အခန်း (၄၂)
Vol. 5 Ch. 42
အခန်း ၄၂ - မဟာယန်၏ ကံကြမ္မာအရှိန်အဝါနှင့် တောက်လောင်လာသော လူသတ်စိတ်။
စွမ်းအင်များကို ကိုယ်တွင်းစကြာဝဠာအသေးစား အတိုင်း လှည့်ပတ်လိုက်သောအခါ စွမ်းအင်လမ်းကြောင်းများ ပေါ်ထွက်လာသည်။
လီချန်ရှင်းသည် မျက်လုံးများကို တင်းတင်းပိတ်ထားပြီး အကောင်းဆုံး အဖြေကို ရှာဖွေရန် သူ၏ ဝိညာဉ်အား နီဝမ်နန်းတော်အတွင်း အဆက်မပြတ် လှည့်လည်စေခဲ့သည်။
စာပေကျင့်ကြံခြင်း နှင့် သိုင်းပညာကို တစ်ပြိုင်နက်တည်း မကျင့်ကြံနိုင်ဟု ဆိုသောအချက်ကို သူ ဘယ်လိုမှ လက်မခံနိုင်ချေ။
သို့သော်လည်း တပည့်အသစ် ရောက်ရှိလာခြင်းက လီချန်ရှင်းအား ကွဲပြားခြားနားသော မြင်ကွင်းတစ်ခုကို မြင်တွေ့ခွင့် ရစေခဲ့သည်။
"မဟာယန်ရဲ့ ကံကြမ္မာအရှိန်အဝါကို တောင်တန်းအတတ်ပညာတွေနဲ့ ပေါင်းစပ်ပြီး ဝိညာဉ်အသိနဲ့ ကြည့်မယ်ဆိုရင် ဖြစ်နိုင်ခြေ ရှိတယ်။ ခက်တာက ဒါကို တွက်ချက်လို့မရဘဲ အနားကို ကပ်သွားမှပဲ အာရုံခံလို့ရတာ။ တကယ်လို့ ငါက မင်းဆက်တစ်ခုရဲ့ ကံကြမ္မာကို တွက်ချက်ဖို့ ကြိုးစားရင် ငါ့အသက်တောင် လောက်မှာမဟုတ်ဘူး။ ဒါပေမဲ့ စောင့်ကြည့်ရုံတင်ဆိုရင်တော့…"
လီချန်ရှင်းသည် တစ်ခုခုကို ခံစားမိသွားပြီး သာမန်လူများ စိတ်ကူးပင် မယဉ်နိုင်သော ချီလှုပ်ရှားမှု အချို့ကို ဖမ်းဆွဲမိလိုက်သည်။
ဤချီလှုပ်ရှားမှုသည် မဟာယန် ဧကရာဇ်မြို့တော်အတွင်းမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ လီချန်ရှင်းက မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ နီဝမ်နန်းတော်အတွင်းရှိ ဟွမ်ကျန့်ချင် စွမ်းအင်များ စတင်လှည့်ပတ်လာတော့သည်။
အချိန်အနည်းငယ်အတွင်းမှာပင် ၎င်းက လီချန်ရှင်း၏ ဝိညာဉ်ကို ပိုင်ဟွေ့နှင့် ထိုက်ယန်ကဲ့သို့သော အပ်စိုက်အမှတ်များစွာကို ဖြတ်သန်းစေခဲ့ပြီး၊ အံ့ဩစရာကောင်းသော နည်းလမ်းတစ်ခုဖြင့် လီချန်ရှင်းအား စစ်မှန်သော မဟာယန်၏ကံကြမ္မာအရှိန်အဝါကို မြင်တွေ့နိုင်စွမ်း ပေးစွမ်းလိုက်သည်။
"ချီအကဲခတ်အတတ်ပညာ။"
လီချန်ရှင်းသည် မျက်လုံးများကို ပြန်ပိတ်ကာ စတင်ကျင့်ကြံလိုက်သည်။
လဝက်ခန့် ကြာပြီးနောက် လီချန်ရှင်းသည် ၎င်းကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။ စာပေကျင့်ကြံခြင်း အမျိုးအစားထဲတွင် သီးသန့်ပါဝင်သော ဤနည်းစနစ်သည် သူ၏ ဝိညာဉ်ဖြင့် ရုပ်ခန္ဓာကို လွှမ်းမိုးနိုင်စွမ်းရှိပြီးသာမန်လူများ မမြင်နိုင်သော ကံကြမ္မာအရှိန်အဝါကို မြင်တွေ့စေနိုင်သည်။
