင်လယ်အောက်မှာ ရှိနေတဲ့ သင်္ဘောပျက်တွေက ရွှေသင်္ဘောစု တကယ် ဖြစ်နေမယ် ဆိုရင်... သတင်း ပေါက်ကြားသွားတာနဲ့ စပိန် အစိုးရက သေချာပေါက် မနာလို ဖြစ်လာလိမ့်မယ်..."
"ဒီနေရာက နိုင်ငံတကာ ရေပိုင်နက် ဖြစ်နေလို့ သူတို့ အလွတ်သဘော ဝင်စွက်ဖက်လို့ မရပေမယ့် နောက်ကွယ်ကနေ ဒုက္ခပေးလာမှာကို ကျွန်တော် စိုးရိမ်တယ်"
ပေကျိက သူ၏ စိုးရိမ်မှုကို ပြောပြလိုက်လေသည်။
အကယ်၍ ရွှေသင်္ဘောစု တကယ် ဖြစ်နေပါက ဤရတနာသိုက်ကြီးမှာ ၂၁ ရာစု၏ အကြီးကျယ်ဆုံးသော စည်းစိမ် တစ်ခု ဖြစ်လာမည် ဖြစ်ပြီး လူမည်မျှ မနာလို ဖြစ်မည်ကို မသိနိုင်ပေ။
ဤစည်းစိမ်၏ မူလ ပိုင်ရှင်မှာ လွန်ခဲ့သော နှစ်ရာချီက စပိန်နိုင်ငံ ဖြစ်ကြောင်း မေ့ထား၍ မရပေ။
နိုင်ငံတကာ ပင်လယ်ရေအောက် ဆယ်ယူရေး ဥပဒေ အရ အဖွဲ့အစည်း အသီးသီးက ဤရတနာကို အပြင်ပန်းတွင် ဘာမှ လုပ်ရဲမည် မဟုတ်ဟု ပေကျိ ယုံကြည်သော်လည်း နောက်ကွယ်တွင်မူ မည်သို့ ဖြစ်လာမည်ကို မသိနိုင်ပေ။
ငွေကြေး ဆိုသည်မှာ မကောင်းမှု အားလုံး၏ မြစ်ဖျားခံရာ ဖြစ်သည် ဆိုသည့်အတိုင်း အခြားသူများက အန္တရာယ်ကို မမှုဘဲ စွန့်စား လုပ်ဆောင်လာမည်ကို ဆွန်ဖုန်းနှင့် ပေကျိ တို့ အာမမခံရဲပေ။
"ဒီလိုလုပ်... ငါတို့ အရင် ဆယ်ယူရေး လုပ်မယ်... တော်တော်လေး ပြီးသွားမှ သတင်း ဖြန့်လိုက်မယ်..."
ဆွန်ဖုန်းက ခဏ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"သတင်း မဖြန့်ဘဲ နေလို့လည်း မရဘူးလေ... စက္ကူနဲ့ မီးကို ထုပ်ထားလို့မှ မရတာ... ငါ ထင်တာတော့ မကြာခင် ဒီသတင်းက တစ်ကမ္ဘာလုံးကို ပျံ့သွားတော့မှာပဲ"
"အင်း... ဒါက အောက်ဆုံး အဆင့် နည်းလမ်းပဲ... အကောင်းဆုံး ကတော့ ငါတို့ရဲ့ ဆယ်ယူရေးကို ကာကွယ်ပေးမယ့် လူ ရှိရင် အကောင်းဆုံးပဲ"
ပေကျိက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
"အရင် ဆယ်ကြတာပေါ့"
ဆွန်ဖုန်းက ပြောလိုက်လေသည်။ သူ့ကို ကာကွယ်ပေးမည့် လူကို ဘယ်သွားရှာရမည်နည်း။
ဒုတိယနေ့တွင် ဆွန်ဖုန်း၏ ဝန်ထမ်း ၆၀၊ ၇၀ ခန့်သည် ဆယ်ယူရေး သင်္ဘောဖြင့် သင်္ဘောပျက် ရှိရာသို့ ရောက်ရှိလာပြီး ဆွန်ဖုန်းတို့နှင့် ပူးပေါင်းလိုက်ကြလေသည်။
ဤလူများမှာ လောလောဆယ် ဘာဖြစ်နေမှန်း မသိကြဘဲ ဆွန်ဖုန်းက သင်္ဘော မောင်းလာရန် ခိုင်း၍သာ လာခဲ့ကြခြင်း ဖြစ်ပြီး သင်္ဘောပျက် တွေ့ရှိသည့် ကိစ္စကို လုံးဝ မသိကြသေးပေ။
သူတို့ ဤနေရာသို့ ရောက်သည်နှင့် သင်္ဘောပျက် ၁၇ စင်း တွေ့ရှိကြောင်းနှင့် ရွှေသင်္ဘောစု ဖြစ်နိုင်ခြေ များကြောင်း ကြားလိုက်ရသဖြင့် အားလုံး အလွန် လန့်ဖျပ်သွားကြပြီး မယုံကြည်နိုင်သော အံ့ဩ မှင်တက်မှုများ မျက်နှာပေါ်တွင် ပေါ်လွင်နေကြလေသည်။
ဆယ်ယူရေး သင်္ဘော ကုန်းပတ်ပေါ်တွင်...
