← Chapters

ချန်းလန်၌ ပြည်တွင်းစစ် မရှိစေရ

Vol. 22 Ch. 239

ချန်းလန်၌ ပြည်တွင်းစစ် မရှိစေရ

Vol. 22 Ch. 239

ချန်းလန် နယ်စပ်ဒေသ။

ရှောင်ချင်အာသည် တောင်ပိုင်း ကင်းလှည့်စစ်တပ် အင်အား တစ်သိန်းအား ဦးဆောင်ကာ ဤနေရာသို့ တိုက်ရိုက် ချီတက်လာခဲ့၏။ ရင်းနှီးကျွမ်းဝင်နေသော မွေးရပ်မြေ၏ မြင်ကွင်းများကို ငေးကြည့်ရင်း သူမ၏ မွေးရပ်မြေသို့ ဤကဲ့သို့သော အခြေအနေမျိုးဖြင့် ပြန်လည်ရောက်ရှိလာရမည်ဟု တွေးမိကာ သက်ပြင်းတစ်ချက်ကို အတားအဆီးမဲ့စွာ ချလိုက်မိတော့သည်။

နယ်စပ်မြို့တံခါးဝယ်

တပ်စွဲထားသော တပ်မှူး ရှာဟောက်ဖေးသည် မြို့ရိုးထံသို့ ရောက်ရှိလာသော ဧရာမ တောင်ပိုင်း ကင်းလှည့်စစ်တပ်ကြီးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သော်လည်း မည်သည့် ကာကွယ်ရေး အမိန့်ကိုမျှ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

သူသည် မြို့တံခါးပေါ်မှ ဝုန်းခနဲ ခုန်ချလိုက်ပြီး တောင်ပိုင်း ကင်းလှည့်စစ်တပ်၏ ရှေ့မှောက်သို့ တစ်ကိုယ်တော် ရောက်ရှိလာခဲ့၏။

“အောက်ခြေတပ်မှူး ရှာဟောက်ဖေးက မင်းသမီးကို ဂါရဝပြုပါတယ်...”

ချန်းလန်၏ စစ်မှုထမ်းဟောင်းများ အားလုံးသည် ကွယ်လွန်သူ ချန်းလန်ဘုရင် ရှောင်ယွမ်နှင့်အတူ တစ်သက်တာလုံး နတ်ဆိုးများကို နှိမ်နင်းရာတွင် လိုက်ပါခဲ့ကြသူများ ဖြစ်၏။ သူတို့သည် ရှောင်ယွမ်အပေါ် ရိုးသားစွာ ကြည်ညိုလေးစားကြပြီး သစ္စာရှိကာ ရဲရင့်ကြသူများပင်။

မင်းသမီး ရှောင်ချင်အာနှင့် မင်းသား ရှောင်လျဲ့တို့ နှစ်ဦးစလုံးကို သူတို့က ပြုစုပျိုးထောင်ပေးခဲ့သည်ဟု ဆိုလျှင်လည်း မမှားနိုင်ချေ။ ယခုကဲ့သို့ ကွဲကွာသွားရခြင်းမှာ ညဇီးကွက်ဘုရင်အပေါ် ထားရှိသော ယုံကြည်ချက်နှင့် သဘောထားများ ကွဲလွဲမှုကြောင့်သာ ဖြစ်ပြီး ရှာဟောက်ဖေး အနေဖြင့် မင်းသမီးအား အမှန်တကယ်ပင် ရန်သူအဖြစ် ရင်မဆိုင်လိုပါချေ။

ရှောင်ချင်အာက မြင်းပေါ်တွင် ထိုင်လျက် ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် တုံ့ပြန်လိုက်၏။

“စစ်သူကြီး ရှာဟောက်... ရှင်ရဲ့ စွမ်းရည်တွေက ထက်မြက်နေတုန်းပဲ... ဒါပေမဲ့ အခုက အတိတ်ကို ပြန်အောက်မေ့နေရမယ့် အချိန်မဟုတ်ဘူး... စစ်တပ်နှစ်ခု ထိပ်တိုက်တွေ့နေတဲ့ အချိန်ရောက်နေပြီ... စစ်သူကြီး ပြန်ပါတော့...”