ဒါက ရိုးရိုးရှင်းရှင်း အာရုံခံရုံတင် မဟုတ်ဘဲ အမှန်တကယ်ကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ခြင်း ဖြစ်သည်။
လီချန်ရှင်းသည် တံခါးအပြင်သို့ လှမ်းထွက်ကာ တာအိုနန်းတော်၏ အမိုးစွန်းပေါ်တွင် ရပ်လျက် ဧကရာဇ်မြို့တော်တစ်ခုလုံးကို လှမ်းကြည့်လိုက်သည်။
ရွှေရောင် ချီစီးကြောင်းများစွာသည် အဆက်မပြတ် မြင့်တက်နေကြသည်။
မော့ကြည့်လိုက်သောအခါ လီချန်ရှင်းသည် ကောင်းကင်ယံတွင် ဝဲပျံနေသော နဂါးနီကြီးတစ်ကောင်ကို မြင်လိုက်ရသည်။
ထိုနဂါးနီကြီးသည် အလျား မီတာတစ်ထောင်ပင် မပြည့်သော်လည်း အလွန် ဖျတ်လတ်ဖျန်းပိလှပြီး ဧကရာဇ်မြို့တော်၏ အထက်တွင် အဆက်မပြတ် လှည့်လည်ကျက်စားနေသည်။
ဝေးကွာလှသော ဟဲပြည်နယ်ဘက်ဆီမှလည်း ရွှေရောင် ချီစီးကြောင်းများစွာသည် အဆက်မပြတ် တိုးဝင်လာနေကြသည်။
လီချန်ရှင်းက ခေါင်းကို အသာညိတ်လိုက်မိသည်။ ဤချီအကဲခတ်အတတ်ပညာက အမှန်တကယ်ပင် အစစ်အမှန် ဖြစ်ပေသည်။
သို့သော်လည်း လီချန်ရှင်း နားမလည်နိုင်သည်မှာ စာပေကျင့်ကြံခြင်းနှင့် သိုင်းပညာတို့၏ လိုက်ဖက်ညီမှုသည် နိုင်ငံတော်၏ ကံကြမ္မာအရှိန်အဝါနှင့် အမှန်တကယ်ပင် သက်ဆိုင်နေသလော ဟူသောအချက်ပင်။
"သက်ဆိုင်နေရင်တောင် ငါက ဧကရာဇ်ဖြစ်လာပြီး ကံကြမ္မာတွေကို ငါ့ခန္ဓာကိုယ်ထဲမှာ ဝှက်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီလိုလုပ်ရင် မင်းဆက်တစ်ခုလုံးရဲ့ ကြီးပွားခြင်း ပျက်စီးခြင်း ကံကြမ္မာအကျိုးဆက်တွေကို ငါ့ပခုံးပေါ် ထမ်းတင်လိုက်ရသလို ဖြစ်မသွားဘူးလား။"
လီချန်ရှင်းက မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်နေသည်။
အခန်းထဲသို့ ပြန်ရောက်သောအခါ လီချန်ရှင်းက သေချာစွာ ပြန်လည်တွေးတောလိုက်သည်။
နိုင်ငံတော်၏ ကံကြမ္မာအရှိန်အဝါကြောင့် ဖြစ်တည်လာသော နဂါးနီကြီးသည် စစ်မှန်သောစွမ်းအင်သိုင်းပညာထွန်းကားလာမှုကြောင့် ပိုမိုဖျတ်လတ်ကာ သက်ဝင်လှုပ်ရှားလာပုံရသည်။
သို့သော်လည်း လီချန်ရှင်းသည် ထိုနဂါးကြီး၏ ဦးခေါင်းအထက်တွင် မည်းမှောင်နေသော တိမ်တိုက်ကြီးများ စုဝေးနေသည်ကိုလည်း မြင်လိုက်ရသည်။ မည်းမှောင်သော တိမ်တိုက် လေးခုအတိအကျ ရှိနေခြင်းမှာ မင်းသားလေးပါးကြားတွင် မကြာမီ ပဋိပက္ခတစ်ခုခု ဖြစ်ပွားတော့မည်ကို ဖော်ညွှန်းနေခြင်း မဟုတ်ပါလော။
