← Chapters

ငယ်ရွယ်သော မောင်နှမနှစ်ဦး

Vol. 22 Ch. 241

ငယ်ရွယ်သော မောင်နှမနှစ်ဦး

Vol. 22 Ch. 241

ဘေးပတ်ဝန်းကျင်ရှိ လူများ ထွက်ခွာသွားပြီးနောက် ခြံဝင်းအတွင်း၌ ရှောင်ချင်အာနှင့် မောင်ဖြစ်သူ ရှောင်လျဲ့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

ရှောင်ချင်အာက ဝင်ထိုင်လိုက်ကာ နှလုံးသားမေးခွန်းကူကို လှုပ်ရှားစေလိုက်ရာ တိတ်ဆိတ်သော လှိုင်းလုံးတစ်ခုက ဖြန့်ကျက်သွားပြီး ပြင်ပမှ လာရောက် စူးစမ်းမှုများ အားလုံးကို ကင်းကွာသွားစေတော့သည်။

ထို့နောက် သူမက စကားစတင်လိုက်၏။

“ရှောင်လျဲ့... ချောက်ကမ်းပါး အစွန်းကနေ နောက်ဆုတ်ဖို့ အချိန် မနှောင်းသေးပါဘူး... စစ်ပွဲသာ စတင်လိုက်ရင် ချန်းလန်မြစ်ဟာ သွေးတွေနဲ့ နီရဲသွားမှာ သေချာသလို တောင်ပိုင်းအရိုင်း နယ်မြေနဲ့ တာ့ယန် တစ်ခုလုံးအတွက်လည်း ကပ်ဘေး ဆိုက်ရောက်လာလိမ့်မယ်...”

“နင်..ညဇီးကွက်ဘုရင်ကို မုန်းတီးသလို... ငါလည်း မုန်းတီးပါတယ်...”

“ဒါပေမဲ့ လောကကြီးက အဖြူနဲ့ အမည်းပဲ ရှိနေတာ မဟုတ်ဘူး... ညဇီးကွက်ဘုရင်က ကျားကို မောင်းပြီး ဝံပုလွေတွေကို ကိုက်ခိုင်းခဲ့တယ်... နတ်ဆိုးတွေကို နယ်စပ်ဒေသတွေဆီ တွန်းပို့ခဲ့တယ်... မင်းသားတွေနဲ့ မြင့်မြတ်သူ အသီးသီးကို အင်အားနည်းအောင် လုပ်ခဲ့တယ်... ပြီးတော့ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ အဖေ့ကို နတ်ဆိုးတွေ လက်ချက်နဲ့ သေဆုံးအောင် လုပ်ခဲ့တယ်... ဒါတွေက အမှန်တရားပါ...”

“ဒါပေမဲ့ ညဇီးကွက်ဘုရင်သာ အခြေအနေတွေကို တည်ငြိမ်အောင် မလုပ်ခဲ့ရင် တာ့ယန် အင်ပါယာ ဘာဖြစ်သွားမလဲဆိုတာ မင်း စဉ်းစားဖူးရဲ့လား... အဖေကရော နတ်ဆိုးတွေကို တိုက်ခိုက်နေတာ ရပ်သွားမှာလား... လင်းယွဲ့ ယူဘုရင်ကရော ချန်းလန်ကို ပစ်မှတ်ထားနေတာ ရပ်တန့်သွားမှာလား...”

“မရပ်တန့်ပါဘူး... ရလဒ်က ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး...”

ရှောင်ချင်အာက သက်ပြင်းတစ်ချက် ချလိုက်သည်။

“အခု နင်က စစ်ပွဲကို စတင်လိုက်ပြီ... နယ်စပ်ဒေသကို နောက်တစ်ကြိမ် ဖရိုဖရဲ ဖြစ်အောင် လုပ်လိုက်ပြီ... နှစ်ပေါင်းများစွာ နတ်ဆိုးတွေကို တိုက်ခိုက်လာခဲ့တဲ့ ရလဒ်တွေ အားလုံး သဲထဲရေသွန် ဖြစ်သွားနိုင်တယ်...”

