အခန်း ၁၈၁
Vol. 19 Ch. 181
အခန်း (၁၈၁)
နားလည်သဘောပေါက်သွားခြင်း
ကောင်းကင်ယံထက်တွင် အလင်းရောင်မှိန်ပျပျသာ ရှိနေပြီး ပြည်နယ်မြို့တော်တစ်ခုလုံးသည် ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ ပုံမှန်ဆိုလျှင် လမ်းမများပေါ်သို့ ထွက်လေ့ရှိသော ဈေးသည်များနှင့် လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြမည့် လယ်သမားများသည် ယခုအခါတွင်မူ သူတို့၏ အိမ်ဂေဟာများထဲ၌သာ တိတ်တဆိတ် ပုန်းအောင်းနေကြကုန်၏။
မနေ့ကတည်းက မိမိတို့၏ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့သော ဖေးမိသားစုခေါင်းဆောင်၊ ရွှီမိသားစုခေါင်းဆောင်နှင့် ကျန်းမိသားစုခေါင်းဆောင်တို့သည် တစ်နေရာတည်း၌ ဆုံစည်းမိနေကြပြီ ဖြစ်သည်။ ထိုလူသုံးဦးစလုံးသည် မျက်နှာညှိုးငယ်လျက် မျက်မှောင်ကုတ်ထားကြပြီး သူတို့၏ အမူအရာများမှာလည်း အလွန်ပင် အုံ့မှိုင်းနေခဲ့ကြပေသည်။ သူတို့၏ဘေးတွင် ရှိနေသော လစ်လပ်နေသည့် ထိုင်ခုံနှစ်နေရာမှာမူ ထူးထူးခြားခြား ပေါ်လွင်ထင်ရှားနေခဲ့သည်။
ဉာဏ်အတုံးဆုံးဖြစ်သည့် ထိုမိသားစုခေါင်းဆောင် သုံးဦးပင်လျှင် ယခုအခါ၌မူ သူတို့သည် စွန့်ပစ်ခံလိုက်ရသော နယ်ရုပ်များ ဖြစ်သွားခဲ့ရပြီဖြစ်ကြောင်း၊ သူတို့၏ အသက်အိုးအိမ်စည်းစိမ်များနှင့် ကံကြမ္မာများသည် တစ်ပါးသူ၏လက်ထဲတွင် အပေးအယူလုပ်စရာ ဖဲချပ်များနှင့် မိတ်ဆက်လက်ဆောင်များမျှသာ ဖြစ်သွားခဲ့ရပြီ ဖြစ်ကြောင်းကို သဘောပေါက်သွားခဲ့ကြပြီ ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက်၊ ကျန်းမိသားစုခေါင်းဆောင်သည် ဆက်၍ သည်းမခံနိုင်တော့ချေ။ သူသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး သူ၏ရှေ့ရှိ စားပွဲခုံကို ကန်ချလိုက်ကာ အက်ရှရှအသံဖြင့် အော်ဟစ်မြည်တမ်းလိုက်တော့သည်။
"စွန်းစု... အဲဒီ တိရစ္ဆာန်ကောင်။ သူ ဘယ်လိုတောင် အရှက်မရှိရတာလဲ။ ငါတို့ ပြည်နယ်ထဲက မိသားစုကြီးငါးစုဟာ အမြဲတမ်း စည်းလုံးညီညွတ်ခဲ့ကြတာ။ သူက ဘာလို့ ငါတို့ကို ဒီလိုမျိုး လုပ်ကြံရက်ရတာလဲ။ ငါတို့ရဲ့ ယုံကြည်မှုကို သူ သစ္စာဖောက်ခဲ့တာပဲ။ ပြီးတော့ လူရှီ... အဲဒီ အဘိုးအိုကြီးကလည်း သစ္စာဖောက်ပဲ။ ဒါဟာ ပြောင်ပြောင်တင်းတင်း သစ္စာဖောက်တာပဲ။"