"ဒါပေမဲ့ ဘာကြောင့် မဟာယန်၏ ကံကြမ္မာအရှိန်အဝါက လီယင်အပေါ် ကျရောက်နေရတာလဲ။"
လီချန်ရှင်း မသိချေ။ သို့သော် ထိုသို့ဖြစ်နေမှတော့ ဤနိုင်ငံတော်ကံကြမ္မာအရှိန်အဝါက မည်မျှအထိ အစွမ်းထက်သည်ကို လေ့လာရန် ဧကရီ လီယင်ကို အသုံးချကြည့်ရုံပေါ့။
ထိုသို့တွေးရင်း လီချန်ရှင်း၏ မျက်လုံးများက အေးစက်သွားသည်။
ရက်အနည်းငယ် ကြာပြီးနောက် လီယင်သည် ချိန်းဆိုထားသည့်အတိုင်း ရောက်ရှိလာခဲ့သည်။
လီချန်ရှင်းက တာအိုကျမ်းစာများကို ရှင်းလင်းပြသပေးပြီးနောက် လီယင်က သိလိုသည်များကို မေးမြန်းရာ လီချန်ရှင်းက တစ်ခုချင်းစီ အသေးစိတ် ဖြေကြားပေးခဲ့သည်။
ခေတ္တမျှ ကြာပြီးနောက် ဧကရီ လီယင်က စာဖတ်ခြင်းကို ရပ်လိုက်ပြီး တိုးညင်းသော အသံဖြင့် မေးလိုက်သည်။
"ဆရာ… သမီးရဲ့ အစ်ကိုကြီးကိုပါ သိုင်းပညာ သင်ပေးလို့ ရမလားဟင်…"
"အချိန်မရှိဘူး။"
"အော်…"
"မင်း ကျင့်ချင်တယ်ဆိုရင်တော့ ရတယ။်"
"ဟင် သမီးက ကျင့်လို့ရတာလား။"
"ရတယ် ဒါပေမဲ့ ဒီအကြောင်းကို မင်းရဲ့ မိသားစုကိုဖြစ်စေ တခြားဘယ်သူ့ကိုဖြစ်စေ လုံးဝ ပေးမသိရဘူး။"
"ဒါပေမဲ့… သမီးက စစ်မှန်တဲ့စွမ်းအင်ကို ကျင့်ကြံနိုင်ရင်တောင် တခြားလူတွေက သတိထားမိသွားမှာ မဟုတ်ဘူးလားဟင်။"
"မဟုတ်ဘူး… အဲဒီလို ဖြစ်ချင်မှ ဖြစ်မှာ။"
လီချန်ရှင်းသည် တပည့်တစ်ယောက်မျှ မရွေးရသေးခင် လီယင်ကို ပထမဆုံးအကြိမ် မြင်လိုက်ရစဉ်ကတည်းက သူမသည် ရေနက်ပိုင်းကဲ့သို့ အတိုင်းအဆမရှိ နက်ရှိုင်းနေကြောင်း ခံစားခဲ့ရသည်။
သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးမှသာ သူမ၏ စာပေကျင့်ကြံခြင်းအဆင့်ကို သိရှိခဲ့ရခြင်းမှာ နိုင်ငံတော်ကံကြမ္မာအရှိန်အဝါတွင် အလွန်အမင်း အားကောင်းသော ဖုံးကွယ်နိုင်စွမ်း ရှိနေသောကြောင့် ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် တစ်ယောက်ယောက်က သူမ၏ ခန္ဓာကိုယ်ကို ကိုယ်တိုင်တိုင် စစ်ဆေးခြင်းမပြုသရွေ့ သူမ၏ ကျင့်ကြံခြင်းအဆင့်အတန်းကို သိရှိနိုင်ရန် မဖြစ်နိုင်ချေ။
"ဒါကို မင်း စိုးရိမ်စရာမလိုပါဘူး။ ဆရာက မင်းကို မန္တန်စနစ်တစ်ခု သင်ပေးမယ်။ မင်းကိုယ်တိုင် လက်ပါပြီး မလှုပ်ရှားသရွေ့ ပြီးတော့ တခြားလူတွေကို မင်းရဲ့သွေးခုန်နှုန်းကို စမ်းသပ်တာမျိုး ခန္ဓာကိုယ်ကို လာထိခွင့်မပေးသရွေ့တော့ ဘယ်သူမှ ရိပ်မိမှာ မဟုတ်ဘူး။"
"ဒါပေမဲ့… ဆရာ သမီးက ဒါကို တကယ်ကြီး ကျင့်လို့ရတာလားဟင။်"
