ရှောင်လျဲ့၏ ရှုံးနိမ့်မှု..သွေးချောင်းစီး စစ်ပွဲကြီး စတင်ပြီ
Vol. 22 Ch. 243
“နင့်ရဲ့ ဓားက အရမ်း အစွမ်းထက်တယ်လို့ ထင်နေတုန်းပဲလား...”
ရှောင်ချင်အာက လှောင်ပြောင်လိုက်၏။
သူမက လက်ညှိုးတစ်ချောင်း ဆန့်ထုတ်လိုက်ရာ အနက်ရောင် ကျိုင်းကောင် အမြောက်အမြား ပျံသန်းထွက်ပေါ်လာတော့သည်။
“ဒါတွေကို လက်နက်မျို ကူတွေ လို့ ခေါ်တယ်... သူတို့က လက်နက်တွေကို ဝါးမြိုစားသောက်ဖို့ အထူး ကျွမ်းကျင်တယ်... နင့်ရဲ့ ဓားက လုံလောက်တဲ့ မာကျောမှု မရှိဘူးဆိုရင် သူတို့ရဲ့ စားသောက်မှုအောက်မှာ လုံးဝ ပျက်စီးသွားလိမ့်မယ်...”
“ကောင်စုတ်လေးတွေ... ငါ့ရဲ့ ဓားတစ်ချက်တည်းနဲ့ အားလုံးကို ခြေမွပစ်မယ်...”
ရုပ်သေးရုပ် တစ်ရုပ်လို လှည့်စား ကစားခံနေရသော ရှောင်လျဲ့ တစ်ယောက် ဤမျှလောက် အရှက်ကွဲရသည့် အဖြစ်မျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ချေ။
‘တကယ်ပဲ ငါက ဘာမှ အသုံးမကျတဲ့သူ တစ်ယောက် ဖြစ်နေတာလား’
‘ရှောင်မျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့ ဘိုးဘေးတွေနဲ့ ယှဉ်လိုက်ရင် ငါက တကယ်ပဲ အဲဒီလောက်တောင် အသုံးမကျ ဖြစ်နေတာလား...’
သူ၏ ဓားသိုင်းက ပိုမို ကြောက်မက်ဖွယ်ကောင်းလာပြီး ဖရိုဖရဲ ဖြစ်လာကာ ကောင်းကင်ဘုံ ဖြစ်စဉ် အပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းကလည်း စတင် ယိမ်းယိုင်လာပြီ ဆိုသည်ကို သူ လုံးဝ သတိမထားမိခဲ့ပေ။
“ဂျွတ်…”
သူ၏ ဓားပေါ်တွင် အက်ကွဲကြောင်း တစ်ခု စတင် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ရှောင်လျဲ့ အလန့်တထိတ်ဖြစ်သွားတော့၏။
‘ကျိုးသွားပြီလား...’
‘ငါ့ရဲ့ ကိုယ်ပိုင် ဓားက ပိုးကောင်လေးတွေ ကိုက်လို့ တကယ်ကြီး ပျက်စီးသွားတာလား...’
ဤဓားမှာ ဖခင်ဖြစ်သူ ဘုရင်ကြီးက ချန်းလန်ရှိ အကျော်ကြားဆုံးသော ပန်းပဲဆရာကို သူ့အတွက် အထူး သွန်းလုပ်ပေးရန် အပ်နှံထားသော နာမည်ကျော် ဓားတစ်လက် ဖြစ်သည်။ ထိုဓားက ပိုးကောင်လေးများ၏ ကိုက်ဖြတ်မှုကြောင့် ပျက်စီးသွားရသည်တဲ့လား။
“မဟုတ်ဘူး... မဖြစ်နိုင်ဘူး...”
ရှောင်လျဲ့က လုံးဝ လက်မခံဘဲ ငြင်းဆန်ကာ ရှောင်ချင်အာကို အမီလိုက်ရန် ကြိုးစားရင်း ဓားကို အဆက်မပြတ် လွှဲယမ်းနေတော့သည်။
“ငါ ပြောသားပဲ... ရှောင်မျိုးနွယ်စုရဲ့ ဓားသိုင်းကို ဒီလို ကိုင်ရတာ မဟုတ်ပါဘူးလို့...”
