← Chapters

အခန်း (၄၁)

Vol. 5 Ch. 41

အခန်း (၄၁)

Vol. 5 Ch. 41

အခန်း ၄၁ - မက်မွန်သားဓားမြှောင်။

"ဒီနားကို လာခဲ့။"

လီချန်ရှင်းက လီယင်ကို ကြည့်ပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ။"

လီယင်သည် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။ လွန်ခဲ့သည့် ခြောက်လပတ်လုံး သူမသည် စစာပေကျင့်ကြံခြင်းကို‌ လေ့ကျင့်နိုင်ရန် သူမ၏မိခင်ကို နေ့တိုင်း ပူဆာခဲ့ရသည်။ ထို့နောက် သူမ၏ ကိုယ်ပိုင်နားလည်သဘောပေါက်မှုအပေါ် အခြေခံကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အမှန်တကယ်ပင် ရောက်ရှိသွားခဲ့သည်။

စုယွမ်ပင်လျှင် လီယင်၏ စာပေကျင့်ကြံခြင်းဆိုင်ရာ ပါရမီကို မြင်ပြီး အံ့အားသင့်သွားခဲ့ရကာ သူမသည် လီချန်ရှင်း၏ မျက်စိကျခြင်းကို သေချာပေါက် ခံရလိမ့်မည်ဟု တည့်တည့်မတ်မတ် ပြောခဲ့ဖူးသည်။

မူလက လီယင်သည် မလာခင်က ယုံကြည်ချက်အပြည့် ရှိနေခဲ့သော်လည်း လီချန်ရှင်းကို မြင်လိုက်ရသည့်အခါတွင်မူ ဆရာက သူမကို တပည့်အဖြစ် လက်မခံဘဲ နေမည်ကို စိုးရိမ်ပြီး စိတ်လှုပ်ရှားလာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူမ ကြိုးစားခဲ့ရသမျှအားလုံးက ထိုက်တန်သွားခဲ့ပြီ ဖြစ်သည်။

လီယင်၏ ရုပ်သွင်က စုယွမ်နှင့် တစ်ထေရာတည်း တူလှသဖြင့် လီချန်ရှင်းအား စုယွမ်၏ ငယ်စဉ်က ပုံစံကို ပြန်လည်အမှတ်ရစေသည်။

စုယွမ်၏ ရုပ်ရည်က သိပ်မအိုမင်းသေးသော်လည်း သူမသည် ယခင်ကနှင့်တော့ မတူတော့ချေ။

"မင်းရဲ့လက်ကို ဆန့်ထုတ်လိုက်။"

"ဟုတ်ကဲ့။"

လီယင်က သူမ၏ ညာဘက်လက်ကို ဆန့်ထုတ်ပေးလိုက်ရာ လီချန်ရှင်းက သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကာ သေချာစွာ အကဲခတ်လိုက်သည်။

လီယင်၏ စာပေကျင့်ကြံခြင်း ပါရမီက အမှန်တကယ်ပင် ကြောက်ခမန်းလိလိ ကောင်းမွန်လှသည်။ ခြောက်လအတွင်းမှာတင် ကျင့်ကြံခြင်း လုံးဝမရှိရာမှ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားခြင်းမှာ သူကိုယ်တိုင်ထက်ပင် ပို၍ မယုံနိုင်စရာ ကောင်းနေသည်။

ဒါက တာအိုစာပေကျင့်ကြံခြင်းလောကတွင် အမြန်ဆုံး အခြေခံတည်ဆောက်နိုင်သည့် စံချိန်ကို ချိုးဖျက်လိုက်ခြင်းဖြစ်ပြီး မကြုံစဖူး ထူးခြားမှုတစ်ခုဟု ခေါ်ဆိုနိုင်သည်။

သို့သော်လည်း လီချန်ရှင်းသည် မကြာမီမှာပင် ထူးဆန်းမှုတစ်ခုကို သတိပြုမိသွားသည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော မဟာယန် ၏ ကံကြမ္မာအရှိန်အဝါများသည် သူမ၏ ခန္ဓာကိုယ်နှင့် အကြွင်းမဲ့ ပေါင်းစပ်သွားပုံရပြီး လီယင်၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံကို ပြီးပြည့်စုံသွားစေသည်။

