ကွဲပြားသော ကံကြမ္မာများ
Vol. 22 Ch. 242
“ဘာကို ကြောက်နေရမှာလဲ...”
ရှောင်ချင်အာက မာနထောင်လွှားစွာဖြင့် မတ်တတ်ရပ်လိုက်သည်။ သူမ၏ ကိုယ်ခန္ဓာက ယောက်ျားသားများကဲ့သို့ မထွားကျိုင်းသော်လည်း သူမ၏ အရှိန်အဝါကမူ မည်သည့် ယောက်ျားသားထက်မျှ အားနည်းခြင်း မရှိခဲ့ချေ။
“ရှောင်လျဲ့... နင်က ကူသခင် အနွယ်ဝင်တွေကို အမြဲတမ်း အထင်သေးခဲ့တယ်... လမ်းစဉ်က မှားယွင်းနေတာ မဟုတ်ဘဲ အရည်အချင်းမရှိတဲ့ လူတွေကသာ မှားယွင်းနေတာ ဆိုတာကို ဒီနေ့ နင့်ကို ငါ လက်တွေ့ ပြသပေးမယ်...”
ချန်းလန်စစ်တပ်နှင့် တောင်ပိုင်း ကင်းလှည့်စစ်တပ်ရှိ ညီအစ်ကို မောင်နှမများကို စစ်ပွဲအတွင်း မဆွဲသွင်းဘဲ ဤကဲ့သို့ ဖြေရှင်းသည့် နည်းလမ်းက ရှောင်ချင်အာ အလိုချင်ဆုံးသော ရလဒ်ပင်။
“ကောင်းပြီလေ... လာခဲ့...”
ရှောင်လျဲ့ကလည်း အခြားသူများကို အလွန်အကျွံ ဆွဲမသွင်းလိုခဲ့ချေ။
သိုင်းပညာ ကျင့်ကြံခြင်း လမ်းကြောင်းသည် ခြေရာခံ၍ ရနိုင်သော လမ်းကြောင်းဖြစ်ပြီး သူသည် ရှောင်ချင်အာထက် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် ပိုမို အချိန်ကြာမြင့်စွာ လျှောက်လှမ်းခဲ့သူ ဖြစ်၏။ ထို့အပြင် ရှောင်မျိုးနွယ်စု၏ သိုင်းပညာ အမွေအနှစ်များ၏ အကူအညီဖြင့် သူသည် မကြာသေးမီကမှ အဋ္ဌမအဆင့် သိုင်းသူတော်စင် အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ တူညီသော အဆင့်ရှိ ကူသခင် တစ်ယောက်ကို ရှုံးနိမ့်မည် မဟုတ်ကြောင်း သူ အပြည့်အဝ ယုံကြည်မှု ရှိနေ၏။
“ပြိုင်ပွဲ မစခင်... တစ်ယောက်ယောက်က ကတိဖျက်မှာ စိုးလို့ ငါတို့ရဲ့ သဘောတူညီချက်ကို ချန်းလန်စစ်တပ်နဲ့ တောင်ပိုင်း ကင်းလှည့်စစ်တပ်က စစ်သူကြီးတွေကို အရင် အသိပေးလိုက်ပါဦး...”
ရှောင်ချင်အာက ဝင်ရောက်ပြောဆိုလိုက်သည်။
“ကျွန်တော်လည်း အဲဒီလိုပဲ တွေးနေတာပါ...”
ရှောင်လျဲ့၏ မျက်နှာတွင် မာနထောင်လွှားသော အမူအရာများ ပေါ်လွင်နေ၏။
သူတို့ မောင်နှမ နှစ်ဦး မင်းသားစံအိမ်မှ ထွက်လာသောအခါ အပြင်ဘက်ရှိ လူအုပ်ကြီးက အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့၏။ သူတို့ နှစ်ဦး ထွက်လာသည်ကို မြင်လိုက်ရသောအခါ လူတိုင်း၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာကြတော့သည်။ စစ်သူကြီးဟောင်း ကျိုးပုဖျင် က ရှေ့သို့ ထွက်လာကာ လက်ယှက်၍ ဂါရဝပြုပြီး မေးမြန်းလိုက်၏။
“မင်းသား နဲ့ မင်းသမီး... ဆွေးနွေးပွဲက ဘယ်လို အဆုံးသတ်သွားပါသလဲ ခင်ဗျာ...”