တောက်လောင်နေသော ဒေါသအဟုန်များ ပြည့်နှက်နေသည့် ထိုအော်ဟစ်သံသည် ဆိတ်ငြိမ်လှသော လျှို့ဝှက်အခန်းအတွင်း ဟိန်းထွက်သွားခဲ့ပြီး နားထဲတွင် ကန့်လန့်ကြီး ဖြစ်နေစေခဲ့သည်။ ရုတ်တရက် ဒေါသပေါက်ကွဲသွားသော ကျန်းမိသားစုခေါင်းဆောင်သည် သွေးရောင်လွှမ်းနေသော မျက်ဝန်းများဖြင့် ရွှီမိသားစုခေါင်းဆောင်နှင့် ဖေးမိသားစုခေါင်းဆောင်တို့ကို စိုက်ကြည့်လိုက်၏။
"မိတ်ဆွေတို့... အခြေအနေတွေက ဒီအဆင့်အထိ ရောက်လာပြီဆိုတော့ ငါတို့ အခု ဘာဆက်လုပ်ကြမလဲ။"
ဖေးမိသားစုခေါင်းဆောင်သည် ဖြည်းညှင်းစွာ မော့ကြည့်လိုက်ရာ သူ၏အိုမင်းရင့်ရော်လှသော မျက်နှာထက်တွင် မျှော်လင့်ချက်မဲ့မှုများ အပြည့်အဝ ထင်ဟပ်နေပြီး ခါးသီးလှသော အပြုံးတစ်ခုကိုသာ အနိုင်နိုင် ဖန်တီးလိုက်နိုင်သည်။
"ဘာလုပ်ရမှာလဲ... အခြေအနေတွေက ဒီလိုဖြစ်သွားမှတော့ ငါတို့ ကံကြမ္မာအတိုင်းပဲ ပစ်ထားလိုက်ရုံပေါ့။"
ဒေါသတကြီး ဖြစ်နေသော ကျန်းမိသားစုခေါင်းဆောင်နှင့် မျှော်လင့်ချက်မဲ့နေသော ဖေးမိသားစုခေါင်းဆောင်တို့နှင့် မတူဘဲ၊ ရွှီမိသားစုခေါင်းဆောင်၏ နှလုံးသားမှာမူ ယခုအချိန်တွင် ကယောက်ကယက် ဖြစ်နေခဲ့ပြီဖြစ်သည်။
"မိတ်ဆွေတို့... ကံကြမ္မာအတိုင်း ပစ်ထားတယ်ဆိုတာ သေမယ့်ရက်ကို ထိုင်စောင့်နေတာနဲ့ အတူတူပဲ။ ဘာလို့ ငါတို့တွေ အစွမ်းကုန် မရုန်းကန်ကြည့်ရမှာလဲ။"
"ဟင်... ဘယ်လိုမျိုး ရုန်းကန်မှာလဲ။"
"ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ရုတ်တရက် စစ်ဦးလှည့် တိုက်ခိုက်ကြတာပေါ့။"
နံနက်ခင်း၏ နေရောင်ခြည်သည် ပြည်နယ်မြို့တော်ပေါ်သို့ ဖြာကျလာပြီး တလက်လက်တောက်နေသော မြို့ပတ်ကျုံးရေပြင်ကို အရောင်အဝါမျိုးစုံဖြင့် လင်းလက်စေခဲ့သည်။ မြို့ရိုးထက်တွင်မူ ဝမ်ကျင်း ချန်ထားခဲ့သော ကိုယ်ရံတော်စစ်သည်များသည် လက်နက်များကို ကိုင်ဆောင်လျက် ဝေးကွာသော အရပ်ဆီသို့ သတိအပြည့်ဖြင့် စောင့်ကြည့်နေကြကုန်၏။ ကျိမိသားစု၊ လူမိသားစုနှင့် စွန်းမိသားစုတို့မှ စုဆောင်းထားသော အိမ်တော်သစ္စာခံများနှင့် ဆွေမျိုးသားချင်းများသည်လည်း ရိုးရှင်းသော လက်နက်ငယ်များကို ကိုင်ဆောင်ကာ မြို့ရိုးထက်တွင် ရပ်တန့်နေကြသည်။
