← Chapters

ချန်းလန်သို့ ချီတက်ခြင်း

Vol. 22 Ch. 238

ချန်းလန်သို့ ချီတက်ခြင်း

Vol. 22 Ch. 238

“ညီမ... ဘာလုပ်ရမှန်း မသိတော့ဘူး...”

ရှောင်ချင်အာသည် အလွန်တရာ ဆန့်ကျင်ဘက်ဖြစ်နေသော အခြေအနေကြားတွင် ရောက်ရှိနေ၏။ ညဇီးကွက်ဘုရင် ချန်ဘုရင် ဟန်ဘုရင်နှင့် စစ်သူကြီးချုပ်တို့ ကြားရှိ အားပြိုင်မှုသည် ပြည်သူများ၏ အကျိုးအတွက် မဟုတ်ဘဲ အင်အားစုများကြားရှိ အာဏာလုပွဲ တစ်ခုသာ ဖြစ်ကြောင်း သူမ ခံစားနေရသည်။

တကယ်တမ်း လုပ်သင့်သည်မှာ ပုဂ္ဂိုလ်ရေး အငြိုးအတေးများကို ဘေးဖယ်ထားကာ စန်းဟိုင်ဂိတ် တိုက်ပွဲတွင် အနိုင်ရအောင် တိုက်ခိုက်ရန်သာ ဖြစ်သည်။ သို့သော် ထိုအရာက လုံးဝ မဖြစ်နိုင်ကြောင်း သူမ ကောင်းစွာ သိရှိထား၏။ ဤရှုပ်ထွေးသော အခြေအနေများကြားတွင် ရောနှောပိတ်မိနေသော ရှောင်ချင်အာမှာ နာကျင်မှုနှင့် ဝေခွဲမရဖြစ်မှုတို့ကို ပြင်းပြင်းထန်ထန် ခံစားနေရတော့သည်။

“အစ်ကို လီယွမ်... ညီမ တကယ်ပဲ ခွန်အားတွေ ကင်းမဲ့နေသလို ခံစားရတယ်... တခြားသူတွေရဲ့ အတွေးတွေကို ထိန်းချုပ်ဖို့ဆိုတာ နေနေသာသာ.. ဒီလောကကြီးကို လုံးဝ တရားမျှတအောင်တောင် ညီမ မလုပ်ပေးနိုင်ဘူး... ညီမ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားရုံကလွဲပြီး ဘာမှ မရှိတော့ဘူး...”

“ဒါပေမဲ့...”

“ကိုယ့်ကိုယ်ကိုယ် သေးငယ်ပြီး ဘာမှ အရေးမပါတဲ့ သူတစ်ယောက်လို့ ခံစားနေရတယ်...”

ဟန်ဘုရင်နှင့် ချန်ဘုရင်တို့၏ ကြေညာချက်များက နယ်စပ်အခြေအနေကို လျင်မြန်စွာ ဆိုးရွားသွားစေခဲ့သည်။ ကြီးမားကျယ်ပြန့်လှသော အာဏာလုပွဲကြီး၏ ရှေ့မှောက်တွင် နယ်စပ်ဒေသ တည်ဆောက်ရေးအတွက် သူမ၏ ကြိုးပမ်းအားထုတ်မှု အားလုံးသည် အချည်းနှီးသာ ဖြစ်သွားကြောင်း ရှောင်ချင်အာ ခံစားလိုက်ရ၏။ ကြီးမားလွန်းသော အင်အားနှင့် သံယောဇဉ်များ၏ ဖိစီးမှုအောက်တွင် အရာအားလုံးက ပြိုလဲပျက်စီးသွားခဲ့ရလေပြီ။

“အစ်ကို လီယွမ်... ညီမ ဘာဆက်လုပ်ရမှန်းကို မသိတော့ဘူး...”

