← Chapters

သေမင်းကတိကဝတ် ရုပ်သေးစစ်တပ်

Vol. 22 Ch. 237

သေမင်းကတိကဝတ် ရုပ်သေးစစ်တပ်

Vol. 22 Ch. 237

ရှောင်ချင်အာ တစ်ယောက် အဆင့်တက်ရန် တံခါးပိတ် ကျင့်ကြံနေစဉ်အတွင်း လီယွမ်သည် လျှို့ဝှက်စာတစ်စောင် ရေးသားကာ အတွင်းတံခါး၏ ပထမနန်းဆောင်သို့ ပေးပို့လိုက်၏။ ထိုစာလွှာထဲတွင် အချက်အလက်များစွာ မပါဝင်ခဲ့ပေ။ ချန်းလန်နယ်မြေသို့ သွားရောက်ကာ ပုန်ကန်သူများကို နှိမ်နင်းမည့် ရှောင်ချင်အာအား ကူညီရန် နဝမ ကူနန်းတော်၏ အမည်ဖြင့် စစ်တပ်တစ်တပ် စေလွှတ်ပေးပါရန် ဘိုးဘေးထံ တောင်းဆိုထားခြင်း ဖြစ်လေသည်။

ရှောင်ချင်အာကဲ့သို့ နှလုံးသားမေးခွန်းကူကို ပိုင်ဆိုင်ထားသော ကူလမ်းစဉ်၏ ပါရမီရှင်တစ်ဦးအတွက် နဝမ ကူနန်းတော်မှ စစ်တပ်စေလွှတ် ကူညီပေးခြင်းက သဘာဝကျလှသည်။

ဤအခြင်းအရာက လီယွမ်အတွက် သေမင်းကတိကဝတ် ရုပ်သေးစစ်တပ်ကို စမ်းသပ်ရန် အခွင့်အရေး တစ်ရပ်လည်း ဖြစ်လာတော့၏။ တစ်ချိန်တည်းမှာပင် မုရုံစုကို သတ်ဖြတ်ရန် အကောင်းဆုံး အချိန်အခါလည်း ဖြစ်သည်။ အိပ်မက် ကုန်းပြင်မြင့် တိုက်ပွဲအတွင်း အနက်ရောင် မှော်ပညာဖြင့် တိုက်ခိုက်ခြင်း ခံရပြီးကတည်းက သူ၏ ရင်ထဲတွင် အငြိုးအတေးများ ကိန်းအောင်းနေခဲ့ရာ မုရုံစုကို မသတ်ရမချင်း သူ၏ စိတ်နှလုံး အေးချမ်းနိုင်မည် မဟုတ်ချေ။

ဤခံစားချက်က မြေမြှုပ်သင်္ဂြိုဟ်၍ မရသော အလောင်းကောင် တစ်လောင်း မိမိဘေးတွင် လဲလျောင်းနေသကဲ့သို့ ဆိုးရွားလွန်းလှသည်။

ရက်အနည်းငယ် ကြာပြီးနောက် ရှောင်ချင်အာသည် နှလုံးသားမေးခွန်းကူ၏ စွမ်းအားကို အားပြုကာ အဆင့်ချိုးဖြတ်နိုင်ခဲ့ပြီး အဋ္ဌမအဆင့် ကူသခင်အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေပြီ။ နှလုံးသားမေးခွန်းကူ၏ တိုက်ရိုက် တိုက်ခိုက်ရေးစွမ်းရည်က အားနည်းလှသော်လည်း အဆင့်တက်လှမ်းမှု နှုန်းထားကမူ အံ့မခန်း မြန်ဆန်လွန်းလှ၏။

“ချင်အာ... ဂုဏ်ယူပါတယ်...”

လီယွမ်က ပြုံးရွှင်စွာဖြင့် ချီးကျူးစကား ဆိုလိုက်သည်။

“အစ်ကို လီယွမ်နဲ့ ယှဉ်ရင် ညီမက အများကြီး လိုပါသေးတယ်...”