“ညဇီးကွက်ဘုရင် အထိနာသွားတော့ရော ဘာဖြစ်လဲ... နင် ပျော်ရွှင်သွားမှာလား... ကောင်းကင်ဘုံက အဖေနဲ့အမေကရော မင်းကို ဂုဏ်ယူကြပါ့မလား...”

“နင် ညဇီးကွက်ဘုရင်ကို မုန်းတီးတယ်ဆိုရင်... ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန် ကျင့်ကြံပြီး သူ့ထက် သာလွန်လာမယ့် တစ်နေ့ကို စောင့်ဆိုင်းရမယ်... အဲဒီအခါကျရင် နင် လုပ်ချင်တာ ဘာမဆို လုပ်လို့ရပြီလေ...”

“အခုတော့ ခေါင်းငုံ့ထားလိုက်ပါ... အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းပါ... ငါတို့ လုပ်သင့်တာက ရှောင်မျိုးနွယ်စုရဲ့ နှစ်ထောင်ချီ ကြိုးစားအားထုတ်မှုတွေကို တစ်ခဏအတွင်း ဖျက်ဆီးမခံရဖို့ပဲ...”

ရှောင်ချင်အာက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

“ဟား ဟား ဟား”

ရှောင်လျဲ့က ရူးသွပ်စွာ ရယ်မောလိုက်သည်။

“ရှောင်ချင်အာ... မင်းက တကယ့်ကို... အဖေနဲ့အမေရဲ့ ကြင်နာမှုတွေကို ပြီးပြည့်စုံအောင် အမွေဆက်ခံထားတာပဲ... လောကကြီးရဲ့ ကောင်းကျိုးကို အမြဲတမ်း တွေးတောနေတာကိုး...”

“ဒါပေမဲ့ မင်းကို ငါ ပြောပြမယ်... ကြီးမြတ်တဲ့ ပရဟိတသမား တွေက ဘယ်တော့မှ အဆုံးသတ် မလှကြဘူး...”

“ညဇီးကွက်ဘုရင်က မင်းကို ကျေးဇူးတင်လိမ့်မယ်လို့ မင်း ထင်နေတာလား... မဟုတ်ဘူး... သူက မင်းကို အသုံးချပြီး သူ့ရဲ့ အောင်နိုင်ရေး လမ်းကြောင်းပေါ်က စွန့်ပစ်ပစ္စည်း တစ်ခုအဖြစ်ပဲ သတ်မှတ်လိမ့်မယ်...”

“မင်းက တကယ့်ကို အရူးပဲ...”

“ဒါပေမဲ့ တစ်ခါတလေ ဒီလောကကြီးမှာ ငါ့လို အရူးမျိုးတွေလည်း လိုအပ်ပါတယ်...”

ရှောင်ချင်အာက ပြတ်သားစွာ တုံ့ပြန်လိုက်၏။

“ငါ နောင်တရစရာ အများကြီး ရှိခဲ့ပေမယ့်... နတ်ဆိုးတွေကို ဆန့်ကျင်တိုက်ခိုက်ပြီး လူသားတွေအတွက် တိုက်ပွဲဝင်ခဲ့တာကိုတော့ တစ်ခါမှ နောင်တမရခဲ့ဖူးဘူး...”

ရှောင်လျဲ့ တစ်ယောက် တိတ်ဆိတ်သွားတော့သည်။

တကယ်တမ်းတော့... အစ်မဖြစ်သူ၏ ရင်တွင်းမှ လာသည့် ပြင်းပြပြီး မယိမ်းယိုင်သော စိတ်ဆန္ဒကို သူ မည်သို့မျှ မခံစားမိဘဲ နေမည်နည်း။

ထိုအရာနှင့် နှိုင်းယှဉ်လိုက်ပါက သူကိုယ်တိုင်မှာ အလွန်တရာ အရုပ်ဆိုး အကျည်းတန်ပြီး အားနည်းနေသကဲ့သို့ ခံစားနေရ၏။

အရွယ်ရောက်ပြီး စစ်မြေပြင်သို့ ဝင်ရောက်လာကတည်းက တွေဝေနေချိန်တွင်ပင် မိမိ၏ နှလုံးသား လမ်းညွှန်ရာကို ဘယ်သောအခါမျှ မမေ့လျော့တတ်သည့် ခိုင်မာသော စိတ်နှလုံးကို ပိုင်ဆိုင်ထားသည့် အစ်မဖြစ်သူကို သူ အမြဲတမ်း မနာလို ဖြစ်ခဲ့ရသည်။

သူ့ကျတော့ရော...

