အခန်း ၁၈၈
Vol. 19 Ch. 188
အခန်း (၁၈၈)
ခြိမ်းခြောက်ဟန့်တားခြင်း
စားပွဲပေါ်တွင် ထူးဆန်း ဆန်းကြယ်သော အလင်းရောင်များ ဖြာထွက်နေသည့် စိတ်ညှို့ကျောက်တုံး ဆွဲပြားသည် ငြိမ်သက်စွာ ရှိနေ၏။
စားပွဲဝိုင်း၏ ဘေးတွင် စီမာယီသည် လူတို့၏ စိတ်နှလုံးကို ဖမ်းစားညှို့ယူနိုင်စွမ်းရှိသော ဤထူးဆန်းသည့် အရာဝတ္ထုကို ဂရုတစိုက် စူးစမ်းလေ့လာနေပြီး၊ ဝမ်ကျင်းမှာမူ မြွေဆိုး သို့မဟုတ် ကင်းမြီးကောက်ကို ရှောင်ရှားနေသကဲ့သို့ ၎င်းနှင့် ခြေလှမ်းအနည်းငယ်အကွာမှ လှမ်း၍ အကဲခတ်နေခဲ့သည်။
"ဘယ်လိုလဲ အမတ်ကြီး... မင်း တစ်ခုခု ခံစားရလား... ထူးခြားတာမျိုး ရှိလား..."
စီမာယီသည် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး၊ လက်ကို ဆန့်ထုတ်ကာ စိတ်ညှို့ကျောက်တုံး ဆွဲပြားကို သူ၏ လက်ဝါးထဲသို့ ဆုပ်ကိုင်လိုက်ပြီး စူးစမ်းဆင်ခြင်ရန် မျက်လုံးများကို မှိတ်လိုက်လေသည်။ ခဏချင်းအတွင်းမှာပင် စီမာယီ၏ ဖြူဖွေးသော မျက်နှာထက်၌ နာကျင်မှုနှင့် ရုန်းကန်ရသည့် အရိပ်အယောင်များ ပြည့်နှက်လာခဲ့တော့သည်။
ဝမ်ကျင်းသည် ချက်ချင်း ရှေ့သို့ တိုးလာပြီး စီမာယီ၏ လက်ကောက်ဝတ်ကို ပုတ်ထုတ်လိုက်ရာ စိတ်ညှို့ကျောက်တုံး ဆွဲပြားသည် သူ၏ လက်ထဲမှ လွတ်ကျသွားခဲ့လေသည်။ စီမာယီ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ရင်သွားပြီး လေကို ဝဝရှူသွင်းလိုက်ရသည်။ သူ၏မျက်နှာပေါ်မှ နာကျင်မှု အရိပ်အယောင်များသည်လည်း ဖြည်းဖြည်းချင်း လျော့ပါးသွားခဲ့တော့သည်။
သူသည် မြေပြင်ပေါ်ရှိ စိတ်ညှို့ကျောက်တုံး ဆွဲပြားကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
"ဒီတစ်ခါတော့ ကျွန်တော် ခံစားလိုက်ရပြီ... ဒီအရာက တကယ့်ကို ထူးဆန်းလွန်းပါတယ်... အကယ်၍ စနစ်တကျ အသုံးချနိုင်မယ်ဆိုရင် အံ့ဖွယ်ရလဒ်တွေကို ရရှိနိုင်မှာပါ..."
"ဒါဟာ သခင်ကြီးအနေနဲ့ ကြိုတင်ပြင်ဆင်မှု ရှိခဲ့လို့ ဒါမှမဟုတ် ထိတွေ့တဲ့အချိန် သိပ်တိုတောင်းခဲ့လို့ ခံစားချက်တွေ အဆမတန် ပေါက်ကွဲလာတဲ့ အခြေအနေကို မကြုံတွေ့ခဲ့ရတာ ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ တိုက်ရိုက်ထိတွေ့ပြီးတဲ့နောက် စိတ်အာရုံကို တိုက်ခိုက်တဲ့ စွမ်းရည်ကိုတော့ လျှော့တွက်လို့ မရပါဘူး... အကယ်၍ ဒါကို သုံးပြီး တစ်စုံတစ်ယောက်ကို လုပ်ကြံမယ်ဆိုရင်... တခြားလူတွေက အဲဒီလူ ရူးသွပ်ပြီး သေဆုံးသွားတယ်လို့ပဲ ထင်ကြမှာပါ... အဆိပ်ခတ်တဲ့ အထောက်အထား လုံးဝ ကျန်ရှိမှာ မဟုတ်ပါဘူး..."