မည်မျှပင် ပြီးပြည့်စုံသလဲဆိုလျှင်… လီချန်ရှင်း၏ ရင်ကိုပင် တုန်လှုပ်သွားစေသည်အထိ ဖြစ်သည်။

ဤကဲ့သို့သော ပါရမီအရည်အချင်းမျိုးနှင့်ဆိုလျှင် စာပေကျင့်ကြံခြင်း၌ဖြစ်စေ သိုင်းပညာ ၌ဖြစ်စေ သူမသည် သူ့ထက် အဆပေါင်းများစွာ သာလွန်နေပေသည်။

'မင်းဆက်တစ်ခုရဲ့ ကံကြမ္မာအရှိန်အဝါက ဒီလောက်အထိ အစွမ်းထက်နိုင်မယ်လို့ ငါ လျှော့တွက်မိသွားတာပဲ။'

လီချန်ရှင်းက စဉ်းစားရင်း သူ၏ မက်မွန်သား ဓား‌‌မြှောင်လေးကို ထုတ်ယူလိုက်သည်။

"ဒီဓားကို မိုးကြိုးထိမှန်ထားတဲ့ မက်မွန်သားနဲ့ လုပ်ထားတာ။ ငါ့လက်နဲ့ကိုယ်တိုင် သွေးထားတဲ့ ဓားပဲ။ ဘေးအန္တရာယ်တွေကို ပယ်ဖျောက်ပြီး မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်တဲ့ အစွမ်းရှိတယ်။ ဒါကို မင်းကို လက်ဆောင်ပေးမယ် သေချာ ထိန်းသိမ်းပါ။"

လီချန်ရှင်းက ဓားမြှောင်ကို ကမ်းပေးလိုက်သောအခါ ဘေးနားရှိ တာအိုဘိုးဘေးလည်းမျက်လုံးများ ပြူးကျယ်သွားရသည်။

"ကျင့်ကြံဖော်… မင်းက တကယ့်ကို သဘောထားကြီးတာပဲ။ ဒီမိုးကြိုးထိထားတဲ့ သစ်သားက…"

"ဘာမှ ထပ်မပြောပါနဲ့တော့ ဒီအရာက သူမနဲ့ ရေစက်ပါလာလို့ပါ။"

တာအိုဘိုးဘေးက ခေါင်းညိတ်လိုက်ပြီး လီချန်ရှင်းသည် မိမိလူများအပေါ် အလွန်ကောင်းသည်ဟု တွေးလိုက်မိသည်။ ဤမိုးကြိုးထိထားသော သစ်သားထဲတွင် သက်စောင့်ချီ များစွာ ပါဝင်နေပြီး ခန္ဓာကိုယ်နှင့် မပြတ် ဆောင်ထားရုံမျှဖြင့် အသက်ရှည်စေနိုင်သည်။ အဓိကအချက်မှာ ၎င်းထဲ၌ ပါဝင်သော စစ်မှန်သော မိုးကြိုးကြောင့်ပင် ဖြစ်သည်။

လီယင်သည် ထင်းစတစ်စနှင့် တူလှသော ဓားမြှောင်လေးကို သိမ်းဆည်းလိုက်ပြီးနောက် ၎င်းက ကြည့်ရဆိုးသည်ဟု ခံစားရသော်လည်း လက်ထဲတွင် ကိုင်ထားရသည်မှာ အလွန် သက်တောင့်သက်သာ ရှိလှသည်။

"ကျေးဇူးတင်ပါတယ် ဆရာ။"

လီယင်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးချ၍ ပြောလိုက်သည်။

"ဒီနေ့ တာအိုဘိုးဘေးပါ ဒီမှာ ရှိနေတာမို့ စာပေကျင့်ကြံခြင်းရဲ့ သဘောတရားအချို့ကို မင်းကို ရှင်းပြပေးမယ်။"

လီချန်ရှင်းက ခေါင်းညိတ်ပြီးဆိုသည်။

"ဟားဟား ငါ့မှာလည်း အဲဒီအကြံရှိပါတယ်။"