'ငါ ချန်းလန်နယ်မြေထဲကို ဝင်ကိုဝင်ရမယ်…’,

ရှာဟောက်ဖေးက အရိုအသေပေးလျက် ရှင်းပြလိုက်သည်။

“မင်းသမီး... နားလည်မှုလွဲနေပါပြီ... အောက်ခြေတပ်မှူးက မင်းသမီးကို တားဆီးဖို့ ရည်ရွယ်ချက် မရှိပါဘူး... မင်းသမီးကို တံခါးဂိတ်ထဲ ဝင်ခွင့်ပြုဖို့ မင်းသားက အမိန့်ပေးထားပြီးသားပါ...”

ရှောင်ချင်အာ၏ မျက်ခုံးများ ပင့်တက်သွားပြီး မေးခွန်းထုတ်လိုက်၏။

“ဟင်... ရှောင်လျဲ့က တကယ်ပဲ အဲဒီလို ပြောလိုက်တာလား...”

ရှာဟောက်ဖေးက ခေါင်းငုံ့လျက် တုံ့ပြန်လိုက်သည်။

“အောက်ခြေတပ်မှူးက မင်းသားရဲ့ အမိန့်ကို ခွင့်ပြုချက်မရဘဲ လွှဲပြောင်းပြောဆိုဖို့ လုံးဝ မဝံ့ရဲပါဘူး...”

ထိုအခါ ရှောင်ချင်အာက ပြတ်သားစွာ ကြွေးကြော်လိုက်၏။

“ကောင်းပြီလေ... စစ်သူကြီး ရှာဟောက်က မြို့တံခါးကို ဖွင့်ပေးရဲရင်... ဒီမင်းသမီးကလည်း ဝင်ရဲတာပေါ့...”

“မင်းသမီး... ကြွပါ...”

ရှာဟောက်ဖေးက ထပ်မံ၍ အရိုအသေပေးလိုက်ပြီးနောက် မြို့တံခါးဘက်သို့ လှည့်ကြည့်ကာ အမိန့်ပေးလိုက်သည်။

“ငါ့အမိန့်ကို နာခံကြ... မြို့တံခါးကိုဖွင့်ပြီး မင်းသမီး အိမ်ပြန်လာတာကို ကြိုဆိုကြ...”

ထိုသို့ပြောပြီးနောက် သူသည် ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားတော့သည်။

တောင်ပိုင်းအရိုင်းနယ်မြေမှ ကျီးကန်း (ညဇီးကွက် သက်တော်စောင့်) မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကာ ဝင်ရောက် သတိပေးလိုက်၏။

“ဒါက... စစ်ဆေးရေးမှူး... ဒါက ထောင်ချောက်တစ်ခု ဖြစ်နိုင်ပါတယ်...”

ရှောင်ချင်အာက ခစ်ခနဲ ရယ်မောလိုက်ပြီး တုံ့ပြန်လိုက်သည်။

“ဘာကို ကြောက်နေရမှာလဲ... ဒါက ရှောင်လျဲ့ရဲ့ အိမ်တင် မဟုတ်ဘူး... ငါ့အိမ်လည်း ဟုတ်သလို... စစ်သူကြီး လီရဲ့ အိမ်လည်း ဟုတ်တယ်... ပြီးတော့ တောင်ပိုင်း ကင်းလှည့်စစ်တပ်က ညီအစ်ကို မောင်နှမတွေ အများကြီးရဲ့ အိမ်လည်း ဖြစ်တယ်...”

သူမက နောက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။

“ညီအစ်ကို မောင်နှမတို့... မင်းတို့ ကြောက်နေကြသလား...”

“မကြောက်ပါဘူး...”

လူတိုင်းက တစ်ခဲနက် ကြွေးကြော် တုံ့ပြန်လိုက်၏။

‘မင်းတို့က မကြောက်ဘူး ဆိုပေမဲ့... ငါကတော့ ကြောက်တယ်...’

ကျီးကန်း၏ ခန္ဓာကိုယ်မှာ သိမ့်သိမ့်ခါအောင် တုန်ယင်သွားတော့၏။

မထွက်ခွာမီကတည်းက သတင်းပေးငှက်များထံမှ အချက်အလက်များစွာကို သူ ကြားသိထားခဲ့ပြီး ဖြစ်သည်။ ချန်းလန်နယ်မြေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ ရှောင်လျဲ့ လုံးဝ မဟုတ်ဘဲ ယခင်မင်းဆက်ဟောင်း၏ အကြွင်းအကျန်များ ဖြစ်သော မုရုံ မျိုးနွယ်စုသာ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ မုရုံမျိုးနွယ်စု ပေါ်ပေါက်လာခြင်းကို ဘုရင်က ကြိုတင် သိရှိထားပြီး ဖြစ်ခြင်းပင်။