ဤနေရာအရောက်တွင် ဝမ်ကျင်း၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့ပြီး နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်ထွက်လာကာ
"အို... အမတ်ကြီး... အကယ်၍ ငါတို့က ဒီအရာကို သုံးပြီး မြို့တော်က ဧကရာဇ်ငယ်လေးကို လုပ်ကြံလိုက်ရင် ဘယ်လိုနေမလဲ... ပြီးရင် မင်းညီမင်းသားတွေကို ရာဇပလ္လင် လုယူဖို့ လှုံ့ဆော်လိုက်မယ်ဆိုရင် မြို့တော်တစ်ခုလုံး ကမောက်ကမ ဖြစ်မသွားဘူးလား..."
ထိုစကားကို ကြားလိုက်ရသောအခါ စီမာယီ၏ မျက်နှာသည် တွန့်ကွေးသွားပြီး သူ၏ မျက်ဝန်းထဲတွင် တွေးတောဆင်ခြင်မှုများ ဖြတ်ပြေးသွားခဲ့သည်။ အတော်ကြာပြီးနောက် သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် လန့်ဖျတ်သွားပြီး ဝမ်ကျင်းကို လျှို့ဝှက်အခန်းထဲမှ အလျင်အမြန် ဆွဲထုတ်လာခဲ့တော့သည်။
အေးမြသော ညဦးလေပြေသည် သူတို့၏ စိတ်အာရုံကို ချက်ချင်းပင် လန်းဆန်းသွားစေခဲ့သည်။ စီမာယီသည် ကြောက်ရွံ့ထိတ်လန့်မှုများ ကျန်ရှိနေသေးသော မျက်ဝန်းများဖြင့် နောက်သို့ လှည့်ကြည့်လိုက်ပြီး
"သခင်ကြီး... စိတ်အေးအေးထားပါ... အဲဒီအရာက တကယ့်ကို ပုန်းလျှိုးကွယ်လျှိုး ယုတ်မာလွန်းပါတယ်... အခုနက ကျွန်တော်မျိုးကိုယ်တိုင်တောင် စိတ်အာရုံ လွှမ်းမိုးခံလိုက်ရတာပါ..."
ဝမ်ကျင်းသည်လည်း ဤအချိန်တွင် သတိပြန်လည်ပွင့်လင်းလာခဲ့ပြီး သူ၏မျက်နှာကို စိတ်ပျက်လက်ပျက်ဖြင့် ပွတ်သပ်လိုက်မိသည်။ သူသည် အခုနက စိတ်ညှို့ကျောက်တုံးကြောင့် အမှန်တကယ်ပင် စိတ်အာရုံ နောက်ကျိသွားခဲ့ခြင်း ဖြစ်သည်။ သူက ဤကဲ့သို့သော အတွေးမျိုးကို မည်သို့လျှင် တွေးတောမိရသနည်း။
သူသည် ယခုအချိန်တွင် အင်အားတောင့်တင်းအောင် တည်ဆောက်ရန် လိုအပ်နေသေးသည်။ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော မျိုးနွယ်စုကြီးများ၏ အခြေခံအုတ်မြစ်ကို လိုက်မီရန်အတွက် သူ၌ အချိန်လိုအပ်ပေသည်။ စနစ်၏ အထောက်အပံ့ဖြင့် အချိန်ကြာမြင့်လေလေ... အခြားသော နယ်စားပယ်စား ဘုရင်ခံကြီးများနှင့် သူ၏အကြားရှိ ကွာဟချက်သည် ပိုမိုကျဉ်းမြောင်းလာကာ နောက်ဆုံးတွင် ကျော်ဖြတ်နိုင်မည်ပင် ဖြစ်သည်။
