ရှောင်ချင်အာ၏ ဝမ်းနည်းပူဆွေးမှု
Vol. 22 Ch. 236
လီယွမ်၏ စိတ်အစဉ်၌ ကြီးကျယ်ခမ်းနားသော စီမံကိန်းကြီးတစ်ခု ရှိနေ၏။
အင်အားစု အသီးသီးက အပြန်အလှန် အားပြိုင်နေ၏။ ထိုအထဲတွင် ညဇီးကွက်ဘုရင်သည် အင်အားအကြီးဆုံး ကစားသမားဖြစ်ကြောင်း ယုံမှားဖွယ် မရှိပေ။ လက်ရှိ အခြေအနေအရ နောက်ဆုံးရလဒ်ကို ကြိုတင် ခန့်မှန်းနိုင်နေလေပြီ။ အကယ်၍ ညဇီးကွက်ဘုရင်သာ ရှောင်လျဲ့၊ ကျောက်ချန်ဖုန်းနှင့် ဟိုင်ဝူကျင်းတို့ကို အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့ပါလျှင် ဤကိစ္စက အခြေခံအားဖြင့် ပြီးဆုံးသွားတော့မည်ပင်။
သို့သော် ထိုအရာများက အခက်ခဲဆုံးသော ရွှေ့ကွက်များ ဖြစ်နေသည်။
ညဇီးကွက်ဘုရင် ကိုယ်တိုင်ပင်လျှင် အမြန်အနိုင်ရရန် ခက်ခဲလှပေ၏။
ဒေါ်လေး ယန်ဝူရုန်က နတ်ဆိုးနယ်မြေနှင့် ပတ်သက်သော သတင်းအချို့ကို အကြောင်းကြားလာခဲ့သည်။ တာ့ယန်မင်းဆက် တစ်ဖန် ဖရိုဖရဲ ဖြစ်နေကြောင်း သိလိုက်ရပြီးနောက် နယ်စပ်တွင် ကြာပန်းနက် နတ်ဆိုးဧကရာဇ်၏ သတင်းများ ထွက်ပေါ်လာတော့သည်။
ဤအခြေအနေက ညဇီးကွက်ဘုရင်အပေါ် ဖိအားသက်ရောက်စေကာ သူ့ကို ရုန်းထွက်ခွင့် မပေးတော့ချေ။ ပြည်တွင်းပြည်ပ ပြဿနာများ ဝိုင်းရံနေချိန်တွင် ညဇီးကွက်ဘုရင်က သူတို့အားလုံးကို နှိမ်နင်းရန် နတ်ဘုရားတစ်ပါး၏ ရွှေ့ကွက်မျိုးကို ထုတ်သုံးလာမည်လော။
လီယွမ် ခန့်မှန်း၍ မရနိုင်ပေ။
သူသိသည်က တစ်ခုတည်းသာ ပင်။ သူ၏လက်ကျန်အချိန်များ တဖြည်းဖြည်း နည်းပါးလာနေပြီ ဆိုသည်ကိုပင်။
ရက်အနည်းငယ် ကြာပြီးနောက်
ဝါးတောအုပ်လေးထဲ၌ ရင်းနှီးနေသော သူတစ်ယောက်နှင့် လီယွမ် ဆုံတွေ့လိုက်ရသည်။ ချန်းလန်မင်းသမီး ရှောင်ချင်အာ ရောက်ရှိလာခြင်းပင်။
“အစ်ကို လီယွမ်...”
ယခုအခါ ရှောင်ချင်အာသည် အမှန်တကယ်ပင် လှပကျော့ရှင်းသော မိန်းမပျိုလေး ဖြစ်နေလေပြီ။ မွန်မြတ်တင့်တယ်ကာ လင်းလက်တောက်ပနေပြီး စစ်မြေပြင်မှ အမျိုးသမီးစစ်သည်တော်တစ်ဦး၏ ရဲရင့်သော အငွေ့အသက်များကိုပါ ပိုင်ဆိုင်ထား၏။
သို့ရာတွင် သူမ၏ မျက်နှာထက်ရှိ အပြုံးများက ယခင်ကဲ့သို့ တောက်ပမနေတော့ချေ။ သူမ၏ စိတ်ထဲတွင် ကိစ္စရပ်များစွာဖြင့် လေးလံနေကြောင်း မျက်နှာအမူအရာက သက်သေပြနေတော့သည်။
“ချင်အာ... မတွေ့ရတာ ကြာပြီပဲ...”