အမုန်းတရားများက သူ၏ နှလုံးသားကို ဝါးမြိုနေပြီး အတ္တများက သူ့ကို အသက်ရှူကျပ်စေကာ ဂုဏ်သိက္ခာနှင့် စည်းစိမ်ကို တောင့်တနေသော်လည်း တုန်လှုပ်နေသော စိတ်ဆန္ဒကြောင့် ချည်နှောင်ခံထားရသည်။

သူ ဘာကိုမှ မလုပ်နိုင်သကဲ့သို့ ဖြစ်နေ၏။

ရွှံ့နွံထဲတွင် ပိတ်မိနေပြီး အသက်ရှင်ရန် တောင့်တနေသည်... အမှောင်ထုထဲတွင် ပုန်းအောင်းနေပြီး အလင်းရောင် ရရှိရန် ဆုတောင်းနေသည်။

အရာအားလုံးကို လိုချင်သော်လည်း မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်နိုင်ခဲ့ချေ။

‘ငါ့အစ်မက အရူးလား...’

ရှောင်လျဲ့ တစ်ခါမျှ ထိုသို့ မတွေးခဲ့ဖူးပေ။ သူ ဝန်မခံရဲခြင်းသာ ဖြစ်ပြီး သနားစရာကောင်းပြီး အရေးမပါသော သူ၏ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို အစ်မဖြစ်သူအား ဝေဖန်ခြင်းဖြင့် ဖြေသိမ့်လိုခြင်းသာ ပင်။

“သေချာ စဉ်းစားပြီးပြီလား... နင် ဘာဆက်လုပ်မှာလဲ...”

ရှောင်ချင်အာက ထပ်မံ၍ မေးခွန်းထုတ်လိုက်၏။

“ငါ...”

ရှောင်လျဲ့မှာ လမ်းပျောက်ကာ မရေမရာ ဖြစ်သွားတော့သည်။

ထိုစဉ် သူ၏ လက်မောင်းကို တစ်စုံတစ်ခုက ရုတ်တရက် ထိုးဖောက်သွားပြီး သူ၏ စိတ်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။

‘မင်းသား ရှောင်... မင်းသမီးနဲ့ နှစ်ယောက်တည်း စကားပြောတဲ့အခါ မလှည့်စားခံရအောင် သတိထားပါ... နှလုံးသားမေးခွန်းကူ ဟာ အမြင့်ဆုံး စိတ်ဝိညာဉ် နည်းစနစ်အဖြစ် လူသိများပြီး အလွန်တရာ လှည့်စားတတ်ပါတယ်... ခင်ဗျား မတော်တဆ လွယ်လွယ်ကူကူပဲ ထောင်ချောက်ထဲ ကျသွားနိုင်တယ်...’

‘ဒါက ခင်ဗျားအတွက် ကျွန်တော် ပြင်ဆင်ပေးထားတဲ့ စိတ်ငြိမ်ဆေးပါ... သဲကန္တာရရဲ့ အထူးထုတ် ပစ္စည်းတစ်ခုပေါ့...’

‘ခင်ဗျား လမ်းပျောက်နေတဲ့ အချိန်မှာ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာအောင် ကူညီပေးနိုင်လိမ့်မယ်...’

‘သတိရပါ...ကျွန်တော်တို့မှာ ရည်မှန်းချက် တစ်ခုတည်းပဲ ရှိတယ်... အဲဒါက ကလဲ့စားချေဖို့ပဲ...’

ထိုအေးစက်စက် အသံကြောင့် ရှောင်လျဲ့ အလွန်တရာ အလန့်တထိတ်

ဖြစ်သွားတော့၏။

‘သီသီလေးပဲ...’

