← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း (၁၉၃)

လွှဲအပ်ခြင်း

လော့နန်နိုင်ငံ၏ တော်ဝင်နန်းတော်အတွင်းရှိ ခုတင်ထက်တွင် ဧကရာဇ်မင်းမြတ်သည် လဲလျောင်းနေသည်။ သူ၏ မျက်နှာမှာ ပိန်ချောင်၍ မျက်ဝန်းများမှာလည်း အသက်မဲ့နေခဲ့ရာ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေဆဲဖြစ်သော ရင်ဘတ်မှအပ လူသေတစ်ယောက်နှင့် အခြားမရှိတော့ချေ။

မိဖုရားခေါင်ကြီး လာကျန့်သည် ခုတင်ဘေးတွင် ထိုင်ကာ ဧကရာဇ်မင်းမြတ်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ညှိုးငယ်သော မျက်နှာထားဖြင့် ကြည့်ရှုကာ တိုးတိုးရေရွတ်နေမိသည်။

"မင်းသားကြီးရဲ့ သားတော် သေဆုံးသွားပြီ... ဘာပဲဖြစ်ဖြစ် ဒီညီအစ်ကိုနှစ်ယောက်ကတော့ လက်နက်ချရပ်တန့်ကြမှာ မဟုတ်ဘူး..."

"ဒီနှစ်ပိုင်းအတွင်း ကျွန်မလုပ်ခဲ့တဲ့ လုပ်ရပ်တွေက အရှင့်အပေါ်မှာရော တိုင်းပြည်အပေါ်မှာပါ အပြစ်မကင်းဘူးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးကို ကျွန်မတို့ရဲ့ သားတော်လေးအတွက်ပဲ လုပ်ခဲ့တာပါ..."

ထိုသို့ပြောရင်း လာကျန့်၏ လှပညို့ယူဖွယ်ကောင်းသော မျက်နှာမှာ အနည်းငယ် မဲ့ရွဲ့ပုံပျက်သွားပြီး မျက်ဝန်းများထဲတွင် နာကျည်းရိပ်များ ဖြတ်သန်းသွားခဲ့သည်။

"ဘာဖြစ်လို့ အဲဒီညီအစ်ကိုနှစ်ယောက်ပဲ ရာဇပလ္လင်ကို လုပိုင်ခွင့်ရှိရမှာလဲ... ကျွန်မရဲ့ သားတော်ကရော ဘာလို့ အဲဒီပလ္လင်ထက်မှာ ခဏလောက်တောင် မစိုးစံနိုင်ရမှာလဲ..."

"ကျွန်မရဲ့ အကောင်းဆုံး ပျိုစင်အရွယ်တုန်းက ဂုဏ်သရေရှိ မိသားစုကြီးတစ်ခုမှာ မွေးဖွားခဲ့တာ... ဘာဖြစ်လို့ ကျွန်မရဲ့ ခမည်းတော်က သင်္ချိုင်းထဲ ခြေတစ်ဖက်လှမ်းနေတဲ့ အဖိုးကြီးတစ်ယောက်နဲ့ အတင်းလက်ထပ်ပေးခဲ့ရတာလဲ... အာဏာအတွက်ကြောင့် မဟုတ်ဘူးလား... အကယ်၍ ကျွန်မသာ မလုယူခဲ့ရင် ကျွန်မရဲ့ မိခင်ဘက်က မိသားစုကြီးကရော ကျေနပ်ပါ့မလား..."

နန်းမြို့တော်အတွင်း ဆက်တိုက် ဖြစ်ပွားခဲ့သော အပြောင်းအလဲများက လာကျန့်ကို အတိုင်းအတာတစ်ခုအထိ ခြောက်လှန့်နေခဲ့ပြီး ဖြစ်ရာ၊ ယခုအခါ ကျင်းစစ်တပ်က တောင်ဘက်သို့ ချီတက်ကာ ဝူချီမြို့ကို ပိတ်ဆို့တိုက်ခိုက်နေပြီဟူသော သတင်းကြောင့် သူမသည် ပိုမို၍ ပျာယာခတ် ထိတ်လန့်သွားခဲ့ရသည်။ ကျင်းစစ်တပ်က မြို့တော်သို့ မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။ အကယ်၍ လော့နန်နိုင်ငံသာ ပျက်စီးသွားခဲ့ပါက မိဖုရားခေါင်ကြီးဖြစ်သော သူမသည် မည်သည့်နေရာသို့ ပြေးရပါမည်နည်း။ သူမ ရင်နှစ်သည်းချာကဲ့သို့ မြတ်နိုးရသော သားတော်လေး၏ ကံကြမ္မာကရော မည်သို့ ဖြစ်သွားပါမည်နည်း။