ဆွန်ဖုန်းသည် ရှေ့ရှိ လူရှစ်ဆယ်၊ ကိုးဆယ်ခန့်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။
"ငါ ဒီမှာ ရှေးဟောင်း သင်္ဘောပျက် ၁၇ စင်း တွေ့ထားတယ် ဆိုတဲ့ သတင်းကို အားလုံး သိပြီးလောက်ပြီ ထင်ပါတယ်... ဒီနေ့ ဆယ်ယူရေး လုပ်ငန်း စတင်ဖို့ စီစဉ်ထားတယ်..."
"ဆယ်ယူရေး ပြီးသွားရင် လူတိုင်းကို ဆုကြေးငွေ ဒေါ်လာ တစ်သိန်းစီ ပေးမယ်... ဒါကြောင့် နောက်ပိုင်း အလုပ်တွေမှာ အားလုံး သေချာ ကြိုးစား လုပ်ပေးကြပါ... အကျိုးအမြတ်က မင်းတို့အတွက် သေချာပေါက် ရှိမှာပါ"
ဆွန်ဖုန်းက ဆယ်ယူရေး မစမီ အားပေး စကား ပြောကြားလိုက်လေသည်။
ဆုကြေးငွေ ဒေါ်လာ တစ်သိန်း ဆိုသည်ကို ကြားသောအခါ လူတိုင်း၏ မျက်လုံးများ အရောင်လင်းသွားပြီး သေချာ ကြိုးစား လုပ်ဆောင်မည့် အကြောင်း ရင်ဘတ်စည်တီးကာ ကတိပေးကြလေသည်။
အားပေး စကား ပြောကြားပြီးနောက် သင်္ဘောပျက် ဆယ်ယူရေးကို တရားဝင် စတင်လိုက်လေသည်။
တာဝန်များ စတင် ခွဲဝေကြရာ ရေငုပ် ဆင်းမည့်သူ၊ ဆယ်ယူရေး သင်္ဘော စက်ယန္တရားများကို ကူညီ မောင်းနှင်မည့်သူ၊ ကြီးကြပ် ညွှန်ကြားမည့်သူ၊ ဖြတ်တောက်မည့်သူ၊ သယ်ယူ ပို့ဆောင်မည့်သူ စသဖြင့် အသီးသီး တာဝန် ယူကြလေသည်။
ဤဆယ်ယူရေး သင်္ဘောမှာ တန်ချိန် ၃၀၀ သာ ရှိသော်လည်း သင်္ဘောပျက် ဆယ်ယူရေး စက်ပစ္စည်းများ အခြေခံအားဖြင့် အစုံအလင် ပါရှိသည်။
ကြီးမားသော မချီစက်များ၊ ရေငုပ် စက်ပစ္စည်းများ၊ ဖိသိပ်လေ၊ ရေအောက် ဂဟေဆော်စက်၊ ရေအောက် ဖြတ်တောက်စက် အစရှိသည်တို့ ပါဝင်သည်။
ရေအောက်တွင် တိုက်ရိုက် လုပ်ငန်း လုပ်ဆောင်နိုင်သလို သင်္ဘောပျက်ကို အပေါ်သို့ မတင်၍လည်း ရသည်။
ဤကဲ့သို့သော ရှေးဟောင်း သင်္ဘောပျက်မျိုးကို မတင်ရန် ဤဆယ်ယူရေး သင်္ဘောက လုံးဝ နိုင်နင်းပေသည်။
ရှေးဟောင်း သင်္ဘောပျက်များမှာ လက်ရှိ သံမဏိ သင်္ဘောများလောက် မလေးလံဘဲ ဖြတ်တောက် ခွဲထုတ်ရန်လည်း လွယ်ကူသည်။
လုပ်ငန်းများ ချက်ချင်း စတင်လိုက်လေသည်။
ဤသင်္ဘောပျက်များကို မီတာ ဆယ်ချီခန့် အပေါ်သို့ မတင်ပြီးနောက် ရေထဲတွင် တွဲလွဲဆွဲထားလျက် တိုက်ရိုက် ဖြတ်တောက်ကာ အတွင်းသို့ ဝင်ရောက်ပြီး ရတနာများကို ရှာဖွေ သယ်ယူရန် တယ်ကျီ က အကြံပြုလေသည်။