‘ငါ နည်းနည်းလေး နေရင် အလိမ်ခံရတော့မလို့...’

“အစ်မ...”

သူက ပြန်လည် စကားစလိုက်ပြီး ဤတစ်ကြိမ်တွင်မူ ခေါ်ဝေါ်ပုံကို ပြောင်းလဲလိုက်သည်။

ရှောင်ချင်အာ အံ့အားသင့်သွား၏။ ဤအခြင်းအရာက သူမထံသို့ ရှောင်လျဲ့ ပထမဆုံးအကြိမ် အရှုံးပေးလိုက်ခြင်းပင် ဖြစ်မည်။

“အစ်မ ပြောတာတွေကို ကျွန်တော် နားလည်ပါတယ်...”

ရှောင်လျဲ့က ဝင်ထိုင်လိုက်ပြီး ပိုမို တည်ငြိမ်လာပုံ ရသည်။

“ဒါပေမဲ့ အစ်မက ညဇီးကွက်ဘုရင်ကို အမြဲတမ်း အထင်ကြီးလွန်းနေပြီး ကျွန်တော့်ကိုတော့ အမြဲတမ်း အထင်သေးနေတယ် ဆိုတာကိုရော အစ်မ စဉ်းစားမိရဲ့လား...”

ရှောင်ချင်အာက မျက်မှောင်ကြုတ်လိုက်၏။

“နင် အတိအကျ ဘာပြောချင်တာလဲ...”

သူမသည် နှလုံးသားမေးခွန်းကူ ဖြင့် လူများ၏ စိတ်ကို လှည့်စားရန် ကူနည်းစနစ်ကို အသုံးပြုခဲ့ပြီး အောင်မြင်ခါနီး ဖြစ်ခဲ့သော်လည်း တစ်စုံတစ်ခု၏ ဟန့်တားခံလိုက်ရသည်။

ရှောင်လျဲ့က ကြိုတင် ပြင်ဆင်ထားပုံ ရသည်။

“ညဇီးကွက်ဘုရင် ဟာ အရှုံး မရှိတဲ့သူ မဟုတ်ပါဘူး... သူက နတ်ဘုရားမှ မဟုတ်တာ... သူလည်း သွေးထွက်တတ်ပြီး အရေးနိမ့်ခဲ့ဖူးတာပဲ...”

ရှောင်လျဲ့က ဆက်ပြောသည်။

“ကျွန်တော့်ရဲ့ ချန်းလန်နယ်မြေ၊ ဟန်ဘုရင် ဟိုင်ဝူကျင်း၊ ချန်ဘုရင် ကျောက်ချန်ဖုန်း နဲ့ စစ်သူကြီး ပိုင်ချန် တို့ ပေါင်းလိုက်ရင် သူ့ထက် အင်အားမနည်းပါဘူး...”

“အစ်မ... အခု အစ်မက တောင်ပိုင်း ကင်းလှည့်စစ်တပ်ကို ဦးဆောင်ပြီး ကျွန်တော်တို့နဲ့ လာပူးပေါင်းမယ်ဆိုရင် ညဇီးကွက်ဘုရင်ကို သေချာပေါက် အကြီးအကျယ် ထိုးနှက်နိုင်မှာပဲ...”

‘အောင်ပွဲ... မဝေးတော့ဘူး...’

“ညဇီးကွက်ဘုရင် မရှိရင်တောင် ကျွန်တော်တို့ နတ်ဆိုးတွေကို နှင်ထုတ်နိုင်ပြီး ဒီနယ်မြေကို ကာကွယ်ပေးနိုင်တယ်...”

ရှောင်လျဲ့သည် ပြောရင်းဆိုရင်း ပိုမို စိတ်လှုပ်ရှားလာကာ သူ၏ နှလုံးသားမှာ ပြင်းပြသော ဆန္ဒများဖြင့် ပြည့်နှက်လာတော့၏။

သို့သော် ရှောင်ချင်အာက ထိုအခြေအနေကို ရေအေးဖြင့် ပက်ဖျန်းလိုက်သည်။

“နင် အရင်မင်းဆက်ဟောင်းက အကြွင်းအကျန်တွေ ဖြစ်တဲ့ မုရုံ မျိုးနွယ်စုနဲ့ ပူးပေါင်းကြံစည်နေတာလား...”

