← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း ၅၀ - လူအများကို ကျင့်ကြံစေခြင်းနှင့် ကံကြမ္မာအရှိန်အဝါ၏ လျှို့ဝှက်ဆန်းကြယ်သော အတတ်ပညာ။

လီယင်သည် တာအိုဘိုးဘေး ကို မြင်သောအခါ ထိတ်လန့်အံ့ဩသော မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်သည်။

"တာအိုဘိုးဘေး… ကျွန်မရဲ့ ဆရာကြီးက… သူက ဘယ်လိုလုပ်ပြီး ကျွန်မရဲ့ အဘိုးတော် ဧကရာဇ်မင်းမြတ်ကို လုပ်ကြံဖို့ ကြံစည်ရမှာလဲဟင်။"

တာအိုဘိုးဘေးက လီယင်ကို ကြည့်ကာ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ချပြရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

"ဒီကိစ္ဆာက… တကယ်တော့ မင်းသမီးလေးနဲ့ တိုက်ရိုက် သက်ဆိုင်နေတာပါ။"

"ရှင်.... "

"မင်းသမီးလေးဟာ မဟာယန်ရဲ့ ကံကြမ္မာအရှိန်အဝါရဲ့ မျက်နှာသာပေးမှုကို ခံထားရတာဖြစ်ပြီး မဟာယန် ဧကရာဇ်မင်းမြတ်ကလည်း ဒါကို သဘာဝကျကျ သိရှိထားပါတယ်။ သူက မင်းသမီးလေးကို ဟွမ်ကျန်းရဲ့ ဘေးနားမှာ ရှိနေစေဖို့ တမင်စီစဉ်ခဲ့တာဟာ ဟွမ်ကျန်းအနေနဲ့ မဟာယန်ရဲ့ ကံကြမ္မာအရှိန်အဝါအပေါ် တစ်စုံတစ်ရာ လုပ်ဆောင်မလားဆိုတာကို စမ်းသပ်ဖို့အတွက်ပဲ ဖြစ်တယ်။"

"ကံကြမ္မာအရှိန်အဝါဆိုတာ တိုင်းပြည်တစ်ခုရဲ့ အသက်သွေးကြောပဲ။ ဒီအချိန်မှာ မင်းသမီးလေး နားမလည်နိုင်သေးတာ ဖြစ်နိုင်ပေမဲ့ မင်းအနေနဲ့ တာအိုအဆင့် ကို ရောက်သွားတဲ့နေ့ကျရင် ကောင်းကင်ပြင်ကျယ်ကြီးထဲမှာ ကိုယ်ပိုင်ကံကြမ္မာအရှိန်အဝါကို သဘာဝအတိုင်း အာရုံခံမိလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဒီတာအိုဆရာ ပြောခဲ့တာတွေက လိမ်ညာမှုမဟုတ်မှန်း မင်း သိလာလိမ့်မယ်။"

လီယင် ခေတ္တမျှ ဆိတ်ဆိတ်နေသွားခဲ့သည်။

တာအိုဘိုးဘေးက သက်ပြင်းချလိုက်သည်။

"အဲဒီနေ့က ကျင်းလွမ်နန်းဆောင်ထဲမှာ အရှင်မင်းကြီးက ဟွမ်ကျန်းကို မေးခဲ့တယ်။ ဘာဖြစ်လို့ မင်းသမီးလေးကို အသုံးချပြီး ပြည်သူတွေရဲ့ စိတ်နှလုံးကို စဉ်ဆက်မပြတ် သိမ်းပိုက်ကာ သူတို့ရဲ့ ကံကြမ္မာအရှိန်အဝါတွေကို လုယူနေရတာလဲဆိုတာကိုပေါ့။ ဟွမ်ကျန်းက ဘာမှပြန်မပြောဘဲ တိုက်ရိုက်ပဲ တိုက်ခိုက်ခဲ့တာ။ သူက သူ့ရဲ့ သိုင်းပညာကို ဖုံးကွယ်ထားခဲ့တာဖြစ်ပြီး သိုင်းသူတော်စင် တစ်ဦးအနေနဲ့ လက်သီးတစ်ချက်တည်းနဲ့တင် ကျင်းလွမ်နန်းဆောင်ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။"

"အဲဒီအချိန်ကစပြီး ဟွမ်ကျန်းဟာ နိုင်ငံတော်ပုန်ကန်မှု အပြစ်ကို ကျူးလွန်ခဲ့ပြီ ဖြစ်တယ်။"