လီယွမ်က ရှောင်ချင်အာကို ထိုင်ရန် အချက်ပြလိုက်ပြီး အရည်အသွေးကောင်းမွန်သော ဝိုင်အချို့ကို ငှဲ့ပေးလိုက်၏။
“နယ်စပ်မှာ အတော်လေး ပင်ပန်းနေမှာပေါ့... ဝါးတောအုပ်လေးဆီ လာဖို့ အချိန်ရတာ ရှားပါတယ်...”
“ဟုတ်တယ်...”
ရှောင်ချင်အာက မျက်လုံးများကို မှိတ်လိုက်ပြီး ဝါးတောအုပ်လေးထဲရှိ လတ်ဆတ်သော လေကို ရှူရှိုက်လိုက်သည်။
“ဒီနေရာလေးရောက်မှပဲ စိတ်အေးချမ်းမှုကို ရှာတွေ့နိုင်တော့တယ်... အသက်တွေ ကြီးလာပြီး လောကကြီးရဲ့ ရှုပ်ထွေးမှုတွေကို ပိုကြုံတွေ့ရလေလေ... အစ်ကို လီယွမ်ရယ်၊ အစ်မ ရှောင်ကျောက်ရယ်နဲ့ အတူ ဝါးတောလေးထဲမှာ ကူပညာ သင်ယူခဲ့ရတဲ့ အချိန်တွေကို ပိုပြီး တန်ဖိုးထားမိလေလေပဲ...”
“နှမြောစရာကောင်းတာက... အဲဒီအချိန်တွေက ထာဝရ ပျောက်ကွယ်သွားခဲ့ပြီ...”
“လူဆိုတာ အမြဲတမ်း ကြီးပြင်းလာရတာပဲလေ...”
လီယွမ်က ပြုံးလျက် တုံ့ပြန်လိုက်၏။
“အစ်ကို လီယွမ်... ညီမ တကယ်ပဲ လမ်းပျောက်ပြီး ပင်ပန်းနေပြီ...”
သူမ၏ ဖခင်၊ မိခင်နှင့် ဆရာသမားများအားလုံး သူမကို ထားရစ်ခဲ့ကြလေပြီ။ သူမ၏ မောင်ဖြစ်သူ ရှောင်လျဲ့ကလည်း သူမနှင့် အဆက်အသွယ် ဖြတ်တောက်သွားခဲ့၏။ ဤနေရာ လီယွမ်၏ ရှေ့မှောက်တွင်သာ ရှောင်ချင်အာ တစ်ယောက် သူမ၏ ရင်တွင်းခံစားချက် အစစ်အမှန်များကို ဖွင့်ဟပြသနိုင်တော့သည်။
“အင်း...”
လီယွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
“ရှောင်လျဲ့ရဲ့ အခြေအနေတွေကို ငါ ကြားပြီးပါပြီ...”
ယခုအခြေအနေအထိ ရောက်ရှိလာသော ရှောင်လျဲ့၏ ခရီးစဉ်အတွက် လီယွမ် အလွန်ပင် စိတ်မကောင်း ဖြစ်ရ၏။
တစ်ခါတုန်းက ချန်းလန်တွင် ရှောင်လျဲ့နှင့် ရှောင်ချင်အာတို့ကို ပထမဆုံး စတင်တွေ့ဆုံခဲ့စဉ်က သူတို့သည် ပူပင်သောကကင်းသည့် ကလေးငယ်များသာ ဖြစ်ခဲ့၏။ ထိုစဉ်က သူကိုယ်တိုင်သည်လည်း ကူလမ်းစဉ်ပေါ်သို့ ယခုမှ ခြေချခါစ ဆယ်ကျော်သက် အရွယ်သာ ဖြစ်ခဲ့သည် မဟုတ်ပါလော။
ယခုအခါတွင်မူ ရှောင်လျဲ့သည် သူတို့၏ ရန်သူတစ်ဦးအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့လေပြီ။
ရှောင်ချင်အာက ဝင်ရောက်ပြောဆိုလိုက်သည်။
“အချိန်မနှောင်းခင်မှာ ရှောင်လျဲ့ကို ရပ်တန်းကရပ်ဖို့ သွားဖြောင်းဖျပေးပါလို့ ညဇီးကွက်ဘုရင်က ညီမကို တောင်းဆိုလာတယ်... အဲဒီလိုဆိုရင် သူ့ကို အသက်ချမ်းသာပေးမယ်တဲ့...”