ဤအခိုက်အတန့်တွင် လာကျန့်၏ ရင်ထဲ၌ ကြီးမားလှသော ဖိအားများ ရှိနေခဲ့သော်လည်း ဤကျယ်ပြောလှသော တော်ဝင်နန်းတော်ကြီးအတွင်း၌ သူမ ရင်ဖွင့်စကား ပြောကြားနိုင်မည့်သူ ဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိချေ။ စိတ်လွတ် အသက်မဲ့နေပြီဖြစ်သော ဧကရာဇ်အိုကြီးကိုသာ သူမ ရင်ဖွင့်ပြောဆိုနေနိုင်သည်။

ရုတ်တရက် "ဝုန်း" ကနဲ ပြင်းထန်သော မြည်ဟည်းသံကြီးတစ်ခုနှင့်အတူ ဒေါသတကြီး အော်ဟစ်လိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ငါ့လမ်းက ဖယ်စမ်း..."

မနားတမ်း ညည်းတွားနေသော လာကျန့်သည် ချက်ချင်းပင် နှုတ်ဆိတ်သွားကာ မကျေမနပ်ဖြစ်သော မျက်နှာထားဖြင့် တံခါးအပြင်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။

"ဘယ်သူက ဒီလောက်အထိ ရိုင်းစိုင်းရဲတာလဲ..."

ထိုဒေါသတကြီး အော်ဟစ်သံမှာ ပိုလာ၏ အသံဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိသော်လည်း တမင်သက်သက်ပင် မေးခွန်းထုတ်ကာ ကြိမ်းမောင်းလိုက်ခြင်း ဖြစ်သည်။ တံခါးအပြင်ဘက်မှ ပိုလာ၏ ဒေါသထွက်နေသော ဟိန်းဟောက်သံ ထွက်ပေါ်လာခဲ့သည်။

"ငါ ခမည်းတော် တွေ့ချင်တာကို... ငါ့ကို ဘယ်သူ တားဝံ့လဲ..."

ဤစကားကို ကြားသောအခါ လာကျန့်၏ လှပသော မျက်ခုံးတန်းများမှာ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။ ပိုလာသည် အဘယ်ကြောင့် ဧကရာဇ်မင်းမြတ်၏ အိပ်ဆောင်အတွင်းသို့ ယခုကဲ့သို့ ဇွတ်အတင်း ဝင်ရောက်ရန် ကြိုးပမ်းနေရသည်ကို သူမ နားမလည်နိုင် ဖြစ်ရသည်။ သိထားသင့်သည်မှာ ဤတော်ဝင်နန်းတော်အတွင်းရှိ အစောင့်အရှောက် ကိုယ်ရံတော်အားလုံးမှာ သူမ၏ လူယုံများသာ ဖြစ်ကြသည်။ နန်းတော်ပြင်ပတွင် မည်သို့ပင်ဖြစ်စေ၊ နန်းတော်အတွင်းသို့ ရောက်ရှိလာသည်နှင့် ဤနေရာမှာ သူမ၏ အပိုင်နယ်မြေ ဖြစ်ပေသည်။

'သို့မဟုတ် ပိုလာက ငါနဲ့ အင်အားချင်း ပူးပေါင်းချင်လို့များလား' ထိုသို့ တွေးမိသောအခါ လာကျန့်၏ မျက်ဝန်းများ ဝင်းခနဲ ဖြစ်သွားခဲ့သည်။

"မင်းသားကြီးကို ဝင်ခွင့်ပြုလိုက်ပါ..."

မကြာမီ တံခါးပွင့်သွားပြီး ခက်ထန်တည်တင်းသော မျက်နှာထားနှင့် ပိုလာ ဝင်ရောက်လာခဲ့သည်။ ခယ်တုံးနှင့် အခြားနောက်လိုက်များမှာမူ ၎င်းတို့၏ လက်နက်များကို အသိမ်းခံရပြီး တံခါးအပြင်ဘက်၌သာ တားဆီးခြင်း ခံလိုက်ရလေသည်။

