← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း (၁၈၇)

စစ်ဆေးမေးမြန်းခြင်း

မကြာမီအချိန်အတွင်းမှာပင် ကုရန်သည် တော်ဝင်ကိုယ်ရံတော်တစ်စုကို ဦးဆောင်ကာ အဝတ်အစားများ စုတ်ပြတ်နေပြီး ဒဏ်ရာအပြင်းအထန် ရရှိထားကြသည့် နေမင်းကိုးပါးနန်းတော်၏ တပည့်အချို့ကို အတွင်းဆောင်ခြံဝင်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့လေသည်။

ဝမ်ကျင်း၏ ရင်ခွင်ထဲတွင် ကပ်မှီနေသော ယွီချင်းချင်းသည် ထိုနေမင်းကိုးပါးနန်းတော် တပည့်များ၏ သွေးစွန်းနေသော အဝတ်အစားများနှင့် ပိန်ချုံးကာ ညှိုးငယ်နေသည့် မျက်နှာများကို မြင်လိုက်ရသောအခါ သူမ၏မျက်ရည်များသည် ချက်ချင်းပင် ဝေါခနဲ ကျဆင်းလာခဲ့တော့သည်။ သူမသည် ဝမ်ကျင်း၏ ရင်ခွင်ထဲမှ ရုန်းထွက်၍ ထိုသူများထံသို့ ပြေးသွားရန် ချက်ချင်း ကြိုးစားခဲ့သော်လည်း ဝမ်ကျင်း၏ လက်မောင်းက သူမ၏ခါးကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး တားဆီးပိတ်ပင်ထားခဲ့လေသည်။

သွေးဖြင့် ယဇ်ပူဇော်ခြင်းကို ဖြတ်သန်းပြီးနောက် ဝမ်ကျင်းသည် ယခင်ကကဲ့သို့ မဟုတ်တော့ချေ။ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ပြန်လည်နာလန်မထူသေးသော ယွီချင်းချင်းကို ထိန်းချုပ်ရန်မှာ သူ့အတွက် အလွန်ပင် လွယ်ကူလှပေသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလာရသော နေမင်းကိုးပါးနန်းတော် တပည့်များသည် ယွီချင်းချင်းအား ဝမ်ကျင်းက အတင်းအဓမ္မ ချုပ်ကိုင်ထားသည်ကို မြင်သောအခါ အားလုံး၏မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပြင်းထန်စွာ ပေါ်ထွက်လာခဲ့ကြသည်။ နေမင်းကိုးပါးနန်းတော်အတွင်း၌ ယွီချင်းချင်း၏ ဂုဏ်သတင်းနှင့် ဩဇာအာဏာမှာ နန်းတော်သခင် ဖူထျန်းယန်ပြီးလျှင် ဒုတိယမြောက် ဖြစ်ပြီး သူမ၏ ပါရမီနှင့် သိုင်းပညာစွမ်းရည် နှစ်ရပ်စလုံးမှာလည်း ထိပ်တန်းအဆင့်တွင် ရှိပေသည်။

သူမသည် နေမင်းကိုးပါးနန်းတော်၏ ယခုမျိုးဆက် တပည့်များအကြားတွင် အထူးချွန်ဆုံး ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး သူမ၏ အံ့မခန်းလှပသော ရုပ်ရည်ရူပကာကြောင့်လည်း ရေတွက်၍မရနိုင်သော ဂိုဏ်းသားလူငယ်များစွာက သူမကို အလွန်အမင်း မြတ်နိုးကြည်ညိုခဲ့ကြသည်။

မိမိတို့ အလွန်အမင်း ကြည်ညိုလေးစားရသော စီနီယာအစ်မကြီးအား ဝမ်ကျင်းက ဤမျှ ကြမ်းတမ်းစွာ ဆက်ဆံနေသည်ကို မြင်သောအခါ သူတို့သည် သဘာဝအတိုင်းပင် အမျက်ဒေါသ ထွက်ခဲ့ကြလေသည်။ သို့သော်လည်း သူတို့ မည်မျှပင် ဒေါသထွက်နေပါစေ... မည်သည့်အသံမျှ မထွက်ဝံ့ကြချေ။ ယခုအခါတွင် အကျဉ်းသားများအဖြစ် ကျဆင်းသွားပြီး မိမိတို့၏ အသက်ဝိဉာဉ်ကို သူတစ်ပါးက လက်ဝါးကြီးအုပ် ထိန်းချုပ်ထားသဖြင့် ထိုအစွမ်းမဲ့သော အမျက်ဒေါသများကို နှလုံးသား၏ အောက်ခြေ၌သာ ဖိနှိပ်ထားနိုင်ကြတော့သည်။

