ပြောင်းပြန်ဖြစ်သွားမှု
Vol. 98 Ch. 1368
ထိုချောက်ချားဖွယ်မြင်ကွင်းကြောင့် မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူက ယူကျုံးမရ အော်ဟစ်လိုက်သည်။ “မလုပ်နဲ့....”
တစ်ချိန်တည်းမှာပင် ငါးတန်းမြောက်က လဆီ ထွက်သွားသည်။ မှန်သည်၊ လသည် ခံစစ်အတွက် တည်ရှိခြင်းဖြစ်၍ တုန်ခါသွားပြီး ထိုနေရာ ကျင့်ကြံသူတစ်သိန်းလုံး သွေးအန်လျက် သေလုမျောပါး ခြောက်ကပ်သွားသော်လည်း မသေကြပေ။
ပက်ကြားအက်ကြီးများက လမျက်နှာပြင်တစ်လျှောက် ကွဲထွက်သွားသည်။ ၎င်းမှာ အချိန်မရွေး ပြိုကွဲတော့မည့်ပုံပေါ်၏။
ထို့နောက် ကျန်အလင်းတန်းငါးတန်းက တောင်ပင်လယ်လောကတစ်ခုလုံးကို လွှမ်းခြုံရန် ဖြာထွက်သွားသည်။ ၎င်းတို့က တိုက်ကွက်မဟုတ်ဘဲ ... ချုပ်နှောင်စည်းတံဆိပ်တစ်ခုကို ဖော်ဆောင်နေသည်။
ထစ်ချုန်းသံများ ကျယ်လောင်စွာ မြည်ဟည်းနေသည်။ ကြယ်တာရာကောင်းကင်မှာ မှိန်ကျသွား၏။ တောင်ပင်လယ်လောကတစ်ခုလုံးကို လွှမ်းခြုံထားသော အလင်းတန်းငါးတန်းက ... သူတို့အားလုံးကို နေနှင့်လနှင့် ခြားနားပစ်လိုက်ကြောင်း သတိထားမိလိုက်သဖြင့် ပင်လယ်အိပ်မက်နှင့်အခြားသူများ မျက်စိမျက်နှာပျက်သွားတော့သည်။
ဤအခိုက်အတန့်တွင် နေနှင့်လသည် တောင်ပင်လယ်လောက၏အပြင်၌ ထီးထီးတည်းဖြစ်သွား၏။ ဖြစ်ပျက်သွားခဲ့သည်မှာ လွန်စွာလျင်မြန်လွန်းသဖြင့် မန်ဟိုမှာ ခါးသီးစွာသာ ရယ်နိုင်တော့သည်.... စစ်ပွဲဆိုသည်က ဤအတိုင်းသာမဟုတ်ပါလော။
အသက်သည် စစ်ပွဲအတွင်း၌ အားအနည်းဆုံးဖြစ်၍ တိုက်ကွက်လေးတစ်ကွက်တည်းနှင့် ငြှိမ်းသတ်ခံရနိုင်၏... နေအပေါ်တွင် နေရာယူထားသော ကျင့်ကြံသူတစ်သိန်းအနက် တစ်ဝက်ခန့်သည် ရွှမ်းဖန်နှင့်တိုက်ပွဲတုန်းက သူ့အတွက် အချိန်ဆွဲပေးဖို့ ပေးဆပ်ခဲ့ကြသည်။ သူတို့နှင့်မန်ဟိုက ... သွေးသောက်ရဲဘော်များ ဖြစ်ခဲ့၏။
မန်ဟို့မျက်လုံးများ နီရဲနေသည့်တိုင် လောလောဆယ်တွင် စဉ်းစားရန် အချိန်မရှိပေ။ အလင်းတန်းငါးတန်း စည်းကြီးတစ်ခုကို ဖော်ဆောင်နေသည့်အချိန်မှာပင် မန်ဟိုက သူ၏နတ်ဘုရားအာရုံကို ပါရာဂွန်ရုပ်သေးရုပ်ထံ စေလွှတ်လိုက်သည်။ ချက်ချင်းပင် ၎င်းက နေရာရွှေ့ပြောင်းခြင်းမှတစ်ဆင့် စည်းအတွင်းမှ ရုန်းထွက်ကာ သူ့ဘေး၌ ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ (၇) မှ ကောင်းကင်ဘုံ (၁၆) တစ်လျှောက်လုံးရှိ အပြင်သူသန်းပေါင်းများစွာက မရေမတွက်နိုင်သော စစ်ရထားများနှင့်အတူ အစုလိုက်အပြုံလိုက် ထွက်လာကြသည်။