“အစ်မ... ဘယ်လိုလုပ် သိတာလဲ...”

ရှောင်လျဲ့ တစ်ယောက် ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။

“ငါ သိရုံတင် မကဘူး... တခြားလူတွေ အများကြီးလည်း သိတယ်... နင် အမုန်းဆုံး ဖြစ်တဲ့ ညဇီးကွက်ဘုရင်တောင် သိနေပြီ...”

ရှောင်ချင်အာက အံတင်းတင်းကြိတ်လျက် တုံ့ပြန်လိုက်၏။

“ရှောင်လျဲ့... နင့်ရဲ့ ကိုယ်ပိုင် မျိုးရိုးနာမည်ကို နင်.. မေ့သွားပြီလား... အဲဒီတုန်းက ကျန်း အင်ပါယာ မင်းဆက်ကို ဖျက်ဆီးဖို့ စစ်နတ်ဘုရား ထိုက်ဇူ နောက်ကို လိုက်ခဲ့တာ ရှောင်ဘိုးဘေးပဲ... သူတို့ ပြိုလဲပျက်စီးသွားရတာက ငါတို့ ရှောင်မျိုးနွယ်စုရဲ့ ကြီးမားတဲ့ လက်ချက်ကြောင့်ပဲ...”

“ငါတို့ အောင်မြင်ပြီးသွားရင် မုရုံမျိုးနွယ်စုက ငါတို့ကို အလွတ်ပေးလိမ့်မယ်လို့ နင် ထင်နေတာလား...”

“မုရုံမျိုးနွယ်စုက ဒီလောက် နက်ရှိုင်းတဲ့ အမုန်းတရားတွေကို ရင်ဘတ်ထဲ သိမ်းဆည်းပြီး အချိန်အကြာကြီး ပုန်းအောင်းနေခဲ့တာ... သူတို့က ရှောင်မျိုးနွယ်စုနဲ့ တကယ်ပဲ ပြန်လည် သင့်မြတ်နိုင်မယ်လို့ မင်း ထင်နေတာလား...”

စကားလုံးတိုင်းက ဓားမြှောင် တစ်လက်ကဲ့သို့ ရှောင်လျဲ့၏ ရင်ဘတ်ကို အဆက်မပြတ် ထိုးဖောက်နေတော့သည်။

“ကျွန်တော် သူ့ကို အသုံးချနေတာပါ...”

ရှောင်လျဲ့က အားတင်းကာ ရင်ဘတ်ကို ကော့လိုက်သော်လည်း သူ၏ လက်များမှာမူ ထိန်းမရအောင် တုန်ယင်နေလေပြီ။

“နင် သိပ်ကို ရိုးအလွန်းတယ်...”

ရှောင်ချင်အာက လှောင်ပြောင်လိုက်၏။

“နင်က သူ့ကို အသုံးချတယ်... ဟင်း... နင်.. တကယ်ပဲ သူ့ကို အသုံးချခဲ့တယ် ဆိုရင်... အခြေအနေတွေ ဒီအထိ ဆိုးရွားလာမှာ မဟုတ်ဘူး...”

“အစ်မ စိတ်ထဲမှာ ကျွန်တော်က အဲဒီလောက်တောင် အရည်အချင်း မရှိဘူးလား...”

ရှောင်လျဲ့က ဒေါသတကြီး ပြန်လည် မေးခွန်းထုတ်လိုက်သည်။

“နင် တကယ်ပဲ မကြီးပြင်းသေးဘူး... ကလေးဘဝမှာပဲ ရပ်တန့်နေတုန်းပဲ... သိုင်းပညာရှင်က ပိုအစွမ်းထက်လား..ကူသခင်က ပိုအစွမ်းထက်လား ဆိုတာကို အခုထိ ငါနဲ့ ငြင်းခုံနေတုန်းပဲ...”