ရှောင်ချင်အာက တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။
ရှောင်လျဲ့မှာ ရူးသွပ်နေပြီး မည်သည့် စကားကိုမျှ နားမဝင်တော့ချေ။ သူ၏ နတ်ဆိုးဆန်သော ဒေါသများက ပိုမို ပြင်းထန်လာပြီး သူ၏ ဓားစိတ်ဆန္ဒများက ကြမ်းတမ်းလာကာ ရှောင်မျိုးနွယ်စု ဓားသိုင်းနှင့် သနားကြင်နာမှုနှင့် စစ်ရေးစွမ်းရည် ကိုးကွက် တို့၏ မူလ ရည်ရွယ်ချက်မှ လုံးဝ သွေဖည်သွားလေပြီ။
“ဟင်း...”
ရှောင်ချင်အာက သက်ပြင်းတစ်ချက် ချလိုက်သည်။
“လက်နက်မျို ကူ တွေ... အဲဒီဓားကို ခြေမွပစ်လိုက်...”
“ချွင် ချွင် ချွင်…”
အနက်ရောင် လက်နက်မျို ကူ တွေက ရှောင်လျဲ့၏ ဓားကို အဆက်မပြတ် ဝင်တိုက်ကြပြီး တစ်ခါတစ်ရံတွင် တစ်ကိုက် ကိုက်လိုက်ကာ ဓားကို တဖြည်းဖြည်းချင်း ခြေမွပစ်လိုက်ကြ၏။ ဤအခြေအနေသို့ ရောက်သောအခါ ရှောင်လျဲ့ အနိုင်ရလိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြတော့ချေ။
ထိုစဉ် အသာစီး ရနေခဲ့သော ရှောင်ချင်အာသည် ရုတ်တရက် ခြေလှမ်းယိုင်သွားကာ ကောင်းကင်ထက်မှ ပြုတ်ကျလာပြီး ကူကောင် အမြောက်အမြားလည်း ဖရိုဖရဲ လွင့်စင်သွားတော့သည်။
ရှောင်လျဲ့က ထိုအခွင့်အရေးကို အရယူကာ ရှေ့သို့ တိုးဝင် တိုက်ခိုက်ရင်း အော်ဟစ်လိုက်၏။
“နင့်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းသွားပြီပဲ... ငါက အားသာနေတုန်းပဲ...”
နောက်တစ်ခဏ၌ လွင့်စင်သွားသော ကူကောင်များက ပြန်လည် စုစည်းလာပြီး ရှောင်လျဲ့၏ တိုက်ခိုက်မှုကို ဟန့်တားပစ်လိုက်သည်။
ရှောင်ချင်အာက နားထင်ကို လက်တစ်ဖက်ဖြင့် ဖိထားကာ တစ်စုံတစ်ခုက သူမ၏ ခေါင်းကို ထိုးဖောက်သွားသကဲ့သို့ နာကျင်နေပုံ ရ၏။
‘တစ်ယောက်ယောက်က အနက်ရောင် မှော်ပညာနဲ့ လျှို့ဝှက် ကျိန်စာတိုက်နေတာပဲ...’
ရုတ်တရက် စိတ်ဝိညာဉ် တိုက်ခိုက်ခံရမှုကြောင့် ရှောင်ချင်အာ တစ်ယောက် နေမထိထိုင်မသာ ဖြစ်သွားရပြီး ကူကောင်များကို အရင်ကလို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
ချန်းလန်၏ လက်အောက်ခံဟောင်းများ အားလုံး ဇဝေဇဝါ ဖြစ်သွားကြသော်လည်း မည်သည့် ထူးခြားမှုကိုမျှ သတိမထားမိခဲ့ကြပေ။
လီယွမ် တစ်ယောက်သာ မျက်မှောင်ကြုတ်သွား၏။
‘ဒီခံစားချက်က တကယ်ကို ရင်းနှီးနေတယ်... အရင်ကလို အနက်ရောင် မှော်ပညာပဲ...’
