← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း (၁၈၉)

အညံ့ခံခြင်း

ပြည်နယ်မြို့တော်အတွင်းရှိ သားနားလှပစွာ ပြင်ဆင်မွမ်းမံထားသော စံအိမ်တော်ကြီးတစ်ခုအတွင်းသို့ ဟွာယန်စီရင်စု နယ်စားမင်း ကျန်းယုမှလွဲ၍ ကျန်ရှိသော စီရင်စု နယ်စားမင်းအားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။

သူတို့သည် မိမိတို့၏ ကိုယ်ရံတော်များနှင့် အစေအပါးများကိုသာ မြို့တော်တွင်းသို့ ခေါ်ဆောင်ခွင့်ရရှိခဲ့ကြပြီး၊ စစ်သည်တော် အားလုံးကိုမူ ဘုရင်ခံ ဝမ်ကျင်း၏ အမိန့်တော်အရ မြို့တော်အပြင်ဘက်တွင် စခန်းချစေကာ ရိက္ခာနှင့် အထောက်အပံ့များကိုမူ ပြည်နယ်အုပ်ချုပ်ရေးရုံးမှ တာဝန်ယူ ထောက်ပံ့ပေးထားလေသည်။

သူတို့အားလုံးက စစ်အာဏာကို မည်သည့်အတွက်ကြောင့် လွှဲအပ်ခဲ့ကြသနည်းဆိုသော် သူတို့သည် သစ္စာစောင့်သိလွန်း၍ မဟုတ်ဘဲ လက်ရှိ အခြေအနေအရ စွမ်းအားချင်း မမျှတသဖြင့် မည်သို့မျှ မအောင်နိုင်ကြောင်း သိရှိထားကြသောကြောင့် ဖြစ်သည်။

ဝမ်ကျင်းကိုယ်တိုင် ရာထူးတိုးမြှင့်ပေးခဲ့သည့် နန်ယန်စီရင်စု နယ်စားမင်း ဟဲဝေနှင့် တော်ဝင်နန်းတော်အပေါ် သစ္စာစောင့်သိသော တန်ယန်စီရင်စု နယ်စားမင်း ခေါ့ရှန့်တို့မှလွဲ၍ ကျန်ရှိသောသူများမှာမူ စိတ်ထဲတွင် ကိုယ်စီ အကြံအစည်များ ပုန်းလျှိုးကွယ်လျှိုး ရှိနေကြလေသည်။

သို့သော်လည်း သူတို့၏ စိတ်ထဲမှ ကောက်ကျစ်သော အကြံအစည်များသည် မလှုပ်ရှားရသေးခင်မှာပင် ပြည်နယ်မြို့တော်ရှိ ကြောက်မက်ဖွယ်ကောင်းလှသော စစ်တပ်ကြီး၏ အရှိန်အဝါအောက်တွင် ကြေမွပျက်စီးသွားခဲ့ရပြီး၊ ကြောက်ရွံ့တုန်လှုပ်ကာ ဒူးထောက်အညံ့ခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

သူတို့ စစ်တပ်များကို ဦးဆောင်၍ မြို့တော်သို့ ရောက်ရှိလာစဉ်က မြို့တံခါးဝတွင် ချိတ်ဆွဲထားသော ဝူချုံယွန်း၏ ပုပ်ပွနေသော အလောင်းကြီးနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်များဖုံးလွှမ်းနေသည့် လက်နက်အပြည့်အစုံတပ်ဆင်ထားသော ကြောက်မက်ဖွယ် ဝေစစ်တပ်ကြီးကို မြင်တွေ့လိုက်ရသောအခါ မည်မျှအထိ ထိတ်လန့်တုန်လှုပ်သွားကြသည်ကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။

စီရင်စု နယ်စားမင်း ရာထူးနေရာအထိ တက်လှမ်းနိုင်ခဲ့သူများထဲတွင် မည်သူမျှ လူအများမဟုတ်ကြချေ။ အကယ်၍ အမှန်တကယ် လူအဖြစ်ပါက ဤကဲ့သို့သော အာဏာစက် ကုလားထိုင်ပေါ်တွင် မြဲမြံစွာ ထိုင်နိုင်ကြမည် မဟုတ်ပေ။