“တိုက်မယ်...”
ရှောင်လျဲ့က ဟိန်းဟောက်လိုက်သည်။
ကျိုးပုဖျင် တစ်ယောက် တုန်လှုပ်သွားပြီး “တိုက်မယ်... ဟုတ်လား...” ဟု ဇဝေဇဝါဖြင့် မေးလိုက်၏။
တိုက်ခိုက်ကြတော့မည်ဆိုလျှင် သူတို့ မောင်နှမ နှစ်ဦးက မည်သို့.. ဤမျှ ရင်းနှီးစွာဖြင့် အတူတကွ ထွက်လာနိုင်ကြပါသလဲ။
ရှောင်ချင်အာက ရှင်းပြလိုက်သည်။
“ချန်းလန်စစ်တပ်နဲ့ တောင်ပိုင်း ကင်းလှည့်စစ်တပ်က တိုက်ခိုက်ကြမှာ မဟုတ်ဘူး... ငါနဲ့ ရှောင်လျဲ့ နှစ်ယောက်တည်း တိုက်ခိုက်ကြမှာ... ဘယ်သူ နိုင်နိုင် အရှုံးပေးတဲ့ဘက်က အနိုင်ရတဲ့ဘက်ရဲ့ စကားကို နားထောင်ရမယ်...”
“ဟုတ်တယ်...”
ရှောင်လျဲ့က ခေါင်းညိတ် ထောက်ခံလိုက်၏။
“စစ်သူကြီး ကျိုး... ချန်းလန်စစ်တပ်က တပ်မှူးတွေ အားလုံး မြို့တော်ကို လာခဲ့ကြဖို့ ငါ့အမိန့်ကို ဆက်ဆင့်ပေးလိုက်ပါ...”
ရှောင်ချင်အာကလည်း ဝင်ရောက် မှာကြားလိုက်သည်။
“စစ်သူကြီး လီ... တောင်ပိုင်း ကင်းလှည့်စစ်တပ်က တပ်မှူးတွေကိုပါ ဒီကို ဖိတ်ခေါ်ခဲ့ပါ...”
ကျိုးပုဖျင် နှင့် လီရော့ချန် တို့က ထူးဆန်းသော အကြည့်များဖြင့် အချင်းချင်း ကြည့်လိုက်ကြ၏။
‘ဘာလို့ ဒီလောက်တောင် ပေါ့ပျက်ပျက် နိုင်နေရတာလဲ...’