သို့သော် ကျိန်စာက သူ၏အပေါ်သို့ ကျရောက်လာခြင်း မဟုတ်သဖြင့် အရင်းအမြစ်ကို သူ ခြေရာခံ၍ မရနိုင်ခဲ့ချေ။ ဤအတိုင်း ဆက်သွားနေပါက ရှောင်ချင်အာ သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။
“ချင်အာ... မင်းကို အနက်ရောင် မှော်ပညာနဲ့ ကျိန်စာတိုက်ထားတယ်... ငါတို့ ဒီတိုက်ပွဲကို မြန်မြန် အဆုံးသတ်မှ ဖြစ်မယ်...”
လီယွမ်က ကူ မှတစ်ဆင့် အသံလွှင့်ကာ သတိပေးလိုက်သည်။
စင်မြင့်ထက်ရှိ ရှောင်ချင်အာ အံ့အားသင့်သွား၏။
‘အစ်ကို လီယွမ် က ဒီနေရာမှာ အချိန်အတော်ကြာကတည်းက ရှိနေခဲ့တာလား...’
“ညီမ နားလည်ပါပြီ...”
ရှောင်ချင်အာကလည်း မအူမလည် မဟုတ်ချေ။ လီယွမ်၏ သတိပေးစကား တစ်ခွန်းအပြီးတွင် သူမ ဘာလုပ်ရမည်ကို ချက်ချင်း သဘောပေါက်သွားသည်။
သူမက နှလုံးသားမေးခွန်းကူ ကို အစွမ်းကုန် အသက်သွင်းလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင် ဖြင့် ကြီးမားသော စက်ဝန်းကြီး တစ်ခုကို ဖန်တီးကာ သူမ၏ ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။ ထို့အပြင် နောက်ထပ် လက်အောက်ခံ ကူ တစ်မျိုးဖြစ်သော အာရုံစူးစိုက် ကူ ကိုလည်း ဆင့်ခေါ်လိုက်၏။
ထိုသို့ လုပ်ဆောင်ခြင်းက သူမ၏ ဝန်ထုပ်ဝန်ပိုးကို ပိုမို ကြီးမားသွားစေမည်ပင်။
သို့သော် ရှောင်ချင်အာသည် ရှောင်လျဲ့ ကို အနိုင်ယူနိုင်စွမ်း ရှိသေးကြောင်း ယုံကြည်မှု အပြည့် ရှိနေဆဲပင်။
“ဝါးမြိုတော့...”
တိုက်ပွဲ ဤအခြေအနေသို့ ရောက်လာသောအခါ ရှောင်ချင်အာလည်း အပြောအဆိုများ မရှိတော့ဘဲ ကူကောင်များ၏ တိုက်ခိုက်မှုများက ပိုမို ပြင်းထန်လာပြီး သေချာ တိကျကာ အညှာအတာ ကင်းမဲ့လာတော့၏။
“ဝှီး…”
သူမ၏ စိတ်ထဲတွင် နောက်ထပ် ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာပြန်သည်။
ဤတိုက်ခိုက်မှုကို အာရုံစူးစိုက် ကူ အမြောက်အမြားက ဟန့်တားပေးလိုက်၏။
ဤအခြေအနေကို ကြိုတင် မျှော်လင့်ထားသော လီယွမ် သည်လည်း သဲလွန်စ တစ်ခုကို ရရှိသွားခဲ့သည်။ မှော်ပညာ အသုံးပြုသူမှာ အဝေးတွင် ရှိမနေခြင်းပင် ဖြစ်၏။
သူက သေမင်းကတိကဝတ် ရုပ်သေးရုပ် ဖြစ်သော နတ်ဆိုး အခွံမာ ဂူတစ်ထောင် ကို မြေအောက်သို့ တိုးဝင်စေကာ လမ်းကြောင်းအတိုင်း လိုက်လံ ခြေရာခံစေလိုက်သည်။
ပြိုင်ဘက်က နောက်တစ်ကြိမ် ထပ်မံ အသုံးပြုရဲသည်နှင့် သူ တည်နေရာကို တိတိကျကျ ရှာဖွေနိုင်မည်ပင်။
“အုန်း…”
ထိုစဉ် လေ့ကျင့်ရေးကွင်း ပြင်ပမှ ဧရာမ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာရာ တိုက်ခိုက်နေကြသော ရှောင်လျဲ့ နှင့် ရှောင်ချင်အာ တို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြတော့သည်။
“မင်းသား... မင်းသမီး... ဆိုးရွားတဲ့ ကိစ္စကြီး ဖြစ်နေပြီ...”