တော်ဝင်မင်းသွေးမဟုတ်သော ဘုရင်နှစ်ပါး၏ ကြေညာချက်များက ရှောင်ချင်အာကို ထပ်မံ၍ တွေဝေသွားစေပြန်သည်။

“အခု ညီမက ချန်းလန်ထဲကို စစ်တပ် ဦးဆောင်သွားမယ်ဆိုရင်... ညဇီးကွက်ဘုရင်ရဲ့ လက်ကိုင်တုတ်လေး တစ်ခု ဖြစ်သွားပြီလား... ဟိုဘုရင်နှစ်ပါးရယ်၊ စစ်သူကြီးချုပ်တို့ရယ်နဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်သွားတော့မှာလား...”

“ဒါပေမဲ့ ညီမ မသွားရင်... ရှောင်လျဲ့ သေရုံတင်မကဘူး... တစ်ခုလုံးရှိတဲ့ ချန်းလန်နယ်မြေကြီးပါ ဆင်းရဲဒုက္ခ တွင်းနက်ကြီးထဲ ကျရောက်သွားတော့မှာ...”

ညဇီးကွက်ဘုရင်၏ ရက်စက်သော နည်းလမ်းများအရ သူမသာ မသွားခဲ့လျှင် အင်ပါယာစစ်တပ်သည် ပုန်ကန်မှု နှိမ်နင်းရေးကို အကြောင်းပြကာ ချန်းလန်နယ်မြေကို သွေးချောင်းစီး သတ်ဖြတ်ပေလိမ့်မည်။ ထိုအချိန်ကျလျှင် ချန်ဘုရင်နှင့် ဟန်ဘုရင်တို့ကလည်း အသေအကြေ ခုခံကြမည်ဖြစ်ပြီး ညဇီးကွက် သက်တော်စောင့်များနှင့် သွေးထွက်သံယို စစ်ပွဲကြီး ဆင်နွှဲကြမည်သာ ဖြစ်၏။ နောက်ဆုံးတွင် မည်သူပင် အနိုင်ရစေကာမူ နတ်ဆိုးနယ်မြေသာလျှင် အကျိုးအမြတ်ကို ခံစားရမည်ဖြစ်ပြီး သာမန် ပြည်သူများကမူ ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ကြရမည်မှာ အသေအချာပင်။

ညဇီးကွက်ဘုရင်၏ အကြံအစည်များက အမြဲတမ်း ဤမျှပင် ရက်စက်လှသည်။ အရာအားလုံးကို ဗြောင်ကျကျ ဖွင့်ချထားကာ ရွေးချယ်ရန် ဖိအားပေးတတ်ပြီး ဆုံးဖြတ်ချက် တစ်ခုကို မချမနေရအောင် အကြပ်ကိုင်တတ်၏။

“ဒီလောကကြီးမှာ ပြီးပြည့်စုံတဲ့ အဖြေတစ်ခုကို ရှာတွေ့ဖို့ဆိုတာ ရှားပါးလွန်းတယ်... ဒါကြောင့် မင်း တကယ် လုပ်ချင်တဲ့ အရာကိုပဲ လုပ်လိုက်ပါ...”

လီယွမ်သည်လည်း ထိုအခြေအနေများကို သဘာဝကျကျပင် ကြိုတင် မြင်ယောင်ထားပြီး ဖြစ်သည်။

“လူတွေက တွေဝေလေလေ.. အရာအားလုံးကို တစ်ပြိုင်နက်တည်း အတင်းအကျပ် လုပ်ယူဖို့ မကြိုးစားသင့်လေလေပဲ... တစ်ခုခုကို မသေချာဘူးဆိုရင် မင်းရဲ့ နှလုံးသားကိုသာ ပြန်မေးကြည့်ပါ... ကိုယ့်ကိုယ်ကိုယ် အနှောင့်အယှက် အဖြစ်မခံပါနဲ့... မင်းရဲ့ ရင်ဘတ် အနက်ရှိုင်းဆုံး နေရာမှာ မင်း အတိမ်းညွတ်ဆုံး ဖြစ်နေတဲ့ ရွေးချယ်မှု တစ်ခု သေချာပေါက် ရှိနေမှာပါ...”