ဒေါသထွက်နေသော်လည်း စကားတစ်ခွန်းမျှ မဟဝံ့ကြသော နေမင်းကိုးပါးနန်းတော် တပည့်များကို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ယွီချင်းချင်း၏ ခါးကို သိုင်းဖက်ထားသော ဝမ်ကျင်း၏ လက်မောင်းမှာ ရုတ်တရက် ပိုမိုတင်းကျပ်သွားခဲ့ပြီး ကျန်လက်တစ်ဖက်ဖြင့် ထိုသူတို့ထံသို့ ညွှန်ပြလိုက်ကာ

"ဒီလူတွေကို... မင်း အားလုံး သိနေတာပဲ မဟုတ်လား... လာစမ်း... သူတို့ရဲ့ မျက်နှာတွေကို သေချာကြည့်စမ်း... ငါ ထပ်ပြီး မေးမယ်... မင်း ငါ့ရဲ့ စိတ်ဝိဉာဉ်ကို ဘယ်လိုနည်းလမ်းနဲ့ ညှို့ယူခဲ့တာလဲ..."

ဝမ်ကျင်း၏ စစ်ဆေးမေးမြန်းမှုနှင့် ရိုင်ဆိုင်ရသောအခါ ယွီချင်းချင်းသည် စိတ်ထဲ၌ အလွန်ရှုပ်ထွေးသွားကာ လွန်ဆွဲနေခဲ့တော့သည်။ အကယ်၍ သူမသည် ထိုလျှို့ဝှက်ချက်ကို အမှန်တကယ် ဖွင့်ဟပြောဆိုလိုက်ပါက မိမိ၏ တစ်ခုတည်းသော ကတုံးပြန်လက်စားချေနိုင်မည့် နည်းလမ်းကို ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း သူမ သိရှိပေသည်။ သို့သော်လည်း အကယ်၍ သူမ မပြောခဲ့ပါက... သူမကို ပွေ့ဖက်ထားသည့် ဤရက်စက်ကြမ်းကြုတ်လှသော လူသားသည် သူမ၏ရှေ့မှောက်တွင်ပင် နေမင်းကိုးပါးနန်းတော် တပည့်များကို တစ်ဦးပြီးတစ်ဦး သတ်ဖြတ်ရန် ဝန်လေးမည်မဟုတ်ကြောင်း၊ ထို့အပြင် ဖမ်းဆီးခံထားရသော ကျန်ရှိသည့် ဂိုဏ်းသားများအားလုံးသည်လည်း သေဘေးမှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်းကို သူမ ဧကန်မုချ ယုံကြည်နေခဲ့သည်။

အကယ်၍ သူမ၏ နည်းလမ်းအားလုံးကို ဖွင့်ဟဝန်ခံလိုက်လျှင် အသက်ရှင်ကျန်ရစ်သူ တပည့်များသည် အသက်ချမ်းသာရာ ရနိုင်ကောင်းရနိုင်သော်လည်း... သူမ၏ လက်ရှိ သိုင်းပညာအဆင့်အတန်းဖြင့်မူ ကွယ်လွန်သွားခဲ့ပြီးသော ဆရာသခင်နှင့် သနားစဖွယ် သေဆုံးသွားကြရသည့် ဂိုဏ်းတူညီအစ်ကိုမောင်နှမများအတွက် လက်စားချေရန် မည်သည့်အခါမျှ အခွင့်အရေး ရရှိတော့မည် မဟုတ်ချေ။ သို့သော် အကယ်၍ သူမက ဇွတ်မှိတ်ကာ ဖုံးကွယ်ထားမည်ဆိုပါက အသက်ရှင်ကျန်ရစ်သမျှ နေမင်းကိုးပါးနန်းတော်၏ တပည့်အားလုံး သေဆုံးသွားရဖွယ်ရှိပြီး ၎င်းမှာ ဆရာသခင်၏ နောက်ဆုံးဆန္ဒကို ဆန့်ကျင်ရာ ရောက်ပေလိမ့်မည်။