"ဒါဆို အဘိုးတော်က ကျွန်မဆီမှာ ကံကြမ္မာအရှိန်အဝါ ရှိနေတာကို အာရုံခံမိလို့ပဲ ကျွန်မတို့ကို သူ့ထံမှာ ဆရာတင်ဖို့ စီစဉ်ပေးခဲ့တာပေါ့ ဟုတ်လား။"

"ဒါ… ဒါကတော့ မှန်ပါတယ်။"

"ပြီးတော့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဆရာကလည်း ကံကြမ္မာအရှိန်အဝါကို အာရုံခံနိုင်စွမ်းရှိလို့ ဒါကို လာရောက်စုံစမ်းစစ်ဆေးခဲ့တာပေါ့ ဟုတ်လား။"

"အင်း… ဟုတ်ပါတယ်။"

လီယင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒါကြောင့်ပဲလားဟင်။ အကယ်၍ ကျွန်မ ပြည်သူတွေကြားထဲမှာ နာမည်ကောင်းရလာတာကို ကြည့်ပြီး ဆရာကြီးမှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ အဘိုးတော်က ယူဆတာဆိုရင် ဒါက သိပ်ကို တစ်ဖက်သတ်ဆန်လွန်းရာ မကျဘူးလား။"

တာအိုဘိုးဘေးက သက်ပြင်းချလိုက်သည်။

"မင်းသမီးလေးက ဟွမ်ကျန်းအကြောင်းကို မသိသေးလို့ပါ။ သူက သူ့ရဲ့ ရှေ့ဆက်ရမယ့် လမ်းကြောင်းအတွက်ဆိုရင် ဘာမဆို လုပ်ဝံ့တဲ့သူမျိုး။ ဗိုလ်ချုပ် ယဲ့ဖုန်းနဲ့ သူ့ရဲ့ ညီမလေး ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေဟာလည်း ဟွမ်ကျန်း ကိုယ်တိုင် စီစဉ်ဖန်တီးခဲ့တာ ဖြစ်ပြီး သူက ရေမီးသန့်စင်ခြင်း နည်းလမ်းကို ရဖို့အတွက် ဗိုလ်ချုပ် ယဲ့ဖုန်းကို တစ်မြို့လုံး ဝရမ်းထုတ်ခံရအောင်အထိ ဖိအားပေးခဲ့တာ။"

" ဟွမ်ကျန်းက ဒါတွေအားလုံးကို သူ အဆင့်တက်လှမ်းဖို့အတွက် အတွေးသစ်ရဖို့သက်သက်ပဲ လုပ်ခဲ့တာဆိုတော့ သူရဲ့… ရည်ရွယ်ချက်တွေက တကယ့်ကို ယုတ်မာလှပါတယ်။ မင်းသမီးလေးအနေနဲ့ ဟွမ်ကျန်းက မင်းရဲ့ကျင့်ကြံခြင်းကို စိတ်ရင်းမှန်နဲ့ ကူညီပေးနေတယ်လို့ ခံစားရနိုင်ပေမဲ့ မင်း သူ့ရဲ့ စစ်မှန်တဲ့ အတွေးတွေကို တကယ်ပဲ နားလည်ရဲ့လား။"

လီယင်က မိုက်မဲသူတစ်ယောက် မဟုတ်ပေ။ ဆရာသည် အခြားသူများ၏ မျက်စိထဲတွင် မည်သို့သော ပုံရိပ်မျိုး ဖြစ်နေသည်ကို သူမ သဘာဝကျစွာပင် ကြားသိနိုင်ခဲ့သည်။

ထို့ပြင် တစ်ဖက်လူက ဒါကို ရဲရဲဝံ့ဝံ့ ပြောရဲနေခြင်းမှာလည်း သူမအနေဖြင့် အမှန်တရားကို လိုက်လံစုံစမ်းစစ်ဆေးမည်ကို မကြောက်ရွံ့သောကြောင့် ဖြစ်ပေလိမ့်မည်။

ဒါဆိုရင် ဆရာ တကယ်ပဲ ဘာကို လိုချင်နေတာလဲ။

"ဆရာက မိမိရဲ့ အဆင့်မြင့်မားဖို့အတွက်ဆိုရင် ဘယ်လိုနည်းလမ်းမျိုးကိုမဆို သုံးပြီး ကျွန်မတို့ကို နယ်ရုပ်တွေလိုပဲ တကယ်ပဲ အသုံးချနေခဲ့တာလား။"

"မင်းတို့ကို နယ်ရုပ်တွေလို့ ခေါ်တာထက်… ကောက်ပဲသီးနှံတွေလို့ ခေါ်တာက ပိုပြီး တိကျပါလိမ့်မယ်။"