ပိုလာက မည်မျှပင် ခက်ထန်သော စကားများ ပြောဆိုခဲ့ပါစေ၊ လာကျန့်၏ ခွင့်ပြုချက်မရှိဘဲ သူသည် ဤတံခါးကို အမှန်တကယ်ပင် ဖြတ်ကျော်ဝင်ရောက်နိုင်မည် မဟုတ်ချေ။ တော်ဝင်နန်းတော်ကို သိမ်းပိုက်ရန် စစ်တပ်ကြီးကို ဦးဆောင်လာလျှင်မှလွဲ၍ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤတော်ဝင်နန်းတော်အား လာကျန့်သည် သံစည်ပိုင်းတစ်ခုကဲ့သို့ ပိတ်ကာ အလွန်တရာ လုံခြုံအောင် အကွက်ချစီမံထားခဲ့သောကြောင့် ဖြစ်သည်။

ပိုလာသည် လာကျန့်ကို အနည်းငယ် ဦးညွှတ်အရိုအသေပြုလိုက်ပြီးနောက် သူ၏ အကြည့်များက ခုတင်ထက်တွင် မေ့မြောလဲလျောင်းနေသော ဧကရာဇ်မင်းမြတ်ထံသို့ ရောက်ရှိသွားတော့သည်။

အိပ်ဆောင်အတွင်း ဝင်ရောက်လာသော်လည်း တိတ်ဆိတ်နေသော ပိုလာကို ကြည့်ရင်း လာကျန့်သည် ခုတင်ဘေးရှိ ခုံတန်းမှ ထရပ်ကာ သူ၏ ထံသို့ လျှောက်လှမ်းသွားရင်း မေးမြန်းလိုက်သည်။

"ပိုလာ... မင်း နန်းတော်ထဲကို ဒီလောက် အလျင်အမြန် ရောက်လာရအောင် ဘာအရေးကြီးတဲ့ အရေးပေါ်ကိစ္စ ရှိလို့လဲ..."

ပိုလာသည် ကိုယ်ရံတော်များ ပိတ်လိုက်သော တံခါးဆီသို့ ပြန်လည်လှည့်ကြည့်လိုက်ပြီးနောက် လာကျန့်ကို စိုက်ကြည့်ကာ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ဖန်တီးလိုက်သည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ရုတ်တရက် လာကျန့်၏ လည်ပင်းကို အမိအရ လှမ်းညှစ်လိုက်တော့သည်။ ခုခံရန် အင်အားကင်းမဲ့နေသော လာကျန့်မှာမူ ရှောင်တိမ်းရန် အချိန်ပင် မရလိုက်ချေ။

ပိုလာ၏ လက်ချောင်းများက တစ်မုဟုတ်ချင်း တင်းကျပ်သွားပြီးနောက် အရိုးချင်း အက်ကွဲသွားသော အသံ ထွက်ပေါ်လာခဲ့သည်။ သူသည် ထိပ်တန်းကျင့်ကြံသူ သို့မဟုတ် သိုင်းပညာရှင်တစ်ဦး မဟုတ်သော်လည်း ကိုယ်ခံပညာအချို့ကို လေ့ကျင့်ထားသော သန်မာဖျတ်လတ်သည့် လူငယ်တစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် အားနွဲ့သောအမျိုးသမီးတစ်ယောက်ကို သတ်ဖြတ်ရန်မှာ သူ့အတွက် လက်ဖျောက်တစ်ချက်တီးရသကဲ့သို့ လွယ်ကူလှပေသည်။

လာကျန့်၏ တဖြည်းဖြည်း အသက်ကင်းမဲ့ကာ မှေးမှိန်သွားသော မျက်ဝန်းများထဲတွင် ထိတ်လန့်ခြင်းနှင့် နားမလည်နိုင်ခြင်းတို့သာ ပြည့်နှက်နေခဲ့သည်။ သူမ သေအံဆဲဆဲအထိ နားမလည်နိုင်ခဲ့သည်မှာ ပိုလာသည် အဘယ်ကြောင့် သူမကို ဤမျှ လက်ရဲဇာတ်ရဲ သတ်ဖြတ်ရဲသနည်း ဟူ၍ ဖြစ်သည်။ အကယ်၍ သူမကို သတ်လိုက်လျှင် ပိုလာသည်လည်း ဤတော်ဝင်နန်းတော်မှ အသက်ရှင်လျက် ထွက်ခွာနိုင်မည် မဟုတ်ဘဲ သူမနှင့်အတူ မြေကျရမည်ကို သူ ကောင်းစွာ သိရှိသင့်သည်။ သူမ မည်သို့မျှ တွေးမရနိုင်ခဲ့ချေ...