သို့သော် ဤအခြင်းအရာက သူတို့ နှစ်ဦးစလုံး မျှော်လင့်ထားသည့် အရာပင် ဖြစ်သည်။ သွေးထွက်သံယို မရှိဘဲ ဤပဋိပက္ခကို အဆုံးသတ်နိုင်ခြင်းက အကောင်းဆုံးပင်။
လက်ရှိ အခြေအနေအရ ညဇီးကွက်ဘုရင် နှင့် စစ်သူကြီး ပိုင်ချန် တို့ ဖွဲ့စည်းထားသော မဟာမိတ် အဖွဲ့တွင် မည်သူ နိုင်မည်၊ မည်သူ ရှုံးမည်ကို ပြောရန် အလွန် ခက်ခဲလှ၏။ သူတို့ကိုယ်တိုင်လည်း အခြေအနေကို ရှင်းလင်းစွာ မမြင်နိုင်ကြချေ။
မကြာမီမှာပင် စစ်တပ် နှစ်ခုစလုံးမှ တပ်မှူးများသည် အမိန့်များကို လက်ခံရရှိသွား၏။
လီယွမ်သည် ရုပ်ဖျက်ကာ လီရော့ချန် ၏ နောက်မှလိုက်၍ မြို့တော်အတွင်းရှိ အကြီးဆုံးသော သိုင်းပြိုင်ကွင်းဆီသို့ ဝင်ရောက်လာခဲ့၏။
သိုင်းပြိုင်ကွင်း စင်မြင့်ထက်တွင် ရှောင်ချင်အာနှင့် ရှောင်လျဲ့ တို့က မျက်နှာချင်းဆိုင် ရပ်နေ၏။
ဤသည်မှာ လူသန်းပေါင်းများစွာ၏ အသက်အိုးအိမ် စည်းစိမ်နှင့် သက်ဆိုင်နေသော တိုက်ပွဲကြီး တစ်ရပ် ဖြစ်သင့်သော်လည်း လေထုမှာ ထူးဆန်းစွာ အေးစက်နေပြီး မကြာမီ ဆိုက်ရောက်လာတော့မည့် ကပ်ဘေးကြီး တစ်ခု၏ အရိပ်အယောင် လုံးဝ မရှိခဲ့ချေ။
‘ဒီ မောင်နှမ နှစ်ယောက်က တကယ့်ကို ထူးခြားတာပဲ...’
အချိန်အတော်ကြာ ငြင်းခုံပြီးနောက် ရှောင်ချင်အာ နှင့် ရှောင်လျဲ့ တို့သည် အဆုံးတွင် အလွန် ရိုးရှင်းသော နည်းလမ်းဖြင့် သူတို့၏ ပြဿနာကို ရှင်းလင်းရလိမ့်မည်ဟု လီယွမ် တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။
‘ဒါပေမဲ့... ဒါက တကယ်ပဲ အလုပ်ဖြစ်ပါ့မလား...’
သူ သံသယ ဝင်မိသည်။ အရေးအကြီးဆုံးမှာ မုရုံစု ကို သူ ယခုအထိ မမြင်ရသေးခြင်းပင်။ ထိုသူက ဤဖရိုဖရဲ လှိုင်းလုံးကြီး နောက်ကွယ်မှ အစစ်အမှန် တရားခံ ဖြစ်ပြီး အမှောင်ထုထဲတွင် ပုန်းအောင်းကာ အကွက်ဆင်နေမည်မှာ သေချာလှ၏။
သူ ဤနေရာသို့ လာရောက်ရသည့် အဓိက ရည်ရွယ်ချက်မှာ မုရုံစု ကို သတ်ဖြတ်ရန်ပင် ဖြစ်သည်။
မုရုံစု သာ သေဆုံးသွားပါက ရင့်ကျက်မှု မရှိသေးသော ဘုရင်လေး ရှောင်လျဲ့ ကို ရှောင်ချင်အာ က လိမ္မာရေးခြား ရှိစေရန် သင်ကြားပေးနိုင်မည်မှာ အသေအချာပင်။
‘ခဏလောက် စောင့်ကြည့်တာပေါ့...’