တစ်နှစ်တာ အချိန်အတွင်းမှာပင် သူသည် ယွဲ့ပြည်နယ်တစ်ခုလုံးကို မိမိ၏ လက်အောက်သို့ သွတ်သွင်းနိုင်ခဲ့ပြီ ဖြစ်သည်။ စိုးမိုးထားသော နယ်မြေအကျယ်အဝန်း အနေဖြင့်ကြည့်လျှင် ဝမ်ကျင်း ထိန်းချုပ်ထားသော ယွဲ့ပြည်နယ်၊ သိမ်းပိုက်ထားသော ယွဲ့နယ်မြေနှင့် မကြာမီ လက်အောက်ခံ ဖြစ်လာတော့မည့် လော့နန်နိုင်ငံတို့သည် ကျယ်ပြောလှသော ရှီးပြည်နယ်နှင့် လျောင်ပြည်နယ်တို့ပြီးလျှင် ဒုတိယအကျယ်ပြန့်ဆုံးသော နယ်မြေကြီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လောကကြီး ကမောက်ကမ ဖြစ်ရမည့်အချိန် ပိုမိုနောက်ကျလေလေ... ဝမ်ကျင်းအတွက် အကျိုးအမြတ်များ ပိုမိုစုဆောင်းနိုင်လေလေ ဖြစ်သည်။ စနစ်၏ အကူအညီဖြင့် သူသည် နောက်ဆုံးအထိ မားမားမတ်မတ် ရပ်တည်နိုင်မည့်သူ ဖြစ်ကြောင်း အပြည့်အဝ ယုံကြည်မှု ရှိပေသည်။ သူ ရှုံးနိမ့်ရမည့် အကြောင်းအရင်း လုံးဝမရှိချေ။ သို့သော် အောင်နိုင်ခြင်းချင်း အတူတူပင် ရလဒ်ချင်း မတူညီနိုင်ချေ... စိတ်ချလက်ချ အပိုင်အနိုင်ရခြင်းနှင့် သီသီလေး ကပ်နိုင်ခြင်းတို့သည် ကွာခြားလှပေသည်။
ဝမ်ကျင်း တဖြည်းဖြည်း တည်ငြိမ်လာသည်ကို မြင်သောအခါ စီမာယီသည် စကားလမ်းကြောင်းကို ပြောင်းလဲလိုက်ပြီး
"သခင်ကြီး... ကွန်ရက်ရဲ့ သတင်းပေးပို့ချက်အရ သူပုန်တွေ သုတ်သင်ရှင်းလင်းမခံရခင်မှာပဲ စီရင်စုအားလုံးက မြို့စောင့်တပ်တွေကို မြို့တော်ဆီ စစ်ကူလွှတ်ထားပြီးပါပြီ... အချိန်တွက်ချက်ကြည့်ရင်တော့ အစောဆုံး ရောက်လာမယ့်သူက တစ်ရက် နှစ်ရက်အတွင်း ရောက်လာမှာဖြစ်ပြီး အနောက်ကျဆုံးကတော့ လဝက်လောက် ကြာပါလိမ့်မယ်... ဟွာယန်စီရင်စုရဲ့ နယ်စားမင်း ကျန်းယုကလွဲလို့ ကျန်တဲ့ မြို့ဝန်အားလုံးကတော့ စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး စစ်ကူလာကြတာပါ..."
"ဟင်... ဒီကျန်းယုရဲ့ အခြေအနေက ဘာလဲ... သူတစ်ယောက်တည်းက ထူးခြားနေတာပေါ့..."
ဝမ်ကျင်းအနေဖြင့် စစ်ကူတပ်များကို ကိုယ်တိုင်ဦးဆောင်လာသည့် နယ်စားမင်းအားလုံးကို မမှတ်မိနိုင်သော်လည်း... မလာရောက်သည့်သူကိုမူ သေချာပေါက် မှတ်မိနေပေသည်။
"သူ့ရဲ့ ရှင်းလင်းချက်ကတော့ သူ့ဇနီးသည်က ပြင်းထန်စွာ ဖျားနာနေလို့ ခွဲခွာသွားလို့ မရဘဲ နေ့ရောညပါ ပြုစုစောင့်ရှောက်နေရလို့ပါတဲ့..."
"နယ်မြေတစ်ခုရဲ့ နယ်စားမင်းက ဇနီးသည်ကို ကိုယ်တိုင်ပြုစုနေရတယ် ဟုတ်လား... ဒါဟာ ဆင်ခြေသက်သက်ပဲ... အကယ်၍ သူတို့ရဲ့ လင်မယားသံယောဇဉ်က ဒီလောက်အထိ နက်ရှိုင်းနေတယ်ဆိုရင်လည်း သူတို့နှစ်ယောက်လုံးကို တစ်ပါတည်း အတူတူ သင်္ဂြိုဟ်ပေးလိုက်တာပေါ့..."