အကျိုးနှင့် အပြစ်ကို ချိန်ဆခြင်းက လူကို တွေဝေသွားစေတတ်၏။ မပြတ်သားမှုက ကြီးမားလှသော ကျရှုံးမှုကြီးဆီသို့ ဦးတည်သွားစေနိုင်သည်။

ယခုအချိန်တွင် အကောင်းဆုံး လုပ်ဆောင်ရမည့် အရာမှာ မိမိ၏ ဆုံးဖြတ်ချက်ကို အရင်ဆုံး ခိုင်မာအောင် တည်ဆောက်ရန်ပင်။ တစ်စုံတစ်ခုကို ဆုံးရှုံးရမည့် အကျိုးဆက်များကို လက်ခံရန် ပြင်ဆင်ထားပြီးမှသာ မိမိရွေးချယ်ထားသော လမ်းကို အစွမ်းကုန် လျှောက်လှမ်းရမည်ပင်။

လီယွမ် ကိုယ်တိုင်လည်း အနာဂတ်ကို တပ်အပ် မမြင်နိုင်ခဲ့ချေ။ အနိုင်ရခြင်းနှင့် အရှုံးပေါ်ခြင်း နှစ်ခုစလုံးက သူ့အတွက် အပြည့်အဝ အကျိုးရှိမည် မဟုတ်ဘဲ ပြီးပြည့်စုံသော အဖြေဟူသည် လုံးဝ မရှိခဲ့ပေ။ နောင်တစ်ချိန်တွင် ဧကရာဇ် ဖြစ်လာမည့် သူ၏ အဆင့်အတန်းအရ နယ်စပ်စစ်ပွဲများကို ပိုမို ဦးစားပေးသင့်၏။ နယ်စပ်တွင် ညဇီးကွက်ဘုရင် အနိုင်ရရှိခြင်းက တည်ငြိမ်မှုကို သေချာစေလိမ့်မည်။ သို့သော် ဤရွေးချယ်မှု၏ အားနည်းချက်မှာ သူ၏ လက်ကျန် အချိန်များကို ကြီးမားစွာ လျော့ကျသွားစေခြင်းပင်။

ကစားပွဲ တစ်ခု၏ ရှုထောင့်မှ ကြည့်လျှင်လည်း ညဇီးကွက်ဘုရင်အား ချုပ်ချယ်ထားသင့်ကြောင်း သူ ခံစားရ၏။ သို့မှသာ သူ့အနေဖြင့် ရွှေ့ကွက်များ အသုံးပြုရန် အခွင့်အရေး ပိုမို ရရှိနိုင်မည်ပင်။ သို့ရာတွင် ဤရွေးချယ်မှု၏ အားနည်းချက်မှာ နယ်စပ် ပြိုကျသွားနိုင်ပြီး နတ်ဆိုးများကြောင့် နောက်ထပ် ဖရိုဖရဲ ခေတ်ကြီး တစ်ခုသို့ ဝင်ရောက်သွားနိုင်ခြင်းပင်။

ယခင်ကဆိုလျှင် လောကကြီး ပိုမို ရှုပ်ထွေးလေ.. သူ ပိုမို လုံခြုံလေဟု ခံစားခဲ့ရပေမည်။ သို့သော် ယခုအခါတွင် အခြေအနေများက ကွဲပြားသွားခဲ့ပြီ။ နတ်ဆိုးနယ်မြေမှ ကြီးမားလှသော အကြောက်တရား ၏ တည်ရှိနေမှုကို သိရှိထားရသဖြင့် သူ ပိုမို သတိထားရန် လိုအပ်နေသည်။

ညဇီးကွက်ဘုရင် ကဲ့သို့ပင် ထိုအမည်မသိ အရာကလည်း အတူတူပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ ထို့ကြောင့် လီယွမ်သည် သူ၏ ရွေးချယ်မှုကို ပြတ်သားစွာ ချမှတ်လိုက်တော့သည်။