လီယွမ် အလျင်လိုမနေခဲ့ချေ။ ရှောင် မောင်နှမ၏ တိုက်ပွဲ ပြီးဆုံးသွားသည်နှင့် မည်သူ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ မုရုံစု ၏ အစစ်အမှန် မျက်နှာစာက ပေါ်ထွက်လာမည်သာပင်။
လီယွမ် စင်မြင့်ဆီသို့ အကြည့်ပို့လိုက်သည်။
ယုတ္တိဗေဒအရ ကြည့်လျှင် ကြိုတင် ပြင်ဆင်မှု မရှိထားသော ကူသခင် တစ်ယောက်အနေဖြင့် ကန့်သတ်ထားသော နေရာတစ်ခုအတွင်း သိုင်းပညာရှင် တစ်ယောက်ကို ထိပ်တိုက် ရင်ဆိုင် အနိုင်ယူရန်မှာ အလွန် ခက်ခဲလှသည်။
သို့သော် ရှောင်ချင်အာ ကမူ ခြားနား၏။ သူမသည် အဆန်းတကြယ် ကူစာရင်း တွင် အဆင့် (၃) ချိတ်သော နှလုံးသားမေးခွန်းကူ ကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။
နှလုံးသားမေးခွန်းကူ ၏ တိုက်ခိုက်ရေးစွမ်းရည်က အခြားသော တိုက်ခိုက်ရေး အမျိုးအစား အဆန်းတကြယ် ကူကောင်များ နှင့် ရှားပါး ကူကောင်များ ထက်ပင် များစွာ အားနည်းသော်လည်း ရှောင်လျဲ့ ကိုယ်တိုင်ကလည်း ပါရမီထူးသော သိုင်းပညာရှင် တစ်ယောက် မဟုတ်ခဲ့ချေ။
သူ၏ အခြေခံမှာ အလွန် ယိမ်းယိုင်နေပြီး သူ၏ ကျင့်ကြံခြင်း အဆင့် တစ်ခုလုံးသည် မိသားစု၏ အရင်းအမြစ်များနှင့် မင်းသားများ၏ အမွေအနှစ်များကို အားကိုးကာ တည်ဆောက်ထားခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ရှောင်ချင်အာ အနိုင်ရရန် လီယွမ်.. ပိုမို ယုံကြည်နေမိ၏။
“လာခဲ့လေ...”
စင်မြင့်ထက်တွင် ရှောင်ချင်အာက စကားစတင်လိုက်သည်။
“ငါက အစ်မဆိုတော့ နင့်ကို အရင် အခွင့်အရေး ပေးမယ်...”
“ဘယ်သူက အစ်မ အခွင့်အရေး ပေးတာကို လိုချင်လို့လဲ...”
ရှောင်လျဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“ကောင်းပြီလေ... ဒါဆိုရင်လည်း ငါက အခွင့်အရေး မပေးတော့ဘူး...”
“ဂျုန်း…”
ရှောင်လျဲ့၏ စကားမဆုံးမီမှာပင် သူ၏ ခြေအောက်ရှိ မြေပြင်က ပေါက်ကွဲထွက်သွား၏။ တဆက်တည်း၌ အနက်ရောင် ကြိုးမျှင်များ အမြောက်အမြား ဖွဲ့တည်လာကာ သူ့ကို တင်းကျပ်စွာ ရစ်ပတ် ချည်နှောင်လိုက်တော့သည်။
ဒါက အလွန် အတွေ့ရများသော မြေတွယ်ကပ် တီကောင်အမျိုးအစား ကူကောင် ဖြစ်၏။ သို့သော် ရှောင်ချင်အာက မြေတွယ်ကပ် တီကောင် ရာပေါင်းများစွာကို တစ်ခဏအတွင်း အသက်သွင်းလိုက်ပြီး ရှောင်လျဲ့ ကို အဆက်မပြတ် ချည်နှောင်ကာ လွတ်မြောက်ရန် ခက်ခဲစေခဲ့သည်။
“ဖျက်ဆီးစမ်း...”
ရှောင်လျဲ့က ဟိန်းဟောက်လိုက်ပြီး သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။
“သနားကြင်နာမှုနဲ့ စစ်ရေးစွမ်းရည် ကိုးကွက်... လေဆင်နှာမောင်း...”
“ဝါးမျှား ကူ...”
ပြင်းထန်လှသော ဓားစိတ်ဆန္ဒများက မြေတွယ်ကပ် ကူများကို ဖျက်ဆီးရန် ရည်ရွယ်ကာ လှဲကျင်းသွားသော်လည်း သိပ်သည်းလှသော ကူမြှားများက သူ့ကို ကာကွယ်ရန် ဖိအားပေးလိုက်၏။ ရှောင်ချင်အာက အကွာအဝေး တစ်ခုကို ထိန်းသိမ်းထားပြီး သူမ၏ ပတ်လည်တွင် ဧရာမ ကူကောင်များက ဝိုင်းရံထားသည်။
“အကျိုးနည်းပိုးကောင်တွေ... မင်းတို့ ငါ့ကို တားနိုင်မလား ဟမ့်...”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှောင်လျဲ့က ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို စုစည်းလိုက်သည်။
“ကောင်းကင်ဘုံ ဖြစ်စဉ်... ချိတ်ဆွဲထားတဲ့ ဓားမြို့တော်...”
