← Chapters

အခန်း (၁၄၈-၁၄၉)

Vol. 13 Ch. 148-149

အခန်း (၁၄၈-၁၄၉)

Vol. 13 Ch. 148-149

အခန်း (၁၄၈ ) - သူမ မသိလိုက်ခင်မှာပင် သူနဲ့တူလာခြင်း

အချိန်တွေက မသိလိုက်ဘဲ ကုန်ဆုံးသွားခဲ့ပြန်သည်။

အချိန်တွေက ခဏလောက် အလုပ်ရှုပ်၊ ခဏလောက် အနားယူဆိုပြီး အမြဲ လည်ပတ်နေခဲ့သည်။

မကြာသေးမီက ချီမိသားစုတွေက သူတို့အလုပ်နှင့် သူတို့ အလုပ်ရှုပ်နေကြသည်။

စာသင်ခန်းထဲရှိ ကျောက်သင်ပုန်းထက်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေရန် ရက်ကို ရေးသားထားသည်။

ရက်တွေက‌ ပို၍ နည်းလာသည်။

ထို့အတူ ချီရှောင်ပိုင်၏ စာလေ့လာမှုအားက ပို၍ များလာသည်။

သူ့ဖခင်၊ မိထွေးနှင့်အတူ တစ်ပတ်ကို ( ၂ ) ခါ gym သွားရုံကလွဲ၍ တခြား လှုပ်ရှားမှုတို့ မရှိပေ။

သူ့ကိုယ်သူ စာလေ့လာရန်အတွက်သာ နစ်မြှုပ်ထားသည်။

တစ်ဖက်တွင် ဖြစ်သည်။

ရှန်းမူမူကလည်း မဂ္ဂဇင်းအင်တာဗျူးကို လက်ခံလိုက်သည်။

အင်တာဗျူးသည့်‌နေ့တွင် ရလဒ်က အံ့ဖွယ်ကောင်းအောင် ကောင်းလှသည်။

သူမက ကြိုတင်ပြင်ဆင်ထားသည့်အတွက် သတင်းထောက်များမေးသည့်မေးခွန်းကို အချက်ကျကျ ပညာရှင်ဆန်ဆန် ပြန်ဖြေနိုင်ခဲ့ပြီး ဥက္ကဌပုံရိပ်ကို ထိန်းနိုင်ခဲ့သည်။

ထို့အပြင် သူမ၏ ပေါင်းသင်းရလွယ်ကူသည့် စိတ်နေစိတ်ထားကလည်း ပို၍ ရလဒ်ကောင်း ရစေခဲ့သည်။

အင်တာဗျူးနားသည့်အချိန်တွင် သတင်းထောက်အလှလေးများနှင့် ပျော်ရွှင်စွာ စကားပြောခဲ့သည်။

အင်တာဗျူး ဒုတိယအပိုင်းတွင် အမျိုးသမီးသတင်းထောက်က မမျှော်လင့်ဘဲ လုပ်ခဲ့သည့် ကိစ္စများကို မေးမြန်းခဲ့သည်။

ရှန်းမူမူက ဟာသဉာဏ်နှင့် လျင်မြန်ဖြတ်လတ်မှုကို အခြေခံကာ အန္တရာယ်ရှိသည့်မေးခွန်းကိုရှောင်ပြီး သူမ၏ အဖြေများသည် ထက်မြက်ပြီး ရယ်စရာကောင်းသည်။

အင်တာဗျူးတစ်လျှောက်လုံး ဓာတ်ပုံဆရာက အကြိမ်များစွာ အသံထွက်အောင် ရယ်မောပြီး ရှန်းမူမူအား ဓာတ်ပုံရိုက်ကူးခဲ့သည်။

အလုပ်က အဆင်ပြေချောမွေ့စွာ ပြီးသွားသဖြင့် ရလဒ်ကောင်း ရရှိခဲ့သည်။

အင်တာဗျူးနေစဉ် ရိုက်ထားသည့် ဓာတ်ပုံများက အလွန်လှသည်။

ဓာတ်ပုံဟုဆိုသော်လည်း ရှန်းမူမူ၏ အသက်ဝင်သည့် အလှအပနှင့် ဆွဲဆောင်မှုကို ရိုက်ကူးနိုင်ခဲ့သည်။

သူမ၏ အပြုံးက သူမရဲ့ မျက်နှာကို ထင်ဟပ်နေသည်။

မဂ္ဂဇင်းကို အင်တာဗျူးပြီး ( ၅ ) ရက် အကြာတွင် ထုတ်ဝေခဲ့ပြီး မူလက စီစဉ်ထားသည်ထက် ပိုရောင်းခဲ့ရသည်။

ထို့ကြောင့် ရှန်းမူမူသည် အရည်အချင်းရှိသူများကို ရှာဖွေသည့် အေးဂျင့်များနှင့် များစွာသော ဖျော်ဖြေရေးကုမ္ပဏီများထံမှ ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိခဲ့သည်။

အေးဂျင့်များက သူမကို မစ်ချီဟု မခေါ်ဘဲ ဥက္ကဌရှန်းဟု ခေါ်ခဲ့သည်။

“ဥက္ကဌရှန်း အနှောက်အယှက်ပေးမိလို့ တောင်းပန်ပါတယ်၊ အနုပညာလောကထဲ ဝင်ရောက်ချင်လားလို့ မေးချင်လို့ပါ။”