အသက်ရှူရပ်သွားသော လာကျန့်၏ ရုပ်အလောင်းကို ခဏမျှ စိုက်ကြည့်ပြီးနောက် ပိုလာသည် တံခါးအပြင်ဘက်ရှိ ကိုယ်ရံတော်များ သံသယမဝင်စေရန်အတွက် မည်သည့်အသံမျှ မထွက်စေဘဲ ကြမ်းပြင်ထက်သို့ ညင်သာစွာ ချထားလိုက်လေသည်။

ထို့နောက် သူသည် ဧကရာဇ်မင်းမြတ်၏ ခုတင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။ ဧကရာဇ်မင်းမြတ်၏ အိုမင်းရင့်ရော်ပြီး ပိန်ချောင်နေသော မျက်နှာကို ကြည့်ရင်း ပိုလာ၏ မျက်နှာအမူအရာမှာ အလွန်တရာ ရှုပ်ထွေးနေခဲ့သည်။

နှစ်ပေါင်းများစွာအတွင်း သူ၏ ခမည်းတော်အပေါ် ထားရှိသော စိတ်ခံစားချက်မှာ အလွန်တရာ ရှုပ်ထွေးလှပေသည်။ သူ၏ ကလေးဘဝတွင် သားဦးရတနာ ဖြစ်သည့်အတွက် ခမည်းတော်က သူ့ကို အလွန်အမင်း ချစ်ခင်မြတ်နိုးပြီး တန်ဖိုးထားခဲ့သည်။ လူပျိုဖော်ဝင်စအရွယ်တွင်မူ စည်းကမ်းတင်းကျပ်စွာ လေ့ကျင့်သင်ကြားပေးခဲ့သည်။ သို့သော် သူ အရွယ်ရောက်လာချိန်တွင်မူ အရာအားလုံး ပြောင်းလဲသွားခဲ့ရသည်။ သူ၏ နောက်လိုက်နောက်ပါများ တိုးပွားလာပြီး နန်းတွင်း၌ သူ၏ သြဇာအာဏာ ကြီးမားလာခြင်းက ဧကရာဇ်အိုကြီးအား စိုးရိမ်ထိတ်လန့်စေခဲ့သဖြင့် ခမည်းတော်သည် သူ့အား တဖြည်းဖြည်း စိမ်းကားလာခဲ့သည်။

ထို့ကြောင့် ခမည်းတော်သည် သူ့ကို ပြန်လည်ထိန်းညှိရန်အတွက် သူ၏ မျက်နှာသာပေးမှုအားလုံးကို ဒုတိယသားတော် တူယာရှီထံသို့ လုံးဝ ရွှေ့ပြောင်းပေးလိုက်တော့သည်။ ဤမျှော်လင့်ချက်မဲ့သော ချိန်ခွင်လျှာညှိမှုကပဲ တိုင်းပြည်အတွင်း ပြည်တွင်းစစ်မီးကို မွေးဖွားပေးခဲ့ပြီး ယခုကဲ့သို့ တိုင်းပြည် ပျက်သုဉ်းလုနီးပါး ဖြစ်စေသည့် သွေးချောင်းစီး အကျပ်အတည်း၏ ပင်မမီးစ ဖြစ်လာခဲ့ရလေသည်။

ပိုလာသည် လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး သူ၏ လက်ချောင်းများဖြင့် ဧကရာဇ်အိုကြီး၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ သူ၏ မျက်နှာထက်တွင် နာကျင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရခက်သော အရိပ်အယောင်များ ထွက်ပေါ်လာသော်လည်း လက်ချောင်းများ တဖြည်းဖြည်း တင်းကျပ်လာသည်နှင့်အမျှ ပိုလာ၏ မျက်နှာအမူအရာမှာ ပိုမို၍ ပြတ်သားခိုင်မာလာခဲ့သည်။

"ကျွန်တော် မမှားဘူး... ကျွန်တော် လော့နန်နိုင်ငံကို ကယ်တင်ချင်ရုံသက်သက်ပါ... ပြည်တွင်းစစ်တွေ ဆက်လက်ဖြစ်ပွားနေရင် တိုင်းပြည် ပျက်စီးခြင်းကို ပိုမိုမြန်ဆန်စေလိမ့်မယ်... ဒါ့အပြင် ခမည်းတော် အခုလို သတိမရှိဘဲ နေထိုင်နေရတာက လူသေတစ်ယောက်နဲ့ ဘာမှမခြားပါဘူး... သားတော်ကပဲ ခမည်းတော်ကို ဒီဒုက္ခကနေ လွတ်မြောက်အောင် ကူညီပေးပါရစေ..."