သက်တော်စောင့် တစ်ဦးက ယိုင်နဲ့နဲ့ ပြေးဝင်လာပြီး သတင်းပို့၏။
“ချန်းလန်စစ်တပ် နဲ့ တောင်ပိုင်း ကင်းလှည့်စစ်တပ် တို့ တိုက်ပွဲ စဖြစ်နေကြပြီ...”
“ဘာ...”
ရှောင်လျဲ့က ကျိုးပဲ့နေသော ဓားကို ဓားအိမ်ထဲ ပြန်သွင်းလိုက်ပြီး လေ့ကျင့်ရေး စင်မြင့်ထက်မှ ခုန်ဆင်းလာကာ အော်ဟစ်လိုက်သည်။
“သေချာ ရှင်းပြစမ်း... ဘာတွေ ဖြစ်ကုန်တာလဲ...”
“အသေးစိတ်ကိုတော့ ဒီလက်အောက်ငယ်သားလည်း မသိပါဘူး...”
သက်တော်စောင့်၏ မျက်နှာမှာ ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။
“ရှောင်လျဲ့...နင် ဘာတွေ လုပ်ထားလဲ ဆိုတာ ကြည့်လိုက်စမ်း...”
ရှောင်ချင်အာက ဒေါသတကြီး စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
“နင် ငှားထားတဲ့ နင့်ရဲ့ အပေါင်းအပါကောင်း လုပ်သွားတာ သေချာတယ်... အစကတည်းက သူ့မှာ ရိုးသားတဲ့ ရည်ရွယ်ချက် မရှိခဲ့ဘူး... သူက စစ်ပွဲ စတင်ချင်ရုံ သက်သက်ပဲ...”
ရှောင်လျဲ့သည် အစ်မဖြစ်သူ၏ မျက်လုံးများကို တိုက်ရိုက် မကြည့်ရဲတော့ဘဲ ဗလုံးဗထွေးဖြင့် တုံ့ပြန်လိုက်၏။
“ကျွန်တော် သူ့ကို သတိထားနေခဲ့တာပါ... သူ့ကို ရှေ့တန်းကို လွှတ်လိုက်ပြီး စစ်သူကြီး ရှာဟောက် ကို စောင့်ကြည့်ခိုင်းထားတယ်...”
“သူ့ကို နင် ထိန်းချုပ်ထားနိုင်မယ်လို့ ဘာအချက်နဲ့ နင် ယုံကြည်နေတာလဲ...”
ရှောင်ချင်အာက အံကိုတင်းတင်းကြိတ်ကာ ဒေါသတကြီး မေးလိုက်သည်။
“သူ လုပ်တာ မဟုတ်ရင်ကော ဘယ်လိုလုပ်မလဲ...”
ရှောင်လျဲ့၏ ဒေါသများလည်း ပြန်လည် ထွက်ပေါ်လာတော့၏။
“တောင်ပိုင်း ကင်းလှည့်စစ်တပ်ထဲမှာ ညဇီးကွက် သက်တော်စောင့် တွေ အများကြီး ရှိနေသေးတာပဲ... အဲဒီလူတွေကလည်း အပြစ်ကင်းတဲ့ သူတွေမှ မဟုတ်တာ...”
“ငါ ..နင်နဲ့ နောက်မှ ရှင်းမယ်...”
ရှောင်ချင်အာက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“စစ်သူကြီး လီ၊ စစ်သူကြီး ကျိုး... ကျေးဇူးပြုပြီး ဒီပဋိပက္ခကို အရင် သွားနှိမ်နင်းပေးပါ... ထပ်ပြီး အသေအပျောက် မရှိစေနဲ့တော့...”
“အမိန့်အတိုင်းပါ...”
လီရော့ချန် နှင့် ကျိုးပုဖျင် တို့က ချက်ချင်းပင် အမိန့်ကို လက်ခံလိုက်ကြ၏။
“နေဦး...” ရှောင်လျဲ့ အံ့အားသင့်သွားပြီး အော်ဟစ်လိုက်သည်။
“ကျိုးပုဖျင်... မင်းက ဘယ်သူ့ရဲ့ လက်အောက်ခံလဲ...”