ယွီချင်းချင်းတစ်ယောက် စိတ်တွင်း၌ လွန်ဆွဲပူပန်လျက် ဝေခွဲမရဖြစ်နေစဉ်မှာပင် ဝမ်ကျင်းသည် မီးလောင်ရာလေပင့်ရန် ဆုံးဖြတ်လိုက်လေသည်။ သူသည် ကုရန်ထံသို့ ခေါင်းကို သာသာ ညိတ်ပြလိုက်ရာ ကုရန်ကလည်း ချက်ချင်း နားလည်သဘောပေါက်ပြီး သူ၏ခါးမှ ဓားကို ဆွဲထုတ်လိုက်တော့သည်။

ဓားအိမ်မှ ဓားဆွဲထုတ်လိုက်သည့် သတ္တုသံသည် ဆုံးဖြတ်ချက်ချရန် ဝေခွဲမရဖြစ်နေသော ယွီချင်းချင်းကို လန့်ဖျတ်သွားစေခဲ့သည်။ သူမသည် ကုရန်က ဓားကိုကိုင်စွဲလျက် အသက်ရှင်ကျန်ရစ်သော နေမင်းကိုးပါးနန်းတော် တပည့်များအုပ်စုထံသို့ လျှောက်လှမ်းသွားသည်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းအစုံမှာ ရုတ်တရက် ကျုံ့ဝင်သွားခဲ့တော့သည်။

"မလုပ်ပါနဲ့..."

သို့သော်လည်း ကုရန်သည် သူမ၏ အော်ဟစ်တားဆီးမှုကို အမှုမထားခဲ့ချေ။ ဓားအလင်းတန်း တစ်ချက် ဖျတ်ခနဲ လက်သွားပြီးနောက် နေမင်းကိုးပါးနန်းတော် တပည့်တစ်ဦး၏ ဦးခေါင်းသည် မြေကြီးပေါ်သို့ ပြတ်ကျသွားခဲ့လေသည်။ သူ၏ခန္ဓာကိုယ်မှာ နှစ်ချက်မျှ ယိုင်ထိုးသွားပြီးနောက် အားအင်ချို့တဲ့စွာဖြင့် လဲပြိုသွားခဲ့ပြီး လည်ပင်းမှ သွေးများသည် ပန်းထွက်လာကာ အဆောင်ဝင်း၏ ဖြူဖွေးတောက်ပသော ကြွေပြားများအပေါ်သို့ ချက်ချင်းပင် နီရဲစွာ စွန်းထင်သွားခဲ့တော့သည်။

ဝမ်ကျင်းသည် ယွီချင်းချင်း၏ နားနားသို့ ကပ်လိုက်ပြီး ၎င်းအား အစိမ်းလိုက်ဝါးစားမတတ် စိုက်ကြည့်နေကြသည့် နေမင်းကိုးပါးနန်းတော် တပည့်များအုပ်စုထံသို့ လက်ညှိုးညွှန်ပြကာ

"တစ်ယောက်... နှစ်ယောက်... သုံးယောက်... လေးယောက်... ငါးယောက်... အင်း... ငါးယောက်ပဲ ကျန်တော့တယ်... ကဲ... ဒုတိယမြောက် မေးခွန်းကတော့ စတော့မယ်... မင်းမှာ ဖြေဖို့ ငြင်းဆန်နိုင်တဲ့ အခွင့်အရေး ငါးကြိမ် ကျန်သေးတာပေါ့..."

ယွီချင်းချင်းသည် လှည့်၍ ဝမ်ကျင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး မျက်ရည်အပြည့်ဖြင့် သူ့ကို မော့ကြည့်ကာ

"မလုပ်ပါနဲ့... အရှိန်အဝါကြီးမားလှတဲ့ သခင်ကြီး... ကျေးဇူးပြုပြီး မလုပ်ပါနဲ့... ကျွန်မ ပြောပါ့မယ်... အားလုံးကို ပြောပြပါ့မယ်..."