ဤခရီးစဉ် တစ်လျှောက်လုံး၌ သူသည် ညဇီးကွက်ဘုရင်ကို အကြီးမားဆုံးသော ပြိုင်ဘက်ကြီးအဖြစ် မှတ်ယူထားခဲ့ပြီး သေချာပေါက် တိုက်ခိုက်ရမည့် သူအဖြစ် သတ်မှတ်ထားခဲ့သည်။ သို့သော် ယခု အခိုက်အတန့်တွင်မူ သူတို့နှစ်ဦးမှာ အံ့သြဖွယ်ကောင်းလောက်အောင် တစ်ဖက်တည်းတွင် အတူတကွ ရပ်တည်နေကြလေပြီ။

‘တာ့ယန်ကြီး တစ်ခုလုံးအတွက်ပဲ ထားလိုက်ပါတော့လေ...’ လီယွမ်သည် ရင်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

ယခု ချန်းလန်သို့ ဝင်ရောက်ကာ မုရုံစုအား သတ်ဖြတ်ရန် ရွေးချယ်ခြင်းက အနည်းဆုံးတော့ လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးအမြတ်များကို ယူဆောင်လာပေးမည်ပင်။ မျက်မြင်မရသော အနာဂတ်နှင့် နှိုင်းယှဉ်လျှင် ဤအခြင်းအရာက အကောင်းဆုံးပင်။

“ညီမ နားလည်ပါပြီ...”

ထိတ်လန့် တွေဝေနေမည့်အစား လက်ရှိ အခြေအနေအရ သူမ ချန်းလန်သို့ မဖြစ်မနေ ဝင်ရောက်ရမည်ဖြစ်ကြောင်း ရှောင်ချင်အာလည်း သဘောပေါက်သွားသည်။

“မင်း သဘောပေါက်သွားတာ ကောင်းပါတယ်...”

လီယွမ်က အသာအယာ ရယ်မောလျက် ရှင်းပြလိုက်၏။

“ကိုယ့်ကိုယ်ကိုယ် ညဇီးကွက်ဘုရင်ရဲ့ ဓားတစ်လက်အဖြစ် မတွေးပါနဲ့... သူ့ကိုလည်း မင်းရဲ့ ဓားတစ်လက်အဖြစ် ပြန်အသုံးချလို့ ရတာပဲလေ...”

“မင်းရဲ့ အကြီးမားဆုံး ဆန္ဒက မိဘတွေရဲ့ ကာလရှည်ကြာ ရည်မှန်းချက်နဲ့ ရှောင်ဘိုးဘေးရဲ့ အမွေအနှစ်တွေကို ဆက်ခံဖို့... ပြီးတော့ တောင်ပိုင်းနယ်စပ်ကို ငြိမ်းချမ်းစေပြီး ပြည်သူတွေကို အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် လုပ်ပေးဖို့ မဟုတ်ဘူးလား...”

“ဒါကြောင့်... ညဇီးကွက်ဘုရင် အောင်မြင်နေသရွေ့... မင်းက သူ့ကို အသုံးချလိုက်တာပဲ... မင်းတို့ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် အရှုံးပေးစရာ မလိုပါဘူး...”

ဤအချက်က လီယွမ်အတွက်လည်း မှန်ကန်လှသည်။ ရှောင်ချင်အာ၏ ခံစားချက်ကို သူ အပြည့်အဝ ကိုယ်ချင်းစာနိုင်သောကြောင့် ဤမျှ လှောင်ပြောင်သရော်သလို ရှိသော်လည်း ယုံကြည်မှု အပြည့်ရှိသော စကားမျိုးကို သူ ပြောထွက်နိုင်ခြင်း ဖြစ်၏။

ညဇီးကွက်ဘုရင်သာ မရှိခဲ့လျှင် တာ့ယန်မင်းဆက်သည် ကြာမြင့်စွာ ကတည်းက ပြိုလဲသွားခဲ့လောက်ပြီ ဖြစ်သည်။

အကယ်၍ ဤမင်းသားငယ်လေး အနာဂတ်တွင် ပြန်လည်ရောက်ရှိလာလျှင်ပင် အပေါ်ယံ ရုပ်ပြ အုပ်ချုပ်သူသာ ဖြစ်နေလိမ့်မည်။