မမြင်ရသော ဧရာမလက်မကြီးတစ်ဖက်က တောင်ပင်လယ်လောကကို ရိုက်ချ၍ တောင်ပင်လယ်များ၊ ဂြိုဟ်များကို တသိမ့်သိမ့်တုန်သွားစေသည့်အလားပင်။
မြေထုဆယ်ခုမှ ထွက်လာခဲ့သော အလင်းတန်းငါးတန်းမှာ ဒုတိယတောင်မှ နဝမတောင်အထိ ပိတ်လှောင်လိုက်သော ဧရာမလှောင်အိမ်ကြီးနှင့် တူသည်။
သူတို့မှာ ယခုတွင် သီးခြားခွဲထုတ်ခံလိုက်၍ စစ်ကူမပေးနိုင်တော့ပေ။ ထိုကဲ့သို့ဗြုန်းစားကြီး ပြောင်းလဲသွားမှုက တောင်ပင်လယ်ကျင့်ကြံသူများအား မျက်နှာပျက်သွားစေသည်။ ပင်လယ်အိမ်မက်မှာ ရှုပ်ထွေးနေသောခံစားချက်များဖြင့် အတားအဆီးကို ချိုးဖျက်ဖို့ အသည်းအသန်ကြိုးစားနေသည်။
အချိန်တစ်ခုအထိ တာအိုဆရာအစည်းအရုံးသုံးခု၏ အားထုတ်မှုများလည်း အလဟဿဖြစ်ပေတော့မည်။ တောင်ပင်လယ်လောကမှာ ယာယီသာ ချုပ်နှောင်ခံထားရသော်လည်း မန်ဟိုနှင့်ခိတိဂဗ္ဗအတွက်တော့ အသက်အန္တရာယ်စိုးရိမ်ရလေသည်။
နေနှင့်လသည် စစ်ပွဲတစ်လျှောက်လုံး လွန်စွာအထောက်အကူဖြစ်ခဲ့၍ ၎င်းတို့မည်မျှကြောက်စရာကောင်းကြောင်း ကောင်းကင်ဘုံ ၃၃ ဘုံ ခံစားရလေသည်။ ယခုတွင် သူတို့က မည်သည့်အဖိုးအခပင် ပေးဆပ်ရပါစေ ထိုနေနှင့်လကို ဖျက်စီးဖို့ ဆင်းသက်လာခဲ့ကြ၏။
မန်ဟိုက နေ၏မန္တန်ဝင်္ကပါထဲ ပြန်ဆုတ်လိုက်သည်။ နေပေါ်တွင် သူတစ်ယောက်တည်း ထီးထီးတည်းဖြစ်နေ၏။ အလောင်းများပင် သူ့ပတ်ဝန်းကျင်၌ မရှိပေ။ တည်ရှိသည့်အရာကတော့ .... သေခြင်းအငွေ့အသက်များနှင့် ပြိုကွဲဖို့ ငြင်းဆန်နေသော ဝိညာဉ်များသာ။ မန်ဟိုက တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ တဟုန်းဟုန်းတောက်လောင်လာ၏။
ပါရာဂွန်ရုပ်သေးရုပ် သူ့ဘေးတွင် ပေါ်လာစဉ် သူက မြေထုဆယ်ခုမှ ဖွေးဖွေးလှုပ်ထွက်လာသော အပြင်သူသန်းပေါင်းများစွာကို လှမ်းကြည့်လိုက်သည်။ သူတို့ ကြယ်တာရာကောင်းကင်အပြည့် နေရာယူနေသည့်အချိန် ရွှမ်းဖန်နှင့် ဒဏ္ဍာရီနဂါးက အပြင်သူစစ်တပ်ထဲ ဆုတ်နေသည်။