ရှောင်ချင်အာမှာ အနည်းငယ်မျှပင် မာန်မတက်ရဲခဲ့ချေ။ အထူးသဖြင့် နတ်ဆိုး ကိုးပါးထဲမှ သုံးဦး ပူးပေါင်းတိုက်ခိုက်သည်ကိုပင် အစ်ကို လီယွမ်က သတ်ဖြတ်နိုင်ခဲ့ကြောင်း တွေးမိတိုင်း သူမ၏ စွမ်းအားက သနားစရာကောင်းလောက်အောင် အားနည်းနေသေးသည်ဟု ခံစားရသည်။ နှစ်ဦးစလုံး အဋ္ဌမအဆင့်တွင် ရှိနေကြသော်လည်း အစ်ကို လီယွမ်နှင့် သူမအကြားရှိ ကွာဟချက်က ဖြတ်ကျော်၍ မရနိုင်သော ချောက်ကမ်းပါးကြီး တစ်ခုပမာ ကြီးမားကျယ်ပြန့်လွန်းလှ၏။

“ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဥ်ပါနဲ့... လူတိုင်းမှာ ကိုယ်ပိုင် အားသာချက်တွေ ရှိကြစမြဲပါ...”

လီယွမ်က အားပေးစကား ဆိုလိုက်သည်။ ဥပမာအားဖြင့် လီယွမ်သည် ဆုလာဘ်သေတ္တာများ ဖွင့်ဖောက်ရာတွင် ကျွမ်းကျင်လှသည် မဟုတ်ပါလော။

ရှောင်ချင်အာသည် ကောင်လေးတစ်ယောက်လို ဖြစ်နေဆဲဖြစ်သော လီယွမ်ကို ငေးကြည့်ရင်း ချို့ယွင်းချက် တစ်ခုကိုသာ မြင်တွေ့နိုင်တော့၏။ ထိုချို့ယွင်းချက်မှာ ပြီးပြည့်စုံလွန်းသော ထိုလူသားက သူမ ပိုင်ဆိုင်သော အရာ မဟုတ်ခြင်းပင်။

“ချင်အာ... မင်း တံခါးပိတ် ကျင့်ကြံနေတုန်း ငါ ဘိုးဘေးကြီးဆီ ခွင့်ပြုချက် တောင်းထားလိုက်တယ်... ချန်းလန်နယ်မြေထဲက မင်းရဲ့ တိုက်ပွဲမှာ ကူညီပေးဖို့ လျှို့ဝှက်စစ်တပ် တစ်တပ်ကို သူ စေလွှတ်ပေးလိမ့်မယ်...”

လီယွမ်က ရှင်းပြလိုက်၏။

“ဟင်...”

ရှောင်ချင်အာ အံ့အားသင့်သွားကာ တုံ့ပြန်လိုက်သည်။

“နဝမ ကူနန်းတော်က လမ်းဖောက်လုပ်ရေးတွေ လုပ်နေရလို့ လူအင်အား လိုအပ်နေတာပဲ... ညီမကို ကူညီဖို့ သီးသန့် စစ်တပ် စေလွှတ်ပေးစရာ မလိုပါဘူး... တောင်ပိုင်း ကင်းလှည့်စစ်တပ်နဲ့တင် ညီမအတွက် လုံလောက်နေပါပြီ...”