မြေပြင်ပေါ်ရှိ နီရဲသော သွေးကွက်များသည် သူမ၏ စိတ်တွင်းမှ သံသယကို ထပ်မံအတည်ပြုပေးလိုက်ပြီ ဖြစ်သည်။ သူမ၏ ရှေ့မှောက်တွင် ရှိနေသော လူသားသည် လူရေခြုံထားသည့် မိစ္ဆာတစ်ကောင်သာ ဖြစ်ပေသည်။ သူမအနေဖြင့် ဆက်လက်ခုခံနေခြင်းမှာ မည်သို့မျှ အဓိပ္ပာယ်မရှိတော့ချေ။

"အလွန်ကောင်းတယ်..."

ဝမ်ကျင်းသည် ငိုရှိုက်လွန်းသဖြင့် တုန်ရင်နေသော ယွီချင်းချင်း၏ နုနယ်လှပသော ခန္ဓာကိုယ်လေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရင်း

"အခုပဲ ပြောစမ်း... မင်း ဘာနည်းလမ်းကို သုံးခဲ့တာလဲ..."

ယွီချင်းချင်းသည် လက်ကိုမြှောက်ကာ သူမ၏လည်ပင်းမှ သွေးရောင်လွှမ်းသော ကျောက်စိမ်းဆွဲပြားတစ်ခုကို ချွတ်ယူလိုက်ပြီး ဝမ်ကျင်း၏ မျက်လုံးရှေ့သို့ မြှောက်ပြလိုက်သည်။

"ဒါဟာ... စိတ်ညှို့ကျောက်တုံး ပါ... ဒီဆန်းကြယ်တဲ့ ကျောက်တုံးကို ကျွန်မတို့ရဲ့ ဆရာသခင်ကြီးက နေမင်းကိုးပါးတောင်ရဲ့ နက်ရှိုင်းတဲ့ ချောက်နက်ကြီးထဲကနေ ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီကျောက်တုံးက လူတစ်ယောက်ရဲ့ နှလုံးသားထဲက ခံစားချက်တွေကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်ပြီး စိတ်ဝိဉာဉ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိပါတယ်..."

"ဒါပေမဲ့... အကယ်၍ ဒီအရှိန်အဝါကို အချိန်အကြာကြီး အံတုခုခံနိုင်မယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ စိတ်ဆန္ဒနဲ့ စိတ်ဝိဉာဉ်အင်အားကို သန့်စင်ပေးနိုင်ပြီး ကန်းချီ နယ်ပယ်ကို ဖောက်ထွက်ဖို့အတွက် အလွန်အမင်း အကျိုးကျေးဇူး များပြားလှပါတယ်... ကျွန်မရဲ့ ဆရာသခင်ဟာ စွမ်းအင်အကာအကွယ်အရှိန်အဝါကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့တာဟာလည်း ဒီစိတ်ညှို့ကျောက်တုံးကြောင့် အများကြီး အထောက်အကူ ရခဲ့လို့ပါ..."

ဝမ်ကျင်းသည် မိမိရှေ့မှ သွေးရောင်လွှမ်းနေသော ဆန်းကြယ်သည့် ကျောက်တုံးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုလိုက်သည်။ ၎င်း၏အပေါ်တွင် တစ်စုံတစ်ခုနှင့် ခြစ်မိထားသကဲ့သို့သော အစင်းကြောင်းအချို့ ရှိနေခဲ့ပြီး ၎င်း၏ဖွဲ့စည်းပုံမှာ ကျောက်စိမ်းနှင့် ဆင်တူကာ နေရောင်အောက်တွင် တောက်ပစွာ လင်းလက်လျက် စွဲမက်ဖွယ်ကောင်းသော နီရဲသည့် အလင်းရောင်ကို ဖြာထွက်စေလျက် ရှိသည်။