သူ အင်ပါယာကြီးကို ပြန်လည် တည်ဆောက်နိုင်ပါမည်လော။ ထိုအခါကျလျှင် လူဘယ်နှစ်ယောက်လောက် အသက်ပေးရဦးမည်နည်း။

ဧရာမ လီမျိုးနွယ်စု၏ အင်ပါယာကြီး ထိန်းသိမ်းထားနိုင်ခြင်းမှာ ညဇီးကွက်ဘုရင်၏ ကြီးမားလှသော ကျေးဇူးကြောင့်ဖြစ်ပြီး ဤအချက်ကို ငြင်းပယ်၍ မရနိုင်ချေ။ လီယွမ်နှင့် ညဇီးကွက်ဘုရင်တို့၏ ဆက်ဆံရေးမှာလည်း အလွန် ဆန့်ကျင်ဘက် ဖြစ်နေလေသည်။ တစ်ခါတစ်ရံ ရန်သူများ ဖြစ်ကြကာ တစ်ခါတစ်ရံတွင်မူ အတူတကွ ပူးပေါင်းနေထိုင်ကြပြီး တစ်ယောက်ကို တစ်ယောက် လိုအပ်နေခြင်း မျိုးပင် ရှိနေ၏။

... ... ...

ချန်းလန်နယ်မြေ၏ နယ်စပ်ဒေသ။

တစ်ချိန်က ငြိမ်းချမ်းခဲ့သော ဤကမ်းရိုးတန်း မြို့လေးသည် ယခုအခါတွင် ပူပြင်းလှသော စစ်မြေပြင် တစ်ခုအဖြစ် တစ်ဖန် ပြောင်းလဲသွားခဲ့လေပြီ။ ချန်းလန်စစ်တပ်သည် နယ်စပ်တွင် တပ်များကို ဖြန့်ကျက်ထားပြီး အချိန်မရွေး ကြီးမားသော တိုက်ပွဲကြီးတစ်ရပ် ဆင်နွှဲရန် အသင့်ပြင်ထားကြ၏။

ပင်မစခန်းအတွင်း၌.. ခန္ဓာကိုယ်တွင် ချပ်ဝတ်များ ဝတ်ဆင်ထားပြီး ခါးတွင် ချန်းလန်ဓားကို ချိတ်ဆွဲထားသော ရှောင်လျဲ့သည် လေးနက်တည်ကြည်သော မျက်နှာအမူအရာဖြင့် သဲပုံစံငယ်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတော့သည်။

“သတင်းပို့ပါတယ်...”

စစ်သည်များ အပြေးအလွှား ဝင်ရောက်လာကြ၏။

“မင်းသားကို အစီရင်ခံပါတယ်... အင်ပါယာစစ်တပ် ချီတက်လာနေပြီလို့ ရှေ့တန်းက ကင်းထောက်တွေ သတင်းပို့လာပါတယ်...”

“စစ်တပ်ကို ဘယ်သူ ဦးဆောင်လာတာလဲ...” ရှောင်လျဲ့က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“အဲ... ဟို...”

စစ်သည်မှာ ဘာမျှ ဆက်မပြောရဲဘဲ ဗလုံးဗထွေး ဖြစ်နေ၏။

“ပြောစမ်း... ဘယ်သူလဲ...”

ထိတ်လန့်ဖွယ်ရာ တစ်စုံတစ်ခု ဖြစ်ပေါ်လာတော့မည်ကို အာရုံခံမိလိုက်သဖြင့် ရှောင်လျဲ့၏ ရင်ထဲတွင် အကြောက်တရားများ ဝင်ရောက်လာတော့သည်။

“ဟို... မင်းသမီးပါ...”

စစ်သည်၏ မျက်နှာမှာ ခါးသီးသွားသည်။ မင်းသမီး ရှောင်ချင်အာသည် ချန်းလန်နယ်မြေတွင် အလွန်တရာ ချစ်ခင်လေးစားခံရသူ ဖြစ်ပြီး သူမနှင့် တိုက်ခိုက်ရခြင်းက ချန်းလန်စစ်တပ်အနေဖြင့် မကြုံတွေ့ချင်ဆုံးသော နောက်ဆုံးအရာသာ ပင်။

“ကျစ်...”