အခြေအနေများ ယခုအမှတ်အထိ ရောက်ရှိလာရခြင်းမှာ ဘုရင်၏ တမင်တကာ လျစ်လျူရှုထားမှုကြောင့် ဖြစ်ကြောင်း ရှင်းလင်းနေပြီး ဘုရင်က ကြီးကျယ်သော ရွှေ့ကွက်တစ်ခုကို ကစားနေခြင်းသာ ဖြစ်သည်။ အကယ်၍ သူသာ ဘုရင်၏ စတေးခံ နယ်ရုပ်လေး တစ်ရုပ် အမှတ်တမဲ့ ဖြစ်သွားမည်ကို အလွန်တရာ စိုးရိမ်ကြောက်ရွံ့နေမိ၏။

မည်သို့ပင် ကြောက်ရွံ့နေပါစေ အမိန့်ကိုမူ နာခံရမည်သာ ဖြစ်သည်။ ညဇီးကွက် သက်တော်စောင့်ကို သစ္စာဖောက်ရန် မည်သူမျှ မဝံ့ရဲကြချေ။ အကယ်၍ သစ္စာဖောက်ခဲ့ပါလျှင် ငရဲပြည်သို့ ဆင်းရသည်ထက် အဆတစ်ထောင်မျှ ပိုမို ဆိုးရွားပေလိမ့်မည်။

“တံခါးဂိတ်ထဲ ဝင်ကြ...”

ရှောင်ချင်အာ၏ အမိန့်ပေးသံနှင့်အတူ တောင်ပိုင်း ကင်းလှည့်စစ်တပ်ကြီးသည် ချန်းလန်နယ်စပ်ကို ဖြတ်ကျော်ကာ ကြီးကျယ်ခမ်းနားစွာ ချီတက်သွားကြတော့သည်။ ဤအခိုက်အတန့်တွင် ရှောင်ချင်အာသည် အပြင်ပန်းတွင် တည်ငြိမ်နေပုံ ပေါက်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ ရှောင်လျဲ့၌ လျှို့ဝှက်ရည်ရွယ်ချက် တစ်ခုခု ရှိနေမည်ကို သိရှိထားသဖြင့် အလွန်အမင်း စိုးရိမ်ပူပန်နေမိ၏။

သို့သော် သူမအတွက်မူ စစ်ပွဲကို ရှောင်လွှဲခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။ တောင်ပိုင်း ကင်းလှည့်စစ်တပ်နှင့် ချန်းလန်စစ်တပ်တို့ အသေအကြေ တိုက်ခိုက်ကြမည်ကို သူမ တကယ်ပင် မလိုလားခဲ့ပေ။ သူတို့အားလုံးသည် အရင်းအမြစ် တစ်ခုတည်းမှ ဆင်းသက်လာကြသူများ ဖြစ်ပြီး သူမ ဖခင်၏ ခက်ခဲကြမ်းတမ်းသော ကြိုးပမ်းအားထုတ်မှုများမှ ထွက်ပေါ်လာသည့် အသီးအပွင့်များ ဖြစ်၏။ ဤနေရာတွင် သူတို့၏ အသက်များကို အလဟဿ မဆုံးရှုံးစေသင့်ချေ။

အစ်ကို လီယွမ်ကို သူမ တကယ်ပင် မေးမြန်းတိုင်ပင်ချင်သော်လည်း သူ၏ တည်နေရာကို သူမ လုံးဝ အာရုံခံ၍ မရနိုင်ခဲ့ပေ။

‘ငါ့စိတ်ကို တည်ငြိမ်အောင် ထားရမယ်...’

ရှောင်ချင်အာက လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ မထွက်ခွာမီက လီယွမ်သည် သူမ၏ အနီးအနားတွင် ရှိနေမည်ဖြစ်ပြီး တစ်စုံတစ်ခု ဖြစ်ပေါ်လာပါက ကြိုတင် အသိပေးမည်ဟု ပြောကြားခဲ့၏။ အစ်ကို လီယွမ်က သူမအား နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းကို မတားဆီးခဲ့ခြင်းက ဤကိစ္စအပေါ် သူလည်း သူမနှင့် သဘောထား တူညီကြောင်း သက်သေပြနေသည်။

“ဆက်ချီတက်ကြ...”