တာအိုဘိုးဘေးက ရယ်မောကာ ပြောသည်။

ထို့နောက်တွင် သူတို့နှစ်ဦးသည် တစ်လှည့်စီ ကူညီဖြည့်စွက်ပေးရင်း လီယင်အား စာပေကျင့်ကြံခြင်းဆိုင်ရာ သဘောတရားများ၊ တာအိုသီအိုရီများနှင့် အမျိုးမျိုးသော တိမ်မြုပ်နေသည့် လျှို့ဝှက်နည်းစနစ်များကို အကျဉ်းချုပ် ရှင်းလင်းပြသပေးခဲ့ကြသည်။

သူတို့က အသေးစိတ်ကြီး မရှင်းပြခဲ့သော်လည်း စာပေကျင့်ကြံခြင်းကဲ့သို့သော အရာမျိုးမှာ မိမိဘာသာ ဆင်ခြင်တွေးတော နားလည်ရသောအရာ ဖြစ်သည်။

မည်သို့ လေ့ကျင့်ရမည်ကို သင်ကြားပေးခြင်းက တစ်ပိုင်းဖြစ်ပြီး ရှေ့ဆက်ရမည့် လမ်းစဉ်အပေါ် မိမိ၏ ကိုယ်ပိုင်နားလည်မှုကမူ နောက်တစ်ပိုင်းဖြစ်သည်။ အထူးသဖြင့် တာအိုနယ်ပယ် သို့ ရောက်ရှိပြီးနောက် လီချန်ရှင်းနှင့် တာအိုဘိုးဘေးတို့၏ ဆွေးနွေးမှုများသည် နီဝမ်နန်းတော်၏ ဝိသေသလက္ခဏာများအပေါ်တွင်သာ ကန့်သတ်ထားပြီး နီဝမ်နန်းတော်မှတစ်ဆင့် မည်သို့ ရှေ့တက်ရမည်ဟူသော မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းများကိုမူ ထုတ်ဖော်မပြောကြချေ။

အဘယ်ကြောင့်ဆိုသော် အခြားသူများ လျှောက်လှမ်းခဲ့သော လမ်းစဉ်သည် မိမိနှင့် ကိုက်ညီချင်မှ ကိုက်ညီမည်ဖြစ်ပြီး ၎င်းက မိမိ၏ စိတ်အခြေအနေကို လွယ်ကူစွာ ပျက်စီးသွားစေနိုင်ကြောင်း သူတို့ သိကြသောကြောင့် ဖြစ်သည်။

သင်ကြားပြသမှုအပြီးတွင် လီယင်သည် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။

"ဒီနေ့တော့ မင်း ပြန်နိုင်ပြီ။ နောက်ပိုင်း လဝက်တစ်ကြိမ် ဆရာ့ဆီကို လာခဲ့ပါ။"

မိုးချုပ်တော့မည်ကို မြင်သဖြင့် လီချန်ရှင်းက လီယင်ကို အိမ်ပြန်ရန်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ။"

လီယင်သည် မက်မွန်သားဓားလေးကို ကိုင်ကာ ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။

ရထားလုံးပေါ်တွင် ရှိနေစဉ် လီယင်သည် ယနေ့ ကြားသိသင်ယူခဲ့ရသည်များကို ပြန်လည်တွေးတောရင်း ရုတ်တရက် အသိဉာဏ်ပွင့်လင်းမှုကို ခံစားလိုက်ရသည်။

'စာပေကျင့်ကြံခြင်းနဲ့ သိုင်းပညာက လမ်းစဉ်ချင်းသာ ကွဲပြားတာ တကယ်တော့ အတူတူပါပဲလား။ ဆရာက စာပေကျင့်ကြံခြင်းရော သိုင်းပညာမှာပါ ဘယ်လိုအတားအဆီး အကန့်အသတ် မှ မရှိဘဲ သူ့ရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့တာ တကယ်ကို အံ့ဩဖို့ကောင်းတယ်။'

လီယင်၏ မျက်လုံးများက တောက်ပနေခဲ့သည်။

အထူးသဖြင့် သူမ၏ ကျင့်ကြံခြင်းဆိုင်ရာ ပြဿနာအချို့နှင့် ပတ်သက်၍ သူမ၏ မိခင် ရှင်းပြခဲ့စဉ်က နားလည်ရခက်ပြီး ရှုပ်ထွေးနေခဲ့သော်လည်း ဆရာ ရှင်းပြလိုက်သည့်အခါတွင်မူ အလွန်ရိုးရှင်းပြီး ရှင်းလင်းသွားခဲ့သည်။ ဒါက လီယင်အား ဤဆရာ့ထံတွင် သေချာစွာ ဆည်းကပ်ပြီး ပိုမိုသင်ယူရန် စိတ်ပိုင်းဖြတ်မှုကို ပိုမိုခိုင်မာစေခဲ့သည်။