"ဆရာကိုယ်တိုင်လည်း စာပေကျင့်ကြံခြင်းနဲ့ သိုင်းပညာကို တွဲပြီး ကျင့်နေတာပဲ မဟုတ်လား။ တခြားလူတွေကို ပေးမပြောခိုင်းတာက မင်းကို တစ်ယောက်ယောက်က ပစ်မှတ်ထားလာမှာ စိုးလို့ပဲ။"
"စဉ်းစားကြည့်လေ… တာအိုဆရာ ဟွမ်ကျန်းတစ်ယောက်တည်းနဲ့တင် လူအများကြီးက တိတ်တဆိတ် သတိထားနေကြရတာတကယ်လို့ နောက်ထပ် တစ်ယောက် ထပ်ပေါ်လာရင်တော့… ဟားဟားဟား"
လီချန်ရှင်းက ရယ်မောလိုက်သည်။
"ဒါဆိုရင် ဆရာ… သမီးလည်း သိုင်းပညာ ကျင့်ချင်ပါတယ်။"
"အင်း… ဆရာ မင်းကို မြေစိုက်ရပ်ဟန် အရင်သင်ပေးမယ်။ စာပေကျင့်ကြံခြင်းနဲ့ ပတ်သက်ရင် မင်းရဲ့ ပါရမီအရည်အချင်းအရ သုံးနှစ်အတွင်း ဝိညာဉ်သန္ဓေအဆင့်ကို သေချာပေါက် ရောက်လိမ့်မယ်။"
"ခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုပါ လေ့ကျင့်ထားရင် ကပ်ဘေးဒုက္ခသုံးပါးကို တောင့်ခံတဲ့နေရာမှာ အထောက်အကူပြုလိမ့်မယ်။"
လီချန်ရှင်းက ပြောပြီးနောက် ထရပ်ကာ သူမအား မြေစိုက်ရပ်ဟန် ရပ်နည်းကို စတင်သင်ကြားပေးတော့သည်။
ထိုသို့ဖြင့် လီယင်သည် သူမ၏ အစ်ကိုဖြစ်သူအတွက် သိုင်းပညာသင်ပေးရန် ပူဆာဖို့ကို လုံးဝ မေ့လျော့သွားပြီး သူမကိုယ်တိုင်သာ စိတ်အားထက်သန်စွာ လေ့ကျင့်နေခဲ့တော့သည်။
အိမ်သို့ ပြန်ရောက်သောအခါ လီယင်သည် ဆရာက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပုံကို သတိရမိသည်။ အကယ်၍ သူမ၏ အစ်ကိုသာ သူမကိုယ်တိုင် ဆရာ့ထံတွင် သိုင်းပညာ လျှို့ဝှက်လေ့ကျင့်နေကြောင်း သိသွားပါက အလွန် စိတ်မကောင်းဖြစ်သွားပေလိမ့်မည်။
လီကျောက်ဝူသည် အပြေးအလွှား ထွက်လာပြီး ဧကရီ လီယင်ကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။
"ညီမလေး… တာအိုဆရာက ဘာပြောလဲ။"
"ဆရာက ညီမလေးတစ်ယောက်တည်းကို သင်ပေးရတာတင် အတော်လေး အလုပ်ရှုပ်နေပြီမို့ နောက်ထပ် တပည့်တွေ ထပ်မံလက်မခံချင်တော့ဘူးတဲ့။ ဒါပေမဲ့… အစ်ကိုကသာ သုံးနှစ်အတွင်း ကောင်းကင်-လူသားနယ်ပယ်ကို အောင်အောင်မြင်မြင် ရောက်အောင်သွားနိုင်ရင်တော့ အခွင့်အရေးတစ်ခု ပေးကောင်းပေးလိမ့်မယ်လို့ ဆရာက ပြောတယ်။"
လီယင် လိမ်ညာလိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အစ်ကိုဖြစ်သူ၏ စိတ်နေစိတ်ထားအရ သုံးနှစ်အတွင်း ကောင်းကင်-လူသားနယ်ပယ်သို့ ရောက်ရှိရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သူမ တွေးမိသောကြောင့် ဖြစ်သည်။