ဝမ်ကျင်းသည် ယွီချင်းချင်း၏ လက်ထဲမှ ထိုကျောက်တုံးကို လှမ်းယူကာ သေချာစွာ စစ်ဆေးရန် ပြင်လိုက်စဉ်မှာပင်... ရုတ်တရက် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်နှင့် ထိန်းချုပ်၍မရနိုင်သော ကာမရာဂ တပ်မက်မှု စိတ်ရိုင်းများသည် သူ၏ရင်ထဲ၌ ဝေါခနဲ တိုးဝှေ့ထွက်ပေါ်လာခဲ့တော့သည်။ ဤခံစားချက်မှာ ရုတ်ချည်းဆိုသလို ရောက်ရှိလာသဖြင့် ဝမ်ကျင်း၏ စိတ်ဝိဉာဉ်သည် တစ်ခဏချင်းပင် ကမောက်ကမဖြစ်ကာ ရှုပ်ထွေးနောက်ကျိသွားခဲ့ပြီး ဦးခေါင်းတစ်ခုလုံး ပြင်းထန်စွာ ကိုက်ခဲလာကာ စိတ်အသိများ လုံးဝ ပျောက်ဆုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။

ဝမ်ကျင်း၏ မျက်နှာထက်မှ နာကျင်မှု အရိပ်အယောင်ကို မြင်လိုက်ရသောအခါ ကုရန်သည် ချက်ချင်း ပြေးဝင်လာပြီး ဝမ်ကျင်း၏ ယိုင်ထိုးနေသော ခန္ဓာကိုယ်ကို တွဲထူပေးလိုက်သည်။ သူ၏ ရှည်လျားသော ဓားဖြင့် ယွီချင်းချင်းကို နောက်သို့ ဆုတ်ခွာသွားစေခဲ့ပြီး သူ၏မျက်ဝန်းများမှာလည်း သတ်ဖြတ်လိုသည့် အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့တော့သည်။

"သခင်ကြီး..."

ကုရန်၏ ဟိန်းဟောက်သံကြောင့် ဝမ်ကျင်းသည် သတိပြန်လည်ပွင့်လင်းလာခဲ့သည်။ စိတ်ညှို့ကျောက်တုံးကို ကိုင်ထားသော သူ၏လက်သည် ပူပြင်းလှသော သံပူကို ထိမိလိုက်သကဲ့သို့ ချက်ချင်းပင် လွှတ်ချလိုက်ရပြီး သူ၏အသိစိတ်များသည်လည်း ဖြည်းညှင်းစွာ ပြန်လည် နာလန်ထူလာခဲ့တော့သည်။ မြေကြီးပေါ်သို့ လွှင့်ပစ်လိုက်သော ကျောက်တုံးကို ကြည့်ရင်း ဝမ်ကျင်း၏ ရင်ထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများ ကျန်ရှိနေခဲ့သည်။ သူသည် ဤအရာကို အမှန်တကယ်ပင် လျှော့တွက်မိခဲ့ခြင်း ဖြစ်သည်။

ဝမ်ကျင်းသည် သူ့ကို တွဲထူထားသော ကုရန်၏ လက်မောင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်ရင်း

"အာရန်... ငါ အဆင်ပြေပါတယ်။"

ထို့နောက် သူသည် ထိတ်လန့်တုန်လှုပ်နေသော ယွီချင်းချင်းကို အနားသို့ တိုးလာရန် လက်ဟန်ပြလိုက်ပြီး မေးမြန်းလိုက်သည်။

"ဒီအရာကို တိုက်ရိုက်ထိတွေ့တာက ဤမျှလောက်အထိ ပြင်းထန်တဲ့ သက်ရောက်မှု ရှိတာလား... ဒါဆို မင်းကျတော့ ဘာလို့ ဒီလောက်အထိ မထိခိုက်ရတာလဲ... ငါ့ကို ကျေနပ်လောက်တဲ့ ရှင်းလင်းချက်တစ်ခု မပေးနိုင်ဘူးဆိုရင်တော့... မင်းရဲ့ ဂိုဏ်းတူညီအစ်ကိုတွေနဲ့ အခုပဲ ထာဝရ နှုတ်ဆက်လိုက်တော့..."