တောင်ပိုင်း ကင်းလှည့်စစ်တပ် ဆိုသည်မှာ ရှောင်ချင်အာက တောင်ပိုင်းနယ်စပ် စစ်ဆေးရေးမှူးအဖြစ် တာဝန်ယူပြီးနောက် ကိုယ်တိုင် ဖွဲ့စည်းခဲ့သော နတ်ဆိုးနှိမ်နင်းရေး အင်အားစု တစ်ရပ် ဖြစ်သည်။ အစောပိုင်းတွင် ချန်းလန်စစ်တပ်၏ အစိတ်အပိုင်း တစ်ခုနှင့် နဝမနန်းတော်မှ ကူသခင်များဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်၏။

နောင်တွင် တောင်ပိုင်းနယ်စပ်၌ ရှောင်ချင်အာ၏ အုပ်ချုပ်မှု စွမ်းရည်ကြောင့် နာမည်ကျော်ကြားလာခဲ့ပြီး ကျန်းဟူ သိုင်းလောကမှ ပါရမီရှင်များနှင့် သူရဲကောင်းများစွာ လာရောက် ပူးပေါင်းခဲ့၏။ ထိုအဖွဲ့အစည်းသည် တဖြည်းဖြည်း ကြီးထွားလာကာ အင်အားကြီးမားသော အဖွဲ့အစည်းကြီး တစ်ခုအဖြစ်သို့ ရောက်ရှိ

လာခဲ့တော့သည်။ သည်လိုနှင့် တောင်ပိုင်း ကင်းလှည့်စစ်တပ် ပေါ်ပေါက်လာပုံ ရ၏။

“နဝမ ကူနန်းတော်ရဲ့ စစ်တပ်ကတော့ ကွာခြားတယ်... သူတို့က အလွန် ထူးခြားတယ်... တိုက်ပွဲဝင်ဖို့အတွက် သီးသန့် မွေးဖွားလာကြတာ ဖြစ်ပြီး နဝမ ကူနန်းတော် နယ်မြေချဲ့ထွင်ရေးအတွက် သော့ချက်ကျတဲ့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်တယ်...”

လီယွမ်က ပြုံးလျက် ရှင်းပြလိုက်သည်။

ဘယ်လောက်တောင် ထူးခြားနေသနည်း။

ရှောင်ချင်အာ စပ်စုချင်စိတ်များ ပေါ်ပေါက်လာရ၏။

“မင်း ကိုယ်တိုင် ကြည့်လိုက်ရင် သိပါလိမ့်မယ်...”

လီယွမ်က လက်ဖျစ်တစ်ချက် တီးလိုက်၏။

“ဖျတ်”

ဝါးတောအုပ်၏ အနက်ရှိုင်းဆုံး နေရာမှ အရိပ်နှစ်ခု ထွက်ပေါ်လာတော့သည်။ ဘယ်ဘက်တွင် အကြေးခွံများ ဖုံးလွှမ်းနေသော အရပ်ပုပုနှင့် တုတ်ခိုင်သော လူတစ်ယောက် ဖြစ်ပြီး ညာဘက်တွင်မူ အရေပြားပေါ်၌ ဆူးငြောင့်များ ဖုံးလွှမ်းနေသော ဆွဲဆောင်မှု ရှိသည့် အမျိုးသမီး တစ်ဦး ဖြစ်နေသည်။

“နတ်ဆိုးတွေပဲ...”

ရှောင်ချင်အာ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားကာ လွှတ်ခနဲ အော်ဟစ်လိုက်မိ၏။

“အဋ္ဌမအဆင့် နတ်ဆိုးတွေ...”

ထို နတ်ဆိုးရုပ်သေးရုပ် နှစ်ခု တဖြည်းဖြည်း နီးကပ်လာလေလေ.. ၎င်းတို့၏ ပုံပန်းသဏ္ဌာန်များ ပိုမို ထင်ရှားလာလေလေ ဖြစ်ပြီး ရှောင်ချင်အာ၏ မျက်နှာထက်ရှိ တုန်လှုပ်မှုများက ပိုမို နက်ရှိုင်းလာတော့သည်။

“ဒါက... နတ်ဆိုး ကိုးပါးထဲကပဲ... နတ်ဆိုး အခွံမာ ဂူတစ်ထောင် နဲ့ ဆူးဈာပနထုံးစံ တို့ပါလား...”