အိမ်သို့ ပြန်ရောက်သောအခါ လီယင်သည် သူမ၏ မိဘများကို တွေ့ရှိခဲ့ပြီး ဘေးနားရှိ လီကျောက်ဝူမှာမူ မနာလိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

"အဖေ ​အမေ အစ်ကို… လီယင် ပြန်ရောက်ပြီ။"

လီယင်က ပျော်ရွှင်စွာ ပြေးလာပြီး ပြုံးကာ ပြောလိုက်သည်။

"အင်း… ပြန်ရောက်ပြီပဲ… သမီးလက်ထဲက ဘာလဲ။”

စုယွမ်က စူးစမ်းစွာ မေးလိုက်သည်။

"ဒါက ဆရာ ပေးတဲ့ လက်ဆောင်လေ ဘေးအန္တရာယ်တွေကို ပယ်ဖျောက်ပေးနိုင်တယ်လို့ ပြောတယ်။”

လီယင်က သူမလက်ထဲက မက်မွန်သားဓားကို ဂုဏ်ယူစွာ ပြသလိုက်သည်။

"တာအိုဆရာ ဟွမ်ကျန်းက ရှောင်ယင်လေးကို အလေးအနက် သဘောထားပုံရတယ်။"

မင်းသား လီလုံရိက ပြုံးလိုက်ပြီး ဆိုသည်။

"ဟုတ်တယ် အဖေ သူတို့က သမီးကို စာပေကျင့်ကြံခြင်းအကြောင်းတွေ အများကြီး သင်ပေးပြီးတော့လဝက်တစ်ခါ သူ့ဆီ လာခဲ့ဖို့လည်း ပြောတယ်။"

လီယင်က ဝမ်းသာအားရ ပြောသည်။

"ဟွန့်။"

ဘေးနားရှိ လီကျောက်ဝူက ပို၍ပင် မနာလိုဖြစ်သွားသည်

"ကောင်းပြီ။ နောက်တစ်ခါကျရင်… လက်ဆောင်တစ်ခုခု ယူသွားဖို့ မမေ့နဲ့။ တာအိုဆရာ ဟွမ်ကျန်းက ကြီးကျယ်တဲ့ တပည့်ခံပွဲ မလုပ်ခဲ့ပေမဲ့ တို့ဘက်က ရိုးသားဖြောင့်မတ်မှုကို ပြသရမယ်။"

မင်းသား လီလုံရိက ခေါင်းညိတ်ကာ မှာကြားလိုက်သည်။

"ဟုတ်ကဲ့ပါ။"

"အမေသားကို ကူညီပြီး တာအိုဆရာဆီမှာ သားကိုပါ တပည့်အဖြစ် လက်ခံပေးဖို့ ပြောပေးပါဦး။"

လီကျောက်ဝူသည် ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ စုယွမ်၏ လက်ကို အလျင်အမြန် ဆွဲကာပူဆာလေသည်။

"ရှောင်ယင်... နောက်တစ်ခါ ဆရာ့ကို သွားတွေ့ရင် ဒီအကြောင်းကို တစ်ချက်လောက် စကားစပ်ပေးကြည့်ပါဦး။"

စုယွမ်က ခက်ခဲသွားဟန်ဖြင့် ကြည့်လိုက်ပြီးနောက် ရုတ်တရက် လီယင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"အော်… ဟုတ်ကဲ့ပါ။"

လီယင်က သဘောတူလိုက်သည်။

"ညီမလေး… တာအိုဆရာကသာ သဘောတူရင် ညီမလေး ကြိုက်တဲ့ စားစရာတွေ အကုန် လိုက်ကျွေးမယ်။ ဘာဝယ်ချင်ဝယ်ချင် အကုန် ဝယ်ပေးမယ်။"