ဝမ်ကျင်း၏ လေသံမှာ အေးဆေးတည်ငြိမ်နေပြီး ဒေါသအရိပ်အယောင် စိုးစဉ်းမျှ မရှိသော်လည်း... သွေးအေးလှသော သတ်ဖြတ်ခြင်း အရှိန်အဝါကိုမူ အထင်အရှား သယ်ဆောင်ထားလေသည်။

‘သေစမ်း ငါ ဒုက္ခရောက်ဖို့ နည်းနည်းပဲ့လိုတော့တယ်’ ဤကဲ့သို့သော ဘေးဒုက္ခနှင့် ရင်ဆိုင်လိုက်ရသဖြင့် ဝမ်ကျင်း၏ နှလုံးသားထဲ၌ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။

"မဟုတ်ပါဘူး... သခင်ကြီး... ကျွန်မ သခင်ကြီးကို လုပ်ကြံဖို့ မရည်ရွယ်ခဲ့ပါဘူး... လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဆရာသခင်က ဒီကျောက်တုံးရဲ့ လျှို့ဝှက်ချက်ကို ကျွန်မကို ပထမဆုံးအကြိမ် ပြောပြပြီး တစ်တုံး ပေးခဲ့တာပါ... အဲဒီအချိန်တုန်းက ကျွန်မမှာ ဒီလောက်အထိ ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး မရှိခဲ့ပါဘူး... ပုံမှန် မထိတွေ့ရတဲ့အချိန်ထက်စာရင် အနည်းငယ်ပဲ ပိုပြီး ပြင်းထန်တာပါ... ဒါတင်မကသေးပါဘူး... အကယ်၍ ကျွန်မသာ ဒါကို ကြိုတင်သိခဲ့မယ်ဆိုရင်... လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ကျွန်မ..."

ယွီချင်းချင်းသည် ဤနေရာအရောက်တွင် ရုတ်တရက် စကားသံများ တစ်ဆို့သွားခဲ့ရာ ဝမ်ကျင်းက ကြားဖြတ်၍

"မင်း ငါ့ကို ချောင်းမြောင်း တိုက်ခိုက်ပြီးသား ဖြစ်လိမ့်မယ် မဟုတ်လား..."

ယွီချင်းချင်းသည် မည်သို့ ရှင်းပြရမည်ကို မသိသဖြင့် နှုတ်ခမ်းကို ဟစိဟစိ လုပ်နေစဉ်မှာပင် ဝမ်ကျင်းက ဆက်လက် မေးမြန်းလိုက်သည်။

"ဒါဆိုရင်... ငါတို့နှစ်ယောက်အပေါ် လွှမ်းမိုးမှုအဆင့်ချင်း ကွာခြားနေရတာက ဘာကြောင့်လဲ..."

"ဘာလို့လဲဆိုတော့... ကျွန်မက ဆရာသခင်ကြီးဆီကနေ ဆင်းသက်လာတဲ့ စိတ်ဝိဉာဉ်ကို တည်ငြိမ်စေပြီး စိတ်အာရုံကို စုစည်းစေတဲ့ ကျင့်စဉ်ကို ကျင့်ကြံထားလို့ပါ... အဲဒီကျင့်စဉ်က စိတ်ညှို့ကျောက်တုံးရဲ့ ကျူးကျော်မှုကို တွန်းလှန်နိုင်ပြီး စိတ်ဆန္ဒကို သန့်စင်စေကာ စိတ်ဝိဉာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်... အချိန်ကြာလာတာနဲ့အမျှ စိတ်ညှို့ကျောက်တုံးအပေါ် ကျွန်မရဲ့ ခုခံနိုင်စွမ်းက ပိုပြီး မြင့်မားလာခဲ့တာပါ..."

"အို... မင်းရဲ့ ဆရာသခင်ကြီးက တကယ့်ကို ထူးခြားတဲ့သူပဲ... ကောင်းပြီ... အဲဒီကျင့်စဉ်ကို ငါ့ကို အခုပဲ သင်ပေးစမ်း..."

"အမိန့်အတိုင်းပါ... ဒါပေမဲ့ သခင်ကြီး... ကျွန်မရဲ့ တောင်းဆိုချက်တစ်ခုကို ပေးသနားနိုင်မလားရှင်..."

အခြေအနေများက ဤသို့အထိ ရောက်ရှိလာပြီး လျှို့ဝှက်ချက်လည်း ပေါက်ကြားသွားခဲ့ပြီ ဖြစ်ရာ ဆက်လက်ခုခံနေခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ယွီချင်းချင်း သိရှိလိုက်သည်။ ထို့ကြောင့် ၎င်းကို အပြန်အလှန် လဲလှယ်မှုတစ်ခုအတွက် အဖိုးတန် အသုံးချစရာအဖြစ် အသုံးချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"ပြောစမ်း..."