“အောက်ခြေတပ်မှူးက ရှောင်မျိုးနွယ်စု အပေါ် ထာဝရ သစ္စာရှိသွားမှာပါ...”
သူ၏ စကားဆုံးသည်နှင့် ကျိုးပုဖျင် သည် အဝေးသို့ ရောက်ရှိသွားခဲ့လေပြီ။
ထိုတိုက်ပွဲတွင် မင်းသမီး၏ တင့်တယ်ခမ်းနားမှု နှင့် ဘုရင်သစ်၏ အရည်အချင်း ကင်းမဲ့မှုတို့ကို သူ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ မင်းသားကို သူ၏ သဘောဆန္ဒအတိုင်း ဆက်လက် လုပ်ဆောင်ခွင့်ပြုရန် သူ လုံးဝ ဆန္ဒမရှိတော့ချေ။
“မင်း...”
ရှောင်လျဲ့က ဒေါသတကြီး အော်ဟစ်လိုက်၏။
“အစ်မနဲ့ ကျိုးပုဖျင် က ဒါတွေအားလုံးကို အစကတည်းက အကွက်ဆင်ထားတာ မဟုတ်လား...”
“လုံးဝ မဟုတ်ဘူး...”
ရှောင်ချင်အာက ခေါင်းခါပြလိုက်သည်။
“ဘာလို့လဲဆိုတော့ နင် ရှုံးသွားလို့ပဲ... ချန်းလန်စစ်တပ်က တပ်မှူးတွေက အရှုံးကို လက်ခံဖို့ ဆန္ဒရှိကြပြီး အခုကစပြီး ငါ့အမိန့်ကို နာခံကြလိမ့်မယ်...”
သူမက စုဝေးနေကြသော တပ်မှူးများကို လှည့်ပတ် ကြည့်ရှုလိုက်၏။
လူတိုင်း၏ မျက်နှာပေါ်တွင် ကွဲပြားသော အမူအရာများ ပေါ်လွင်နေ၏။ အချို့က အကြည့်လွှဲသွားကြပြီး အချို့က ဇဝေဇဝါ ဖြစ်နေကြကာ အချို့ကမူ ဂရုမစိုက်သော အမူအရာများ ရှိနေ၏။
ချန်းလန်စစ်တပ်သည် သေချာပေါက် တစ်စိတ်တစ်ဝမ်းတည်း ရှိနေသော အဖွဲ့အစည်း တစ်ခု မဟုတ်ချေ။
အချို့က ညဇီးကွက်ဘုရင် နှင့် တာ့ယန် ကို မုန်းတီးကြပြီး အချို့ကမူ ငြိမ်းချမ်းရေးကိုသာ လိုလားကြကာ အခြားသူများကတော့ ရှောင်လျဲ့ အပေါ် စိတ်ပျက်နေကြပြီး အခြား ပညာရှိသော ခေါင်းဆောင် တစ်ဦးကို ရွေးချယ်သင့်သည်ဟု ခံစားနေ၏။
အပြင်ဘက်တွင်မူ စစ်ပွဲကြီးက စတင်နေလေပြီ။
“ညီအစ်ကိုတို့... ဒီနေ့ သွေးထွက်သံယို ဖြစ်ရတော့မယ်...”
ရှောင်ချင်အာက လေးနက်သော အသံဖြင့် ကြွေးကြော်လိုက်၏။
“ဒါပေမဲ့ သွေးထွက်သံယို အနည်းဆုံး ဖြစ်ဖို့ ဒီမင်းသမီးက မျှော်လင့်ပါတယ်... ဆုံးဖြတ်ချက် မချခင် သေချာ စဉ်းစားကြပါ... ပြဿနာတွေ ဖန်တီးပြီး လျှို့ဝှက် ရည်ရွယ်ချက်တွေ ရှိနေတဲ့ လူယုတ်မာတွေကို အရင် သတ်ချင်သလား... ဒါမှမဟုတ် ညဇီးကွက် သက်တော်စောင့် တွေကို ဖြုတ်ချဖို့ အဆုံးထိ တိုက်ခိုက်ချင်သလား...”
“ပုန်ကန်မှုကို အရင် နှိမ်နင်းကြတာပေါ့... ပြီးတော့ နယ်စပ်မှာ မုရုံစု ရှိမရှိ သွားစစ်ဆေးဖို့ လူလွှတ်လိုက်...”