လီကျောက်ဝူက လီယင်ကို အံ့ဩဝမ်းသာစွာ ကြည့်ပြီး ကတိပေးတော့သည်။

ဖြတ်ခနဲ။

မင်းသား လီလုံရိက လီကျောက်ဝူ၏ ခေါင်းကို ပုတ်လိုက်ပြီး ပြုံးလျက် ဆူပူလိုက်သည်။

"မင်းကတော့လေ… ညီမလေးကိုပါ လာပြီး လာဘ်ထိုးနေပြန်ပြီ။ လူငယ်ဆိုတာ စိတ်ရှည်ရတယ်။ မင်း ဒီလောက်အထိ အလောတကြီး ဖြစ်နေရင်တောင် သူက မင်းကို အလိုရှိချင်မှ ရှိမှာ။"

"အဖေကလည်း… သားကလည်း လူတိုင်း လေးစားရတဲ့ သိုင်းသူတော်စင် တစ်ယောက် ဖြစ်ချင်လို့ပါ။"

လီကျောက်ဝူက ခေါင်းနောက်ဘက်ကို ပွတ်ရင်း ပြောလိုက်သည်။

"ဒါက ထင်သလောက် မလွယ်ကူဘူး မင်းက ကောင်းကင်-လူသား ရပ်ဟန် ကိုတောင် သေသေချာချာ မရပ်နိုင်သေးဘူးလေ …"

မင်းသား လီလုံရိက သက်ပြင်းချလိုက်သည်။

မင်းသား လီလုံရိသည် ယခင်က ရိုးရာသိုင်းပညာလမ်းစဉ်ကို လျှောက်လှမ်းခဲ့ဖူးပြီး စစ်မှန်သောစွမ်းအင်သိုင်းပညာ ပေါ်ထွက်လာပြီးနောက်တွင်လည်း ၎င်းကို အချိန်အတော်ကြာ လေ့လာခဲ့ဖူးသည်။

ရလဒ်အနေဖြင့် သူသည် ကောင်းကင်-လူသားရပ်ဟန်ကိုပင် သေသေချာချာ မရပ်နိုင်ခဲ့ဘဲ တာအိုနန်းတော်မှ လျှို့ဝှက်ဆေးရည်ကို အားကိုးခဲ့ရသဖြင့် ဆေးရည်အားမကိုးသော သူများနှင့် ယှဉ်လျှင် ကွာခြားချက်ကြီးမားလှသည်။

ထို့ပြင် အသက်အရွယ် ကြီးရင့်လာမှုကြောင့် မင်းသား လီလုံရိ၏ အာရုံစိုက်မှုက သိုင်းပညာပေါ်တွင် မရှိတော့ချေ။

ယခုအခါ သူ၏ သားဖြစ်သူက ယခင်က သူ၏ ပုံစံနှင့် ထပ်တူကျနေသည်ကို မြင်သောအခါ မင်းသား လီလုံရိက ရယ်မောလိုက်မိသည်။

စုယွမ်ကတော့ ဘေးနားတွင် တာအိုကျမ်းစာများကို ကိုင်လျက် လီယင်အား စတင်ရှင်းပြနေပြီ ဖြစ်သည်။

မိသားစုဟူသည် ဤသို့ပင်… အေးချမ်းဘေးကင်းစွာ နေထိုင်ရခြင်းက အမှန်တကယ်ပင် မဆိုးလှချေ။

မင်းသား လီလုံရိက သူ၏ မိသားစုကို ကြည့်ရင်း ရုတ်တရက် သူ၏ နှလုံးသားထဲတွင် အတိတ်က အကြောင်းအရာများကို ပြန်လည်အမှတ်ရလာသည်။

'မဟုတ်ဘူး… ဒီမိသားစုအတွက်ကြောင့်ပဲ ငါက သေချာပေါက်…'

မင်းသား လီလုံရိက ကောင်းကင်မော့ကြည့်ပြီး မျက်လုံးများကို မှိတ်ကာ ဘာတွေကို တွေးတောနေသည်မသိခဲ့ပေ။