ဝမ်ကျင်းသည် စီမာယီ၊ ကျိကျုန်းတို့နှင့်အတူ ကျယ်ပြန့်လှသော မြို့ရိုးတစ်လျှောက် ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့၏။ ကျိကျုန်းနှင့် အခြားသူများသည် မိမိတို့ရှေ့တွင် အမှန်တကယ်ပင် အေးအေးလူလူ ရှိနေသော ဝမ်ကျင်း၏ အမူအရာကို ကြည့်ပြီးနောက် သူတို့၏ စိုးရိမ်စိတ်များလည်း လျော့ပါးသွားခဲ့ရသည်။ ထိုသူတို့သည် သာမန်လူများ မဟုတ်ကြသော်လည်း စစ်ပွဲနှင့် တိုက်ပွဲများကိုမူ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးကြချေ။
စတင်၍ မြို့ရိုးပေါ်သို့ တက်လာခဲ့စဉ်က သူတို့သည် အနည်းငယ် စိုးရိမ်ထိတ်လန့်နေခဲ့ကြသော်လည်း ဝမ်ကျင်း၏ တည်ငြိမ်အေးဆေးကာ သက်သောင့်သက်သာရှိလှသော အနေအထားကြောင့် စိတ်အေးသွားခဲ့ကြခြင်း ဖြစ်သည်။ သူတို့ထက် ပိုမိုမြင့်မားသော အဆင့်အတန်းနှင့် နောက်ခံရှိသော ဝမ်ကျင်းပင်လျှင် အကြောက်တရား ကင်းမဲ့နေပါက သူတို့ကော မည်သည့်အရာကို ကြောက်ရဦးမည်နည်း။ သူတို့သည် ဝမ်ကျင်းအနေဖြင့် မိမိကိုယ်ကိုယ် ဘေးအန္တရာယ်ထဲသို့ တမင်သက်သက် တွန်းပို့လိမ့်မည်ဟု မယုံကြည်ကြချေ။
လက်တစ်ဖက်ဖြင့် မြို့ရိုးတံတိုင်းကို အသာအယာ ပွတ်သပ်နေသော ဝမ်ကျင်းသည် လမ်းလျှောက်ရာမှ ရပ်တန့်လိုက်ပြီး မြို့အောက်ခြေသို့ ငုံ့ကြည့်ကာ ပြောဆိုလိုက်၏။
"မိတ်ဆွေတို့... မင်းတို့တွေ စစ်ပွဲကို တစ်ခါမှ မကြုံဖူးကြဘူး မဟုတ်လား။"
ကျိကျုန်းနှင့် အခြားလူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ကျိကျုန်းက ရိုသေစွာ လျှောက်တင်လိုက်၏။
"သခင်ကြီးအား လျှောက်တင်တယ်... ကျွန်တော်မျိုးတို့ တိုက်ပွဲကို တစ်ခါမျှ မကြုံတွေ့ဖူးတာ တကယ်ပါ"
ဝမ်ကျင်းသည် သူ၏လက်ကို ဆန့်တန်းကာ မြို့အောက်ခြေဆီသို့ ညွှန်ပြလိုက်၏။
"ငါ တစ်ခါက စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး မြို့တစ်မြို့ကို တိုက်ခိုက်ခဲ့ဖူးတယ်။ လော့နန်နိုင်ငံရဲ့ ယွဲ့ဒေသမှာ ကျိန်းအူမြို့လို့ ခေါ်တဲ့ မြို့ကြီးတစ်မြို့ ရှိတယ်။ အဲဒီမြို့ရဲ့ မြို့ရိုးတွေဟာ ပြည်နယ်မြို့တော်တော်လောက် မမြင့်သလို၊ ပြည်နယ်မြို့တော်လောက်လည်း မထူဘူး၊ ကျယ်ပြန့်တဲ့ မြို့ပတ်ကျုံးတောင် မရှိဘူး။ ဒါပေမဲ့ ငါတို့စစ်တပ်မှာ ပြည့်စုံလှတဲ့ မြို့သိမ်းလက်နက်ကိရိယာတွေ ရှိနေတာတောင်မှ အချိန်တိုအတွင်းမှာ အဲဒီမြို့ကို မသိမ်းပိုက်နိုင်ခဲ့ဘူး။"
ဝမ်ကျင်းသည် မြို့ရိုးပေါ်မှ ဖုန်မှုန့်များကို သူ၏လက်ချောင်းများဖြင့် အသာအယာ ပွတ်သပ်ဖယ်ရှားလိုက်ပြီးနောက် လှည့်၍ ထိုလူသုံးဦးအား အနည်းငယ် ပြုံးပြလိုက်သည်။