ဘုရင်ခံမင်းကြီးသည် ဝူချုံယွန်းကိုပင် အလွယ်တကူ ခြေမှုန်းနိုင်ခဲ့လျှင် သူတို့ကို ဖျက်ဆီးပစ်ရန်မှာမူ လက်ဖျစ်တစ်ချက်တီးစာမျှပင် အားစိုက်စရာ မလိုချေ။ မည်သူက မိမိ၏ အသက်နှင့် စည်းစိမ်ကို စတေးဝံ့ပါမည်နည်း။ မဖြစ်နိုင်မှန်းသိလျက်နှင့် ဇွတ်တိုးလုပ်ဆောင်ခြင်းသည် ပညာရှိတို့၏ အပြုအမူ မဟုတ်ချေ။

ယခုအခါ သူတို့ကို ဝမ်ကျင်းက အနားယူရန် အကြောင်းပြ၍ ဤနေရာတွင် နေရာချထားပေးသော်လည်း ဤအရာသည် အကျဉ်းချထားခြင်းနှင့် မခြားနားကြောင်း အားလုံးက သိရှိနေကြသည်။ သို့သော်လည်း တော်လှန်ရန် အင်အားမရှိသဖြင့် မိမိတို့၏ မကျေနပ်မှုများကိုသာ ရင်ထဲတွင် မြိုသိပ်ထားကြရလေသည်။

အခြားသူများနှင့်မတူဘဲ ဟဲဝေမှာမူ အလွန် စိတ်အေးလက်အေး ရှိနေခဲ့သည်။ သူသည် မူလကတည်းက ဝမ်ကျင်း၏ လက်အောက်ငယ်သား ဖြစ်ပြီး၊ ရာထူးတိုးမြှင့်ခံရပြီးနောက်တွင်လည်း နန်းတွင်းအရာရှိလောက၌ ဝမ်ကျင်း၏ လူအဖြစ် တရားဝင် သတ်မှတ်ခြင်း ခံထားရသူဖြစ်သည်။ မိမိလူဖြစ်သဖြင့် ကြောက်ရွံ့စရာ မလိုသည့်အပြင် ဝမ်ကျင်း၏ အာဏာစက် ပိုမိုကြီးမားလေလေ... သူ၏ အဆင့်အတန်းကလည်း ပိုမိုမြင့်မားလာလေလေ ဖြစ်ပေသည်။

နောက်ဆုံးတွင် သူတို့ စိတ်မရှည်ဖြစ်လာကြသည့် အချိန်၌ ကုရန်သည် ဝမ်ကျင်း၏ အမိန့်တော်ကို ဆောင်ယူကာ ရောက်ရှိလာပြီး ဘုရင်ခံမင်းကြီး၏ စံအိမ်တော်သို့ ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးရန် ဖိတ်ကြားလိုက်လေသည်။

အားလုံးက ဘုရင်ခံမင်းကြီး၏ စံအိမ်တော်မှ စေလွှတ်လိုက်သော ရထားလုံးများပေါ်သို့ တက်ရောက်လိုက်ကြစဉ် ရင်တထိတ်ထိတ်ဖြင့် စိုးရိမ်ပူပန်နေရသော နေ့ရက်များ နောက်ဆုံးတွင် ကုန်ဆုံးတော့မည်ကို သိရှိသဖြင့် သက်ပြင်းချနိုင်ခဲ့ကြတော့သည်။

ဘုရင်ခံမင်းကြီး၏ စံအိမ်တော်တွင် ခမ်းနားသော စားသောက်ပွဲတစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် မြို့တော်သို့ စစ်ကူလာပေးကြသူများ ဖြစ်သဖြင့် ကျိုးကြောင်းဆီလျော်မှု အရလည်းကောင်း၊ လူမှုရေးအရလည်းကောင်း နှိပ်စက်ညှဉ်းပန်းရန် မသင့်တော်ချေ။ ဝမ်ကျင်းသည် သူတို့၏ စစ်အာဏာကို ခွဲဝေသိမ်းပိုက်လိုခြင်းသာ ဖြစ်ပြီး သူတို့အပေါ် တစ်ဦးချင်း ရန်ငြိုး အာဃာတ မရှိချေ။