မြို့တံခါးကို ဖြတ်ကျော်ပြီးနောက် တောင်ပိုင်း ကင်းလှည့်စစ်တပ်သည် ရှောင်ချင်အာ၏ ကွပ်ကဲမှုအောက်တွင် ဆက်လက် ချီတက်သွား၏။ ရှေ့သို့သာ ဆက်လက် ရွေ့လျားနေကြ၏။

အချို့သော နေရာများကို ဖြတ်သန်းသွားသောအခါ မီးခိုးခေါင်းတိုင်များမှ မီးခိုးများ ထွက်ပေါ်နေသော ရွာလေးများနှင့် စစ်တပ်ကြီး နယ်မြေအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တွေ့ရသောအခါ အကြောက်တရားများဖြင့် ငေးကြည့်နေကြသော မြို့ငယ်လေးများကို မြင်တွေ့ရသည်။

ကလေးငယ်များမှာ တုန်ယင်စွာဖြင့် အိမ်ထဲတွင် ပုန်းအောင်းနေကြပြီး သက်ကြီးရွယ်အိုများက ခေါင်းငုံ့ကာ မြေပြင်ပေါ်တွင် ဒူးထောက်နေကြကာ အမျိုးသမီးများနှင့် ကလေးငယ်များ၏ မျက်နှာများမှာ ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ ဤမြင်ကွင်းများ အားလုံးက ရှောင်ချင်အာ၏ ရင်ဘတ်ကို ချွန်ထက်သော ဓားတစ်လက်ဖြင့် ထိုးဖောက်လိုက်သလို နာကျင်စေတော့သည်။

ဒါက စစ်ပွဲက ယူဆောင်လာသော ကပ်ဘေးပင် ဖြစ်၏။ စစ်ပွဲ အမှန်တကယ် မစတင်မီမှာပင် ချန်းလန်ပြည်သူများ၏ ရင်ထဲရှိ အနက်ရှိုင်းဆုံးသော အကြောက်တရားများကို နိုးကြားစေခဲ့လေပြီ။

နောက်ကြောင်းပြန်တွေးကြည့်လျှင် သူမ၏ ဖခင် ရှောင်ယွမ်၏ အုပ်ချုပ်မှုအောက်၌ ချန်းလန်နယ်မြေသည် စစ်ပွဲ၏ ဒဏ်ကို အနည်းဆုံး ခံစားရပြီး နတ်ဆိုးများ၏ နှောင့်ယှက်မှု အကင်းဆုံးသော နေရာတစ်ခု ဖြစ်ခဲ့သည်။ သို့တိုင်အောင် တာ့ယန်၏ ကာလရှည်ကြာ စစ်ပွဲများက ပြည်သူများ၏ စိတ်နှလုံးထဲတွင် ဖျောက်ဖျက်၍မရသော စိတ်ဒဏ်ရာများကို ချန်ရစ်ထားခဲ့ဆဲပင်။

“သတင်းပို့ပါတယ်...”

ထိုစဉ် ကင်းထောက်တစ်ဦး ရောက်ရှိလာပြီး သတင်းပို့၏။

“မင်းသမီး... ရှေ့က လမ်းမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ တစ်စုတစ်ဝေးကြီး ပေါ်လာပါတယ်... သူတို့က မြေပြင်ပေါ်မှာ ဒူးထောက်ပြီး ထွက်မသွားဘဲ မင်းသမီးကို တွေ့ရဖို့ အတင်း တောင်းဆိုနေကြပါတယ်...”

ရှောင်ချင်အာက မျက်မှောင်ကြုတ်လိုက်ကာ မေးလိုက်သည်။

“သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေချည်းပဲလား...”

“အခုထိတော့ တခြား မသင်္ကာစရာ လူတွေကို မတွေ့ရသေးပါဘူး...”

ကင်းထောက်က အစီရင်ခံလိုက်သည်။ ထိုအခါ ရှောင်ချင်အာ၏ မျက်နှာထားက အေးစက်သွားပြီး ရင်တွင်း၌ တွေးလိုက်မိ၏။

‘ဒါက ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်နဲ့ သွေးကွဲအောင် လုပ်တဲ့ လှည့်ကွက်တစ်ခုလား...’