တစ်ရက် ကုန်ဆုံးသွားခဲ့သည်။

လီဝမ်သည် သူ၏ အစေခံများကို ခေါ်ဆောင်ကာ လာရောက်လည်ပတ်ခဲ့သည်။ မင်းသား လီလုံရိက သူ့ကို ကိုယ်တိုင် ဆီးကြိုခဲ့ပြီး အတူတူ ကြီးပြင်းလာခဲ့ကြသော ညီအစ်ကိုနှစ်ဦးသည် ဆုံဆုံချင်း ပွေ့ဖက်နှုတ်ဆက်ကြသည်။

"ရှောင်ယင်က ဆရာတစ်ယောက်ဆီမှာ တပည့်အဖြစ် အောင်အောင်မြင်မြင် ခံယူနိုင်ခဲ့ပြီလို့ ငါ ကြားတယ်။"

ဧည့်ခန်းသို့ ရောက်ရှိပြီးနောက် လီဝမ်က ပြုံးကာ ဆိုသည်။

"ကျွန်တော်ကတော့ အစ်ကိုကြီးက စိတ်ဆိုးနေတုန်းပဲ ထင်တာ။ ကြည့်ရတာ စိတ်မဆိုးတဲ့အပြင် အတော်လေးတောင် ပျော်နေပုံရတယ်နော်။"

"ဟားဟား မင်းနဲ့ငါက ညီအစ်ကိုတွေပဲ အဲဒီလို အသေးအဖွဲကိစ္စတွေကို ဘာလို့ ပြောနေမှာလဲ။ ငါ့အကျင့်က ဘယ်လိုလဲဆိုတာ မင်းသိသားပဲ။ လွန်ခဲ့တဲ့ ခြောက်လက ဧကရာဇ်သာ ကြိုးကိုင်မနေခဲ့ရင် ငါက ဘာအကြောင်းပြချက်နဲ့ တာအိုဆရာ ဟွမ်ကျန်းကို သွားပြီး ပြစ်မှားမိမှာလဲ။ နောက်ဆုံးတော့ သူက ဘာမှမဖြစ်ဘဲငါကသာ နေ့တိုင်း ထိတ်လန့်တုန်လှုပ်ပြီး နေခဲ့ရတာ။"

လီဝမ်က ရယ်သည်။

လီဝမ်သည် သူ၏ ဇနီးနှင့် သားသမီးများ လီချန်ရှင်း၏ စော်ကားခြင်းကို ခံခဲ့ရကြောင်း သိရှိခဲ့ရစဉ်က သူသည် လီချန်ရှင်းကို သွားရောက်ပြဿနာရှာရန် လုံးဝ မရည်ရွယ်ခဲ့ချေ။

သူ၏ ခမည်းတော်ဖြစ်သူ ဧကရာဇ်ကိုယ်တိုင် ရောက်လာပြီး ကွယ်ဝှက်၍ ဆူပူကဲ့ရဲ့ခဲ့သောကြောင့်သာသူ၏ ဇနီးနှင့် သားသမီးများ အတွေးမလွန်စေရန် လူအင်အားစုဆောင်းကာ လီချန်ရှင်းထံ သွားရောက်ပြဿနာရှာခဲ့ခြင်း ဖြစ်သည်။

ရလဒ်ကတော့ မျှော်လင့်ထားသည့်အတိုင်းပင်… သူက လီချန်ရှင်းကို ပြစ်မှားမိသွားခဲ့ပြီး နောက်ဆုံးတွင် ဧကရာဇ်ကသာ ကြားဝင်စေ့စပ်ပေးခဲ့ရသည်။

ထိုတာအိုဆရာ ဟွမ်ကျန်းက အလွန်အမင်း ထက်မြက်လှသော်လည်း သူကသာ စိတ်သဘောထား သေးသိမ်ပါက မည်သို့ဖြစ်မည်နည်း။

ထိုသူသည် မဟာယန်စစ်တပ်ကို ဦးဆောင်ကာ တစ်ပွဲပြီးတစ်ပွဲ အောင်ပွဲဆင်ခဲ့ပြီး သိုင်းလောက ကို သွေးချောင်းစီးစေကာ မဟာယန်၏ ဂိုဏ်းစနစ်များကို သုတ်သင်ရှင်းလင်းခဲ့သည့် စသ်သူကြီးလီ ဖြစ်သည်။ ထိုကဲ့သို့ ပြင်းထန်သော လူသတ်အရှိန်အဝါရှိသည့် သူတစ်ယောက်ကို သူ အကြောင်းမဲ့ မဆွပေးလိုချေ။