"ဒါကြောင့်မို့လို့ မင်းတို့သုံးယောက်အနေနဲ့ ပူပန်နေဖို့ မလိုပါဘူး။ သူပုန်တပ်ဖွဲ့တွေ ရောက်လာရင်တောင်မှ အချိန်တိုအတွင်း ပြည်နယ်မြို့တော်ကို အလွယ်တကူ သိမ်းပိုက်နိုင်မှာ မမဟုတ်ဘူး။ စစ်ချီဖို့ စိတ်စောနေတဲ့ ဝူချုံးယွန်းဟာ အဝေးကနေ အလောတကြီး ချီတက်လာရတာဖြစ်လို့ အကြီးစား မြို့သိမ်းလက်နက်တွေ အများကြီး ပါလာမှာ မမဟုတ်ဘူး။ ဒါကြောင့် ငါတို့တွေဟာ မြို့ရိုးပေါ်မှာ အလွန်ပဲ ဘေးကင်းပါတယ်။"
"သခင်ကြီးရဲ့ စိတ်အေးရုံသာ မိန့်ကြားချက်အတွက် ကျေးဇူးတင်လှပါတယ်။"
ထိုလူသုံးဦး စကားပြောဆိုနေကြစဉ်မှာပင် ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းဆီမှ ထူထပ်လှသော မီးခိုးလုံးကြီးများနှင့်အတူ ဝှေ့ယမ်းနေသော စစ်အလံတံခွန်များ တရိပ်ရိပ် ထွက်ပေါ်လာတော့သည်။ ဝမ်ကျင်းသည် သူ၏လက်ညှိုးဖြင့် ဝေးကွာသော အရပ်ဆီသို့ ညွှန်ပြလိုက်၏။
"ကြည့်စမ်း... သူတို့ ရောက်လာကြပြီ။"
သူပုန်တပ်ဖွဲ့ကြီးအတွင်းရှိ ဝူချုံးယွန်းသည် ဝေးကွာသော အရပ်မှ ပြည်နယ်မြို့တော်၏ ပုံရိပ်ကြမ်းကို လှမ်းမြင်လိုက်ရသောအခါ သူ၏နှလုံးသားအတွင်းရှိ စစ်မီးလျှံများသည် ပိုမိုပြင်းထန်စွာ တောက်လောင်လာခဲ့သည်။ သူသည် သူ၏မြင်းကို နှင်တံဖြင့် အဆက်မပြတ် ရိုက်နှက်ကာ ပိုမိုမြန်ဆန်စွာ ဒုန်းစိုင်းမောင်းနှင်ရန် တိုက်တွန်းလိုက်တော့၏။
သူ၏ဘေးတွင် ရှိနေသော စစ်သေနာပတိချုပ် ပေါင်မန်သည် ဝူချုံးယွန်း၏ စိတ်လောနေသော အမူအရာကို မြင်သဖြင့် မြင်းကို ဝူချုံးယွန်း၏ ဘေးနားသို့ ကပ်၍ မောင်းနှင်လာခဲ့သည်။
"သခင်ကြီး... အလောတကြီး ဖြစ်နေတာကို ကျွန်တော်မျိုး သိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အလောတကြီး မလုပ်ဖို့ တောင်းပန်ချင်ပါတယ်။"
ဝူချုံးယွန်းသည် သူ၏ရင်ထဲမှ ရင်ခုန်စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး မိမိဘေးသို့ ရောက်လာသော ပေါင်မန်အား လှမ်းကြည့်လိုက်သည်။
"မင်းပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောစမ်း။"
"ဒီလိုပါ... ကျွန်တော်တို့ စစ်တပ်ဟာ ဝေးကွာလှတဲ့ အရပ်ကနေ အဝေးချီစစ်ဆင်ရေးကို ဆင်နွှဲလာခဲ့ရတာဖြစ်လို့ စစ်သည်တော်တွေရဲ့ ကြံ့ခိုင်မှုက အလွန်အမင်း ကျဆင်းနေပါပြီ။ သူတို့တွေ မနက်ခင်းမှာ အစာစားထားခဲ့ကြပေမယ့် အခုချက်ချင်း ရပ်နားပြီး မြို့ကို တိုက်ခိုက်မယ်ဆိုရင် အင်အားမမျှဘဲ ဖြစ်သွားပါလိမ့်မယ်။ ဒါဟာ သေကြေပျက်စီးမှုကို ပိုများစေရုံတင်မကဘဲ စစ်သည်တွေရဲ့ စိတ်ဓာတ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။"