တာအိုဘိုးဘေးက ခါးသီးစွာ ပြုံးလိုက်သည်။

တာအိုဘိုးဘေးအနေဖြင့် လူအမြောက်အမြားကို ကောက်ပဲသီးနှံများကဲ့သို့ ကျင့်ကြံစိုက်ပျိုးစေသည့် ဤကဲ့သို့သော နည်းလမ်းမျိုးကို စိတ်ကူးပင် မယဉ်နိုင်ခဲ့ချေ။

" ကောက်ပဲသီးနှံတွေ တဲ့လား…"

လီယင်သည် စိတ်ပျက်အားလျော့စွာဖြင့် ခေါင်းငုံ့လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။

တာအိုဘိုးဘေးက သက်ပြင်းချလိုက်သည်။

"တစ်နေ့နေ့မှာ ဟွမ်ကျန်း မင်းသမီးလေးဆီကို လာရှာခဲ့ရင်တောင် ဘာမှမလုပ်ဖို့နဲ့ ဘာစကားကိုမှ နားမထောင်ဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ သူက လူကောင်းတစ်ယောက် မဟုတ်ဘူး အနည်းဆုံးတော့ သူ မင်းအပေါ်မှာ တစ်စုံတစ်ရာသော ရည်ရွယ်ချက် ရှိနေတာကတော့ သေချာတယ်။"

"ဒါ… ဒါ တကယ်ပဲလားဟင်။"

"မင်းသမီးလေး သိထားရင်ပဲ လုံလောက်ပါပြီ။"

တာအိုဘိုးဘေး ထွက်ခွာသွားပြီးနောက် ဤကိစ္ဆာ၏ ရိုက်ခတ်မှုမှာ အလွန်ပင် ကြီးမားလှပေသည်။

ပထမဦးစွာ မင်းသား လီလုံရိ လီယင်ထံသို့ လာရောက်ကာ အကယ်၍ လီချန်ရှင်းက သူမထံသို့ လာရောက်ရှာဖွေခဲ့ပါက သူမအနေဖြင့် သူ့ကို အချိန်ဆွဲ၍ ထိန်းထားရမည်ဖြစ်ပြီး လူများကို ကြိုတင်လွှတ်ကာ ဖမ်းဆီးနိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ထို့ပြင် သူမ၏ မိခင်ဖြစ်သူ စုယွမ်ကလည်း ဧကရီ လီယင်အား လီချန်ရှင်းနှင့် ပြတ်ပြတ်သားသား လမ်းခွဲရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"မေမေ… မေမေကကော ဆရာက သူ့ရဲ့ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် ဘယ်လိုနည်းလမ်းမျိုးမဆို သုံးမယ့်သူမျိုးလို့ တကယ်ပဲ ယုံကြည်နေတာလား။"

စုယွမ်သည်လည်း အခြားသော လမ်းကြောင်းများမှတစ်ဆင့် လီချန်ရှင်းက ဗိုလ်ချုပ်ယဲ့ဖုန်းအပေါ် လုပ်ဆောင်ခဲ့သည်များကို ကြားသိထားခဲ့ပြီး ဖြစ်သော်လည် သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ပြန်လည်ဆိတ်ဆိတ်နေသွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူမကိုယ်တိုင်က လီချန်ရှင်း၏ ပြုစုပျိုးထောင်မှုကို ခံခဲ့ရသူ ဖြစ်ပေသည်။

အတိတ်တုန်းက လီချန်ရှင်းသည် သူမ၏ ဆရာတူအကိုပိုင်ဖုန်းကိုပင် ကယ်တင်ပေးခဲ့ဖူးရာ ယခုကဲ့သို့သော အဖြစ်အပျက်မျိုးက ဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်ပေါက်လာရသနည်း။

စုယွမ်၏ စိတ်နှလုံးထဲတွင်မူ မိမိ၏ ဆရာ လီချန်ရှင်းအပေါ် အမြဲတမ်း အကြွေးတင်နေခဲ့သည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း အခြားသူများက လီချန်ရှင်းကို လူဆိုးတစ်ယောက်ဟု ခေါ်ဆိုလိုက်ကြသည့်အခါတွင်မူသူမသည် စိတ်သက်သာရာရမှုတစ်မျိုးကို ထူးဆန်းစွာ ခံစားလိုက်ရပြန်သည်။