“မင်းက ဘယ်လိုထင်လို့လဲ...”
လီယွမ်က ပြန်လည် မေးခွန်းထုတ်လိုက်၏။
“ညီမကတော့...”
ရှောင်ချင်အာ၏ မျက်နှာက ခါးသီးသော အမူအရာသို့ ပြောင်းလဲသွားသည်။
“ရှောင်လျဲ့ လမ်းမှားကို ရောက်သွားပြီလို့ ထင်တယ်... သူ ညဇီးကွက်ဘုရင်ကို မုန်းတီးနေတာ အမှန်ပဲ... ဒါပေမဲ့ ဒီလောက် မိုက်မဲတဲ့ အလုပ်မျိုးကိုတော့ သူ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး...”
“ချင်အာ... ဒေါ်လေး ယန်ဝူရုန်ဆီကနေ ကောလာဟလ တချို့ကို ငါ ကြားထားတယ်...”
ဤကိစ္စကို ရှောင်ချင်အာအား အသိပေးရန် လိုအပ်သည်ဟု လီယွမ် ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ဆက်လက် ရှင်းပြလိုက်၏။
“ချန်းလန်နယ်မြေထဲမှာ အရင်မင်းဆက်ဟောင်းက အကြွင်းအကျန်တွေ ရှိနေတယ်... သူတို့က နောက်ကွယ်ကနေ လျှို့ဝှက် ကြိုးကိုင်နေတာလည်း ဖြစ်နိုင်တယ်...”
“ဘာ...”
ရှောင်ချင်အာ အလွန်တရာ အံ့အားသင့်သွားတော့သည်။
တောင်ပိုင်းနယ်စပ်ရှိ စစ်ပွဲများနှင့်သာ အလုပ်များနေခဲ့သဖြင့် ချန်းလန်နယ်မြေအတွင်း ဤမျှကြီးမားသော ပြဿနာကြီး ပေါ်ပေါက်လာလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။
ရှောင်ဘိုးဘေးသည် ကျန်းအင်ပါယာမင်းဆက်ကို ဖြုတ်ချရာတွင် ပါဝင်ခဲ့သော အကျိုးပြု အရာရှိကြီးတစ်ဦး ဖြစ်သည်။
သို့ပါလျက် ရှောင်လျဲ့က မင်းဆက်ဟောင်း၏ အကြွင်းအကျန်များနှင့် ပူးပေါင်းကာ တာ့ယန်မင်းဆက်၏ ပြည်တွင်းရေးကို ဖရိုဖရဲဖြစ်အောင် ကြိုးပမ်းနေသည်။ ဒါကတော့ လုံးဝကို သစ္စာမဲ့ပြီး မိဘကျေးဇူးကို စော်ကားသော နိုင်ငံတော် သစ္စာဖောက်မှုကြီးပင် ဖြစ်တော့သည်။
‘သူ ရူးသွားပြီပဲ... အမုန်းတရားတွေကြောင့် သူ့မျက်လုံးတွေ လုံးဝ ကန်းသွားခဲ့ပြီ...’