"ဒါဆို ဘယ်လိုလုပ်ရမလဲ။"
"သခင်ကြီး... ကျွန်တော်မျိုး အကြံပြုချင်တာကတော့ အခုအချိန်မှာ ချီတက်မှုကို ခေတ္တလျှော့ချပြီး စစ်သည်တွေကို အနည်းငယ် အနားယူစေကာမှ မြို့ကို တိုက်ခိုက်သင့်ပါတယ်။ ဒီနေရာဟာ အနားယူဖို့ အလွန်ကောင်းမွန်တဲ့ နေရာဖြစ်ပြီး အရှေ့ကို ဆက်တိုးရင်တော့ မကောင်းတော့ပါဘူး။ ဒါဟာ စစ်သည်တွေ အနားယူနေတုန်း မြို့ထဲကနေ စစ်တပ်တွေ ထွက်လာပြီး ရုတ်တရက် စစ်ဦးလှည့် တိုက်ခိုက်တာမျိုးကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ အခြေအနေက ဘယ်လောက်ပဲ အရေးကြီးနေပါစေ အလောတကြီး မလုပ်သင့်ပါဘူး သခင်ကြီး။"
ဝူချုံးယွန်း၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားပြီး သူ၏ စစ်ဓားကို ဆွဲထုတ်ကာ ကောင်းကင်ယံထက်သို့ မြှောက်ကိုင်လိုက်လေသည်။
"အမိန့်ပေးလိုက်စမ်း... စစ်တပ်တစ်ခုလုံး ချီတက်မှုကို ရပ်နားပြီး ၄၅ မိနစ် ကြာအောင် အနားယူစေ။"
ဝူချုံးယွန်းသည် ပေါင်မန်၏ အကြံပြုချက်ကို ချက်ချင်းပင် လက်ခံလိုက်၏။ သူသည် စစ်ရေးစစ်ရာများတွင် ကျွမ်းကျင်လိမ္မာသူ မဟုတ်သဖြင့် ယခုကဲ့သို့သော အချိန်မျိုးတွင် သူ၏ ယုံကြည်စိတ်ချရသော လူယုံတော် ပေါင်မန်ကိုသာ အလွန်အမင်း အားကိုးနေရခြင်း ဖြစ်သည်။ ထို့ပြင် ပေါင်မန်ပြောသော စကားမှာ အလွန်ပင် ယုတ္တိရှိသည်ဟု သူ ယူဆခဲ့သည်။ အခြေအနေက မည်မျှပင် အရေးကြီးနေစေကာမူ ခေတ္တမျှ စောင့်ဆိုင်း၍မရလောက်အောင် အရေးတကြီး မဟုတ်ချေ။
မြို့ရိုးပေါ်ရှိ လူများသည် ဝေးကွာသော အရပ်မှ စစ်တပ်ကြီး တဖြည်းဖြည်းချင်း ရပ်တန့်သွားသည်ကို စောင့်ကြည့်နေကြသည်။ လူရှီသည် ဇဝေဇဝါဖြစ်လျက် ဝမ်ကျင်းအား မေးမြန်းလိုက်၏။
"သခင်ကြီး... အဲဒီ သူပုန်တွေ ဘာလို့ ရုတ်တရက် ရပ်သွားတာလဲ။ ဒါဟာ တစ်စုံတစ်ယောက်ရဲ့ လှည့်ကွက်လား။"
ဝမ်ကျင်းသည် သူ၏မေးစေ့ကို အသာအယာ သပ်လိုက်ရင်း
"သူတို့တွေ စစ်သည်တွေရဲ့ အင်အားကို ပြန်လည်ဖြည့်တင်းနေတာ ဖြစ်လိမ့်မယ်။ ဒီလောက်ဝေးတဲ့ နေရာမှာ ရပ်တာကို ကြည့်ရင် ငါတို့ဘက်ကနေ ရုတ်တရက် ထွက်တိုက်မှာကို ကြောက်နေကြပုံပဲ။"