“သူတို့ကို... အစ်ကို လီယွမ်က... အလောင်းရုပ်သေးရုပ်တွေ အဖြစ် ပြောင်းလဲလိုက်တာလား...”

“သူတို့က သာမန် အလောင်းရုပ်သေးရုပ်တွေ မဟုတ်ဘူး... သူတို့အတွက် ပိုသင့်တော်တဲ့ နာမည်က ကတိကဝတ် ရုပ်သေးရုပ်တွေလို့ ခေါ်တယ်...”

လီယွမ်က ရယ်မောလျက် တုံ့ပြန်လိုက်၏။

“ကတိကဝတ် ရုပ်သေးရုပ်... ဟုတ်လား...”

ရှောင်ချင်အာ တစ်ယောက် ဤနာမည်ကို တစ်ခါမျှ မကြားဖူးခဲ့သဖြင့် အလွန်တရာ ဇဝေဇဝါ ဖြစ်သွားရသည်။

“ကတိကဝတ် အပြန်အလှန် ချိတ်ဆက်မှုကနေတစ်ဆင့် သူတို့ရဲ့ ယခင်ဘဝက စွမ်းအား ကြီးမားတဲ့ အင်အားတွေကို ထိန်းသိမ်းထားနိုင်တဲ့ ဆင့်ကဲ ပြောင်းလဲလာတဲ့ အလောင်းရုပ်သေးရုပ်တွေလို့ မင်း မှတ်ယူနိုင်ပါတယ်...”

လီယွမ်က အကျဉ်းချုံး ရှင်းပြလိုက်သည်။ ရှောင်ချင်အာ အကြမ်းဖျင်း နားလည်သဘောပေါက်သွားကာ မေးခွန်းထုတ်လိုက်၏။

“ဒီလို အလောင်းရုပ်သေးမျိုးကို ထိန်းချုပ်ဖို့ဆိုရင် စိတ်ဝိညာဉ်စွမ်းအင် တော်တော်များများ လိုအပ်မှာပဲနော်...”

“အင်း...”

လီယွမ်က ခေါင်းညိတ် ထောက်ခံလိုက်သည်။

“သာမန်အားဖြင့်တော့ ကူသခင်တွေက ဒါကို မထိန်းချုပ်နိုင်ဘူး... ဒါပေမဲ့ မင်းဆီမှာ နှလုံးသားမေးခွန်းကူ ရှိနေတော့ ထိန်းချုပ်ဖို့က ပြဿနာ မဟုတ်တော့ဘူး... မင်း သင်ချင်တယ်ဆိုရင် နောက်မှ ငါ သင်ပေးမယ်လေ...”

“ကောင်းပါပြီ...”

ရှောင်ချင်အာက ပြုံးလျက် လက်ခံလိုက်သည်။

“အစ်ကို လီယွမ်ဆီက သင်ယူရတာ ဘယ်တော့မှ အရှုံးမရှိပါဘူး... ဒီအဋ္ဌမအဆင့် ရုပ်သေးရုပ် နှစ်ခု ရှိနေတော့ ဖိအားတွေ အများကြီး လျော့ကျသွားတာ အမှန်ပဲ...”

“နှစ်ခုတည်း မဟုတ်ဘူး...”

လီယွမ်က ခေါင်းခါပြလိုက်၏။

“နှစ်ထောင်လေ... ရုပ်သေးရုပ်တွေချည်း သီးသန့် ဖွဲ့စည်းထားတဲ့ စစ်တပ်ကြီး တစ်တပ်လုံးပဲ...”

“နှစ်... နှစ်ထောင်...”

ရှောင်ချင်အာ အလွန်တရာ အံ့အားသင့်သွားကာ အာမေဋိတ်သံ ထွက်ပေါ်သွားတော့သည်။

“ရုပ်သေးရုပ် နှစ်ထောင်ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ဖို့ဆိုတာ စိတ်ဝိညာဉ်စွမ်းအင် ဘယ်လောက်တောင် များများ လိုအပ်လိုက်မလဲ...”