ရွှမ်းဖန်၏အခြေအနေက သိပ်မဆိုးလှသော်လည်း ဒဏ္ဍာရီနဂါးမှာတော့ သွေးသံရဲရဲ စုတ်ပြတ်သပ်နေသည်။ ကောင်းကင်ဘုံ (၁၆) သို့ရောက်သည့်အခါမှ သူသည် သွေးတစ်ပွက်အန်ကာ အပြင်သူအစောင့်များဖြင့် ခြံရံလျက် တရားထိုင်ရန် မျက်လုံးများပိတ်လိုက်၏။
နေရှိရာမှ လာနေသည့် မန်ဟို၏သတ်ဖြတ်လိုနေသောအကြည့်ကို သူ သတိမထားမိခြင်းမဟုတ်။ ဂရုမစိုက်ခြင်းဖြစ်သည်။ မန်ဟိုသည် သူ့ကို တိုက်ခိုက်နိုင်သည်အထိ အစွမ်းထက်သော်လည်း လက်ရှိအခြေအနေတွင် မန်ဟို့အသက်က ချောက်ကမ်းစွန်းရောက်နေသည့်အတွက် ပါရာဂွန်ဒဏ္ဍာရီနဂါးက သူ့ကို အဖက်မလုပ်ခြင်းပင်။
ပါရာဂွန်ရွှမ်းဖန်က ခေါင်းနောက်လှန်၍ တဟားဟားရယ်ရင်း လက်ရှိအဖြစ်အပျက်နှင့်ပတ်သက်ပြီး ဝမ်းမြောက်နေသည်။ မြေထုဆယ်ခု ပေါ်လာခဲ့ပြီး အင်ပါယာသခင်ဆယ်ဦးအပါအဝင် အပြင်သူသန်းပေါင်းများစွာ ရောက်လာခဲ့ပြီဖြစ်သည်မဟုတ်ပါလော။ ပါရာဂွန်အဆင့်မပါသော်လည်း ရွှမ်းဖန်စဉ်းစားရသလောက် ... လက်ရှိအင်အားက လုံလောက်လေသည်။
“ငါ့အတွက် နေနဲ့လ ပျက်စီးပြီး တောင်ပင်လယ်လောကရဲ့တစ်ဝက်လောက် ပျက်စီးရုံနဲ့ လုံလောက်တယ်။ ကောင်းကင်ဘုံ (၁၇) နဲ့ အထက်ကောင်းကင်ဘုံတွေ ရောက်မလာခင်အထိ အင်အားက လုံလောက်တာထက် ပိုတယ်”
ရွှမ်းဖန်၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က ပိုမိုအားကောင်းလာသည်။ သူက လကို လက်ညှိုးလှမ်းထိုးသည်။
“အင်ပါယာသခင်တို့ အဲဒီလနဲ့ အဲဒီအပေါ်က ကျင့်ကြံသူအားလုံးကို ဖျက်စီးပစ်ကြ” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် အသစ်ရောက်ရှိလာသော အင်ပါယာသခင်များသည် လကို အမဲဖြတ်တော့မည့်အလား တဟုန်းထိုး ထွက်သွားကြသည်။ သူတို့နောက်မှ အပြင်သူတပ်ဖွဲ့တစ်ဖွဲ့လည်း လထံ ချီတက်လာကြ၏။
လအပေါ်တွင် ခိတိဂဗ္ဗသည် တည်ငြိမ်နေ၏။ သူက ရယ်ပင်ရယ်လိုက်သော်လည်း နာကျင်နေသောရယ်သံသာ ဖြစ်သည်။ သို့စေကာမူ သူ့မျက်ဝန်းထဲ၌ လောင်ကျွမ်းနေသော မီးတောက်ကား အားနည်းမသွားပေ။
သူက အသက်ပြင်းပြင်းရှူ၍ မျက်လုံးများကို ပိတ်လိုက်ပြီး သူ့ပတ်ပတ်လည်ရှိ ကျင့်ကြံသူတစ်သိန်းမှာမူ အသွေးအသားတို့ခြောက်ကပ်နေသည့်တိုင် လေမုန်တိုင်းထဲက ဖယောင်းတိုင်များသဖွယ် သေလုမြောပါးဖြစ်နေသော်လည်း စကားတစ်ခွန်းမှမဆိုပေ။ သူတို့က မခွဲချင်သောအမူအရာများဖြင့် တောင်ပင်လယ်လောကကို ငုံ့ကြည်ရင်း ဆုမွန်ကောင်းတောင်းပေးလိုက်ကြသည်...