သို့သော်လည်း ဝမ်ကျင်း၏ ရင်ထဲတွင်မူ ထိုအရာကို အလွန်ပင် အထင်သေးနေခဲ့သည်။ သူသည် ရှောက်တောင်တန်းဆီသို့ စစ်တပ်စေလွှတ်ရန် လူလွှတ်ပြီးသား ဖြစ်သည်။ အချိန်ကို တွက်ချက်ကြည့်လျှင် ယွဲ့ကျင်း သည် ယခုအချိန်၌ စစ်မိန့်ကို ရရှိထားပြီး ဖြစ်ပေလိမ့်မည်။
အကြွင်းမဲ့ အာဏာနှင့် အင်အားစုများ၏ ရှေ့မှောက်တွင် ဝူချုံးယွန်းအနေဖြင့် မည်မျှပင် ရုန်းကန်ပါစေ အလဟဿသာ ဖြစ်ပေလိမ့်မည်။ စီရင်စုစစ်သည် သုံးထောင်နှင့် သန်စွမ်းသော အရပ်သား လူငယ်တစ်သောင်းကျော်သည် စနစ်တကျ ဖွဲ့စည်းထားသော စနစ်မှ စစ်သည်တော် ငါးထောင်ကို လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။
အချိန်များသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတွင် ရပ်နားထားသော သူပုန်တပ်ဖွဲ့ကြီးသည် ဖြည်းညှင်းစွာဖြင့် ပြန်လည်ချီတက်လာခဲ့ကြပြန်သည်။ အကွာအဝေး ပိုမိုနီးကပ်လာသည်နှင့်အမျှ ဝမ်ကျင်းသည်လည်း ထိုသူပုန်တပ်ဖွဲ့၏ ပုံပန်းသဏ္ဌာန်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
သူတို့သည်လည်း မဟာကျင်းအင်ပါယာ၏ စစ်ဝတ်စုံများဖြစ်သော အနက်ရောင်နှင့် အနီရောင် စစ်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ မြို့တော်ရှိ တော်ဝင်ကိုယ်ရံတော်များနှင့် နန်းတော်အစောင့်တပ်များမှလွဲ၍ ကျန်ရှိသော စစ်သည်အားလုံးနီးပါးသည် ဤကဲ့သို့ ဝတ်ဆင်ကြသည်မှာ ထုံးစံပင် ဖြစ်သည်။ သူတို့၏ လက်နက်ကိရိယာများမှာမူ အလွန်ပင် ကောင်းမွန်လှပြီး ဝမ်ကျင်း စတင်တာဝန်ထမ်းဆောင်စဉ်က နန်ယန်စီရင်စုတပ်ဖွဲ့များထက်ပင် ပိုမိုသာလွန်နေခဲ့သည်။ သူတို့၏ ချီတက်မှု အရှိန်အဟုန်မှာ စနစ်တကျ ရှိလှပြီး စစ်ဗျူဟာအပြင်အဆင်မှာလည်း အထူးကောင်းမွန်သော်လည်း ယွဲ့လူမျိုးများကဲ့သို့ သတ်ဖြတ်လိုသော အရှိန်အဝါမျိုးမူ ကင်းမဲ့နေခဲ့ရာ ၎င်းမှာ စစ်မြေပြင်တွင် သွေးဆာမှု မရှိသေးခြင်းကြောင့် ဖြစ်နိုင်၏။
ဝမ်ကျင်းသည် သူတို့၏ စွမ်းအားကို တိတ်တဆိတ် အကဲခတ်လိုက်၏။ ဤစစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် နန်ယန်စီရင်စုတပ်ဖွဲ့များအောက် နိမ့်ကျပြီး မန်လော့မျိုးနွယ်စုနှင့် အဆင့်အတန်း တူညီပေလိမ့်မည်။ အကယ်၍ သူတို့သာ ယွီဝူမျိုးနွယ်စုနှင့် တိုက်ခိုက်ရမည်ဆိုပါက အနိုင်ရရှိရန် မလွယ်ကူချေ။