“ဝုန်း…”
ထူးဆန်းလှသော သိုင်းတာအို ကောင်းကင်ဘုံ ဖြစ်စဉ်ကြီး ရုတ်တရက် ကျဆင်းလာတော့၏။
မြို့တံခါးကြီး တစ်ခု။
မြို့တံခါးကြီး အပေါ်တွင် ဓားရှည်ကြီး တစ်လက် ချိတ်ဆွဲထားသည်။
ရှောင်လျဲ့က ဓားကို လွှဲယမ်းလိုက်သည်နှင့်အမျှ မြို့တံခါးပေါ်ရှိ ဓားရှည်ကြီးကလည်း တပြိုင်နက်တည်း တုန်ခါသွားပြီး ဓားရိပ်များ အဆက်မပြတ် ထွက်ပေါ်လာကာ လိုက်ပါ တိုက်ခိုက်တော့သည်။
ရေတွက်၍ မရနိုင်သော ဓားရိပ်များက ဧရာမ မြေတွယ်ကပ် ကူများကို မြန်မြန်ဆန်ဆန် ဖျက်ဆီးပစ်လိုက်၏။
ရှောင်ချင်အာကမူ အနည်းငယ်မျှပင် မတုန်လှုပ်ခဲ့ချေ။
“နင့်ဆီမှာ ကောင်းကင်ဘုံ ဖြစ်စဉ် ရှိသလို... ငါ့ဆီမှာလည်း ရှိတယ်...”
“နှလုံးသား ညွှန်ပြ ကူမိခင်...”
ရှောင်ချင်အာ၏ နတ်ဘုရားနယ်ပယ် က အလွန်တရာ အစွမ်းထက်လှပြီး သူမသည် သတ္တမအဆင့် နောက်ပိုင်းကာလ တွင် သူမ၏ ကူအိမ်ကို စတင် တည်ဆောက်ခဲ့ကာ အဋ္ဌမအဆင့် သို့ ဝင်ရောက်ချိန်တွင် အပြီးသတ်နိုင်ခဲ့သည်။
ကူအိမ်မှ ကောင်းကင်ဘုံ ဖြစ်စဉ်ကြီး တစ်ခု ထွက်ပေါ်လာပြီး ဧရာမ ပိုးမွှားကြီး တစ်ကောင်က ရှောင်ချင်အာ၏ နောက်ကျောတွင် ပေါ်လာကာ သူမ၏ ပခုံးထက်တွင် ရစ်ပတ်နေတော့၏။
“တစ္ဆေအသံ ကူ...”
ထို့နောက် သူမက နောက်ထပ် လက်အောက်ခံ ကူအမျိုးအစား တစ်ခုကို အသက်သွင်းလိုက်ရာ တစ္ဆေအသံ ကူ အမြောက်အမြားက သူတို့၏ အတောင်ပံများကို ခတ်ကာ အဆက်မပြတ် မြည်ဟည်းနေကြပြီး ရှောင်လျဲ့ ၏ စိတ်ကို အနှောင့်အယှက် ပေးကာ ဝေဝေဝါးဝါး ဖြစ်သွားစေတော့သည်။ နှလုံးသား ညွှန်ပြ ကူမိခင်၏ အကျိုးသက်ရောက်မှုကြောင့် သူ၏ စိတ်များ လွင့်မျောသွားရသည်။
မှုန်ဝါးဝါး အမြင်များကြားတွင် ရှောင်လျဲ့သည် သူ၏ ဖခင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူက ထိုအာရုံချောက်ချားမှုများကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ကာ ဓားကို မြှောက်လိုက်သည်။ သို့သော် မျက်မြင်မရသော ကြီးမားလှသည့် လက်တစ်စုံက သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာတော့၏။
“လျဲ့အာ... ဓားကို အဲဒီလို မကိုင်ရဘူးလေ...”