သို့သော်လည်း သူမကို ကျွေးမွေးပြုစုခဲ့သည့် ကျေးဇူးတရားကကော။

ဆရာသည် သူမအား မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် တစ်ခါမျှ မတောင်းဆိုခဲ့ဖူးချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမကိုယ်တိုင်ကသာ ဆရာကြီး၏ ညွှန်ကြားချက်များကို မလိုက်နာနိုင်ခဲ့ဘဲ မိမိ၏ ဆရာတူအကို ကိုပင် ထိခိုက်နစ်နာစေခဲ့ရသည်။

အခြားသူများ ပြောသကဲ့သို့ လီချန်ရှင်းတွင် တပည့်များကို လက်ခံရာ၌ ကိုည်ပိုင်ရည်ရွယ်ချက်များ ရှိနေခဲ့လျှင်ပင်သူက ဘာဖြစ်လို့ သူမအပေါ်ကိုတော့ တစ်ခါမျှ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ရသနည်း။

စုယွမ်သည် အမှန်တရားက ဘာလဲဆိုတာကို အများကြီး မတွေးတောချင်တော့သဖြင့် သက်ပြင်းချလိုက်သည်။

"အမှန်တရားက ဘာပဲဖြစ်ဖြစ် ငါတို့က တော်ဝင်မိသားစုဝင်တွေ ဖြစ်တယ်။ မင်းရဲ့ အဘိုးတော်လည်း လုပ်ကြံခံခဲ့ရပြီး ဝရမ်းလည်း ထုတ်ထားပြီးပြီဆိုတော့ ငါတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ သူနဲ့ ပြတ်ပြတ်သားသား လမ်းခွဲဖို့ပဲ ရှိတော့တယ်။"

မိခင်ဖြစ်သူ၏ စကားကို ကြားရသောအခါ လီယင်သည် စိတ်မသက်မသာ ဖြစ်သွားခဲ့ရသော်လည်း လက်ရှိအခြေအနေကို လက်ခံရန်မှတစ်ပါး အခြားမရှိတော့ချေ။

လီယင် အိပ်ပျော်သွားပြီးနောက် စုယွမ်သည် အခန်းထဲသို့ ဝင်လာခဲ့ရာ စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာရှိသည့် မင်းသား လီလုံရိကို တွေ့လိုက်ရသည်။

"အရှင် "

"မိဖုရား… မင်း ရောက်လာပြီပဲ။ ရှောင်ယင်ကော ဘယ်လိုလဲ။"

"အများကြီး ဖျောင်းဖျပြီးမှပဲ သူ နောက်ဆုံးတော့ လက်ခံသွားခဲ့တယ်။ ဒါပေမဲ့… ဒီကိစ္စရဲ့ ရိုက်ခတ်မှုက သိပ်ပြီးတော့ မကြီးမားလွန်းဘူးလား။"

မင်းသား လီလုံရိက သက်ပြင်းချလိုက်သည်။

"အခုအချိန်မှာ မဟာယန်က မိစ္ဆာတွေကို သွားရောက်နှိမ်နင်းဖို့ စစ်တပ်တွေကို စုစည်းနေတဲ့ အရေးကြီးတဲ့ အချိန်အဆစ်အအပိုင်း ဖြစ်နေတာ။ ဒီလို အချိန်မျိုးမှာ သိုင်းသူတော်စင်တစ်ဦးက ရုတ်တရက် ပေါ်လာပြီး ဧကရာဇ်ကို လုပ်ကြံတယ်ဆိုတာ အခြေအနေတွေက ဒီလောက် ရိုးရှင်းတယ်လို့ မင်း ထင်နေတာလား။"

"ဆရာ ဟွမ်ကျန်းက လက်သီးတစ်ချက်တည်းနဲ့တင် ကျင်းလွမ်နန်းဆောင်ကြီးကို ဖျက်ဆီးနိုင်လောက်အောင် စွမ်းအားကြီးတာလေ။ အရှင်မင်းကြီးအနေနဲ့ ဒီလိုအချိန်မျိုးမှာ သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တာက…"

"မဟုတ်ဘူး… အဲဒီလို ဖြစ်နေလို့ပဲ အရှင်မင်းကြီးက ဒါကို မဖြစ်ဖြစ်အောင် လုပ်လိုက်တာ။"

မင်းသား လီလုံရိက သက်ပြင်းချလိုက်သည်။

"ဘာဖြစ်လို့လဲဟင်။"

"ဒီကိစ္စကို… မင်း အများကြီး စိုးရိမ်မနေပါနဲ့ ငါပဲ ကိုင်တွယ်ဖြေရှင်းလိုက်ပါမယ်။"

"ကောင်းပါပြီ။"