လီကျောက်ဝူသည် လောလောဆယ်တွင် တာအိုဆရာက သူ့ကို တပည့်အဖြစ် လက်မခံသေးသော်လည်း အနည်းဆုံးတော့ မျှော်လင့်ချက် ရှိနေသေးသည် မဟုတ်ပါလော။
လီကျောက်ဝူသည် လက်သီးကို တင်းတင်းဆုပ်ကာ တိုက်ပွဲဝင်စိတ်ဓာတ်များ ပြည့်နှက်သွားခဲ့သည်။
"ငါ သေချာပေါက် လုပ်ပြရမယ်။"
"ဒါဆို အစ်ကိုကြီး… ညီမလေး သွားလေ့ကျင့်တော့မယ်နော်။"
လီယင်သည် အပြစ်မကင်းသလို ခံစားရသဖြင့် လီကျောက်ဝူကို သေချာမကြည့်ရဲတော့ဘဲ ပြေးထွက်ခဲ့သည်။
"အင်း ငါလည်း နာမည်ကြီး သိုင်းဆရာတွေဆီ သွားပြီး သင်ခိုင်းမယ် ဟားဟား… နောင်ကျရင် တို့မောင်နှမနှစ်ယောက်စလုံးက သိုင်းသူတော်စင် ရဲ့ တပည့်တွေလို့ အပြင်မှာ ဂုဏ်ယူဝံ့ကြွားစွာ ပြောလို့ရပြီ။"
လီကျောက်ဝူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
လီယင်သည် ဘာမှ ထပ်မပြောရဲတော့ဘဲ စုယွမ်၏အခန်းထဲသို့ တန်းပြေးကာ စာပေကျင့်ကြံခြင်းကို စတင်လေ့ကျင့်တော့သည်။
ထိုကဲ့သို့သော နေ့ရက်များသည် အချိန်အတန်ကြာ ဆက်လက်ကုန်ဆုံးသွားခဲ့သည်။
လီချန်ရှင်း၏ လမ်းညွှန်မှုအောက်တွင် လီယင်သည် မြေစိုက်ရပ််ဟန်နယ်ပယ် သို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီး သူမ၏ စာပေကျင့်ကြံခြင်းအဆင့်မှာလည်း တစ်ရှိန်ထိုး တိုးတက်လာခဲ့သည်။
လီယင်သည် မြေစိုက်ရပ််ဟန်ကို အတော်လေး ကျွမ်းကျင်နေပြီဖြစ်ကြောင်း မြင်ရသဖြင့် လီချန်ရှင်းက သူမ၏ ချွေးပေါက်များကို ပိတ်ခြင်း ဖွင့်ခြင်းနှင့် အတွင်းကလီစာများ အရိုးများကို မည်သို့ ပြန်လည်ဖွဲ့စည်းရမည်ကို စတင်သင်ကြားပေးခဲ့သည်။
ဤအရာ၏ အကျိုးကျေးဇူးမှာ သာမန် စစ်မှန်သောစွမ်းအင်သိုင်းပညာရှင်များသည် စစ်မှန်ခြင်းပိတ်ဆို့မှုနယ်ပယ်သို့ ရောက်ရှိသည့်အခါမှသာ ၎င်းတို့၏ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိကြပြီး ၎င်းတို့၏ အနှစ်သာရ စွမ်းအင်နှင့် ဝိညာဉ်များသည် သာမန်လူများထက် များစွာ သာလွန်သွားခြင်း ဖြစ်သည်။
လီယင်သည်လည်း အစဉ်မပြတ် ပြောင်းလဲတိုးတက်နေခဲ့သည်။ သူမသည် ပိုမိုလှပလာပြီး ကျင့်ကြံမှု ကြာလာသည်နှင့်အမျှ သူမ၏ စိတ်နေစိတ်ထားက တည်ငြိမ်ရင့်ကျက်လာကာ လီချန်ရှင်း၏ ဟန်ပန်အမူအရာမျိုးနှင့်ပင် တူလာခဲ့သည်။