ရှောင်လျဲ့၏ ခန္ဓာကိုယ်မှာ သိမ့်သိမ့်ခါသွားပြီး တောင်ကြီးတစ်လုံးပမာ မြင့်မားလှသော ဖခင်ဖြစ်သူကို ရုတ်တရက် မော့ကြည့်လိုက်မိသည်။ ငယ်ဘဝသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ သူ ခံစားလိုက်ရ၏။ သူ၏ ဖခင်က သူ့ကို ဓားဘယ်လို ကိုင်ရမလဲ ဆိုသည်ကို ပထမဆုံးအကြိမ် သင်ကြားပေးနေခြင်းပင်။
“လျဲ့အာ... ရှောင်မျိုးနွယ်စုရဲ့ ဓားသိုင်းကို သနားကြင်နာမှုနဲ့ စစ်ရေးစွမ်းရည် ကိုးကွက် လို့ ခေါ်တယ်... အဲဒါကို ရှောင်မျိုးနွယ်စုရဲ့ ပထမဆုံး ဘိုးဘေးကြီးက ဖန်တီးခဲ့ပြီး မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းလာခဲ့တာ... အဲဒီသိုင်းက သနားကြင်နာတတ်သူတွေက ရှုံးနိမ့်ခြင်း မရှိဘူး... ပြီးတော့ စစ်ရေးစွမ်းရည်က လောကကြီးကို အုပ်ချုပ်နိုင်တယ် လို့ အဓိပ္ပာယ်ရတယ်... သိုင်းကွက်တွေက ဖြောင့်မတ်ပြီး ခမ်းနားတယ်... ကာကွယ်ခြင်းကို တိုက်ခိုက်ခြင်းအဖြစ် အသုံးပြုတယ်... သတ်ဖြတ်ခြင်းထက် ဟန့်တားခြင်းကို ပိုပြီး အလေးထားတယ်...”
“မင်းရဲ့ နတ်ဆိုးဆန်တဲ့ ဒေါသတွေက အရမ်းကို ကြီးမားလွန်းနေတယ်... မင်းက အဲဒီဓားသိုင်းရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး...”
“အဖေ... ကျွန်တော် ဓားကို ဘယ်လို ကိုင်ရမလဲ...” ရှောင်လျဲ့က မေးလိုက်၏။
“အဖေ မင်းကို သင်ပေးနိုင်ပါတယ်... ဒါပေမဲ့ မင်းကိုယ်တိုင် အစစ်အမှန် အဓိပ္ပာယ်ကို နားလည်အောင် မင်းရဲ့ နှလုံးသားကို မေးကြည့်ဖို့ လိုတယ်...”
ရှောင်ယွမ်က တုံ့ပြန်လိုက်သည်။
“ကျွန်တော်...”
ရှောင်လျဲ့သည် ဓားကို အကြိမ်ကြိမ် လွှဲယမ်းလိုက်သော်လည်း ဖခင်ဖြစ်သူ၏ စိတ်ပျက်လက်ပျက် ခေါင်းခါပြခြင်းကိုသာ ရရှိခဲ့သည်။
“မဟုတ်ဘူး... အဲဒီလို မဟုတ်ဘူး...”
“ဖျက်ဆီးစေ...”
“တောင်တွေနဲ့ မြစ်တွေက အတူတူ ဝမ်းနည်းပူဆွေးနေတယ်... အပြစ်တွေကို ရှုတ်ချစမ်း...”