ထို့နောက် ကျင့်ကြံသူတစ်သိန်းသည် တောင်ပင်လယ်လောကအတွက် စတေးမှုအဖြစ် သူတို့၏လက်ကျန်အသက်စွမ်းအားများကို ပေးရန် ပြင်ရင်း မျက်လုံးမှိတ်လိုက်ကြ၏။ သူတို့ လ၏ခံစစ်အားကို အားဖြည့်ပေးနေစဉ် တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်လာပြီး လ၏ပတ်ပတ်လည်တွင် အလင်းတန်းများစွာ ဖြာထွက်လာသည်။ ထိုအချိန်မှာပဲ အပြင်သူအင်ပါယာသခင်များ၏ နတ်ဘုရားစွမ်းရည်များနှင့်အတူ အပြင်သူသန်းပေါင်းများစွာ၏ မှော်တိုက်ကွက်များက ကျဆင်းလာပြီး လကို လွှမ်းခြုံပေတော့မည်။
ကျင့်ကြံသူတစ်သိန်း၏ မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာပြီး သူတို့၏အရိုးများ ကျိုးကြေစပြုလာသည်။ ခိတိဂဗ္ဗသည် ခါးသီးစွာ ဆက်ရယ်နေသော်လည်း အချိန်နှင့်အမျှ ရူးမိုက်လာနေသော အရိပ်အယောင်က သူ၏မျက်ဝန်းထဲသို့ ဝင်ရောက်လာသည်။
စစ်မြေပြင်၏အခြားတစ်ဖက်တွင် ရွှမ်းဖန်က အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် နေကို ကြည့်လိုက်သည်။ မန်ဟိုနှင့်သူ နှစ်ကြိမ်တိုက်ခဲ့ပြီးလေပြီ။ ပထမတိုက်ပွဲက မယုံနိုင်လောက်အောင် ပြင်းထန်ခဲ့သည်။ ဒုတိယတိုက်ပွဲက ကြာမြင့်ခဲ့သော်လည်း မပြင်းထန်ခဲ့ပေ။ သို့သော် မန်ဟို့ကြောင့် သူ့မှာ အသက်အန္တရာယ်များသော အခြေအနေတွင် ပိတ်မိနေခဲ့သည့် ဒဏ္ဍာရီနဂါးကို မကယ်နိုင်ခဲ့ပေ။
“ဒီတတိယတိုက်ပွဲမှာ ... ငါ မသေရင် မင်း သေစေရမယ်” ရွှမ်းဖန်က အင်္ကျီလက်စခါလျက် သူ၏နတ်ဘုရားစိတ်ဆန္ဒကို အပြင်သူသန်းပေါင်းများစွာထံ ပို့လွှတ်လိုက်ရာ သူတို့အားလုံး ပြင်းထန်သောအသတ်အဖြတ်အရှိန်အဝါကို ထုတ်လွှတ်လျက် နေထံ ချီတက်လာကြသည်။
ပါရာဂွန်ရွှမ်းဖန်က ထူးဆန်းသောမှော်အတတ်တစ်ခုကို စတင်ဖြစ်ပေါ်လာစေသော လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ရင်း သူတို့အနောက်မှ လိုက်လာသည်။
မန်ဟိုက နေပေါ်၌ တိတ်ဆိတ်စွာ ထိုင်နေ၏။ ဤစစ်ပွဲတွင် လက်ဦးမှုမယူခြင်းက သူ၏အကျင့်စရိုက်နှင့် ကွဲထွက်နေသည်။ သူ့မျက်လုံးများက လင်းလက်နေပြီး သူ၏နတ်ဘုရားစိတ်ဆန္ဒက ပါရာဂွန်ရုပ်သေးရုပ်ကို သတ်ဖြတ်လိုစိတ်များ မျက်ဝန်းထဲတွင် တောက်လောင်နေလျက် ချက်ချင်း ထရပ်လိုက်စေသည်။ ၎င်းက ရွှမ်းဖန်ထံ ခြေတစ်လှမ်းလှမ်းလိုက်သော်လည်း မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူ၏ဘေးမှ ဖြတ်ကာ သူ့နောက်ရှိ ပင်မအပြင်သူစစ်တပ်ဆီ ဦးတည်သွားလေပြီ။