ဝမ်ကျင်းသည် သဘောထားကြီးစွာဖြင့် ခေါင်းညိတ်လိုက်သည်။ တောင်းဆိုချက်တစ်ခု ရှိခြင်းက ကောင်းမွန်ပေသည်။ တောင်းဆိုချက်ရှိခြင်းက ယွီချင်းချင်းအနေဖြင့် အမှန်တကယ် သင်ကြားပေးလိုစိတ် ရှိကြောင်း သက်သေပြနေပြီး... သူမ၏ လိုအပ်ချက်ကို ဖော်ပြနေသဖြင့် ဤအရာလေးကို သူ ပိုမိုလွယ်ကူစွာ ထိန်းချုပ်ကစားနိုင်မည် ဖြစ်သည်။ အကယ်၍ ယွီချင်းချင်းက လွယ်လွယ်ကူကူဖြင့် သဘောတူခဲ့မည်ဆိုပါက ဝမ်ကျင်းသည်ပင် ၎င်းကို ကျင့်ကြံရန် ဝံ့ရဲမည် မဟုတ်ချေ။

ယွီချင်းချင်းသည် တော်ဝင်ကိုယ်ရံတော်များက မြေပြင်ပေါ်သို့ ဖိနှိပ်ထားခြင်း ခံထားရသည့် သူမ၏ ဂိုဏ်းတူညီအစ်ကိုများကို လှမ်းကြည့်လိုက်သည်။ သူတို့အားလုံးသည် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး... အဝတ်အစားများ စုတ်ပြတ်ကာ မျက်နှာများမှာလည်း ဖြူဖျော့၍ သွေးစွမ်းမရှိသကဲ့သို့ ဖြစ်နေကြသည်။ အချို့သော ဒဏ်ရာပြင်းထန်သူများ၏ ဒဏ်ရာများမှ ပြည်နှင့် သွေးများ စီးကျနေခဲ့သည်။ အကယ်၍ သူတို့၌ သိုင်းပညာအခြေခံအုတ်မြစ်နှင့် ကြံ့ခိုင်သော ခန္ဓာကိုယ် တည်ဆောက်ပုံသာ မရှိခဲ့လျှင်... ရရှိထားသော ဒဏ်ရာများနှင့် ငတ်မွတ်မှုဒဏ်ကြောင့် လွန်ခဲ့သော အချိန်ကတည်းကပင် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

မိမိ၏ ဂိုဏ်းတူညီအစ်ကိုများ၏ သနားစဖွယ် အခြေအနေကို မြင်သောအခါ ယွီချင်းချင်းသည် နှလုံးသားထဲမှ ပြင်းထန်စွာ နာကျင်ခံစားခဲ့ရသည်။ ထိုသူများထဲတွင် ဖူထျန်းယန်က သူမ၏ ကလေးဘဝကတည်းက ခေါ်ယူကျွေးမွေးခဲ့သော စီနီယာအစ်ကိုကြီးများလည်း ပါဝင်နေခဲ့သည်။ နှစ်ပေါင်းများစွာ ကြာရှည်ခဲ့သော သံယောဇဉ်နှင့် မောင်နှမစိတ်ဓာတ်များကြောင့် သူမအနေဖြင့် ဂိုဏ်းသားများ၏ ဒုက္ခဝေဒနာကို လျစ်လျူရှုထားရန် လုံးဝ မဖြစ်နိုင်ချေ။

"ကျွန်မ တောင်းဆိုချင်တာကတော့... သခင်ကြီးအနေနဲ့ အသက်ရှင်ကျန်ရစ်တဲ့ ကျွန်မတို့ နေမင်းကိုးပါးနန်းတော်ရဲ့ တပည့်တွေကို ကြင်နာစွာ ဆက်ဆံပေးဖို့ပါပဲ... ထူးထူးခြားခြား ကောင်းမွန်တဲ့ ဆက်ဆံမှုမျိုး မဟုတ်ရင်တောင်မှ... အနည်းဆုံးတော့ သူတို့ ဗိုက်ဝအောင် စားရဖို့၊ ဒဏ်ရာတွေကို ကုသခွင့်ရဖို့နဲ့ အနားယူစရာ နေရာတစ်ခု ပေးဖို့ပါ... ဒါမှသာ သူတို့ အသက်ရှင်နိုင်မှာပါ... ကျွန်မ သခင်ကြီးကို တောင်းပန်ပါတယ်... ဒီအတိုင်းသာ ဆက်သွားရင် သူတို့အားလုံး သေကုန်ကြပါလိမ့်မယ်..."