ရှောင်လျဲ့က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ တိုက်ခိုက်ခြင်းက သူ၏ ရည်ရွယ်ချက် မဟုတ်ခဲ့ချေ။ အရာအားလုံးကို အကောင်းဆုံး နည်းလမ်းဖြင့် အဆုံးသတ်နိုင်ရန် သူ၏ အစ်မဖြစ်သူကို ဖျောင်းဖျနိုင်လိမ့်မည်ဟုသာ သူ ခံစားခဲ့ရသည်။
သို့သော် အခြေအနေများက သူ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။
ချန်းလန်နယ်မြေ အမှန်တကယ် ဖရိုဖရဲ ဖြစ်သွားသောအခါ ၎င်းအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းက အလွန်တရာ နည်းပါးကြောင်းနှင့် ထီးနန်းပေါ်တွင် သူ့ကို ထောက်ကူပေးထားသည့် အရာမှာ နောက်ဆုံးတွင် သူ၏ ဖခင် ချန်ရစ်ခဲ့သော အမွေအနှစ်များသာ ဖြစ်ကြောင်း သူ သဘောပေါက်သွားတော့၏။
“နောက်ဆုံးတော့ မင်း သဘောပေါက်သွားပြီပဲ...”
ရှောင်ချင်အာ၏ မျက်နှာထားက အနည်းငယ် ပျော့ပျောင်းသွားသည်။
“မပြီးသေးဘူးနော်...”
ရှောင်လျဲ့က အရှုံးမပေးသေးဘဲ ဆက်ပြောလိုက်၏။
“အစ်မ နိုင်သွားပြီလို့ တပ်အပ် ပြောလို့ မရသေးဘူး... ဒီဖရိုဖရဲ ဖြစ်မှုရဲ့ အရင်းအမြစ်က ညဇီးကွက် သက်တော်စောင့် တွေလား ဒါမှမဟုတ် မုရုံ မျိုးနွယ်စု လား ဆိုတာကို ငါတို့ အခုထိ မသိရသေးဘူး...”
“ဒါဆို ငါတို့ ထပ်ပြီး ထိပ်တိုက် မတွေ့ခင် အမှန်တရားကို အရင် ရှာဖွေကြတာပေါ့...”
တကယ်တမ်းတော့ မုရုံ မျိုးနွယ်စုတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေကြောင်းကို ရှောင်ချင်အာ အပြည့်အဝ သေချာ မသိနိုင်ခဲ့ပေ။ ညဇီးကွက် သက်တော်စောင့် များကလည်း အလွယ်တကူ အရှုံးပေးမည့် သူများ မဟုတ်ကြချေ။ သူတို့ အားလုံးက ရေနောက်တွင် ငါးဖမ်းရန် ကြိုးစားနေကြခြင်း ဖြစ်နိုင်သည်။
လီယွမ် တစ်ယောက် စဉ်းစားခန်း ဝင်နေတော့၏။
သူ၏ အတွေးများက ရှောင်ချင်အာ နှင့် တူညီနေသည်။ မုရုံ မျိုးနွယ်စု သည် ဤကိစ္စတွင် သေချာပေါက် ပါဝင်ပတ်သက်နေမည် ဖြစ်သော်လည်း ညဇီးကွက် သက်တော်စောင့် များသည်လည်း အပြစ်ကင်းသည်ဟု ဆိုလို၍ မရနိုင်ချေ။
ရှောင် မောင်နှမ နှစ်ဦးက ပြဿနာကို သိုင်းပြိုင်ပွဲ တစ်ခုဖြင့် ဖြေရှင်းလိုခဲ့၏။
သို့သော် ဤအခြင်းအရာက ညဇီးကွက်ဘုရင် နှင့် မုရုံ မျိုးနွယ်စု တို့၏ အကျိုးစီးပွားနှင့် ရှင်းလင်းစွာ ဆန့်ကျင်နေသည်။
သွေးချောင်းစီးခြင်း နှင့် တော်ဝင် အာဏာစက် ပြိုကျသွားခြင်း သည်သာ ကစားသမားများ မြင်တွေ့လိုသော အရာများ ဖြစ်ပေတော့သည်။