စစ်သေနာပတိ အလံတော်အောက်တွင် ခန့်ညားထည်ဝါလှသော သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့် လူမှာမူ ဝူချုံးယွန်းပင် ဖြစ်ပေလိမ့်မည်။ သူ၏ မျက်နှာသွင်ပြင်ကိုမူ ရှင်းလင်းစွာ မမြင်ရသော်လည်း သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ မြင့်မားမတ်တတ်ရှိပြီး ဝဖြိုးအဆီပိတ်နေခြင်း မရှိဘဲ လှုပ်ရှားမှုများမှာလည်း သန်စွမ်းထက်မြက်လှသည်။
မြို့ရိုးအောက်ခြေတွင်မူ ဝူချုံးယွန်းသည်လည်း မြို့ပတ်ကျုံးကို ဖြတ်ကျော်၍ အထက်သို့ မော့ကြည့်လိုက်ရာ ဝမ်ကျင်းနှင့် သူ၏နောက်လိုက်များကို လှမ်းမြင်လိုက်ရသည်။ ဝမ်ကျင်း၏အကြောင်းကိုမူ အထူးမိတ်ဆက်ပေးရန် မလိုတော့ချေ။ သူ၏ ငယ်ရွယ်နုပျိုမှု၊ ချောမောခန့်ညားမှုနှင့် ထူးမြတ်လှသော စရိုက်လက္ခဏာများသည် ဝူချုံးယွန်းအနေဖြင့် ကြာမြင့်စွာကတည်းက ကြားသိထားခဲ့ပြီးသား ဖြစ်သည်။
သို့သော်လည်း သူ၏ဘေးတွင် ရှိနေသော ရင်းနှီးလှသည့် ပုံရိပ်များကို မြင်လိုက်ရသောအခါ ဝူချုံးယွန်း၏ နှလုံးသားသည် တန်ပေါင်းများစွာ အလေးချိန်ရှိသည့် တူကြီးတစ်ချောင်းဖြင့် ထုနှက်ခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရတော့သည်။
စွန်းစု။ လူရှီ။ ကျိကျုန်း။
ထို့ပြင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဟု ထင်မှတ်ထားရသော နေမင်းကိုးပါးနန်းတော်တို့ကို တစ်ပြိုင်နက်တည်း တွေးတောမိသွားသောအခါ ဝူချုံးယွန်းသည် ထိုအခိုက်အတန့်၌ပင် အရာအားလုံးကို ကောင်းစွာ သဘောပေါက် နားလည်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ စိတ်ကူးထဲရှိ ရှုပ်ထွေးမှုများအားလုံးသည် ချက်ချင်းပင် လင်းကနဲ ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။ ဆူပူသောင်းကျန်းမှုများကို ဖန်တီးနေခဲ့သော စွန်းမိသားစု၊ နှုတ်ဆိတ်နေခဲ့သော လူမိသားစုနှင့် မိမိကို အမြဲတမ်း လျစ်လျူရှုထားခဲ့သော ကျိမိသားစု...
ဝူချုံးယွန်း၏ ဦးနှောက်သည် အမှန်တရားကို ချက်ချင်းပင် ဆက်စပ်မိသွားခဲ့တော့သည်။ သူသည် ဖေးမိသားစု၊ ကျန်းမိသားစု၊ ရွှီမိသားစုတို့နှင့်အတူ စွန့်ပစ်ခြင်း ခံလိုက်ရပြီ ဖြစ်ကြောင်း၊ သစ္စာဖောက်ခြင်း ခံလိုက်ရပြီ ဖြစ်ကြောင်း၊ သူတို့အားလုံးသည် တစ်ပါးသူ သစ္စာခံရန်အတွက် အသုံးချခံ ပစ္စည်းများနှင့် အထက်သို့ တက်လှမ်းရန် ခြေနင်းတုံးများမျှသာ ဖြစ်သွားခဲ့ရပြီ ဖြစ်ကြောင်းကို ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့တော့သည်။