"ဂတ်... ဟတ်... ဟတ်..."

လည်ပင်း ညှစ်ခံထားရသော ဧကရာဇ်အိုကြီး၏ ထံမှ ပြတ်တောင်းပြတ်တောင်းနှင့် နာကျင်လှသော အသက်ရှူသံများ ထွက်ပေါ်လာခဲ့သည်။ သူ၏ အသက်မဲ့သော မျက်ဝန်းများထဲတွင် ကြောက်ရွံ့ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း အရိပ်အယောင်မျှပင် မရှိသော်လည်း ရှင်သန်လိုသော ရိုးရှင်းသည့် ဗီဇစိတ်တစ်ခုတည်းကြောင့်သာ သူ၏ ပိန်လှီလှသော လက်မောင်းများသည် လေထဲတွင် အရူးအမူး ရုန်းကန်လှုပ်ရှားနေခဲ့ကြသည်။

"ကလတ်" ကနဲ ပြတ်သားသော အသံတစ်သံနှင့်အတူ လည်ပင်းရိုး ကျိုးသွားသံနှင့် လေပြွန် ကြေမွသွားသံတို့ ထွက်ပေါ်လာခဲ့သည်။ ရုန်းကန်နေသော ဧကရာဇ်မင်းမြတ်၏ လက်မောင်းများသည် တစ်မုဟုတ်ချင်း ရပ်တန့်သွားပြီးနောက် ခုတင်ထက်သို့ ပျော့ခွေကျသွားကာ လုံးဝ ဆိတ်ငြိမ်သွားတော့သည်။

မိမိ၏ ခမည်းတော်ကို ကိုယ်တိုင် သတ်ဖြတ်ခဲ့သော ပိုလာသည် ဧကရာဇ်မင်းမြတ်၏ လက်မောင်းများကို စောင်အောက်သို့ သေသပ်စွာ ပြန်လည် ဖုံးအုပ်ပေးလိုက်ပြီး ခုတင်ခင်းများကို ပြုပြင်ကာ ဖြည်းညှင်းစွာ ထရပ်လိုက်ရင်း တံခါးဆီသို့ လှည့်ကြည့်လိုက်သည်။

ဧကရာဇ်မင်းမြတ်နှင့် လာကျန့်တို့ကို သတ်ဖြတ်ပြီးနောက်တွင်မူ သူသည် ဤတော်ဝင်နန်းတော်မှ အသက်ရှင်လျက် ထွက်ခွာနိုင်မည့် နည်းလမ်း လုံးဝ မရှိတော့သည်ကို သူ ကောင်းစွာ သိရှိထားသည်။ လာကျန့်နှင့် သူမ၏ အင်အားကြီးမိသားစုက အထူးလေ့ကျင့် ပျိုးထောင်ထားသော ကိုယ်ရံတော်များသည် သူ့ကို အလွယ်တကူ လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။

မည်သူမျှ မသေချင်ကြသည်မှာ သဘာဝဖြစ်ပြီး ပိုလာသည်လည်း ကင်းလွတ်ခွင့် မရှိပေ။ သို့သော် သူ့တွင် အခြားရွေးချယ်စရာ မရှိခဲ့ချေ။ ကြောက်ရွံ့တတ်ပြီး သရဲဘောကြောင်သော ညီငယ်အား အသေခံရန် သို့မဟုတ် မိမိထံ ဒူးထောက်အညံ့ခံရန် စည်းရုံး၍ ရနိုင်မည်မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိသည်။ သို့ရာတွင် အလုံးစုံ ပျက်စီးမည့် ပြည်တွင်းစစ်ကို ရှောင်လွှဲရန်အတွက်မူ ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးဦးသည် မလွဲမသွေ သေဆုံးရမည်ဖြစ်ရာ ထိုအနစ်နာခံမည့်သူမှာ ပိုလာမှတစ်ပါး အခြားမရှိနိုင်တော့ချေ။