စုယွမ်သည် အဝတ်အစားများကို လဲလှယ်၍ အိပ်စက်ရန် ပြင်လိုက်သည်။ မင်းသား လီလုံရိသည် လှုပ်ခတ်နေသော ဖယောင်းတိုင်မီးရောင်ကို ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"ဒီအခြေအနေအထိ ရောက်လာမှတော့ ငါ ရှေ့ဆက်တိုးဖို့ပဲ ရှိတော့တယ်။ မဟာယန်ရဲ့ ကံကြမ္မာအရှိန်အဝါ မျက်နှာသာပေးမှုကို ခံထားရတဲ့ ဘယ်သားမြေးကိုမဆို ဧကရာဇ်က ဘယ်တော့မှ အေးအေးဆေးဆေး နေခွင့်ပေးမှာ မဟုတ်ဘူး။ ငါ ဘာလုပ်ရမလဲ ငါ ဘာလုပ်သင့်လဲ။"

မင်းသား လီလုံရိသည် သူ၏ ဦးခေါင်းကို နှိပ်ရင်း တံခါးအပြင်ဘက်သို့ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်သွားခဲ့သည်။

စုယွမ်သည် မင်းသား လီလုံရိကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး မီးဖိုချောင်သို့ သွားရန် ထလိုက်သည်။

မင်းသား လီလုံရိသည် စာကြည့်ခန်းသို့ သွားကာ ဖယောင်းတိုင်များကို ထွန်းညှိလိုက်ပြီး စားပွဲခုံတွင် ထိုင်လျက် လှုပ်ခတ်နေသော မီးရောင်ကို ကြည့်ရင်း အကြောင်းအရာ အများကြီးကို စဉ်းစားတွေးတောနေခဲ့သည်။

သို့သော်လည်း အချိန်ကိုက် ဖြစ်ပေါ်လာမှုများကြောင့် အခြေအနေများ၏ တိုးတက်ပြောင်းလဲမှုက သူ၏ မျှော်လင့်ချက်များကို အဆမတန် ကျော်လွန်သွားခဲ့သဖြင့် မည်သည့်အရာကိုမျှ အကောင်အထည်ဖော်ရန် ခက်ခဲသွားခဲ့သည်။

နောက်ဆုံးကျရင် မိသားစုတစ်ခုလုံး ပျက်စီးသွားမယ့် အခြေအနေမျိုးအထိ ရောက်သွားမှာကို သူ စိုးရိမ်မိနေသည်။

"မင်းသား လီလုံရိမှာ တစ်စုံတစ်ရာ ပူပန်စရာတွေ ရှိနေတာလား။"

"ခင်ဗျား"

"ရှူး… ဒီတာအိုဆရာက ညဉ့်နက်သန်းခေါင်မှ လာရောက်လည်ပတ်တာ ဖြစ်လို့ အကြာကြီး နေမှာ မဟုတ်ပါဘူး။ ငါ ဒီတစ်ခါ လာတာက ရှောင်ယင်ကို လာရှာတာ မဟုတ်ဘဲ မင်းသား လီလုံရိကို အချို့အကြောင်းအရာတွေ မေးမြန်းချင်လို့ပါ။ "

လီချန်ရှင်းက ပြုံးလျက် ဆိုသည်။

မင်းသား လီလုံယီက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။

"တာအိုဆရာ ဘာကို မေးမြန်းချင်လို့လဲ။"

"ငါ အထင်မမှားရင်တော့… မင်းသား လီလုံရိကမှ တကယ့် မဟာယန်ရဲ့ ကံကြမ္မာအရှိန်အဝါ မျက်နှာသာပေးမှုကို ခံထားရတဲ့သူ မဟုတ်ဘူးလား။"

လီချန်ရှင်းက ပြုံးလိုက်သည်။

လီချန်ရှင်းက သားရေစက္ကူ အပိုင်းအစတစ်ခုကို ထုတ်ပြလိုက်သည်။

မင်းသား လီလုံရိ၏ မျက်သူငယ်အိမ်များ ကျဉ်းမြောင်းသွားခဲ့ပြီး သူသည် စားပွဲခုံရှိ လျှို့ဝှက်အကန့်ကို အလျင်အမြန် ဖွင့်ကြည့်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"ဒါကို ငါ့ဆီ ပြန်ပေး။"