စီမာယီသည် ဝမ်ကျင်း၏ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော စကားလုံးများကို တားဆီးရန် မကြိုးစားခဲ့ချေ။ စီမာယီ၏ အမြင်တွင်လည်း ဤလူသည် သေထိုက်သူ ဖြစ်ပေသည်။
မြို့တော်သည် သူပုန်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဘုရင်ခံသည်လည်း ဖမ်းဆီးခံရမည့် သို့မဟုတ် အသက်အန္တရာယ် ကြုံတွေ့ရမည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ သူ၏ လက်အောက်ခံ နယ်စားမင်းများသည် စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်၍ စစ်ကူလာသင့်ပေသည်။ အကယ်၍ စစ်တပ် မခေါ်လာနိုင်လျှင်ပင် အနည်းဆုံးတော့ မျက်နှာပြသင့်ပေသည်။ အခြားသူများအားလုံး ရောက်လာကြသော်လည်း... ကျန်းယု တစ်ယောက်တည်း မလာခဲ့ချေ။ ဤအရာက ဘာကို ဆိုလိုသနည်း။ ဘုရင်ခံအပေါ် မကျေနပ်ခြင်းလား။ သို့မဟုတ် တော်ဝင်နန်းတော်အပေါ် မလေးစားခြင်းလား။
စစ်ရေးအကဲခတ်ရန် ရည်ရွယ်ချက်ရှိနေသော ဤကဲ့သို့သောသူကို ပြင်းထန်လှသော နည်းလမ်းများဖြင့် စံပြအဖြစ် အပြစ်ပေးရမည်ဖြစ်ပြီး... ယွဲ့ပြည်နယ် ဘုရင်ခံ၏ ဩဇာအာဏာကို မည်သူမျှ မစိန်ခေါ်ဝံ့စေရန် သတိပေးရမည် ဖြစ်သည်။ သို့မဟုတ်ပါက အကယ်၍ ယနေ့တွင် သဘောထားကြီးစွာ ခွင့်လွှတ်လိုက်လျှင် အခြားသူများသည်လည်း ထပ်မံ၍ ဝမ်ကျင်း၏ နောက်ဆုံးစည်းကို စမ်းသပ်လာကြပေလိမ့်မည်။ ထို့ကြောင့် ဤအပင်ပေါက်ကို အစောပိုင်းကတည်းက ဖျက်ဆီးပစ်ရမည် ဖြစ်သည်။
စီမာယီက ကန့်ကွက်ခြင်းမရှိသည်ကို မြင်သောအခါ ဝမ်ကျင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ရင်း တွေးတောလိုက်ပြီး
"အမတ်ကြီး... မဟာကျင်းအင်ပါယာရဲ့ ဥပဒေအရ ဘုရင်ခံတစ်ဦးဟာ နယ်စားမင်းတွေကို စေခိုင်းပိုင်ခွင့်ရှိပေမဲ့ ခန့်အပ်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း ဒါမှမဟုတ် အပြစ်ပေးခြင်းတွေကို စိတ်တိုင်းကျ လုပ်ပိုင်ခွင့် မရှိဘူး... အဲဒါကို တော်ဝင်နန်းတော်ကပဲ ဆုံးဖြတ်နိုင်တာ... ငါတို့က သူ့ကို ဘယ်လိုနည်းနဲ့ သတ်ပြီး ငါတို့လူနဲ့ အစားထိုးမလဲ..."
"သခင်ကြီး... ဥပဒေအရ နယ်စားမင်းတစ်ယောက်ကို သတ်ဖို့က ဘယ်လိုမှ အကြောင်းပြချက် ခိုင်လုံမှာ မဟုတ်ပါဘူး... ဒါကြောင့် ကျွန်တော်တို့ လူလွှတ်ပြီး လုပ်ကြံခိုင်းလိုက်တာက အကောင်းဆုံးပါပဲ... ကျွန်တော်တို့ရဲ့ အင်အားကိုတော့ စီရင်စုအသီးသီးနဲ့ လော့နန်နိုင်ငံကို စုစည်းဖို့အတွက်ပဲ အဓိက အာရုံစိုက်သင့်ပါတယ်..."