"ကံကောင်းလို့ အဲဒီအချိန်တုန်းက ညီမဝမ်းက ငါ့ကို လမ်းဖယ်ပေးခဲ့လို့ပေါ့ မဟုတ်ရင် ငါ့မျက်နှာဟောင်းကြီးကို ဘယ်နား သွားထားရမှန်းတောင် သိမှာမဟုတ်ဘူး။"

လီဝမ်က ရယ်မောကာ ပြောသည်

"အစ်ကိုတော်ကလည်း အားနာတတ်လွန်းပါတယ်။"

စုယွမ်က ပြုံး၍ ဆိုသည်။

"ဒီနေ့ အစ်ကိုကြီး လာတာ တစ်ခုခု အရေးကြီးတဲ့ ကိစ္စရှိလို့လား။"

မင်းသား လီလုံရိက မေးလိုက်သည်။

"အင်း… ပြောရရင်တော့ ရှိတာပေါ့။ ငါ စုံစမ်းကြည့်ရသလောက် တာအိုဆရာ ဟွမ်ကျန်းမှာ တပည့် လေးယောက်ရှိတယ်… အခု ရှောင်ယင်ကို ထည့်ရင် ငါးယောက်ပေါ့။ လက်ရှိမှာ တာအိုနန်းတော်ရဲ့ ချန်းအာဝါ နဲ့ ဗိုလ်ချုပ်ယဲ့ဖုန်းတို့ကလည်း သူ့ရဲ့ တပည့်တွေပဲ။ အဲဒီလူရဲ့ နန်းတွင်းအပေါ် သြဇာလွှမ်းမိုးမှုကို လျှော့မတွက်နဲ့။ သူက နန်းတွင်းမှာ အရာရှိအဖြစ် မဝင်ရောက်သေးပေမဲ့တကယ်လို့သာ သူက စိတ်ကူးရှိလာရင် ငါတို့ သတိထားရလိမ့်မယ်။"

လီဝမ်က သက်ပြင်းချလိုက်သည်။

မိစ္ဆာများ ၏ သောင်းကျန်းမှုနှင့် လူသားမျိုးနွယ် ၏ ပျက်သုဉ်းမည့် အန္တရာယ်များ ရောက်ရှိလာမှု ယနေ့ခေတ် မဟာယန်ံတွင် မိစ္ဆာများကို ရင်ဆိုင်နိုင်သည့် သိုင်းဗိုလ်ချုပ်များသည် နိုင်ငံတော်၏ အဓိကဒေါက်တိုင်များ ဖြစ်နေကြပြီး၎င်းတို့ထဲမှ တစ်ယောက်မျှ လဲပြို၍မရချေ။

ပြောရမည်ဆိုလျှင် ဧကရာဇ် နန်းကျသွားပါစေဦးတော့… မိစ္ဆာများကို ရင်ဆိုင်နိုင်သည့် ဤဒေါက်တိုင်များသာ လဲပြိုသွားပါက လူသားမျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းသွားပေလိမ့်မည်။

"အခု ညီ‌တော်ရဲ့ သမီးက တာအိုဆရာ ဟွမ်ကျန်းရဲ့ တပည့်ဖြစ်သွားပြီဆိုတော့ ညီမဝမ်းကွဲနဲ့ပါ ပေါင်းလိုက်ရင် မင်းတို့က တာအိုဆရာ ဟွမ်ကျန်းနဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်သွားပြီ။ ငါ့အကြံက ရှောင်ယင်ကို အချိန်တစ်ခုပေးပြီး အဲဒီဗိုလ်ချုပ်နှစ်ယောက်နဲ့ ဆက်ဆံရေးထူထောင်စေပြီး ကိုယ့်ဘက်ပါအောင် ဆွဲဆောင်ခိုင်းပါ။ တကယ်လို့ လီကျောက်ဝူကသာ သိုင်းပညာမှာ တစ်ခုခု အောင်မြင်မှုရလာရင် မဟာယန်ရဲ့ အနာဂတ်က မင်းတို့မိသားစု လက်ထဲကို ရောက်လာလိမ့်မယ်။”