"'ကောင်းကင်ဘုံကို ခိုးယူ၍ နေ့ရက်ကို ပြောင်းလဲခြင်း ကောင်းကင်ဘုံကို လှည့်စား၍ ပင်လယ်ကို ဖြတ်ကျော်ခြင်း။ မင်းသား လီလုံယီရဲ့ ဒီလျှို့ဝှက်အတတ်ပညာက တကယ့်ကို လောကမှာ ရှားပါးလှပါတယ်။ ရှေးလူတွေက တိုင်းပြည်တစ်ခုရဲ့ ကံကြမ္မာအရှိန်အဝါအပေါ် ဒီလောက်အထိ နားလည်သဘောပေါက်ထားခဲ့ကြလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ အဲဒီထဲက နည်းလမ်းအများစုက တာအိုကျင့်ကြံခြင်းရဲ့ လျှို့ဝှက်အတတ်ပညာတွေနဲ့ ဖွဲ့စည်းထားတာပဲ… အင်း… မဟာယန်၊ မဟာဆုံ၊ မဟာချန်၊ မဟာလင်းဒါတွေအားလုံးက တကယ်တော့ ရှေးဟောင်းခေတ်က ကြီးမားတဲ့ အင်ပါယာ ကြီးတစ်ခု ပြိုကွဲသွားရာကနေ ဆင်းသက်လာကြတာ မဟုတ်ဘူးလား။"

လီချန်ရှင်းက မေးမြန်းလိုက်သည်။

မင်းသား လီလုံယီ၏ မျက်သူငယ်အိမ်များ ကျဉ်းမြောင်းသွားခဲ့ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

"တာအို​ဆရာက ဒါတွေကို သိရှိထားပြီးပြီပဲ ဘာဖြစ်လို့ အများကြီး ထပ်မေးနေဦးမှာလဲ။"

"မဟုတ်ဘူး… ငါက ရှေးဟောင်းခေတ်အကြောင်းကို အများကြီး မသိပါဘူး။ ဒါတွေက ငါ့ရဲ့ ခန့်မှန်းချက်တွေ သက်သက်ပါပဲ။ အကယ်၍ မဟာယန်မှာ ရှေးဟောင်းခေတ်က အမွေအနှစ်တွေ ရှိနေခဲ့ရင် ဘာဖြစ်လို့ အခုအချိန်မှာ ဒီလို အခြေအနေမျိုးအထိ ရောက်နေရတာလဲ။"

လီချန်ရှင်းက ဆိုသည်။

"တာအိုဆရာက ဘာကို ရည်ညွှန်းတာလဲ။"

"ရှေးဟောင်းခေတ်က လူတွေဟာ ဒီလောက်အထိ ဆန်းကြယ်တဲ့ အတတ်ပညာတွေကို သုတေသနပြုနိုင်ခဲ့ကြမှတော့ အဲဒီခေတ်က လူတွေကို ရိုးရိုးလူသားတွေသက်သက်ပဲလို့ ငါမယုံကြည်ဘူး။"

"ဝေးဝေးလံလံတွေကို ဖယ်ထားဦး တာအိုနန်းတော်ရဲ့ တာအိုဘိုးဘေးဆိုရင်လည်း တာအိုအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်တာ သေချာသလို ဒါမှမဟုတ်… တာအိုအဆင့်ရဲ့ အထက်မှာ ရှိနေတာလည်း ဖြစ်နိုင်တယ်။"

"ငါ ဒါကို သေချာနားမလည်သေးတာ ဖြစ်နိုင်ပေမဲ့ အချက်တစ်ခုကတော့ သေချာတယ်။ ယဉ်ကျေးမှု သမိုင်းကြောင်းက ပြတ်တောက်သွားခဲ့တာ ဖြစ်ဖြစ် ဒါမှမဟုတ် ကြီးမားတဲ့ ဘေးဒုက္ခတစ်ခုခု ကြုံတွေ့ခဲ့ရတာ ဖြစ်ဖြစ် တစ်ခုခုတော့ ရှိရမယ်။"

လီချန်ရှင်းက မင်းသား လီလုံရိကို စိုက်ကြည့်ကာ အဖြေတစ်ခုကို မျှော်လင့်နေခဲ့သည်။

မင်းသား လီလုံရိက ခေါင်းကို ခါယမ်းလိုက်သည်။

"ဒါကို ကျွန်တော်လည်း မသိဘူး တာအိုဆရာကို စိတ်ပျက်စေခဲ့ပါပြီ။ ဒီလျှို့ဝှက်အတတ်ပညာကို ငါ မြို့ပြင်ကို ခရီးသွားရင်းနဲ့ သင်္ချိုင်းသူခိုးတစ်ယောက်ဆီကနေ တိုက်တိုက်ဆိုင်ဆိုင် ရခဲ့တာပါ။"​

"သင်္ချိုင်းသူခိုး ဟုတ်လား။ ဘယ်လို သင်္ချိုင်းမျိုးလဲ။"

"ဒါကို ကျွန်တော်က ဘယ်လိုလုပ်ပြီး သိပါ့မလဲ။"