ထို့နောက် ... ကောင်းကင်ဘုံ (၁၆) သို့ ဆက်လက်ဦးတည်သွားသည်။ ၎င်း၏ပစ်မှတ်၊ မန်ဟို၏ပစ်မှတ်ကား ... ဒဏ်ရာအပြင်းအထန်ရထားသော ပါရာဂွန်ဒဏ္ဍာရီနဂါးပင်။
မင်းတို့က ငါ သတ်ချင်တယ်ပေါ့လေ... ငါ မင်းတို့ပါရာဂွန်ကို သတ်လိုက်ရင်ရော ဘယ်လိုလဲ
မန်ဟိုသည် မန္တန်ဝင်္ကပါအတွင်း၌ တင်ပျဉ်ခွေထိုင်လျက် ရွှမ်းဖန်ကို အေးစက်စက်ကြည့်ကာ ပြော၏။ “သူ့ကို ကယ်မှာလား မကယ်ဘူးလား”
တစ်ချိန်တည်းမှာပင် နဝမတောင်မှ ပြင်းထန်သောစွမ်းအားတစ်ရပ် ပေါ်ထွက်လာသဖြင့် တောင်ပင်လယ်လောကအတွင်း၌ တဂျုန်းဂျုန်းမြည်သံများ ကြားလိုက်ရသည်။ စွမ်းအားသည် တောင်ပင်လယ်လောကကို ဖုံးလွှမ်းထားသော စည်းထံ ပျံတက်၍ ၎င်းကို ဝင်တိုက်လိုက်သောအခါ စည်းမှာ အရောင်အဝါများ ပြိုးပြက်လက်လျက် ပုံပျက်ရှုံ့တွလာတော့သည်။
တစ်ချိန်တည်းမှာပင် ပါရာဂွန်ပင်လယ်အိပ်မက်နှင့် တာအိုဆရာအစည်းအရုံးသုံးခုလုံး ပြိုင်တူတိုက်ခိုက်လိုက်ကြသည်။ သို့သော်လည်း ထိုအချိန်မှာပဲ တစ်စုံတစ်ခု ဖြစ်ပျက်နေသည်။ တောင်ပင်လယ်လောကအတွင်းရှိ ကြယ်တာရာကောင်းကင်၌ မည်သူမှမမြင်ရသော ဝတ်ပြုကျောင်းသုံးကျောင်းရှိသည်။ ထိုကျောင်းတစ်ကျောင်းစီထဲတွင် အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက်စီ ရှိပေသည်။
ယခုအချိန်တွင် ထိုအဘိုးအိုများက ဆင့်ခေါ်ခံခဲ့ရသည့်အလား ၊ အမိန့်ပေးခံခဲ့ရသည့်အလား မျက်လုံးများဖွင့်နေချေပြီ။
“အဲဒီစည်းကို ဖွင့်ဖို့ ငါ့ရဲ့မှော်ပစ္စည်းကို ယူသွားပြီး လူအပေါင်းကို ကူညီပေးလော့” အဘိုးအိုသုံးယောက်လုံး၏နှုတ်မှ တစ်ထပ်တည်းတူသော စကားလုံးများထွက်လာပြီး ၎င်းတို့ ဝတ်ပြုကျောင်းများအတွင်း၌ ပဲ့တင်ထပ်နေစဉ် လူငယ်များသည် တိုက်ခိုက်လိုစိတ်ပြင်းပြစွာဖြင့် ခေါင်းမော့လိုက်ကြ၏။
သူတို့ ဤစစ်ပွဲကို စောင့်နေခဲ့ရသည်မှာ အင့်မတန်အင်မတန် ကြာခဲ့လေပြီ။
ပထမဝတ်ပြုကျောင်းရှိ လူငယ် ခေါင်းမော့လိုက်သည့်အခါ အပြာရောင်ချပ်ဝတ်တစ်ခုက သူ့ခန္ဓာကိုယ်အပြင် မျက်နှာကိုပါ ဖုံးလွှမ်းလျက် ပျံ့နှံ့သွားသဖြင့် တဝုန်းဝုန်းမြည်သံများ ကြားရနိုင်သည်။ အပြာရောင်လှံရှည်တစ်လက်က သူ့အရှေ့တွင် ပေါ်လာသည်။ ၎င်းကို သူ ဆုပ်ကိုင်လိုက်သည့်အခါ သူ့ထံမှ အင်အားကြီးမားသောစွမ်းအားတစ်ရပ် အလိပ်လိပ်ထလာသည်။