ရှောင်ချင်အာက တည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။

“ဒါဆို အစ်မကကော...”

ရှောင်လျဲ့က ပြန်လည် ချေပလိုက်သည်။

“ဘယ်သူ့အတွက် အစ်မက နိုင်ငံရဲ့ နယ်စပ်ကို စောင့်ကြပ်နေတာလဲ... အစ်မမှာ သခင်ဆိုတာ မရှိတော့ဘူး... ကျေးကျွန် တစ်ယောက် ဖြစ်ရတာကို အစ်မ ကျေနပ်နေတာလား...”

မောင်နှမ နှစ်ဦးသည် ဆူညံခြင်းနှင့် တိတ်ဆိတ်ခြင်း အလှည့်ကျဖြင့် အချေအတင် ငြင်းခုံနေကြကာ ဤအမှတ်သို့ ရောက်သောအခါ သူတို့၏ စကားလုံးများမှာ ပိုမို ရက်စက်ကြမ်းတမ်းလာကြလေပြီ။

ရှောင်ချင်အာက တည်ငြိမ်မှုကို ထိန်းသိမ်းထားလျက် မေးလိုက်၏။

“အရင်ဆုံး ငါ့ကို ပြောစမ်းပါဦး... ချန်းလန်မှာရှိတဲ့ ညဇီးကွက် သက်တော်စောင့်တွေရဲ့ စခန်းကို ဖျက်ဆီးပစ်ဖို့ နင်ကိုယ်တိုင် အမိန့်ပေးခဲ့တာလား... ဒါမှမဟုတ် အတင်းအကျပ် ခိုင်းစေခံခဲ့ရတာလား...”

“ဒီအခြေအနေ ရောက်နေမှတော့ နင် ဒီလောက် ခေါင်းမာမနေတော့ဘူးလို့ မျှော်လင့်ပါတယ်...”

“ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ... ဒီအရာအားလုံးက တကယ်ပဲ နင် ဆန္ဒရှိခဲ့တဲ့ အရာတွေလား...”

“ဘုန်း…”

“အစ်မ...”

ရှောင်လျဲ့၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။ သူ့ကို အထိနာဆုံး နေရာအား တကယ်ကို ထိမှန်သွားခဲ့ပြီ မဟုတ်ပါလော။

ရှောင်ချင်အာကမူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိခဲ့ချေ။

“နင် ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်အောင် မလုပ်နိုင်သေးဘူး ထင်တယ်...”

ရှောင်လျဲ့သည် လက်သီးများ တင်းတင်းဆုပ်ကာ မျက်ထောင့်နီဖြင့် အစ်မဖြစ်သူအား စူးစူးရဲရဲ ကြည့်လိုက်၏။

“ကျွန်တော်တို့ ငယ်ငယ်ကတည်းက ငြင်းခုံလာခဲ့တာနော်... ကူသခင်က ပိုအစွမ်းထက်လား၊ သိုင်းပညာရှင်က ပိုအစွမ်းထက်လား လို့ ငြင်းခဲ့ကြတယ်... ညဇီးကွက်ဘုရင်ရဲ့ အကောင်းနဲ့ အဆိုးကိုလည်း ငြင်းခဲ့ကြတယ်... ပုန်ကန်မှု စတင်ခြင်းရဲ့ အမှားနဲ့ အမှန်ကိုလည်း ငြင်းခဲ့ကြတယ်... ကျွန်တော်တို့ရဲ့ ငြင်းခုံမှုတွေက ဘယ်တော့မှ အဆုံးသတ် မရှိခဲ့ဘူး...”

“ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် အယုံမသွင်းနိုင်မှတော့... ယှဉ်ပြိုင်ကြည့်ကြတာပေါ့... တစ်ယောက်ချင်းစီ... ချန်းလန်စစ်တပ်က ညီအစ်ကို မောင်နှမတွေကို ကျွန်တော်တို့နဲ့အတူ သွေးမြေမကျစေနဲ့တော့...”

“ရှောင်ချင်အာ... အစ်မ... သတ္တိရှ်ိပါသလား…”

All Chapters