သူ၏ ရူးသွပ်စွာ ဟိန်းဟောက်သံနှင့် အသိမဲ့စွာ တိုက်ခိုက်မှုများက ချိတ်ဆွဲထားတဲ့ ဓားမြို့တော် ကောင်းကင်ဘုံ ဖြစ်စဉ်မှ ထွက်ပေါ်လာသော ဓားရိပ်များကို အားကိုးထားပြီး အာရုံချောက်ချားမှုများကို မဖျက်ဆီးမီ သူ့ကိုယ်သူပင် ဒဏ်ရာရစေခဲ့သည်။
“ရှောင်လျဲ့... ငါက သနားကြင်နာမှုနဲ့ စစ်ရေးစွမ်းရည် ကိုးကွက် ကို မသင်ယူခဲ့ရပေမယ့်... ဓားကို အဲဒီလို ကိုင်ရတာ မဟုတ်ဘူးဆိုတာကိုတော့ ငါ သိတယ်...”
ရှောင်ချင်အာက သူ့ကို စိုက်ကြည့်လျက် ပြောဆိုလိုက်၏။
“ကူသခင် တစ်ယောက်ဖြစ်တဲ့ အစ်မက... ကျွန်တော့်ကို လာဆုံးမဖို့ ဘာအခွင့်အရေး ရှိလို့လဲ...”
ချိတ်ဆွဲထားတဲ့ ဓားမြို့တော် မှ ထွက်ပေါ်လာသော အဆုံးမဲ့ ဓားရိပ်များကို အသုံးပြုကာ ရှောင်လျဲ့သည် အကွာအဝေးကို ကျဉ်းမြောင်းစေရန် အဆက်မပြတ် ရှေ့သို့ တိုးဝင် တိုက်ခိုက်နေတော့သည်။ သို့သော် ရှောင်ချင်အာက လေခွင်း လိပ်ပြာ အမြောက်အမြားကို စီးနင်းကာ သူ့ကို အနီးသို့ ကပ်ခွင့်မပေးဘဲ ရှောင်တိမ်းနေ၏။
“ရှောင်လျဲ့... ငါက ကူသခင် ဖြစ်ပေမယ့်... ရှောင်မျိုးနွယ်စုရဲ့ အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်တယ်...”
“အဖေက သနားကြင်နာမှုနဲ့ စစ်ရေးစွမ်းရည် ကိုးကွက် ကို သရုပ်ပြတာကို ငါ မြင်ဖူးတယ်... နင်က အဖေ့ထက် အများကြီး အားနည်းနေသေးတယ်...”
“နင့်ရဲ့ စိတ်က မတည်ငြိမ်ဘူးဆိုရင်... အဲဒီသိုင်းရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို နင် ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး...”
“အစ်မနဲ့ ဘာဆိုင်လို့လဲ...”
ရှောင်လျဲ့က ရူးသွပ်နေသူ တစ်ယောက်လို အတင်း လိုက်လံ တိုက်ခိုက်နေသော်လည်း လှောင်ပြောင် ကစားခံနေရလေသည်။
သူ ထုတ်လွှတ်လိုက်သော ဓားချီ များက တစ်ခါတစ်ရံ ရှောင်ချင်အာ ထံသို့ ရောက်ရှိသွားသော်လည်း ရွှေရောင်ဝတ်ရုံ ကူများက လွယ်ကူစွာပင် ဟန့်တားပစ်လိုက်သည်။
စင်မြင့်အောက်ရှိ ချန်းလန်၏ လက်အောက်ခံဟောင်းများ အားလုံး၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများ ပေါ်လွင်နေ၏။
မင်းသားနှင့် မင်းသမီးတို့သည် ရှင်းလင်းစွာပင် အဆင့်အတန်းချင်း မတူညီကြချေ။
မင်းသား၏ တိုက်ခိုက်ရေးစွမ်းရည်များက အလွန်တရာ နုနယ်လွန်းနေပြီး မင်းသမီးမှာမူ နယ်စပ်တွင် နှစ်ပေါင်းများစွာ နတ်ဆိုးများကို တိုက်ခိုက်လာခဲ့သူ ဖြစ်ရာ သူမ၏ တိုက်ခိုက်ရေး နည်းစနစ်များက မင်းသားထက် များစွာ သာလွန်နေသည်။
ရလဒ်က ရှင်းလင်းနေလေပြီ။