မကြာမီမှာပင် ထိုသက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးငယ်များကို သူမ မြင်တွေ့လိုက်ရသည်။

စိတ်ဝိညာဉ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ထိုသူများမှာ သနားစရာကောင်းသော သာမန်လူများသာ ဖြစ်ပြီး တစ်ယောက်မှ ကျင့်ကြံထားသူများ မဟုတ်ကြောင်း တွေ့ရှိရသည်။

“မင်းသမီး... မင်းသမီး...”

ရှောင်ချင်အာကို မြင်လိုက်ရသည်နှင့် ထိုလူအုပ်ကြီးသည် တစ်ပြိုင်နက်တည်း ဒူးထောက်ချလိုက်၏။ သူတို့၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီး ရှေ့သို့ တရွတ်တိုက် တွားသွားလာကာ အကြိမ်ကြိမ် ဦးညွှတ် ကန်တော့နေကြ၏။

“မင်းသမီးရယ်... တောင်းပန်ပါတယ်... ချန်းလန်ကို မတိုက်ခိုက်ပါနဲ့နော်...”

“ဒါက မင်းသမီးရဲ့ အိမ်လည်း ဟုတ်တယ်လေ...”

“ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို လွှတ်ပေးပါ... ကျွန်တော်တို့ မိသားစုမှာ ယောက်ျားသားဆိုလို့ တစ်ယောက်ပဲ ကျန်တော့တာပါ... သူသာ သေသွားရင် ကျွန်တော်တို့ တကယ် အသက်ရှင်ရပ်တည်နိုင်မှာ မဟုတ်တော့ဘူး...”

“... ... ..”

အမျိုးသမီးများနှင့် ကလေးငယ်များက အဆက်မပြတ် အော်ဟစ်ငိုကြွေးနေကြတော့သည်။

မေးမြန်းစုံစမ်းကြည့်ပြီးနောက် ဤသူများအားလုံးသည် ချန်းလန်စစ်တပ်၏ မိသားစုဝင်များ ဖြစ်သော မိဘများ၊ ဇနီးသည်များနှင့် ကလေးငယ်များ ဖြစ်ကြောင်း ရှောင်ချင်အာ သိရှိသွားရသည်။

ထိုစဉ်..လီရော့ချန်က တိုးညှင်းသော အသံဖြင့် ဝင်ရောက် သတိပေးလိုက်၏။

“မင်းသမီး... နောက်ကွယ်မှာ ကောလာဟလတွေ ဖြန့်ပြီး ကျွန်တော်တို့ကို လာတားဆီးဖို့ သူတို့ကို လှုံ့ဆော်နေတဲ့သူ သေချာပေါက် ရှိရမယ်... သူတို့က မင်းသမီးရဲ့ အားနည်းချက်ကို ရှာဖို့ ကြိုးစားနေတာ သိသာတယ်...”

“သူတို့ကို ခေါ်ထုတ်သွားဖို့ လူလွှတ်လိုက်... ပြီးတော့ သူတို့ကို သေချာ နေရာချထားပေးဖို့ စီစဉ်လိုက်...”

ရှောင်ချင်အာက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

ပိုမိုကြီးမားသော ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက်၊ ဤမျှ သေးငယ်သော အကျိုးအမြတ်လေးအတွက် တောင်ပိုင်း ကင်းလှည့်စစ်တပ်ကြီး တစ်ခုလုံး၏ ချီတက်မှုကို သူမ ရပ်တန့်ခွင့် မပေးနိုင်ပေ။

မည်မျှပင် နာကျင်ရပါစေ ဤအရာက ယာယီမျှသာ ဖြစ်သည်။ အရင်းအမြစ် ပြဿနာကို ဖြေရှင်းနိုင်မှသာ အနာဂတ် ပြဿနာများကို တားဆီးနိုင်မည် ဖြစ်၏။

“မင်းသမီး... မင်းသမီး... ကျွန်တော်တို့ကို ဒီလို မဆက်ဆံပါနဲ့...”

“ကွယ်လွန်သူ ဘုရင်ကြီးက မွန်မြတ်တယ်... ပြီးတော့ ချန်းလန်မှာ ပြည်တွင်းစစ်ဆိုတာ တစ်ခါမှ မဖြစ်ဖူးဘူး... ပြင်ပလူတွေရဲ့ ကုန်းတိုက်စကားတွေကို နားမယောင်ပါနဲ့... မဟုတ်ရင် မင်းသမီး ချန်းလန်ကို ဖျက်ဆီးပစ်သလို ဖြစ်သွားလိမ့်မယ်...”