မကြာမီမှာပင် ကုရန်သည် သူတို့အား အထဲသို့ ခေါ်ဆောင်လာခဲ့သည်။ သူတို့ စစ်တပ်များနှင့်အတူ ရောက်ရှိလာသည့် ပထမဦးဆုံးနေ့တွင် ဝမ်ကျင်းနှင့် တစ်ကြိမ်သာ တွေ့ဆုံခဲ့ရပြီးနောက် ဤစံအိမ်တော်သို့ ပို့ဆောင်ခြင်း ခံခဲ့ရသဖြင့် ယခုအကြိမ်သည် ဝမ်ကျင်းကို ဒုတိယအကြိမ်မြောက် မြင်တွေ့ရခြင်း ဖြစ်သည်။ ဟဲဝေပင်လျှင် ကင်းလွတ်ခွင့်မရဘဲ ဝမ်ကျင်း၏ အမိန့်အရ စီရင်စု နယ်စားမင်းများ၏ သဘောထားနှင့် သူတို့ စီရင်စုများ၏ အခြေအနေများကို လျှို့ဝှက်စူးစမ်းရန်အတွက် နေ့စဉ် သူတို့နှင့် ရောနှောနေထိုင်ခဲ့ရသည်။

အားလုံး နေရာယူ ထိုင်စရာရှိသည်များကို ထိုင်ပြီးနောက် စိတ်ထဲတွင် အတွေးကိုယ်စီ ပေါ်လာကြတော့သည်။ အရာရှိလောကတွင် ဝါရင့်နေပြီဖြစ်သော စီရင်စု နယ်စားမင်းများအနေဖြင့် ရှေ့တွင် မည်သည့်အရာ ဖြစ်ပျက်တော့မည်ကို အကြမ်းဖျင်း ခန့်မှန်းမိကြပေသည်။

ဒါဟာ အာဏာလုယူခြင်းမှတစ်ပါး အခြားမဟုတ်ချေ။ သူတို့သည် ဝမ်ကျင်း၏ လူယုံများ မဟုတ်ကြသဖြင့် သဘာဝကျစွာပင် ယုံကြည်မှုရရန် ခက်ခဲပေလိမ့်မည်။ ဝမ်ကျင်းအနေဖြင့် ဘုရင်ခံတစ်ဦး ဖြစ်သော်လည်း စီရင်စု နယ်စားမင်းများကို စိတ်တိုင်းကျ ရာထူးခန့်အပ်ခြင်း၊ ဖြုတ်ချခြင်းနှင့် သူတို့၏ အရာရှိဗောကတ်များကို ချွတ်ပိုင်ခွင့် မရှိသော်လည်း... စီရင်စု နယ်စားမင်း၏ လက်အောက်ရှိ အရာရှိငယ်များကိုမူ ခန့်အပ်ဖြုတ်ချပိုင်ခွင့် ရှိပေသည်။ အကယ်၍ ဝမ်ကျင်းက သူ၏ လူယုံများကို စီရင်စုအုပ်ချုပ်ရေးအဖွဲ့အတွင်းသို့ ထည့်သွင်းလိုက်ပါက... သူတို့၏ အာဏာသည်လည်း အလိုအလျောက် ကျုံ့ဝင်သွားပေလိမ့်မည်။

ယွဲ့ပြည်နယ်၏ စီရင်စုအသီးသီးသည် အချိန်ကြာမြင့်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားခဲ့ကြသဖြင့် အများစုမှာ လွတ်လပ်မှုကို ကျင့်သားရနေကြပြီး မိမိတို့၏ ဦးခေါင်းထက်တွင် နောက်ထပ် ‘အာဏာရှင်' တစ်ဦး လာရောက်စိုးမိုးသည်ကို မလိုလားကြချေ။ သို့သော်လည်း မြို့တော်အပြင်ဘက်ရှိ ငြင်းပယ်၍မရသော ကြောက်မက်ဖွယ် စစ်တပ်ကြီးကို တွေးမိသောအခါ... ရင်ထဲမှ ရုန်းကန်လိုစိတ်နှင့် မကျေနပ်မှုများကို မျက်နှာပြင်ပေါ်သို့ အရိပ်အယောင်မျှပင် မပြဝံ့ကြချေ။