စွမ်းအားသည် အနှစ်သာရ ၆ ခုအဆင့်သို့ လျင်မြန်စွာ ရောက်ရှိပြီးနောက် ထို့ထက်ပင် အတန်ငယ်မြင့်မားသွား၏။ သို့သော် ထိုစွမ်းအားသည် လူငယ်ထံမှ လာခြင်းမဟုတ်ဘဲ ချပ်ဝတ်နှင့်လှံမှ လာနေသယောင်ပင်။
သူက ရှေ့တစ်လှမ်းလှမ်းလိုက်ရာ ဝတ်ပြုကျောင်း၏အပြင်၌ ဖျတ်ခနဲ ပေါ်လာပြီး စည်းထံ တဟုန်းထိုးတက်သွားသော အပြာရောင်အလင်းတန်းတစ်တန်း ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် ကျန်ဝတ်ပြုကျောင်းနှစ်ကျောင်းမှလည်း အလင်းတန်းနှစ်တန်းထွက်လာသည်။ တစ်တန်းက အနီရောင်ဖြစ်ပြီး ၎င်းအထဲတွင် ဧရာမအသတ်အဖြတ်အရှိန်အဝါကို ထုတ်လွှတ်နေသော သွေးရောင်ဓား၊ သွေးရောင်ချပ်ဝတ်နှင့် လူရိပ်တစ်ခု ရှိသည်။
နောက်တစ်နေရာတွင် အဝါရောင်တောက်တောက် ချပ်ဝတ်နှင့် လူရိပ်ကို မြင်ရသည့် တောက်ပသောအဝါရောင်အလင်းတန်းတစ်တန်း ရှိသည်။ ထိုလူရိပ်၏လက်ထဲတွင် ... ဝါးပေလိပ်တစ်လိပ်ကို ကိုင်ထား၏။ သူ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ပျံတက်နေစဉ် ကြောက်မခန်းလိလိနတ်ဘုရားအာရုံက သူ့ကို ဝန်းရံလှည့်ပတ်နေသည်။
လူသုံးယောက် ဒိုင်းကို တိုက်ခိုက်လိုက်သဖြင့် တဒုန်းဒုန်းမြည်ဟည်းလာသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဤလူသုံးယောက်က အရှိန်အဝါတစ်မျိုးစီကို ထုတ်လွှတ်နေလေသည် .... ထိုအရှိန်အဝါများကား ... မြင့်မြတ်သောဝိညာဉ်ကျမ်းစာ၊ တာအိုနတ်ဘုရားကျမ်းစာနှင့် ... ကောင်းကင်ဖျက်စီးကျမ်းစာတို့၏ အငွေ့အသက်များ ဖြစ်နေ၏။
တောင်ပင်လယ်လောက၏ ဂန္တဝင်ကျမ်းသုံးကျမ်း... ထွက်ပေါ်လာချေပြီ။
စည်းမှာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး အချိန်မရွေး ပြိုကွဲတော့မည့်အလား အက်ကွဲသံများ ထွက်လာသည်။
တောင်ပင်လယ်လောကထဲတွင် စည်းအား ခေါင်းနှင့်ပယ်ပယ်နှယ်နှယ် တိုက်နေသော ပုဂ္ဂိုလ်နောက်တစ်ဦး ရှိသည်။ ၎င်းကား မှီခိုရာဂိုဏ်းချုပ်မှတစ်ပါး အခြားမဟုတ်ပေ။ တောင်ပင်လယ်လောက ဒေါင်လိုက်အသွင် ပြောင်းခဲ့စဉ်တုန်းက သူသည် တစ်နေရာတွင် ပျောက်ကွယ်သွားခဲ့၏။ ယခုတွင် ကောက်ကာငင်ကာ ပြန်ပေါ်လာပြီး စည်းကို ခေါင်းနှင့်တိုက်နေစဉ် ခပ်တိုးတိုး ပြောနေသည်။ “ဟိုခွေးသူတောင်းစားလေး မသေလောက်သေးဘူး။ သူ သေရင် ငါ လွတ်မြောက်မှာဆိုပေမယ့်... သူ အသက်ရှင်နေတာက ပိုကောင်းတယ်လို့ ငါ ခံစားနေရတုန်းပဲ” သူက သက်ပြင်းချရင်း စည်းကို ဝင်တိုက်လိုက်ပြန်သည်။