သင်္ဘောပျက် တစ်ခုလုံးကို ရေပေါ်သို့ မတင်ရန် မလိုအပ်ပေ။
လက်ရှိ ရေအနက်မှာ မီတာ တစ်ရာကျော်သာ ရှိသဖြင့် အလွန် မနက်ရှိုင်းပေ။
ထို့ကြောင့် လုပ်ငန်း အခက်အခဲ သိပ်မကြီးမားသဖြင့် တယ်ကျီ၏ အကြံပြုချက်ကို ဆွန်ဖုန်းက လက်ခံလိုက်လေသည်။
မကြာမီ ပထမဆုံး သင်္ဘောပျက် တစ်စင်းကို သံမဏိ ကြိုးများစွာဖြင့် ချည်နှောင်လိုက်ပြီး ဆယ်ယူရေး သင်္ဘောက ရေထဲမှ အတင်း မတင်လိုက်လေသည်။
ရွှံ့နွံများထဲမှ လွတ်ကင်းသွားပြီး မကြာမီ သင်္ဘော တစ်စင်းလုံး ပင်လယ်ကြမ်းပြင်မှ လွတ်ကင်းသွားလေသည်။
ဖြတ်တောက်ခြင်း စတင်လေသည်။
လူဆယ်ယောက်ခန့်က ဖြတ်တောက်ရေး ကိရိယာများ ကိုင်ဆောင်ကာ ကုန်းပတ်ကို ခွဲထုတ် ဖြတ်တောက်ကြလေသည်။
ဤရှေးဟောင်း သစ်သား သင်္ဘောများ၏ ကုန်းပတ်မှာ အလျင်အမြန်ပင် ဖျက်ဆီး ခံလိုက်ရလေသည်။
ရေငုပ်သမား လေးငါးယောက်က သင်္ဘော အတွင်းပိုင်း ကုန်လှောင်ရုံများ အတွင်းသို့ ဝင်ရောက်ကာ ရတနာများကို စတင် ရှာဖွေကြလေသည်။
မကြာမီ ထိုရေငုပ်သမားများက ဆွန်ဖုန်း ထံသို့ သတင်းကောင်း ယူဆောင်လာခဲ့ကြလေသည်။
ကုန်လှောင်ရုံ အတွင်းတွင် တင်ဆောင်ထားသည်များမှာ ရွှေများချည်းသာ ဖြစ်သည်။
ဤသင်္ဘောပျက်တွင် ကုန်လှောင်ရုံ အခန်းငယ်ပေါင်း ဒါဇင်ချီ ပါရှိမည်ဟု ခန့်မှန်းရပြီး အခန်းတိုင်းတွင် ရွှေများ အပြည့် ပါရှိလေသည်။
ဤသတင်းကို ရရှိပြီးနောက် ဤသင်္ဘောပျက် ၁၇ စင်းမှာ လွန်ခဲ့သော နှစ်ရာချီက ရွှေသင်္ဘောစု ဖြစ်ကြောင်း ဆွန်ဖုန်း နောက်ဆုံး အတည်ပြုနိုင်ခဲ့လေသည်။
လူတိုင်း အလွန် စိတ်လှုပ်ရှားသွားကြလေသည်။
အစပိုင်းက သူတို့၏ သူဌေးက ရွှေသင်္ဘောစုကို ရှာမည်ဟု ပြောစဉ်က နောက်ပြောင်နေသည်ဟု ထင်ခဲ့ကြသော်လည်း ယခုတော့ အိပ်မက် တကယ် ဖြစ်လာမည်ဟု မထင်ထားခဲ့ကြပေ။ ဤသည်မှာ အလွန် ကံကောင်းလွန်းလှပေသည်။
ဤနှစ်ရာချီ အတွင်း လူပေါင်း မရေမတွက်နိုင်အောင် ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့သော ရွှေသင်္ဘောစုကို ဆွန်ဖုန်းက ရှာတွေ့သွားခဲ့လေသည်။