ဝမ်ကျင်းသည် ပဓာန နေရာတွင် ထိုင်နေပြီး သူ၏ လျှို့ဝှက်ဆန်းကြယ်သော မျက်ဝန်းများဖြင့် လူတိုင်း၏ မျက်နှာကို ဝှေ့ယမ်းကြည့်လိုက်သည်။ ဟဲဝေနှင့် တန်ယန်စီရင်စု နယ်စားမင်း ခေါ့ရှန့်တို့မှလွဲ၍ ကျန်ရှိသောသူများ၏ မျက်နှာထက်တွင်မူ တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေလေသည်။

"အဆွေတော်တို့... ပူပန်သောကရောက်ဖို့ မလိုပါဘူး... စိတ်အေးအေးထားကြပါ... ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ သူပုန်အကြွင်းအကျန်တွေကို နှိမ်နင်းနေရတာကြောင့် အချိန်အနည်းငယ် ကြာသွားခဲ့လို့ ဒီအရာရှိအနေနဲ့ အဆွေတော်တို့ကို ကောင်းမွန်စွာ မဧည့်ခံနိုင်ခဲ့ပါဘူး... အဆွေတော်တို့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."

ထိုသို့ပြောပြီးနောက် ဝမ်ကျင်းသည် စပျစ်ရည်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့ချလိုက်ပြီး

"ဒီတစ်ခွက်ကတော့... ဒီအရာရှိရဲ့ တောင်းပန်မှုအနေနဲ့ အဆွေတော်တို့အားလုံးကို ဂုဏ်ပြုတာပါ..."

ကျန်ရှိသောသူများသည်လည်း အလျင်အမြန်ပင် မိမိတို့၏ စပျစ်ရည်ခွက်များကို မြှောက်၍ မော့ချလိုက်ကြပြီး

"ဘုရင်ခံမင်းကြီး... အားနာစရာပါ..."

"ကိစ္စမရှိပါဘူး... သူပုန်အကြွင်းအကျန်တွေကို နှိမ်နင်းဖို့က အဓိက ပဓာန ကိစ္စပဲမဟုတ်လား..." ဟု ပြိုင်တူ သံယောင်လိုက်ကြလေသည်။

ဝမ်ကျင်းက ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး စပျစ်ရည်ကို ထပ်မံဖြည့်ကာ နောက်တစ်ကြိမ် မော့ချလိုက်ပြန်သည်။

"ဒီဒုတိယတစ်ခွက်ကလည်း အဆွေတော်တို့အားလုံးအတွက်ပါပဲ... သူပုန်တွေ ထကြွ သောင်းကျန်းချိန်မှာ အဆွေတော်တို့ဟာ မိုင်ပေါင်းထောင်ချီဝေးတဲ့ အရပ်ကနေ စစ်တပ်တွေကို ကိုယ်တိုင်ဦးဆောင်ပြီး စစ်ကူလာပေးခဲ့ကြတယ်... ဒီအရာရှိ တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်... အဆွေတော်တို့ရဲ့ အပြုအမူက တော်ဝင်နန်းတော်အနေနဲ့ လူမမှားခဲ့ကြောင်း သက်သေပြလိုက်တာပဲ... အဆွေတော်တို့ဟာ နန်းတော်အပေါ် သစ္စာစောင့်သိမှုကို ပြသနိုင်ခဲ့ကြပြီ..."

ဤနေရာအရောက်တွင် ဝမ်ကျင်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး

"သစ္စာမရှိတဲ့သူတွေကတော့... သဘာဝကျစွာပဲ သူတို့ရထိုက်တဲ့ အပြစ်ဒဏ်ကို ခံယူရလိမ့်မယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ မည်သူမျှ တုံ့ဆိုင်းမနေဝံ့ကြတော့ဘဲ ဝမ်ကျင်းနှင့်အတူ ဒုတိယမြောက် စပျစ်ရည်ခွက်ကို အလျင်အမြန်ပင် လိုက်လံ မော့ချလိုက်ကြတော့သည်။

သို့သော်လည်း သူတို့၏ ရင်ထဲတွင်မူ ဝမ်ကျင်း၏ စကားလုံးများနောက်ကွယ်မှ အနက်အဓိပ္ပာယ်ကို သဘောပေါက်သွားကြပြီ ဖြစ်သည်။ စီရင်စုအသီးသီးသည် ပုံမှန်အားဖြင့် အချင်းချင်း ဆက်သွယ်မှု ရှိကြသဖြင့် ယခုပွဲ၌ တစ်ယောက်တည်း မတက်ရောက်နိုင်သည့် ဟွာယန်စီရင်စု နယ်စားမင်း ကျန်းယု၏ အကြောင်းကို အားလုံးက ကောင်းစွာ သိရှိနေကြသည်။