လမ်းပိတ်ဆို့နေသော သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များကို ဖယ်ရှားခေါ်ဆောင်သွားခဲ့ကြလေပြီ။

သို့တိုင်အောင် ထိုစကားလုံးများက ရှောင်ချင်အာ၏ ရင်ထဲတွင် ပဲ့တင်ထပ်နေဆဲပင်။

ချန်းလန်၌ ပြည်တွင်းစစ်ဆိုသည်မှာ တစ်ခါမျှ မရှိခဲ့ဖူးချေ။ ဤသည်မှာ ရှောင်မျိုးနွယ်စု ဘိုးဘေးများ၏ တစ်သက်တာ အောင်မြင်မှုများ၏ အတည်ပြုချက် တစ်ရပ်ဖြစ်ပြီး 'ပြည်သူလူထုထံမှ ရယူကာ ပြည်သူလူထုအတွက် ပြန်လည် အသုံးပြုသည်' ဟူသော သွန်သင်ချက်ကို အကြွင်းမဲ့ ကျင့်သုံးခဲ့ခြင်းပင်။

‘အို... ဘုရားရေ... ငါကပဲ အပြစ်သား ဖြစ်ရတော့မှာလား...’

ရှောင်ချင်အာ၏ ရင်ထဲတွင် ခါးသီးသော ဝေဒနာကို ခံစားလိုက်ရတော့သည်။

“ဆက်ချီတက်ကြ...”

သူမသည် စိတ်အနှောင့်အယှက်ဖြစ်စရာများ အားလုံးကို ခေါင်းထဲမှ ရှင်းထုတ်ပစ်လိုက်ပြီး တောင်ပိုင်း ကင်းလှည့်စစ်တပ်ကို ဆက်လက် ချီတက်ရန် အမိန့်ပေးလိုက်သည်။

ဤအခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်ရာ သူမအတွက် နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။ နောက်ဆုံးတွင် အခြေအနေများ မည်သို့ အဆုံးသတ်သွားမည်ကို မြို့တော်သို့ ရောက်ရှိပြီး ရှောင်လျဲ့နှင့် တွေ့ဆုံမှသာ သိနိုင်မည် ဖြစ်၏။

“သတင်းပို့ပါတယ်...”

သို့သော် အချိန်သိပ်မကြာမီမှာပင် ကင်းထောက်များက နောက်ထပ် သတင်းတစ်ရပ်ကို ယူဆောင်လာကြပြန်သည်။ အလားတူ အခြေအနေမျိုး ထပ်မံ ဖြစ်ပွားလာပြန်၏။ သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးငယ် တစ်စုက လမ်းကို ပိတ်ဆို့ထားကာ "ချန်းလန်တွင် ပြည်တွင်းစစ် မရှိပါ" နှင့် "ယခင် ဘုရင်ကြီးသည် မွန်မြတ်သည်" ကဲ့သို့သော စကားများကို ဟစ်ကြွေးနေကြပြန်သည်။ ယ

ရှောင်ချင်အာက ထိုအမျိုးသမီးများနှင့် ကလေးငယ်များကို ယခင်နည်းတူပင် ဖယ်ရှား ခေါ်ဆောင်သွားစေခဲ့၏။

တစ်ကြိမ် ဖြစ်ပြီးနောက် ဒုတိယအကြိမ် ဖြစ်လာသည်။ နှစ်ကြိမ် ဖြစ်ပြီးနောက် တတိယအကြိမ် ထပ်ဖြစ်လာပြန်၏။

အလားတူ လမ်းပိတ်ဆို့မှုများက တစ်ခုပြီးတစ်ခု ဆက်တိုက် ပေါ်ပေါက်လာရာ စစ်တပ်၏ ချီတက်မှု အရှိန်အဟုန်ကို နှေးကွေးသွား

စေရုံသာမက ရှောင်ချင်အာ၏ စိတ်အေးချမ်းမှုကိုပါ ဆိုးရွားစွာ နှောင့်ယှက်ဖျက်ဆီးနေတော့သည်။

ဤအခြင်းအရာက သူမ၏ ရင်ထဲတွင် မြင်ရလွယ်သော မကောင်းဆိုးဝါး မျိုးစေ့ တစ်စေ့ကို စိုက်ပျိုးလိုက်သကဲ့သို့ပင် ဖြစ်နေပေတော့သည်။

All Chapters