ရှောင်ချင်အာ၏ ရင်ထဲတွင် ဝေခွဲမရဖြစ်နေကာ သူတို့၏ ရည်မှန်းချက် ကင်းမဲ့မှုအတွက် ဒေါသထွက်ရပြီး သူတို့၏ ကံကြမ္မာဆိုးအတွက်လည်း ဝမ်းနည်းပူဆွေးနေမိသည်။ ထို့ပြင် ကိုယ်ပိုင် အင်အားနည်းပါးနေမှုကိုလည်း သနားစရာကောင်းလောက်အောင် ခံစားနေရ၏။
'ငါ ချန်းလန်ကို တကယ် သွားသင့်နေပြီ ထင်တယ်...ရှောင်လျဲ့နဲ့ ပြတ်ပြတ်သားသား ရှင်းမှ ဖြစ်တော့မယ်…’
ထိုအခိုက်အတန့်တွင် ရှောင်ချင်အာ ပြတ်သားစွာ ဆုံးဖြတ်ချက်
ချလိုက်တော့သည်။
ဤအတိုင်း ဆက်သွားနေပါက ရှောင်လျဲ့ သေချာပေါက် သေဆုံးရပေလိမ့်မည်။ သူ၏ စရိုက်အရ အမှားများ ပိုလုပ်လေလေ.. လမ်းမှားသို့ ပိုမို နက်ရှိုင်းစွာ ရောက်ရှိသွားလေလေ ဖြစ်ပြီး သူ၏ ကံကြမ္မာကို လက်ခံရန် ပို၍ ဆန္ဒမရှိလေလေ ဖြစ်သွားမည်သာ ပင်။
ထိုအခြေအနေသို့ ရောက်သွားလျှင် အသက်ကိုပင် ကယ်တင်နိုင်တော့မည် မဟုတ်ချေ။
“အစ်ကို လီယွမ်... မင်းဆက်ဟောင်းရဲ့ အကြွင်းအကျန်တွေ အကြောင်း ဘယ်လောက် သိထားလဲ...”
“သိပ်အများကြီးတော့ မဟုတ်ဘူး...”
လီယွမ်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“လက်ရှိ မင်းဆက်ဟောင်း အကြွင်းအကျန်တွေကို အုပ်ချုပ်နေတဲ့သူက မုရုံစုလို့ ခေါ်တယ်... အပေါ်ယံကြည့်ရင် သူ့ဆီမှာ အဋ္ဌမအဆင့် သိုင်းသူတော်စင် သုံးယောက် ရှိပြီး သူကိုယ်တိုင်ကလည်း သိုင်းသူတော်စင် တစ်ယောက်ပဲ...”
“နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ အင်အားစုတွေလည်း သေချာပေါက် ရှိနေဦးမှာ...”
“မင်း သွားချင်တယ်ဆိုရင် ညဇီးကွက် သက်တော်စောင့်တွေရဲ့ အကူအညီကို ရယူရမယ်... နဝမ ကူနန်းတော်ကလည်း မင်းကို ကူညီပေးဖို့ ဆန္ဒရှိပါတယ်...”
ဤအခွင့်အရေးကို အသုံးချ၍ သေမင်းကတိကဝတ် ရုပ်သေးစစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ကြည့်ရန် လီယွမ် အလိုရှိနေ၏။
“အရင် မင်းဆက်ဟောင်းရဲ့ အကြွင်းအကျန်တွေက ဒီလောက် နက်ရှိုင်းတဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားသေးတာလား...”
ရှောင်ချင်အာက လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
“ငါ မသွားခင် အဋ္ဌမအဆင့် ကျင့်ကြံခြင်းနယ်ပယ် အရင် ချိုးဖြတ်နိုင်ဖို့ လိုအပ်နေပြီ ထင်တယ်...”
နှလုံးသားမေးခွန်းကူသည် ကူအင်မော်တယ်ဘွဲ့ကို ရရှိရန် အလားအလာ အကောင်းဆုံးအဖြစ် ချီးကျူးခံရပြီး ဘဝဆက်နွှယ်ကူသည်လည်း တိုးတက်မှု အမြန်ဆန်ဆုံး ဖြစ်သည်။
ရှောင်ချင်အာသည် ပြည့်စုံကြွယ်ဝသော အရင်းအမြစ်များ၏ ပံ့ပိုးမှုဖြင့် ပြီးပြည့်စုံလုနီးပါး အဆင့်အထိ သွေးကြောများကို သန့်စင်ထားပြီး ဖြစ်၏။
သူမသည် အဋ္ဌမအဆင့် ဉာဏ်အလင်းပွင့် နယ်ပယ်သို့ အချိန်မရွေး ဝင်ရောက်နိုင်နေပြီ ဖြစ်တော့သည်။
“ဟင်...”