အကယ်၍ ပြည်နယ်မြို့တော်သည် အမှန်တကယ် ပျက်သုဉ်းလုနီးပါး ဖြစ်နေပြီး စစ်သည်တော်များနှင့် စစ်သူကြီးများ လိုအပ်နေချိန်တွင် မလာရောက်နိုင်ပါက ခွင့်လွှတ်နိုင်သော်လည်း... ယခုအချိန်တွင်မူ ကျန်းယုတစ်ယောက် သေတွင်းထဲ ရောက်သွားပြီဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။ ဘုရင်ခံမင်းကြီး၏ စကားများသည် ကျန်းယုကို ရှင်းလင်းပစ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး သူတို့အား အချိန်တန်လျှင် ထိတ်လန့်မသွားစေရန် ကြိုတင် သတိပေးလိုက်ခြင်းသာ ဖြစ်ပေသည်။

လူအုပ်ကြီး တိတ်ဆိတ်သွားသည်ကို မြင်သောအခါ မိမိ၏ ဆိုလိုရင်းကို နားလည်သွားကြပြီဖြစ်ကြောင်း ဝမ်ကျင်း သိလိုက်သဖြင့် တတိယမြောက် စပျစ်ရည်ခွက်ကို ဆက်လက် လောင်းထည့်လိုက်ကာ

"ဒီတတိယခွက်ကလည်း အဆွေတော်တို့အတွက်ပါပဲ... ဒီအရာရှိ ယွဲ့ပြည်နယ်ရဲ့ ဘုရင်ခံရာထူးကို ဆက်ခံပြီးတာနဲ့ ဒီလိုကိစ္စမျိုး ဖြစ်ပွားခဲ့တာဟာ ယွဲ့ပြည်နယ်ရဲ့ အခြေအနေ ဘယ်လောက်အထိ ဆိုးရွားနေလဲဆိုတာ ပြသနေတာပဲ... ဝူချုံယွန်းရဲ့ ပုန်ကန်မှုက မျက်စိနဲ့မြင်ရတဲ့ အရာသက်သက်ပဲ... မမြင်ရတဲ့ ကောက်ကျစ်တဲ့ အကြံအစည်တွေ မြေအောက်မှာ ဘယ်လောက်တောင် ပုန်းအောင်းနေဦးမလဲ..."

ဝမ်ကျင်း၏ လေသံမှာ ပြင်းထန်လှပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ထိုစကားကို ကြားသောအခါ လူတိုင်းသည် ချက်ချင်း ထရပ်ကာ ဦးညွှတ်၍ ခွင့်လွှတ်ရန် တောင်းပန်ကြတော့သည်။

"ဘုရင်ခံမင်းကြီး... ဒါဟာ ကျွန်တော်မျိုးတို့ရဲ့ တာဝန်ကျေပွန်မှု မရှိခြင်းကြောင့်ပါ..."

"ဘုရင်ခံမင်းကြီး... ကျွန်တော်မျိုးတို့ကို သက်ညှာပေးပါရန် တောင်းပန်ပါတယ်..."

ဝမ်ကျင်း၏ စူးရှသော မျက်ဝန်းများသည် လူတိုင်း၏ မျက်နှာကို ဝှေ့ကြည့်လိုက်ပြီးနောက် ဆက်လက်၍ ဟိန်းဟောက်လိုက်သည်။

"ဒီယွဲ့ပြည်နယ်ဟာ မဟာကျင်းအင်ပါယာရဲ့ ယွဲ့ပြည်နယ် ဟုတ်သေးရဲ့လား... ဧကရာဇ်မင်းမြတ်ရဲ့ ယွဲ့ပြည်နယ် ဖြစ်နေသေးရဲ့လား... ဓားပြတွေ သောင်းကျန်းနေတယ်၊ စီရင်စု နယ်စားမင်းတွေက ပုန်ကန်မှုကို ဦးဆောင်နေတယ်၊ ဆင်းရဲသား ပြည်သူတွေကတော့ အငတ်ဘေးဆိုက်ပြီး အိုးအိမ်မဲ့ ဖြစ်နေကြရတယ်... ယွဲ့ပြည်နယ် ဒီလိုအခြေအနေအထိ ဆိုက်ရောက်သွားရတာဟာ အဆွေတော်တို့အားလုံးမှာ လွတ်မြောက်လို့မရတဲ့ တာဝန်ရှိတယ်..."