အလောင်းရုပ်သေးများကို ထိန်းချုပ်ရာတွင် ကူနည်းစနစ် အမျိုးအစား များစွာ ရှိသည်။ အတွေ့ရအများဆုံး နည်းလမ်းမှာ ကူသခင်က အလောင်းရုပ်သေးကို တိုက်ရိုက် သန့်စင်ပြီး ၎င်း၏ စိတ်ဝိညာဉ်ဆန္ဒဖြင့် ထိန်းချုပ်ခြင်း ဖြစ်၏။ ဤထိန်းချုပ်မှု နည်းလမ်းက အတိကျဆုံးဖြစ်ပြီး အစွမ်းအထက်ဆုံးသော စွမ်းအားကို ထုတ်ဖော်နိုင်စွမ်း ရှိသည်။

အခြားနည်းလမ်းတစ်ခုမှာ ဘဝဆက်နွှယ်ကူ သို့မဟုတ် လက်အောက်ခံ ကူများမှတစ်ဆင့် ထိန်းချုပ်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အလောင်းထိန်းချုပ်ကူ၊ ဟင်းလင်းပြင် ဝိညာဉ်လမ်းပြကူ နှင့် ရုပ်သေးဧကရာဇ်ကူ တို့သည် ဤကဲ့သို့ ထိန်းချုပ်နိုင်စွမ်းရှိသော ကူကောင်များ ဖြစ်၏။ ဤနည်းလမ်းက ကူသခင်အပေါ် ဖိအားကျရောက်မှု နည်းပါးစေပြီး အခြားသော ကူနည်းစနစ်များအတွက် စွမ်းအင် ပိုမို အသုံးပြုနိုင်ရန် အခွင့်အရေး ပေးစွမ်းနိုင်သည်။

လီယွမ်သည် ဒုတိယနည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ရုပ်သေးရုပ် အားလုံးသည် ဝူမေ့၏ အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် ရှိနေ၏။ အခြေအနေကို ထိန်းချုပ်နိုင်သော ဝူမေ့၏ စွမ်းရည်နှင့် သူနှင့် ဝူမေ့အကြားရှိ နက်ရှိုင်းသော နားလည်မှုတို့ ပေါင်းစပ်လိုက်သောအခါ ထိုရုပ်သေးစစ်တပ်သည် ၎င်း၏ စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်စွမ်း ရှိသွားတော့သည်။

လီယွမ်က အများကြီး ထုတ်ဖော်ပြောဆိုမနေတော့ဘဲ အေးအေးဆေးဆေး ပြုံးလျက် တိုက်တွန်းလိုက်သည်။

“ချင်အာ... မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်နယ်ပယ် တိုးတက်လာအောင် ပိုပြီး လေ့ကျင့်ပါ... မကြာခင်မှာ မင်းလည်း အဲဒီလို လုပ်နိုင်လာမှာပါ...”

“ဒါဆို... အစ်ကို လီယွမ် ဆိုလိုတာက... ညီမနဲ့အတူ ချန်းလန်ကို လိုက်ခဲ့မယ်ပေါ့...”

ရှောင်ချင်အာက အဓိကအချက်ကို သတိပြုမိသွားကာ ဝမ်းသာအားရဖြင့် ဝင်ရောက်ပြောဆိုလိုက်၏။

“အင်း...”

လီယွမ်က ခေါင်းညိတ် အတည်ပြုလိုက်သည်။

“ငါက လျှို့ဝှက်လှုပ်ရှားမယ်... အပေါ်ယံမှာတော့ မင်းကပဲ ဒီရုပ်သေးစစ်တပ်ရဲ့ တပ်မှူးအဖြစ် ဆက်ရှိနေရမယ်...”