ကျင့်ကြံခြင်းနယ်ပယ်များအကြောင်း တွေးမိသောအခါ လီယွမ်သည် တောင်တန်းများထက်မှ တိမ်တိုက်ကြီးတစ်ခုပမာ နက်နဲဆန်းကြယ်နေဆဲ ဖြစ်ပြီး ကြည့်ရှုနားလည်၍ မရနိုင်သော်လည်း စွဲမက်ဖွယ်ကောင်းနေကြောင်း ရှောင်ချင်အာ သတိပြုမိသွားသည်။
“အစ်ကို လီယွမ်... ရှင်က...”
‘သူက အဋ္ဌမအဆင့် ကျင့်ကြံခြင်းနယ်ပယ်ကို ရောက်နေပြီလား...’
နှလုံးသားမေးခွန်းကူ၏ အလျင်အမြန် တိုးတက်လာသော အားသာချက်ဖြင့် အစ်ကိုလီယွမ်ကို မှီနိုင်လိမ့်မည်ဟု သူမ တွေးထင်ထားခဲ့သော်လည်း သူမသည် ခြေတစ်လှမ်း နောက်ကျနေဆဲ ဖြစ်နေသည်။
“တောင်တန်းတွေက တိတ်ဆိတ်ပြီး ငြိမ်းချမ်းတယ်... တရားထိုင်ကျင့်ကြံဖို့ အကောင်းဆုံးပဲလေ... ဒါကြောင့် သဘာဝကျကျပဲ အစ်ကို အဆင့်တက်သွားခဲ့တာပါ...”
လီယွမ်က ထွေထွေထူးထူး ရှင်းပြမနေတော့ချေ။
“နေဦး...”
ရှောင်ချင်အာက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
“ကူလမ်းစဉ်က တိုးတက်မှု နှေးကွေးတယ်လို့ လူတိုင်းက ပြောကြတယ်... အစ်ကို လီယွမ်လိုမျိုး မြန်မြန်ဆန်ဆန် အဆင့်တက်နိုင်တဲ့သူကို တွေ့ရဖို့က ရှားပါးလွန်းတယ်...”
“ရာစုနှစ် အနည်းငယ်ကြာမှ တစ်ယောက် ပေါ်လာရင်တောင် တော်တော် ကောင်းနေပြီ...”
“ဒီခေတ်ကြီးထဲမှာ ကူလမ်းစဉ် လျှောက်လှမ်းတဲ့သူ သုံးယောက်တောင် ရှိနေတာကတော့ တကယ့်ကို ထူးဆန်းတယ်နော်...”
ချီလင် နှင့် ပတ်သက်သော ဆက်နွှယ်မှုများကို ရှောင်ချင်အာ မေးမြန်းလိုနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ကိုယ်ပိုင်ပြဿနာများဖြင့် ရှုပ်ထွေးနေခြင်းနှင့် နယ်စပ်စစ်ပွဲများကြောင့် အချိန်ရွှေ့ဆိုင်းနေခဲ့ရပြီး တိတိကျကျ မေးမြန်းခွင့် မရခဲ့ချေ။
‘ငါ မေ့တောင် မေ့နေတော့မလို့...’
သူမ စိတ်ထဲတွင် တွေးလိုက်မိ၏။
“အစ်ကို လီယွမ်... အမှန်တိုင်း ပြောစမ်းပါ... အစ်ကိုက ချီလင် မဟုတ်လား...”
ကျူးယန်ဂိတ်တံခါးတွင် ချီလင်၏ မောက်မာသော အပြုအမူများနှင့် ပေါ့ပျက်ပျက် စကားများကို တွေ့ခဲ့ရစဉ်က ထိုကဲ့သို့သော လူမျိုးကို သူမ၏ ငယ်သူငယ်ချင်းဖြစ်သူနှင့် ဆက်စပ်တွေးတောရန် ရှောင်ချင်အာ လုံးဝ ငြင်းဆန်ခဲ့ပါသည်။
သို့သော် ယခုအခါတွင်မူ... သူမ ဤသို့ တွေးတောရတော့မည် ဖြစ်၏။
“မင်းက ဘယ်လို ထင်လို့လဲ...”