ဤလူများ အမြင်တွင် သူတို့၏ သူဌေးက နိုင်ငံတကာ ရေပိုင်နက်တွင် ရေခဏ ဆင်းငုပ်ရုံဖြင့် ဤဧရာမ ရတနာသိုက်ကြီးကို မတော်တဆ ရှာတွေ့သွားခဲ့ခြင်း ဖြစ်ရာ တကယ်ကို ကံကောင်းလွန်းလှပြီး ကံကောင်းခြင်း နတ်သမီး၏ မျက်နှာသာပေးခံရသော အမျိုးသား တစ်ဦး ဖြစ်ပေသည်။
"ဒီတစ်ခေါက်တော့ သူဌေး ကြီးပွားပြီ... ဒီတွေ့ရှိမှုက သမိုင်းမှတ်တမ်း အဖြစ် သေချာပေါက် ဝင်သွားမှာ ဖြစ်ပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမှာ သေချာတယ်..."
"၂၁ ရာစုရဲ့ အကြီးမားဆုံး ဖြစ်ရပ်ဆယ်ခု ထဲမှာလည်း သေချာပေါက် နေရာ တစ်နေရာ ပါလိမ့်မယ်... ပြီးတော့ ငါတို့လည်း လိုက်ပြီး နာမည်ကြီးတော့မှာပဲ"
ကုန်လှောင်ရုံ အတွင်းရှိ ရွှေသေတ္တာများကို ကြည့်ကာ ပေကျိ တစ်ယောက် စကားပင် မပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေလေသည်။
မကြာမီ ရွှေသေတ္တာများကို ရေပေါ် ပေါလောပေါ်သော သယ်ယူရေး ကိရိယာများဖြင့် ထုပ်ပိုးကာ အပေါ်သို့ သယ်ဆောင်လာခဲ့လေသည်။
ဆွန်ဖုန်းနှင့် သင်္ဘောပေါ်ရှိ ဝန်ထမ်းများသည် ရွှေသေတ္တာများ အပေါ်သို့ ရောက်လာသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ အော်ဟစ် အောင်ပွဲခံလိုက်ကြလေသည်။
"သူဌေး... ကျွန်တော်တို့ ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီကတော့ ဒီကိစ္စကြောင့် နာမည်ကြီးတော့မယ်"
"ဟားဟား... ဒါပေါ့"
ဆွန်ဖုန်းက ရွှေသေတ္တာ တစ်လုံး အနီးသို့ လျှောက်သွားကာ ရွှေတုံး တစ်တုံးကို ကောက်ကိုင်လိုက်လေသည်။
သူ၏ မျက်လုံးများတွင် ရူးသွပ်မှုများ ပေါ်လွင်နေပြီး မည်သူကမှ ငွေကြေး အပေါ်တွင် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
လောလောဆယ် ပထမဆုံး သင်္ဘောပျက် တစ်စင်းကိုသာ ဆယ်ယူနေခြင်း ဖြစ်ပြီး ဤတစ်စင်းတည်းကိုပင် တစ်ရက်ခန့် အချိန်ယူရမည်ဟု ခန့်မှန်းရသည်။
ဤတစ်ကြိမ် ဆယ်ယူရေး အားလုံး ပြီးစီးရန် ရက်နှစ်ဆယ်ခန့် အချိန်ယူရမည် ဖြစ်သည်။
သို့သော် ထိုရက်နှစ်ဆယ် အတွင်း မည်သို့သော မမျှော်လင့်ထားသည့် ကိစ္စများ ဖြစ်လာမည်ကို မသိနိုင်ပေ။