လီချန်ရှင်းက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"အကယ်၍ မင်းသား လီလုံရိအနေနဲ့ ရှောင်ယင်ဆီက ကံကြမ္မာအရှိန်အဝါကို ပြန်ပြီး လွှဲပြောင်းယူချင်တယ်ဆိုရင် ငါ ကူညီပေးနိုင်ပါတယ်။"

"ဒါ… ဒါကိုတော့ ထားလိုက်ပါတော့ တာအိုဆရာကို ဒုက္ခမပေးချင်တော့ပါဘူး။"

မင်းသား လီလုံရိသည် စိတ်လှုပ်ရှားသွားခဲ့သော်လည်း မိမိကိုယ်တိုင် ခဏမျှ ပြင်ဆင်ပြီးမှသာ ရှောင်ယင်ဆီက ကံကြမ္မာအရှိန်အဝါကို ကိုယ်တိုင် လွှဲပြောင်းယူတာက ပိုကောင်းလိမ့်မည်ဟု တွေးတောလိုက်သည်။

ဟုတ်ပေသည်။ ထိုကံကြမ္မာအရှိန်အဝါက မူလကတည်းက သူ၏ အရာ ဖြစ်သင့်သည် မဟုတ်ပါလား။

သူသည် ငယ်စဉ်အခါက ဤလျှို့ဝှက်အတတ်ပညာကို တိုက်တိုက်ဆိုင်ဆိုင် သိရှိခဲ့ရပြီးနောက် တိုင်းပြည်၏ ကံကြမ္မာအရှိန်အဝါ၏ အကျိုးသက်ရောက်မှုများကို စတင်စုံစမ်းခဲ့ရာ တော်ဝင်နန်းတော်အတွင်း၌ အချို့သော သဲလွန်စများကို တကယ်ပဲ ရှာဖွေတွေ့ရှိခဲ့သည်။

ထိုအချိန်မှစ၍ မင်းသား လီလုံရိသည် လောကကြီး၏ တံခါးချပ်အသစ်တစ်ခု ပွင့်သွားသကဲ့သို့ ခံစားခဲ့ရသော်လည်း သူ၏ လက်ရှိ အင်အားနှင့်ဆိုလျှင် ထိုတံခါးကို ဖြတ်ကျော်ရန် မဖြစ်နိုင်ကြောင်း သူ သိရှိထားခဲ့သည်။

ဒါကြောင့်ပဲ သူက ဒါကို ဖုံးကွယ်ထားရန် ရွေးချယ်ခဲ့ပြီးလီယင် မွေးဖွားလာပြီးနောက်တွင်မူ သူ၏ ကိုယ်ပိုင်ကံကြမ္မာအရှိန်အဝါကို သူမထံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

ဤလုပ်ဆောင်ချက်မှာ ဖြစ်နိုင်ခြေ ရှိပေသည်။ အကြောင်းမှာ တိုင်းပြည်၏ ကံကြမ္မာအရှိန်အဝါဆိုသည်မှာ ပုံသေဖြစ်မနေဘဲ သားအဖအချင်းချင်း ဆက်ခံနိုင်သောကြောင့် ဖြစ်ရာ ထိုအချိန်က ဧကရာဇ် လီချန်သည်လည်း ဒါကို အလေးအနက် မထားခဲ့ချေ။

ဘာပဲဖြစ်ဖြစ် ဧကရာဇ်ကိုယ်တိုင်လည်း သူ့တွင် ဤကဲ့သို့သော ဆန်းကြယ်သည့် အတတ်ပညာမျိုး ရှိနေသည်ကို မသိရှိထားခဲ့သောကြောင့် ဖြစ်သည်။

လီချန်ရှင်းသည် မျှော်လင့်မထားသော အချက်အလက်အချို့ကို ရရှိပြီးနောက်၊ သားရေစက္ကူကို ပြန်ချထားခဲ့ပြီး မင်းသား လီလုံယီ၏ နေအိမ်မှ ထွက်ခွာခဲ့တော့သည်။

မင်းသား လီလုံယီက အသက်ကို ပြင်းပြင်းရှူပြီးနောက် အော်ဟစ်လိုက်သည်။

"လုပ်ကြံသူကို ဖမ်းကြစမ်း။"

မကြာမီအချိန်အတွင်းမှာပင်…

လီချန်ရှင်းသည် မြို့တော်အတွင်း၌ သူ လွှဲပြောင်းပေးအပ်ရန် ရှိသည်များကို ပြီးစီးအောင် လုပ်ဆောင်ပြီးနောက်တော်ဝင်မြို့တော်အတွင်းမှ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။