ဤစကားလုံးများသည် အလွန်ပင် ပြင်းထန်လှပြီး သူတို့၏ နှာခေါင်းကို လက်ညှိုးထိုးကာ အသုံးမကျသူများဟု ဗြောင်ကျကျ ဆဲဆိုလိုက်ခြင်းနှင့် တူပေသည်။

ထိုအရာက လူတိုင်းကို အလွန်ပင် မကျေမနပ် ဖြစ်သွားစေသည်။ ဤစီရင်စု နယ်စားမင်းများထဲတွင် မည်သူမျှ ဒေသခံများ မဟုတ်ကြချေ။ မဟာကျင်းအင်ပါယာ၏ ဥပဒေစနစ်အရ ဒေသခံများသည် မိမိတို့၏ ဇာတိမြေတွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရှိချေ... သို့မဟုတ်ပါက ဒေသခံ ဂိုဏ်းနွယ်စုကြီးများနှင့် ပူးပေါင်းကာ သောင်းကျန်းမှုများ ဖြစ်ပွားနိုင်သောကြောင့် ဖြစ်သည်။

ပြင်ပမှ ရောက်ရှိလာသော အရာရှိများအနေဖြင့် စွမ်းရည်ထက်မြက်ပြီး နောက်ခံအာဏာ တောင့်တင်းသူများသာ အခြေအနေကောင်းကာ ဒေသခံ အင်အားကြီး မိသားစုများကို နှိပ်ကွပ်၍ အာဏာကို ထိန်းချုပ်နိုင်ကြသည်။ သို့သော်လည်း စွမ်းရည်မရှိဘဲ နောက်ခံမရှိသူများမှာမူ လက်ရှိအခြေအနေကို မနည်းပင် ထိန်းသိမ်းနေကြရသည်။

မြေယာသိမ်းပိုက်မှုများ၊ ပြည်သူများ အိုးအိမ်မဲ့ဖြစ်ရမှုများနှင့် ဒေသခံ အင်အားကြီးများက စည်းစိမ်မြေယာများကို လုယူဖျက်ဆီးမှုများ စသည့် ကိစ္စရပ်အများစုကို သူတို့အနေဖြင့် ဟန်ပြမျှသာ ကိုင်တွယ်နိုင်ပြီး... တစ်ခါတစ်ရံ သတိပေး နှိပ်ကွပ်နိုင်သော်လည်း လုံးဝ ကာကွယ်တားဆီးနိုင်ခြင်း မရှိချေ။ ဓားပြဘေးနှင့် ပတ်သက်၍မူ... သိသူသာ သိပေလိမ့်မည်... သူတို့က ကိုယ်ပိုင်အုပ်ချုပ်ပြီး အမိန့်မနာခံခဲ့ကြကြောင်း ဝန်ခံသော်လည်း... အသုံးမကျဟု ပြောဆိုခြင်းကိုမူ သူတို့ စိတ်ထဲတွင် လုံးဝ လက်မခံနိုင်ကြချေ။

ဒေါသအိုး ဖြစ်ပြီး ပွင့်လင်းလှသော တန်ယန်စီရင်စု နယ်စားမင်း ခေါ့ရှန့်သည် ဆက်လက်၍ အောင့်အီးမထားနိုင်တော့ဘဲ ဝမ်ကျင်းအား ဦးညွှတ်လိုက်ကာ

"ဘုရင်ခံမင်းကြီး... ကျွန်တော်မျိုးတွင် လျှောက်ထားစရာ စကားရှိပါတယ်..."

ဝမ်ကျင်းက ခေါင်းအသာညိတ်ပြ၍ ပြောခွင့်ပေးလိုက်ရာ

"ကျွန်တော်မျိုး တာဝန်ရှောင်လွှဲလို၍ မဟုတ်ပါဘူး... ဒါပေမဲ့ လက်ရှိအခြေအနေဟာ ကျွန်တော်မျိုးတို့ရဲ့ အသုံးမကျမှုကြောင့် တကယ်မဟုတ်ပါဘူး..."