မျက်ဝန်းအစုံဖြင့် အသနားခံနေသော ယွီချင်းချင်းကို ကြည့်ရင်း ဝမ်ကျင်းသည် သက်ပြင်းအသာချလိုက်မိသည်။ သူ တကယ်ပင် နားမလည်နိုင်ချေ... ဤရဲဘော်ရဲဘက် သံယောဇဉ်ဆိုသည့်အရာက အမှန်တကယ်ပင် ဤမျှလောက်အထိ အရေးကြီးသည်လား...

"ဒီတောင်းဆိုချက်က မင်းကိုယ်တိုင်အတွက် မဟုတ်ဘူးဆိုတာ သေချာရဲ့လား... ဥပမာ... ငါ မင်းကို လွှတ်ပေးဖို့ တောင်းဆိုတာမျိုးပေါ့..."

သူ၏ စကားကြောင့် ယွီချင်းချင်းမှာ ဆွံ့အသွားခဲ့ရသည်။ ဝမ်ကျင်းက ဤသို့ ပြောလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိချေ။ ထိုအတွေးမျိုးသည် လတ်တလောတွင် သူမ၏ စိတ်ထဲ၌ စိုးစဉ်းမျှပင် မရှိခဲ့ဖူးချေ။ ပထမအချက်မှာ မိမိ၏ ဂိုဏ်းတူညီအစ်ကိုများ၏ ဆိုးဝါးလှသော အခြေအနေကြောင့် သူမ စိုးရိမ်ပူပန်နေခြင်းကြောင့် ဖြစ်ပြီး... ဒုတိယအချက်မှာ ယွီချင်းချင်းတစ်ယောက် မာနထောင်လွှားနေ၍ မဟုတ်ဘဲ... သူမ၏ လှပလွန်းသော ရုပ်ရည်ကြောင့် ဝမ်ကျင်းအနေဖြင့် သူမကို လွယ်လွယ်နှင့် လွှတ်ပေးလိမ့်မည်ဟု လုံးဝ မယုံကြည်ခြင်းကြောင့် ဖြစ်သည်။

သူမ၏ စိတ်ကူးများ ရှုပ်ထွေးသွားခဲ့သော်လည်း... ယွီချင်းချင်းသည် အလွန်ပင် ပြတ်သားစွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

"မဟုပ်ပါဘူး... သခင်ကြီးအနေနဲ့ နေမင်းကိုးပါးနန်းတော်ရဲ့ တပည့်တွေကို ကောင်းမွန်စွာ ဆက်ဆံပေးမယ်လို့ ကတိပေးရင်ပဲ... ဒါဟာ လုံလောက်ပါပြီ..."

"ကောင်းပြီ... ငါ မင်းကို ကတိပေးတယ်..."

ဝမ်ကျင်း၏ နှုတ်ခမ်းအစုံမှာ ကွေးညွတ်ကာ ပြုံးယောင်သန်းသွားခဲ့သည်။ ယွီချင်းချင်း၏ အားနည်းချက်မှာ သူမ၏ ဂိုဏ်းတူညီအစ်ကိုများပင် ဖြစ်ပုံရသည်။ ဤလူများကို သူ လက်ဝါးကြီးအုပ်ထားနိုင်သရွေ့... ယွီချင်းချင်းသည် တစ်သက်လုံး ဝမ်ကျင်း၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

မာယာကင်းမဲ့ပြီး ရိုးအလှသော ယွီချင်းချင်းသည်... သူမကိုယ်တိုင် ဤကဲ့သို့ စိတ်ရှုပ်ထွေးစွာဖြင့် မိမိ၏ နောက်ဆုံးစည်းကို ဖွင့်ဟပြလိုက်မိပြီး အားနည်းချက်ကို ပေးအပ်လိုက်မိကြောင်း လုံးဝ သတိမပြုမိခဲ့ချေ။

All Chapters