သူသည် ညဇီးကွက် သက်တော်စောင့်များနှင့် အလွန်အကျွံ အဆက်အသွယ် မလုပ်လိုချေ။ သူ၏ အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီး ဖြစ်သည့် မုရုံစုကို သတ်ဖြတ်ရန်သာ အလိုရှိသည်။

“ညီမ နားလည်ပါပြီ...”

လီယွမ်က လူပုံအလယ်တွင် ထင်ပေါ်ရသည်ကို မနှစ်သက်ကြောင်း သိထားသောကြောင့် ရှောင်ချင်အာက ချက်ချင်းပင် သဘောတူ လက်ခံလိုက်၏။

“ငါတို့ ဘယ်တော့ ထွက်ခွာကြမလဲ...”

လီယွမ်က မေးမြန်းလိုက်သည်။

“အချိန်ဆွဲ မနေတော့ဘူး... အခုပဲ ထွက်ကြမယ်လေ...”

အခြားပြဿနာ တစ်ခုခု ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ရှောင်ချင်အာက အချိန် ကြာမြင့်စွာ မဆွဲလိုတော့ချေ။ ထိုသို့ဖြင့် သူတို့နှစ်ဦး သဘောတူညီမှု ရရှိသွားခဲ့၏။

အချိန်သိပ်မကြာမီမှာပင် လေးလံသော ချပ်ဝတ်များ ဝတ်ဆင်ထားသည့် ကြီးမားလှသော စစ်တပ်ကြီးတစ်ခု တောင်တန်းများကြားမှ ထွက်ပေါ်လာတော့သည်။ ထိုစစ်တပ်ရှိ အဖွဲ့ဝင်များ၏ အရပ်အမောင်းနှင့် ကိုယ်ခန္ဓာ အချိုးအစားမှာ ကွဲပြားခြားနားနေပြီး အနီးကပ် လေ့လာကြည့်မည်ဆိုပါက အလွန်တရာ ထူးဆန်းနေကြောင်း မြင်တွေ့ရပေမည်။ သို့သော် အဝေးမှ ကြည့်လျှင်မူ မည်သို့မျှ ထူးခြားသည်ဟု ခံစားရမည် မဟုတ်ချေ။

“ဒီ စစ်မှန်သော ရုပ်သေးတွေက သေခြင်းချီတွေကို လွင့်စင်မသွားစေဘူးပဲ...”

ရှောင်ချင်အာမှာ မချီးကျူးဘဲ မနေနိုင်တော့ချေ။ သာမန်အားဖြင့်ဆိုလျှင် အလောင်းရုပ်သေးရုပ် နှစ်ထောင်ပါဝင်သော စစ်တပ်ကြီးတစ်ခု သွားလေရာတိုင်းတွင် ငရဲပြည်မှ တစ္ဆေစစ်တပ်ကြီး ဖြတ်သန်းသွားသကဲ့သို့ ပျက်စီးယိုယွင်းမှုနှင့် သေခြင်းတရားတို့ကို သေချာပေါက် ဖြစ်ပေါ်စေမည်သာ ပင်။

သေခြင်းချီများကို အတွင်း၌သာ ထိန်းချုပ်ထားပြီး ယင်ချီများကို အပြင်သို့ မလွင့်စင်စေသော ဤကဲ့သို့သော ကူနည်းစနစ်မျိုးက တကယ့်ကို အံ့မခန်းဖွယ်ရာပင်။

သူတို့အဖွဲ့ ဆက်လက် ထွက်ခွာလာခဲ့ကြရာ မကြာမီမှာပင် ကျိုကျင်း မြို့တော်သို့ ရောက်ရှိလာခဲ့ကြ၏။ ကျိုကျင်း မြို့တော်သို့ ရောက်ရှိနေစဉ်အတွင်း နောက်ထပ် သတင်းစကား တစ်ခုကို သူတို့ လက်ခံရရှိလိုက်သည်။