လီဝမ်က ပြုံးကာ ပြောလိုက်သည်။

မင်းသား လီလုံရိသည် လီဝမ် ဆိုလိုသည့်အရာကို နားမလည်ဘဲ မနေနိုင်ရာ ချက်ချင်းပင် လက်ဝေ့ယမ်းလိုက်သည်။

"အစ်ကိုတော်… ဘာတွေ ပြောနေတာလဲ။ ဧကရာဇ်က အိမ်ရှေ့စံကို မခန့်အပ်တာ ကြာလှပြီ ပြီးတော့ ထီးနန်းဆက်ခံမှုအရ ဆိုရင်တောင် ကျွန်တော့်ဆီ ရောက်လာစရာ အကြောင်းမရှိဘူး။ အစ်ကို‌တော်က ကျွန်တော့်ကို ပုန်ကန်ဖို့ ပြောနေတာလား။"

"တကယ်လို့ ညီ‌တော်က အဲဒီလို တကယ်တွေးနေတယ်ဆိုရင်တော့ အစ်ကိုတော်မှာ ဘာမှ ပြောစရာမရှိတော့ဘူး။ ဒါပေမဲ့ ဒီလူတွေအပြင် တာအိုနန်းတော် ကလည်း တို့ဘက်ပါအောင် ဆွဲဆောင်ရမယ့် အင်အားစုတစ်ခုဆိုတာကို မမေ့နဲ့ဦး။"

လီဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး ဆိုသည်။

"တာအိုနန်းတော်က အစ်ကိုကြီး (ပထမမင်းသား) နဲ့ ပိုနီးစပ်တာ မဟုတ်ဘူးလား။"

"သူ တာအိုနန်းတော်နဲ့ နီးစပ်တာက တာအိုနန်းတော်ရဲ့ လက်ရှိအခြေခံအင်အားကို မက်မောပြီး သိုင်းပညာရှင် အရင်းအမြစ်တွေကို ပိုရချင်လို့ပဲ။ သူ စုဆောင်းထားတဲ့ သိုင်းပညာရှင်တွေအကုန်လုံးကို စစ်တပ်ထဲ သွင်းလိုက်တာ မင်းမမြင်ဘူးလား။ သူက စစ်မှန်သောစွမ်းအင်သိုင်းပညာရှင်တွေချည်းပဲ ပါတဲ့ စစ်တပ်တစ်ခုကိုတောင် ပြင်ဆင်ထားပြီးလောက်ပြီ။”

လီဝမ်က စိုးရိမ်တကြီး ပြောသည်။

"ဒါဆို အစ်ကိုတော်ရဲ့ ဆိုလိုရင်းက…"

"ညီတော့်အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုလိမ့်မယ်လို့ ငါ စိုးရိမ်လို့ပါ။"

မင်းသား လီလုံရိ မျက်မှောင်ကြုတ်သွားသည်။ မင်းဆက်များ၏ သမိုင်းတွင် ထီးနန်းလုပွဲဟူသည် အမြဲတစေ ရက်စက်လှပြီး ဧကရာဇ်အသစ် နန်းတက်လာပါက သွေးချောင်းစီး သုတ်သင်မှုများက ရှောင်လွှဲ၍မရချေ။

ကြည့်ရတာ စတုတ္ထအစ်ကိုက ဤဝဲဂယက်ထဲမှ ရုန်းထွက်ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

ထို့ကြောင့်ပင် သူသည်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီး အဖက်ဖက်မှ လူများကို ဆွဲဆောင်ထားရန် လိုအပ်နေပေလိမ့်မည်။

ခဏမျှအတွင်း မင်းသား လီလုံရိသည် အတွေးပေါင်းများစွာ ဝင်လာခဲ့သည်။ သူ၏ ထီးနန်းအပေါ် ရည်မှန်းချက်က မကြီးမားလှသော်လည်း မဖြစ်မနေ လုပ်ဆောင်ရမည့် အရာအချို့တော့ ရှိနေပေသည်။

'တကယ်လို့… တကယ်လို့ အဲဒီလျှို့ဝှက်နည်းစနစ်ကသာ အစစ်အမှန်ဖြစ်နေရင်…'

မင်းသား လီလုံရိက မိမိဘာသာ တွေးတောနေမိတော့သည်။

All Chapters