ရှောင်လျဲ့၏ မျက်နှာမှာ ပြာနှမ်းသွားတော့၏။

“အကျိုးနည်းညဇီးကွက်ဘုရင်... သူက ငါ့ကို အကွက်ဆင်ဖို့ အစ်မကို ထပ်အသုံးချနေပြန်ပြီ... ဒီတစ်ခါတော့ သူ့ကို အလွတ်မပေးနိုင်ဘူး...”

“မင်းသား... မင်းသမီးကို ပြန်လည် ဆန့်ကျင် တိုက်ခိုက်တော့မလို့လား...”

ချန်းလန်စစ်တပ်၏ တပ်မှူး ကျိုးပုဖျင် က ဝင်ရောက် မေးမြန်းလိုက်သည်။

“ငါ အဲဒီလောက် မမိုက်မဲပါဘူး... အစ်မက အသုံးချခံနေရတာပါ... တောင်ပိုင်းနယ်စပ်က ပြည်သူတွေအတွက် အစ်မ.. မဖြစ်မနေ လုပ်နေရတာ... အစ်မကို ငါ နားလည်ပါတယ်...”

ထို့နောက် ရှောင်လျဲ့က စကားအရာကို ပြောင်းလဲလိုက်၏။

“ဒါပေမဲ့ သူ့သဘောအတိုင်း အရာရာကို လွှတ်ထားပေးလို့ မရတဲ့ ကိစ္စတွေလည်း ရှိနေတယ်...”

“မင်းသားက... မင်းသမီးကို ဖမ်းဆီးပြီး အကျဉ်းချထားဖို့ စီစဉ်နေတာလား…”

ကျိုးပုဖျင် က ဇဝေဇဝါဖြင့် မေးလိုက်သည်။

“အင်း...”

ရှောင်လျဲ့က ခေါင်းညိတ် ထောက်ခံလိုက်သည်။

“ညဇီးကွက်ဘုရင်က အခု ငါ ထိန်းချုပ်ထားတဲ့ အင်အားက သူတို့ ထင်မှတ်ထားတာထက် အများကြီး သာလွန်နေတယ် ဆိုတာကို သိမှာ မဟုတ်ဘူး...”

“အစ်မကလည်း စစ်တပ်ကို သိပ်ပြီး ဦးဆောင်ဖူးတာ မဟုတ်ဘူး...”

“ဒါက အစ်မကို စိတ်တည်ငြိမ်အောင် လုပ်ပေးဖို့ အကောင်းဆုံး အချိန်ပဲ... ငါ အခြေအနေတွေကို သေချာ ရှင်းပြပြီး နောက်ဆက်တွဲ ပြဿနာတွေကို သူ နားလည်သွားတာနဲ့... သူ ညဇီးကွက်ဘုရင်ဘက်က ရပ်တည်တော့မှာ မဟုတ်ဘူး...”

“ညဇီးကွက်ဘုရင် မရှိရင်တောင် ဟန်ဘုရင် ချန်ဘုရင်နဲ့ စစ်သူကြီးချုပ်တို့ရဲ့ မဟာမိတ်ဖွဲ့မှု၊ ဗျူဟာတွေကနေတစ်ဆင့် ဒီနယ်မြေက ပြည်သူတွေကို ဆက်ပြီး ကာကွယ်ပေးနိုင်တယ် ဆိုတာကို သူ နားလည်သွားလိမ့်မယ်...”

“ပြီးတော့ ညဇီးကွက်ဘုရင်က သူ့ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝသွားတာနဲ့... သေချာပေါက် သူ့ရဲ့ အစွယ်တွေကို ထုတ်ပြလာလိမ့်မယ်... သူက အဲဒီ ချွန်ထက်တဲ့ အစွယ်တွေနဲ့ သွေးတွေကို စုပ်ယူသောက်သုံးလိမ့်မယ်...”