ဟန်ဘုရင် ဟိုင်ဝူကျင်း နှင့် ချန်ဘုရင် ကျောက်ချန်ဖုန်း တို့သည် ချန်းလန်နယ်မြေကို ထောက်ခံကြောင်း လူသိရှင်ကြား ကြေညာလိုက်သည်။

ညဇီးကွက် သက်တော်စောင့်များအနေဖြင့် တော်ဝင်နယ်မြေ အသီးသီးသို့ ဝင်ရောက် စွက်ဖက်နေခြင်းကို ရပ်တန့်ရန် သူတို့က တောင်းဆိုလိုက်၏။ ထိုကြေညာချက်ထဲတွင် နယ်စားပယ်စား အုပ်ချုပ်ခွင့် ရရှိထားသော တော်ဝင်မင်းသွေး မဟုတ်သည့် ဘုရင်များ၏ မျိုးရိုးစဉ်ဆက် ဆက်ခံခြင်း စနစ်ကို အထူးတလည် ရည်ညွှန်းထား၏။ ၎င်းသည် ထိုက်ဇူ စစ်နတ်ဘုရား ဧကရာဇ် ကိုယ်တိုင် ပြဋ္ဌာန်းခဲ့သော စည်းမျဉ်းတစ်ခု ဖြစ်သည်။ အကယ်၍ ညဇီးကွက် သက်တော်စောင့်များက ဝင်ရောက် စွက်ဖက်လိုပါက နယ်မြေအုပ်ချုပ်ခွင့် အာဏာကို ကျော်လွန်စွက်ဖက်မည့်အစား ဧကရာဇ် ကိုယ်တိုင် ထုတ်ပြန်ထားသော အမိန့်တော် သေချာပေါက် ရှိရမည်ဟု ဆိုထားသည်။

ညဇီးကွက်ဘုရင်၏ စည်းကမ်းသေဝပ်အောင် အုပ်ချုပ်နိုင်မှု စွမ်းရည် ကင်းမဲ့ခြင်းနှင့် ညဇီးကွက် သက်တော်စောင့်များ၏ အင်ပါယာ အာဏာစက်အပေါ် ဂရုမစိုက်ဘဲ ကျူးလွန်မှုများကြောင့် ချန်းလန်နယ်မြေအတွင်းရှိ သူတို့၏ ခြေကုပ်စခန်း ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်ဟုလည်း ထိုဘုရင်နှစ်ပါးက လူသိရှင်ကြား ကြေညာခဲ့၏။ မိမိတို့ စိုက်ပျိုးထားသည့် အသီးအပွင့်ကို မိမိတို့ကိုယ်တိုင် ပြန်လည် ရိတ်သိမ်းရခြင်းသာ ဖြစ်သည်ဟူ၍ ဆိုကြ၏။

ဤအံ့မခန်းဖွယ်ရာ သတင်းများကို ကြားလိုက်ရသောအခါ လီယွမ် အတော်လေး အံ့အားသင့်သွားရတော့သည်။

‘တကယ်ပဲ ထိပ်တိုက် ရင်ဆိုင်ကြတော့မှာလား...’

တာ့ယန်တွင် ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲများက လူအများစု ထင်မှတ်မထားခဲ့သော အရာများဖြစ်သော်လည်း လူနည်းစုအတွက်မူ မလွဲမသွေ ကြုံတွေ့ရမည့် ကြီးမားလှသော လှိုင်းလုံးကြီး တစ်ခု ဖြစ်နေခဲ့သည်။ လီယွမ်က သူ၏ ဘေးနားရှိ စိုးရိမ်ပူပန်နေသော ချန်းလန်မင်းသမီးကို လှည့်ကြည့်လိုက်၏။

“ချင်အာ... ဒီကိစ္စအပေါ် မင်း ဘယ်လို မြင်လဲ…”

All Chapters