မည်သူကမျှ သူ့ကို တားဆီးနိုင်စွမ်း မရှိခဲ့ချေ။

"အင်း… ရှေးဟောင်းခေတ်က ပြဿနာတွေကို စုံစမ်းဖို့အတွက် ငါ တခြားနိုင်ငံ သုံးခုဆီကို သွားရမယ်ထင်တယ်။ အဲဒီလိုမှပဲ တိုင်းပြည်ရဲ့ ကံကြမ္မာအရှိန်အဝါကို ချိုးဖျက်နိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်လိမ့်မယ်။"

သားရေစက္ကူပေါ်တွင် မှတ်တမ်းတင်ထားသော လျှို့ဝှက်အတတ်ပညာမှတစ်ဆင့် နိုင်ငံတော်၏ ကံကြမ္မာအရှိန်အဝါအကြောင်း ဗဟုသုတများကို ဖြည့်စွက်ပြီးနောက် လီချန်ရှင်းက ဤကဲ့သို့ သုံးသပ်လိုက်ခြင်း ဖြစ်သည်။

ကံကြမ္မာအရှိန်အဝါဟူသည် အပြန်အလှန် ဆက်နွှယ်နေခြင်းဖြစ်ရာ ကြီးမားသော ကံကြမ္မာအရှိန်အဝါရှိသူများသာ နယ်မြေများကို ချဲ့ထွင်နိုင်ပြီး ဘုရင် သို့မဟုတ် အရှင်သခင်များ ဖြစ်လာနိုင်ကြသည်။

လီချန်ရှင်းသည် လူသားမျိုးနွယ်တစ်ခုလုံးနီးပါး၏ သိုင်းပညာကံကြမ္မာအရှိန်အဝါ ကို သဘာဝအတိုင်း ပိုင်ဆိုင်ထားသူဖြစ်ပြီး၊ ဤသိုင်းပညာကံကြမ္မာကြောင့်ပင် လီချန်ရှင်းသည် ဧကရာဇ် လီချန်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် ဒါက သိုင်းပညာကံကြမ္မာတင်မကဘဲ စာပေကျင့်ကြံမှု ကံကြမ္မာအရှိန်အဝါလည်း ပါဝင်နေသေးသည်။

ယခုတစ်ခါ မဟာယန်ပြည်မှ ထွက်ခွာသွားခဲ့လျှင် မည်သည့်နှစ် မည်သည့်လကျမှ ပြန်လာနိုင်မည်ကို သူ မသိရှိတော့ချေ။

"ငါပြန်လာတဲ့အချိန်ကျရင် ငါ့ရဲ့ စာပေကျင့်ကြံမှုက အဆင့်တက်လှမ်းနိုင်ခဲ့ပြီး ဤအခွင့်အရေးကို အသုံးချကာ ရိတ်သိမ်းမှုများ ပြုလုပ်လျက် ငါ့ရဲ့ သိုင်းပညာကို ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီ အရောက်လှမ်းနိုင်မယ့် လမ်းကြောင်းကို ရှာဖွေနိုင်ဖို့ မျှော်လင့်ပါတယ်။"

လီချန်ရှင်းက ပြုံးလိုက်သည်။ သူသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း မဟာယန်ပြည်၌ ရရှိခဲ့သော ပြင်ပပစ္စည်းများကို အခြေခံအားဖြင့် အားလုံး ခွဲဝေပေးအပ်ခဲ့ပြီးဖြစ်သော်လည်း အချိန်တန်လျှင် ဒါတွေကို ပြန်လည်ရရှိမည့်နေ့ ရောက်လာလိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်အတန်းမှာမူ သူ၏ ခန္ဓာကိုယ်အတွင်း၌ အစစ်အမှန် တိုးတက်လာခဲ့ခြင်း ဖြစ်သဖြင့် ဘယ်တော့မှ ဆုံးရှုံးသွားလိမ့်မည် မဟုတ်ချေ။

အခြားသူများ၏ မုန်းတီးခြင်းနှင့် ရွံရှာခြင်းများမှာမူ ပို၍ပင် အဓိပ္ပာယ်မရှိလှချေ။

တောင်ထိပ်ပေါ်မှာ မတ်တတ်ရပ်နေတဲ့သူတစ်ယောက်က တောင်ပေါ်ကို တက်ဖို့ ကြိုးစားနေရုံသက်သက်ပဲရှိသေးတဲ့ လူတွေကို ဘာဖြစ်လို့ ဂရုစိုက်နေဖို့ လိုဦးမည်နည်း။

All Chapters