"မှန်တယ်... အာရန်..."
ဝမ်ကျင်း၏ ခေါ်သံကို ကြားလိုက်ရသောအခါ ကုရန်သည် ဝမ်ကျင်း၏ ရှေမှောက်သို့ ရောက်ရှိလာပြီး ဦးညွှတ်ဂါရဝပြုကာ
"သခင်ကြီး... ဘာများ အမိန့်ရှိပါသလဲ..."
"ကွန်ရက်ဆီကို သွားပြီး သူတို့ရဲ့ လူတွေကို စုစည်းဖို့ အမိန့်ပေးလိုက်စမ်း... ဟွာယန်စီရင်စုရဲ့ နယ်စားမင်း ကျန်းယုကို သတ်ပစ်ဖို့ နည်းလမ်းရှာပါ... ပြီးတော့ သူ့ရဲ့ ဇနီးကိုလည်း ချန်ထားလို့မဖြစ်ဘူး... ငါ အတူတူ သင်္ဂြိုဟ်မယ်လို့ ပြောပြီးသားဆိုတော့ အတူတူ သေစေရမယ်... ဒီကိစ္စကို အာဟူ နဲ့ ဇန့်အာတို့ကို ကိုင်တွယ်ခိုင်းလိုက်..."
"အမိန့်အတိုင်းပါ..."
"ပြီးတော့... တပ်စခန်းဆီ လူလွှတ်ပြီး စစ်သူကြီး ယွဲ့ကျင်းကို ဖိတ်ခေါ်လိုက်စမ်း..."
"နားလည်ပါပြီ..."
ဤအထွေထွေ ကိစ္စရပ်များကို ကိုင်တွယ်ပြီးနောက် ဝမ်ကျင်းသည် သူပုန်များကို နှိမ်နင်းနေသည့် စစ်သူကြီး ယွဲ့ကျင်းကို ဆင့်ခေါ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လက်အောက်ခံ စီရင်စုအသီးသီးမှ နယ်စားမင်းများ ရောက်ရှိလာတော့မည် ဖြစ်ရာ ဝမ်ကျင်းအနေဖြင့် သူတို့အား ခြိမ်းခြောက်ဟန့်တားနိုင်ရန် သူ၏ အစွမ်းသတ္တိနှင့် ကြွက်သားများကို ပြသဖို့ လိုအပ်ပေသည်။
စွမ်းအားကို ဝှက်ကွယ်မထားသင့်ချေ။ ဝှက်ကွယ်ထားခြင်းသည် မိမိကိုယ်ကိုယ် အားနည်းပြီး အနိုင်ကျင့်ရလွယ်ကူသည်ဟု အခြားသူများအား ထင်မြင်စေရုံသာ ရှိပေလိမ့်မည်။ အကယ်၍ စွမ်းအားရှိလျှင် ဗြောင်ကျကျ ထုတ်ပြရမည်ဖြစ်ပြီး... မကောင်းသော အကြံအစည် ရှိသူများအားလုံး ကျားနှုတ်ခမ်းမွှေးကို လာရောက်ဆွဲခြင်း၏ နောက်ဆက်တွဲ ရလဒ်ကို တွက်ချက်မိစေရမည် ဖြစ်သည်။
ယခုအချိန်တွင် မြို့တော်အတွင်းရှိ စနစ်တကျ ဖွဲ့စည်းထားသော ဝေစစ်တပ်မှာ လူတိုင်း၏ ဦးခေါင်းထက်တွင် ဆွဲချိတ်ထားသော ထက်မြက်သည့် ဓားတစ်လက်ကဲ့သို့ ဖြစ်နေခဲ့သည်။
ကျိန်းအူမြို့တွင် စုရုံးထားသော စစ်သည်တော် ၁၃၀,၀၀၀ ကို ထည့်မတွက်လျှင်ပင်... ဤစစ်တပ်တစ်ခုတည်းနှင့်တင် ယွဲ့ပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်ခြေမှုန်းရန် လုံလောက်နေပြီဟု ပြောပါက ပိုအံ့ဩစရာ မရှိချေ။