ခေါ့ရှန်သည် မိမိရင်ထဲရှိ မကျေနပ်ချက်များကို ဝမ်ကျင်းအား သွန်ချလိုက်ပြီး သူတို့ ရင်ဆိုင်နေရသော အခက်အခဲများကို အသေးစိတ် ရှင်းလင်း လျှောက်ထားလေတော့သည်။

ဝမ်ကျင်းသည် နားထောင်ရင်း သူ၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားပြီး ဟဲဝေနှင့် တစ်ချက် မျက်စိမှိတ် အချက်ပြလိုက်သည်။ ဟဲဝေက ခေါင်းကို အသာအယာ ခါယမ်းပြလိုက်လေသည်။

မူလက ဝမ်ကျင်းသည် ဤစကားများကို ဟဲဝေအား ဗျူဟာအရ ပြောခိုင်းရန် စီစဉ်ထားသော်လည်း တန်ယန်စီရင်စု နယ်စားမင်း ခေါ့ရှန့်က ဦးအောင် ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ကိစ္စမရှိချေ။ ဟဲဝေသည် မိမိ၏ လူဖြစ်ကြောင်း လူတိုင်းသိသဖြင့် ခေါ့ရှန့်ကဲ့သို့ သစ္စာရှိသူတစ်ဦးက ပြောဆိုခြင်းက ပိုမို သဘာဝကျပေသည်။

ခေါ့ရှန့်၏ တိုင်တည်ချက်များကို နားထောင်ပြီးနောက် ဝမ်ကျင်းသည် ရုတ်တရက် ထရပ်လိုက်ကာ လက်ထဲမှ စပျစ်ရည်ခွက်ကို မော့ချပြီး မြေပြင်ပေါ်သို့ ဆောင့်ခွဲပစ်လိုက်လေသည်။

"သတ္တိရှိလှချေတကား... ကြည့်ရတာ ဒီအရာရှိကပဲ အဆွေတော်တို့ကို စွပ်စွဲမိတာပေါ့..."

"ဒါပေမဲ့ စိတ်ချပါ... ဒါတွေဟာ အတိတ်က ကိစ္စတွေပဲ... အခု ဒီအရာရှိ ရောက်လာပြီ... ဒီနေ့ဟာ မနေ့ကနဲ့ မတူတော့ဘူး..."

"အရာရှိ အင်အားမလုံလောက်ဘူး ဟုတ်လား... ငါ့ရဲ့ ဥပဒေပြုရေးဝါဒဂိုဏ်းမှာ ပါရမီရှင် လူငယ်ပညာရှိတွေ အများကြီး ရှိတယ်... အခုလည်း ပြည်နယ်မြို့တော်ထဲမှာ အများကြီး ရောက်နေကြပြီ... ဒီအရာရှိ သူတို့ကို အဆွေတော်တို့ရဲ့ စီရင်စုအသီးသီးဆီ စေလွှတ်ပြီး ကူညီခိုင်းလိုက်မယ်..."

"ဓားပြတွေကို နှိမ်နင်းဖို့ အထူးစစ်တပ် မရှိဘူး ဟုတ်လား... ငါ့ရဲ့ စစ်သူကြီးတွေဖြစ်တဲ့ ယွဲ့ကျင်းနဲ့ ကျန်လျောင်တို့ဟာ စစ်သည်တော်တွေကို လေ့ကျင့်ပေးရာမှာ ထူးချွန်ကြတယ်... ဒီတစ်ခေါက် ရောက်လာတဲ့ စီရင်စုမြို့စောင့်တပ်တွေရဲ့ ထက်ဝက်ကို မြို့တော်မှာ ချန်ထားရမယ်... သူတို့ကို အထူးစစ်သည်တော်တွေ ဖြစ်အောင် လေ့ကျင့်ပေးမယ်... စစ်စရိတ်နဲ့ ရိက္ခာအားလုံးကို ဒီအရာရှိ တာဝန်ယူမယ်..."