"ရှောင်ယင်… မင်းရဲ့ စာပေကျင့်ကြံခြင်းက အများကြီး မြန်ဆန်နေတယ်။ ဒီကာလအတွင်းမှာ သိုင်းပညာကို ခဏနားထားပြီး စာပေကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ကာ အဆင့်တက်မယ့် ချီလှုပ်ရှားမှုကို အမြန်ဆုံး ဖမ်းဆွဲနိုင်အောင် ကြိုးစားပါ။ ဆရာ မင်းကို ဝိညာဉ်သန္ဓေအဆင့်ရဲ့ ကပ်ဘေးဒုက္ခသုံးပါး ဘယ်လိုပေါ်လာတတ်လဲဆိုတာ ရှင်းပြမယ်။"
လီချန်ရှင်း ရှင်းပြလိုက်သည့်အခါ လီယင်က အလွယ်တကူ နားလည်သွားရုံသာမက အချက်အလက်တစ်ခုမှတစ်ဆင့် အခြားအရာများကိုပါ ဆင်ခြင်တွေးတောနိုင်ခဲ့သည်။
လီယင်၏ တိုးတက်မှုနှုန်းက သူ မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်နေသည်ကို မြင်သောအခါ လီချန်ရှင်းသည် ကံကြမ္မာအရှိန်အဝါ၏ ကောင်းချီးပေးမှုအောက်တွင် ဧကရီ လီယင်အနေဖြင့် မည်မျှအထိ ခရီးပေါက်နိုင်မည်ကို စူးစမ်းလိုစိတ် မထိန်းနိုင်ဖြစ်လာသည်။
သူမ အမြဲဆောင်ထားသော မက်မွန်သားဓားလေးတွင်လည်း အပြောင်းအလဲအချို့ စတင်ဖြစ်ပေါ်လာခဲ့သည်။
နဂါးနီချီလှုပ်ရှားမှု တစ်ခုသည် မက်မွန်သားဓားပေါ်သို့ တွယ်ကပ်လာပြီး ၎င်းအတွင်းရှိ သက်စောင့်ချီများနှင့် ပေါင်းစပ်ကာ သူမအတွက် သီးသန့်အရာတစ်ခု ဖြစ်သွားပုံရသည်။
လီချန်ရှင်းက ဒါကို စိုးရိမ်ပူပန်ခြင်းမရှိချေ။ သူ ပေးနိုင်ခဲ့မှတော့ သဘာဝအတိုင်း ပြန်လည်ရယူနိုင်စွမ်းလည်း ရှိပေသည်။
ထို့ပြင် ဤမက်မွန်သားဓား၏ အကူအညီကြောင့် စာပေလေ့လာရာတွင်ဖြစ်စေ သိုင်းပညာလေ့ကျင့်ရာတွင်ဖြစ်စေ များစွာ ပိုမိုမြန်ဆန်လာလိမ့်မည် ဖြစ်သည်။
ဧကရီ လီယင်ကို ပြန်လွှတ်လိုက်ပြီးနောက် ညမှောင်လာသည့်အခါ…
လီချန်ရှင်းသည် မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ယူကာ ရေးမှတ်လိုက်သည်။
'နိုင်ငံတော်ရဲ့ ကံကြမ္မာအရှိန်အဝါ… နဂါးနီကံကြမ္မာ။ မင်းဆက်တစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပြည်သူလူထုနဲ့ နီးကပ်စွာ ဆက်စပ်နေတာကို မြင်နိုင်တယ်။ လောကကြီးရဲ့ အပြောင်းအလဲ အလားအလာတွေက ကံကြမ္မာရဲ့ အင်အားကို သက်ရောက်မှုရှိနိုင်ပေမဲ့ အရေးကြီးဆုံးကတော့ ပြည်သူတွေရဲ့ စိတ်ဆန္ဒပဲ။'
'ဒါ့အပြင် ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့သူတွေက စာပေကျင့်ကြံခြင်းနဲ့ သိုင်းပညာမှာ ကြောက်စရာကောင်းလောက်အောင် မြင့်မားတဲ့ ပါရမီအဆင့်အတန်း ရှိကြပြီး နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်ရုံတင်မက ဘေးပတ်ဝန်းကျင်က အရာတွေကိုပါ လွှမ်းမိုးနိုင်စွမ်း ရှိကြတယ်။'
'ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့သူက ပိုသန်မာလေလေ ကံကြမ္မာအရှိန်အဝါတွေကို ပိုပြီး ဆွဲဆောင်နိုင်လေလေပဲ။'
လီချန်ရှင်းက ကလောင်တံကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဖြစ်နိုင်ရင် ငါ လီယင်ကို ဧကရာဇ်တစ်ပါးရဲ့ အုပ်ချုပ်မှုအတတ်ပညာကိုပါ သင်ပေးသင့်တယ် ဘယ်သူသိနိုင်မလဲ… သူမက အဲဒီ အထွတ်အထိပ်ထီးနန်းပေါ်မှာ ထိုင်ခွင့်ရလာနိုင်တာပဲ။"
လီချန်ရှင်းသည် လီယင်က သူ့အပေါ် ပြန်လည်ပုန်ကန်လာမည်ကို စိုးရိမ်ခြင်းမရှိချေ။ သူ့အတွက်မူ နိုင်ငံတော်ကံကြမ္မာအရှိန်အဝါက သူမကို မိုးကြိုးဘေးကပ်ဘေးမှ အမှန်တကယ် ကာကွယ်ပေးနိုင်ပြီး လီယင်၏ စာပေကျင့်ကြံခြင်းနှင့် သိုင်းပညာကို သူ မမှန်းဆနိုင်သော နယ်ပယ်အထိ ရောက်ရှိသွားစေခဲ့လျှင်တောင် သူမကို ကိုင်တွယ်ဖြေရှင်းမည့် နည်းလမ်းက အလွန်ရိုးရှင်းလှသည်။
မဟာယန်ကို ဖျက်ဆီးပစ်လိုက်ရုံသာ။
လီချန်ရှင်းသည် မဟာယန်၏ ကံကြမ္မာအရှိန်အဝါနှင့် သူ၏ ကိုယ်ပိုင်ကံကြမ္မာကို မည်သူက ပို၍ သန်မာကြောင်း လောင်းကြေးထပ်ရဲသည်။
ထို့ပြင် သူသည် နဂါးနီကံကြမ္မာအကြောင်းကို ပိုမိုလေ့လာလေလေ လီချန်ရှင်း၏ နှလုံးသားထဲတွင် လူသတ်စိတ်များ ပိုမိုပြင်းထန်လာလေလေ ဖြစ်သည်။
ဤလူသတ်စိတ်သည် လီယင်ကို ရည်ရွယ်ခြင်းမဟုတ်ဘဲ နဂါးနီကံကြမ္မာအရှိန်အဝါဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေခြင်း ဖြစ်သည်။
ဒါက အတိတ်တုန်းက သူ စစ်တပ်ကို ဦးဆောင်ပြီး မဟာဆုံစစ်တပ်နဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့စဉ်က သူ၏ လူသတ်စိတ်ကို မနှိမ်နင်းနိုင်ခဲ့ပုံနှင့် အလွန်တူလှသည်။
"ဒါက ဖြစ်နိုင်မလား…"
လက်ရှိ မဟာယန် ဧကရာဇ်မြို့တော်အတွင်း မည်ကဲ့သို့သော အခြေအနေမျိုး ဖုံးကွယ်နေသည်ကို သိရှိရန် သူ အပြင်သို့ ထွက်သွားဖို့ လိုအပ်ပေသည်။
လီချန်ရှင်း လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် တိတ်ဆိတ်စွာ ကျင့်ကြံနေသော တာအိုဘိုးဘေးသည် မျက်လုံးများကို ဖွင့်လိုက်သည်။
"လာပြန်ပြီ ဟွမ်ကျန်း… မင်း ဘာတွေ ထပ်လုပ်ဦးမလို့လဲ။"
တာအိုဘိုးဘေးသည် လီချန်ရှင်းနောက်သို့ မလိုက်ရဲချေ။ သူသည် လီချန်ရှင်း တာအိုနန်းတော်မှ ထွက်ခွာသွားပြီး မည်သည့်နေရာသို့ ဦးတည်သွားသည်ကိုသာ အကြမ်းဖျင်း အာရုံခံနိုင်ခဲ့သည်။