“ဒါက တစ်လောကလုံးအတွက် အကြီးစား ကပ်ဘေးကြီး တစ်ခု ဖြစ်လာလိမ့်မယ်...”

မကြာမီမှာပင် ကင်းထောက်များက နောက်ထပ် အချက်အလက်များကို သယ်ဆောင်လာကြပြန်သည်။ သတင်းများကို လေ့လာစစ်ဆေးပြီးနောက် ချန်းလန်တပ်မှူး ကျိုးပုဖျင် က ရှောင်လျဲ့ထံ အစီရင်ခံလိုက်၏။

“မင်းသား ခန့်မှန်းထားတဲ့အတိုင်းပဲ... ဒီတစ်ကြိမ် မင်းသမီး ခေါ်လာတဲ့ စစ်တပ် အင်အားက သိပ်မများပါဘူး...”

“တောင်ပိုင်း ကင်းလှည့်စစ်တပ် အင်အား တစ်သိန်းရယ်၊ ညဇီးကွက် သက်တော်စောင့် အနည်းငယ်ရယ် အပြင်... ကူသခင် အဖွဲ့တစ်ဖွဲ့လည်း ပါလာတယ်... ခန့်မှန်းခြေ လူ နှစ်ထောင်လောက် ရှိမယ်...”

“ဒီ အတင်းအကျပ် လုပ်တတ်တဲ့ ကူသခင်တွေ နောက်ထပ် ရောက်လာပြန်ပြီလား...”

ရှောင်လျဲ့ အလွန်အမင်း ဒေါသထွက်သွားရသည်။ ကူသခင်အနွယ်ဝင်များ၏ သဘောထားကို သူ လုံးဝ ကျေနပ်မှု မရှိခဲ့ပေ။ ယခင်က ဖခင်ဖြစ်သူ ဒုက္ခရောက်နေချိန်တွင် ထိုကူသခင်များက အပြည့်အဝ ကူညီခဲ့ခြင်း မရှိသလို ညဇီးကွက်ဘုရင်ကို အသေအလဲ တိုက်ခိုက်ရန်လည်း သူတို့၏ အသက်ကို အရင်းအနှီး မပြုရဲခဲ့ကြချေ။

သို့သော် ယခု လမ်းချဲ့ထွင်ရန် ရည်ရွယ်လာသော အခါကျမှ သူတို့အားလုံးက တဖြည်းဖြည်း တက်ကြွလာကြခြင်းပင်။

“လိုက်ပါလာတဲ့ သိုင်းပညာရှင်တွေကရော... အနည်းဆုံး အဋ္ဌမအဆင့် ကျင့်ကြံသူ ဘယ်နှယောက် ပါလဲ...” ရှောင်လျဲ့က ထပ်မံ မေးမြန်းလိုက်၏။

“လောလောဆယ် သုံးယောက်တည်း ပါပဲ... စစ်သူကြီး လီ ရယ်၊ ညဇီးကွက် သက်တော်စောင့်က တောင်ပိုင်းည တောရိုင်း စစ်သူကြီး ကျီးကန်း ရယ်၊ ပြီးတော့ မင်းသမီး ကိုယ်တိုင်ပါပဲ...” ကျိုးပုဖျင်က ရှင်းပြလိုက်သည်။

“အစ်မက အဋ္ဌမအဆင့်ကို ရောက်နေပြီလား...”

ရှောင်လျဲ့က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သရော်သလို ရယ်မောလိုက်သည်။

“ဟားဟား... သူက ငါ့ကို သစ္စာဖောက် တစ်ယောက်အနေနဲ့ အပြတ်ရှင်းဖို့ တကယ် ရည်ရွယ်ထားပုံပဲ...”

“အမိန့် နာခံကြ...”

“စစ်မတိုက်နဲ့... မင်းသမီးကို ဂိတ်တံခါးထဲ ဝင်လာဖို့ ဖိတ်ခေါ်လိုက်…”

All Chapters