လီယွမ်က ပြုံးလျက် ပြန်လည် မေးခွန်းထုတ်လိုက်သည်။
သူ့ကို သိကျွမ်းသူများဖြစ်သော ရှောင်ကျောက်၊ ချင်အာ၊ ဆရာ ဒုတိယစီနီယာအစ်ကို၊ ဘိုးဘေး၊ စီနီယာ ဦးလေးတို့ ရှိနေသရွေ့ ဤကိစ္စကို လျှို့ဝှက်ထား၍ မရနိုင်သည်မှာ သဘာဝပင်။ သူ့အကြောင်းကို သိရှိပြီး သူနှင့် ဆက်ဆံဖူးသူ မည်သူမဆို ခန့်မှန်းရ လွယ်ကူပေလိမ့်မည်။
ပြင်ပလူများ အတွက်ကတော့...
လောကကြီးတွင် ‘လီယွမ်’ ဟူသော လူတစ်ယောက် ရှိနေကြောင်းကို ပြင်ပလူ အများစုက မသိကြပေ။ ထို့ကြောင့် ခန့်မှန်းရန် ဟူသည့် မေးခွန်းပင် ရှိမလာနိုင်ချေ။
“တကယ်ကြီးကိုး...”
ရှောင်ချင်အာ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“ဒါ လျှို့ဝှက်ချက်ပဲနော်...”
လီယွမ်က ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်ပြီး ချင်အာ သတင်းပေါက်ကြားစေမည်ကို စိုးရိမ်မနေခဲ့ပေ။
ကျူးယန်ဂိတ်တံခါးတွင် တွေ့ဆုံခဲ့စဉ်က သူတို့ ထိုကိစ္စကို ထုတ်မပြောခဲ့သည့် အကြောင်းရင်းမှာ အင်အားစုအားလုံးက သူတို့ကို အလွန်အမင်း စောင့်ကြည့်နေကြသောကြောင့် ဖြစ်သည်။ မသမာသော ရည်ရွယ်ချက်ရှိသူ တစ်စုံတစ်ဦးအတွက် သဲလွန်စများကို ခြေရာခံရန် အလွန် လွယ်ကူသွားပေလိမ့်မည်။
“အစ်ကို လီယွမ်... အစ်ကိုက တကယ့်ကို အတိုင်းအဆမရှိ စွမ်းအားကြီးတာပဲ...”
ရှောင်ချင်အာ အကြီးအကျယ် တုန်လှုပ်သွား၏။
“တကယ်ပဲ အစ်ကို ဖြစ်နေတာကိုး... အဲဒီတော့ အိပ်မက် ကုန်းပြင်မြင့်မှာ နတ်ဆိုး ကိုးယောက်ထဲက သုံးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်သတ်ဖြတ်ခဲ့တာလည်း အစ်ကို လီယွမ်ပဲပေါ့...”
သူမ ဘာဆက်ပြောရမည်ကိုပင် မသိတော့ချေ။
“ချင်အာ... ဆက်ပြီး ကြိုးစားပါ... မင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက ငါ့ထက် လျော့နည်းမှာ မဟုတ်ဘူးဆိုတာ သေချာတယ်...”
လီယွမ်က အားပေးစကား ဆိုလိုက်သည်။
“ဘာပဲဖြစ်ဖြစ်... နှလုံးသားမေးခွန်းကူရဲ့ အစစ်အမှန် အလားအလာက ရစ်ပတ်နတ်ဘုရားကူ ထက် အများကြီး ပိုကြီးမားတယ်လေ...”
“တကယ်လား...”
ရှောင်ချင်အာက နှုတ်ခမ်းစူလိုက်၏။
“အစ်ကို လီယွမ်ရဲ့ ကျောပြင်ကို မြင်နေရသရွေ့ ညီမ ပျော်ပါတယ်...”
‘ငါ ကြိုးစားရမယ်...’
“ဒီနေရာမှာပဲ... ဒီနေ့ အဋ္ဌမအဆင့်ကို ချိုးဖြတ်မယ်…”