လီချန်ရှင်းသည် ဧကရာဇ်နန်းတော်သို့ ရောက်ရှိလာခဲ့သည်။ နန်းတော်အစောင့်များသည် သူတို့၏ ခေါင်းထက်တွင် လူတစ်ယောက် ပျံသန်းသွားသည်ကို လုံးဝ သတိမပြုမိကြချေ။
မကြာမီမှာပင် လီချန်ရှင်းသည် ဧကရာဇ်၏ စာကြည့်ဆောင်အမိုးပေါ်သို့ သက်ဆင်းလိုက်သည်။
စာကြည့်ဆောင်အတွင်း မီးများ လင်းထိန်နေပြီး လူနှစ်ယောက်၏ အရိပ်က ပြတင်းပေါက်ပေါ်သို့ ထင်ဟပ်နေသည်။
"မြို့ပြင်မှာ မိစ္ဆာ တွေ အမြောက်အမြား စုဝေးနေတယ် ဟုတ်လား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူတို့ကို ခဏခဏ ရှင်းလင်းနေတာ မဟုတ်ဘူးလား။"
ဧကရာဇ် လီချန်၏ အသံထွက်ပေါ်လာပြီး သူ၏ စကားလုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။
"အရှင်မင်းကြီး… ဒီကိစ္စကို မြို့ပြင်က လယ်သမားတွေကို မပြောရသေးပါဘူး။ ကျွန်တော်တို့ သူတို့ကို မြို့ထဲကို အမြန်ဆုံး ပြန်ခေါ်ရပါမယ်။"
"အင်း… လောလောဆယ်တော့ အလောတကြီး မလှုပ်ရှားနဲ့ဦး။ နည်းလမ်းရှာပြီး လီချန်ရှင်းကို ဖိတ်ကြားကာ သူ့ကို အရေးယူ ဆောင်ရွက်ခိုင်းလိုက်။"
"ဒါက…"
ဗိုလ်ချုပ်ချီယန်ကျုံး က မျက်မှောင်ကြုတ်လိုက်ပြီး မည်သို့ပြန်ပြောရမှန်း မသိဖြစ်နေသည်။
"ဘာလဲ… မဖြစ်နိုင်လို့လား။"
"လီချန်ရှင်းက လက်ရှိ တာအိုနန်းတော်မှာ ကျင့်ကြံနေတာဖြစ်ပြီး သူ ဘာကို အလိုရှိနေမှန်း ကျွန်တော်တို့ မသိရပါဘူး။ သူ့ကို ဘယ်လိုမျိုး သွားဖိတ်ရမှာလဲ။"
"မင်း သွားဖိတ်လို့မရရင် တခြားလူတစ်ယောက်ယောက်ကို ရှာခိုင်းရမှာပေါ့။ ဗိုလ်ချုပ် ယဲ့ဖုန်းနဲ့ အဲဒီ ချန်းအာဝါက ငါတို့ မဟာယန်ရဲ့ ဗိုလ်ချုပ်တွေ မဟုတ်ဘူးလား။"
"နောက်တစ်ဆင့် ဆုတ်ပြီး စဉ်းစားရင် မြေးမလေး ရှောင်ယင်ကို သွားပြီး ဖိတ်ခိုင်းလိုက်။ ဒီလောက် လူအများကြီးက သူ့ကို မျက်နှာသာပေးနေမှတော့ ဒါက လုံလောက်သင့်ပြီ မဟုတ်လား။"
ဧကရာဇ် လီချန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ဒါနဲ့… အကြီးဆုံးနဲ့ ဒုတိယမြောက်သားက အခုတလော ငြိမ်မနေကြဘူး။ သူတို့ကိုပါ တစ်ပါတည်း လွှတ်လိုက်။"
"မှန်လှပါ။"
ဗိုလ်ချုပ် ချီယန်ကျုံးထွက်ခွာသွားပြီးနောက် ဧကရာဇ် လီချန်သည် သူ၏ နားထင်ကို ပွတ်သပ်ကာ အနားယူရန် စာကြည့်ဆောင်မှ ထွက်ခွာသွားခဲ့သည်။
ဧကရာဇ် လီချန်သည် မဟာယန်အတွက် အမှန်တကယ်ပင် အစွမ်းကုန် ကြိုးစားနေကြောင်း မြင်သာလှသည်။
လီချန်ရှင်းက မျက်မှောင်ကြုတ်ကာ ရယ်မောလိုက်သည်။
"ဟက် စိတ်ဝင်စားဖို့ ကောင်းသားပဲ။"