"အသက်အန္တရာယ် လုံခြုံရေးလား... ဟားဟား... ဒီအရာရှိ ကြွားဝါတာ မဟုတ်ပါဘူး... ငါ့ရဲ့ လက်အောက်ခံ 'ကွန်ရက်' ထဲမှာ မရေတွက်နိုင်တဲ့ သိုင်းပညာရှင်တွေ ရှိတယ်... မကြာခင်မှာပဲ အဆွေတော်တို့ တစ်ယောက်ချင်းစီကို ကာကွယ်ပေးဖို့ လူတစ်ရာစီပါတဲ့ ကိုယ်ရံတော်အဖွဲ့ စီစဉ်ပေးမယ်... စိတ်ချပါ... သူတို့အားလုံးဟာ ထိပ်တန်းပညာရှင်တွေချည်းပဲ..."

စကားလုံးများကို နားထောင်လေလေ... လူတိုင်း၏ မျက်နှာအမူအရာမှာ ပိုမို ပျက်ယွင်းလာလေလေ ဖြစ်သည်။ နားထောင်ရသည်မှာ အလွန်ကောင်းမွန်လှသော်လည်း... ဝမ်ကျင်း၏ ရည်ရွယ်ချက်ကို သူတို့ မည်သို့လျှင် နားမလည်ဘဲ နေပါမည်နည်း။ ဒါဟာ အာဏာခွဲဝေဖို့ လူလွှတ်ခြင်း၊ စစ်အာဏာကို ဖြတ်တောက်ခြင်းနှင့် မိမိတို့ကို ကိုယ်တိုင် စောင့်ကြည့်ရန် သူလျှိုလွှတ်ခြင်းမှတစ်ပါး အခြားမဟုတ်ချေ။

ခေါ့ရှန့်နှင့် ဟဲဝေတို့မှလွဲ၍ဖြစ်သည်...။ တစ်ဦးက နန်းတော်အပေါ် သစ္စာရှိသူဖြစ်ပြီး၊ အခြားတစ်ဦးက ဝမ်ကျင်း၏ လက်အောက်ငယ်သား ဖြစ်သည်။

"ဘုရင်ခံမင်းကြီးရဲ့ ကြီးမားတဲ့ အထောက်အပံ့ကြောင့်... ကျွန်တော်မျိုးတို့အနေနဲ့ ယုံကြည်မှုကို လုံးဝ ပျက်ပြားစေမှာ မဟုတ်ပါဘူး..."

"ဘုရင်ခံမင်းကြီး စိတ်ချပါ... ကျွန်တော်မျိုးတို့ အတိတ်က ပျက်စီးယိုယွင်းမှုတွေကို အမြစ်ပြတ် သုတ်သင်ပါ့မယ်..."

ထိုနှစ်ဦးက ဦးဆောင်၍ သဘောတူညီကြောင်း ပြောဆိုလိုက်သည်ကို မြင်သောအခါ လူအများစုမှာ ဒေါသထွက်သွားကြသော်လည်း ဝမ်ကျင်း၏ တဖြည်းဖြည်း အေးစက်လာသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ

သူတို့သည်လည်း ဒူးထောက်အညံ့ခံသည့်အနေဖြင့် သဘောတူကြောင်း လိုက်လံ လျှောက်ထားကြရတော့သည်။ အခြားနည်းလမ်းမရှိချေ။ တိုက်ခိုက်ရန်လည်း မအောင်မြင်နိုင်ပေ။ စစ်ကူခေါ်ရန်လည်း သူတို့၏ နောက်ခံအာဏာမှာ ယှဉ်နိုင်စွမ်း မရှိချေ။

သူတို့အနေဖြင့် နာခံရုံမှတစ်ပါး အခြားမရှိချေ။ လက်ရှိအခြေအနေက သူတို့ကို ဖိနှိပ်ထားသည်။ အကယ်၍ အမှန်တကယ် ဝမ်ကျင်းကို ဒေါသထွက်အောင် လုပ်မိ၍ မိမိတို့၏ အလောင်းများကို မြို့တံခါးဝတွင် ချိတ်ဆွဲခြင်း ခံရပါက... အရာအားလုံး ကုန်ဆုံးသွားပေလိမ့်မည်။

ယွဲ့ပြည်နယ်၏ ကိုယ်ပိုင်အုပ်ချုပ်ရေး ခေတ်ကာလသည် ယခုအချိန်တွင် လုံးဝ ဥဿုံ ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်တော့သည်။

All Chapters