သို့သော် သူ နောင်တမရပေ။ သူ ဤနေရာတွင် သေဆုံးသွားပြီး လာကျန့်နှင့် ဧကရာဇ်မင်းမြတ်တို့ပါ ဤနေရာ၌ သေဆုံးသွားခဲ့လျှင် တူယာရှီသည် ဖြောင့်မတ်တရားဝင်စွာဖြင့် ရာဇပလ္လင်ထက်သို့ တက်လှမ်းစိုးစံနိုင်မည် ဖြစ်သည်။ ထိုအခါ လာကျန့်၏ နောက်ခံအုပ်စုများနှင့် သူ့ကို ထောက်ခံသော စစ်တပ်များ မည်မျှပင် ရုန်းကန်ကြပါစေ၊ သမိုင်း၏ ခေတ်ရေစီးကြောင်းကြီးကို ပြောင်းလဲနိုင်တော့မည် မဟုတ်ချေ။ တိုင်းပြည်၏ ပြည်တွင်းစစ်မီးသည် အမြန်ဆုံး ငြိမ်းအေးသွားမည်ဖြစ်ပြီး၊ ထိုသို့ အင်အားချင်း စုစည်းနိုင်မှသာ ကျင်းစစ်တပ်၏ ကျူးကျော်မှုကို ကြံ့ကြံ့ခံနိုင်ကာ တိုင်းပြည် ပျက်သုဉ်းရမည့် အကျပ်အတည်းကြီးမှ ရှောင်လွှဲနိုင်ပေလိမ့်မည်။

သူ့ကို အခိုင်အမာ ယုံကြည်ထောက်ခံခဲ့ကြသော နောက်လိုက်များကိုသာ သူ စိတ်မကောင်း ဖြစ်မိတော့သည်။ တူယာရှီက သူ့အား နောက်လိုက်များကို ကောင်းမွန်စွာ စောင့်ရှောက်ပါမည်ဟု ကတိပေးခဲ့သော်လည်း၊ ၎င်းမှာ ၎င်းတို့၏ အသက်ကို ချမ်းသာပေးရုံမျှသာ ဖြစ်ပေလိမ့်မည်။

"ငါ လုပ်ပေးနိုင်သမျှ အားလုံးကို လုပ်ဆောင်ပေးခဲ့ပြီးပြီ... အချိန်က သိပ်မကျန်တော့ဘူး... မင်းအတွက် ရှောင်းမိသားစုရဲ့ ပြဿနာကြီးကိုတော့ ငါ မဖြေရှင်းပေးနိုင်တော့ဘူး... မင်း ရာဇပလ္လင်ကို ခိုင်မြဲအောင် စောင့်ရှောက်နိုင်မလားဆိုတာကတော့ မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းအပေါ်မှာပဲ မူတည်တော့တယ်..."

ပိုလာသည် မိမိကိုယ်တိုင် အပါအဝင် တူယာရှီ ရာဇပလ္လင်တက်ရန် လမ်းစတွင် ရှိနေသည့် အဟန့်အတားအားလုံးကို ကြိုတင်ဖယ်ရှား ရှင်းလင်းပေးခဲ့ပြီး ဖြစ်သည်။ ရာဇပလ္လင်ထက်သို့ ရောက်ရှိပြီးနောက် တိုင်းပြည်၏ အခြေခံအုတ်မြစ်ကို ကာကွယ်ကာ ပလ္လင်ကို ခိုင်မြဲအောင် စောင့်ရှောက်နိုင်ခြင်း ရှိမရှိမှာမူ သူ ဝင်ရောက်စွက်ဖက်နိုင်သော ကဏ္ဍ မဟုတ်တော့ချေ။ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ပိုလာသည် တံခါးဆီသို့ တတည်ငြိမ်စွာဖြင့် ခြေလှမ်းကျဲကျဲ လှမ်းလျှောက်သွားခဲ့တော့သည်။

တော်ဝင်နန်းတော်၏ အပြင်ဘက်တွင်မူ တူယာရှီသည် ပေါ့ပါးသော သံချပ်အင်္ကျီကို ဝတ်ဆင်ကာ ထက်မြက်သော ဓားကို ကိုင်စွဲလျက်၊ သူ့နောက်ကွယ်တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော သံချပ်ကာစစ်သည်တော်များနှင့်အတူ မတ်မတ်ရပ်နေခဲ့သည်။

"အကိုတော်... အကိုတော်ရဲ့ အသက်စွန့်မှုက အလဟဿ ဖြစ်မသွားစေရပါဘူး... ကျွန်တော် အကိုတော်ရဲ့ ယုံကြည်လွှဲအပ်မှုကို ဘယ်တော့မှ ပျက်ပြားစေမှာ မဟုတ်ဘူး... ကျွန်တော် လော့နန်နိုင်ငံတော်ကြီးကို မပျက်စီးအောင် အစွမ်းကုန် စောင့်ရှောက်ပါ့မယ်..."

All Chapters