ယွဲ့ပြည်နယ်သည် နှစ်ပေါင်းများစွာကြာအောင် ကြီးမားသော စစ်ပွဲကြီးများနှင့် မကြုံတွေ့ခဲ့ရချေ။ စီရင်စုမြို့စောင့်တပ်များမှာလည်း စစ်ပွဲအတွေ့အကြုံ အလွန်နည်းပါးလှသည်။ သူတို့ သွေးစွန်းဖူးသည်ဆိုသည်မှာလည်း တောပုန်းများနှင့် တောင်ပေါ်ဓားပြများကို အလွယ်တကူ နှိမ်နင်းခဲ့သည့် အကြိမ်များသာ ဖြစ်ပြီး စစ်မှန်သော တိုက်ရည်ခိုက်ရည် မရှိကြချေ။ ယွဲ့လူမျိုးများနှင့် မကြာခဏ စစ်ခင်းရသဖြင့် တိုက်ရည်ခိုက်ရည် အရှိဆုံးဖြစ်သည့် နန်ယန်စီရင်စုပင်လျှင် ဝမ်ကျင်း၏ လက်အောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အကယ်၍ ပြည်နယ်အတွင်းရှိ စီရင်စုအားလုံး ပူးပေါင်းကာ ပုန်ကန်ကြလျှင်ပင် ဝမ်ကျင်းကို တုန်လှုပ်စေနိုင်မည် မဟုတ်ချေ။ ဒါဟာ မိမိလက်ထဲတွင် အကြွင်းမဲ့ အာဏာနှင့် လက်နက်ကို ကိုင်စွဲထားခြင်းမှ ရရှိလာသော ယုံကြည်မှု ဖြစ်ပေသည်။
ဝမ်ကျင်းက စစ်သူကြီး ယွဲ့ကျင်းကို ဆင့်ခေါ်လိုကြောင်း ကြားသောအခါ စီမာယီသည် သူ၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး ဝမ်ကျင်းအား ခေါင်းအသာ ညိတ်ပြလိုက်သည်။
ဒါဟာ ထုံးစံအတိုင်းဖြစ်သော ဗျူဟာဟောင်းပင် ဖြစ်သည်။အချို့ကို စည်းရုံးပြီး အချို့ကို နှိပ်ကွပ်ခြင်း ဖြစ်သည်။ သူတို့ကို မိမိ၏ ခွေးများအဖြစ် ခစားစေခြင်း သို့မဟုတ် ဖမ်းဆီး ကွပ်မျက်ခြင်း နှစ်လမ်းသာ ရှိပေသည်။ ရိုးရှင်းပြီး ရက်စက်လှသော်လည်း အလွန်ပင် ထိရောက်လှကာ အကြွင်းမဲ့ စွမ်းအားကို သုံး၍ လူတိုင်းကို ဒူးထောက် အညံ့ခံစေခြင်း ဖြစ်သည်။
ဝမ်ကျင်း၏ လက်ရှိ ရာထူးအဆင့်အတန်းနှင့် သူထိန်းချုပ်ထားသော အင်အားအရ အာဏာလုပွဲများမှာ အလွန်ခက်ခဲနိုင်သလို အလွန်လည်း ရိုးရှင်းသွားနိုင်ပေသည်။
မိမိ၏ အင်အားသည် လူတိုင်းကို ခြိမ်းခြောက်နိုင်လောက်အောင် တောင့်တင်းနေသရွေ့... အဓိက လားရာလမ်းကြောင်းကိုသာ ထိန်းချုပ်ထားရန် လိုအပ်ပြီး ကြီးမားသော မဟာဗျူဟာမြောက် အမှားအယွင်းများကို ရှောင်ရှားနိုင်လျှင် လုံလောက်ပေသည်။
မိမိတို့၏ အသက်ကို စွန့်ပြီး အာဏာစက်ကို လာရောက်စိန်ခေါ်မည့် လူမိုက်များမှာ ထင်သလောက် များပြားမနေချေ။ စည်းစနစ်ဥပဒေများ လုံးဝ ပျက်သုဉ်းမသွားသေးသည့် ဤခေတ်ကာလတွင် ဓားသွားကို ထုတ်ပြလိုက်ရုံမျှဖြင့် မည်သူမျှ စည်းကျော်ရဲကြမည် မဟုတ်ပေ။