“ဥက္ကဌရှန်းရဲ့ ရုပ်ရည်၊ စကားပြောကောင်းတာနဲ့ ဗဟုသုတတွေ ပေါင်းလိုက်ရင် အရမ်းနာမည်ကြီးလိမ့်မယ်။”

“ဥက္ကဌရှန်းက သရုပ်ဆောင်ပိုင်းဖြစ်ဖြစ်၊ ကြေငြာပိုင်းဖြစ်ဖြစ် ဘယ်နေရာသွားသွား ဆေးခြယ်ထားတဲ့ ပန်းချီကားလို တောက်ပနေလိမ့်မယ်။”

“ဒါက ကုမ္ပဏီတိုးချဲ့ဖို့လည်း အကူအညီရမှာပါ။”

သူတို့၏ မြှောက်ပင့်သည့်စကားများက ရှန်းမူမူ၏ ရင်ထဲ ပန်းများပွင့်စေခဲ့သည်။

သို့သော် ထိုမျှလောက်သာ ဖြစ်သည်။

သူမ အနုပညာလောကထဲ ဝင်ရောက်ဖို့တော့ မဖြစ်နိုင်ပေ။

နယ်ပယ်တစ်ခုတွင် လူတွေ၏ ချစ်ခြင်းကို ရရှိရန်အတွက် အင်အားစိုက်ထုတ်မှုများစွာ လုပ်ရသည်။

ဆူပုပ်နေသည့် မျက်နှာထားဖြင့် အောင်မြင်နိုင်မည် မဟုတ်ပေ။

ထို့အပြင် သရုပ်ဆောင်ပြီး ပိုက်ဆံရှာသည်ထက် စီးပွားရေးလုပ်ကာ ပိုက်ဆံရှာရသည်က ပိုကောင်းသည်ဟု သူမ ထင်သည်။

ထို့ကြောင့် သူမက ထိုအေးဂျင့်များကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။

“ကျွန်မ ငြင်းဆန်ပါရစေ။”

ထိုကိစ္စ ပြီးသည်နှင့် တခြားကိစ္စ ပေါ်လာခဲ့သည်။

သူမက ရှန်းမြို့တွင် “ယွဲ့ကျီး”ပန်းဆိုင် အခွဲ ဖွင့်ရန် ပြင်ဆင်ထားခဲ့သည်။

ပန်းဆိုင်ခွဲများ တဖြည်းဖြည်း များလာသည်နှင့်အမျှ ဆိုင်ခွဲများသည်လည်း လုပ်ငန်းခွဲများ ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့်တစ်လက သူမက ပရောဂျက်ကို အရောင်းဌာနကို ပေးကာ လုပ်ဆောင်စေခဲ့သည်။

ထို့နောက်တွင် ရှန်းမြို့၏ စီဘီဒီဧရိယာတွင် ( ၃၀၀ ) စတုရန်းမီတာ ရှိသည့် ရုံးခန်းကို ငှားရမ်းခဲ့သည်။

ယွဲ့ကျီး၏ ရုံးခွဲကို တည်ထောင်ခဲ့သည်။

သူဌေးဖြစ်သူအနေဖြင့် ရှန်းမူမူက ရှန်းမြို့ကို သွားကာ ဒေသခံအလုပ်သမားများနှင့်အတူ ( ၂ )ပတ် အလုပ်ဆင်းမည်ဖြစ်သည်။

ရှန်းမူမူနှင့် ချီရှောင်ပိုင်တို့က ကိုယ့်ကိစ္စနှင့် ကိုယ် အလုပ်ရှုပ်နေကြသည်။

မိသားစုထဲတွင် အလုပ်အများဆုံး ချီမော့ကလည်း ခေတ်နောက်ကျ မကျန်ခဲ့ပေ။

ရှန်းမူမူ ရှန်းမြို့ကိုသွားသည့်နေ့မှာပင် ချီမော့က အလုပ်ကိစ္စဖြင့် ပြည်ပခရီးထွက်ခဲ့ရသည်။

ရှောင်ဝမ်က ကျင်းမြို့က လေယာဉ်ကွင်းသို့ မောင်းပို့ပေးခဲ့သည်။

သူတို့ကို နိုင်ငံတကာလေဆိပ်နှင့် ပြည်တွင်းလေဆိပ်သို့ အသီးသီး ပို့ဆောင်ခဲ့ရသည်။

ချီမော့က မကြာခဏ အလုပ်ခရီး ထွက်နေရသဖြင့် ရှန်းမူမူက အသားကျနေပြီဖြစ်သည်။

သူ ဘယ်ကို သွားမှာလဲ၊ ဘယ်လောက် ကြာမှာလဲဟု သူမ မမေးခဲ့ပေ။

သူမ အတွေးထဲတွင် ရှန်းမြို့ကိုရောက်သည့်အခါ လုပ်ရမည့် အလုပ်ကိစ္စတွေသာ ပြည့်နှက်နေခဲ့သည်။

လေယာဉ်က တိမ်တွေကို ဖြတ်သန်းသွားခဲ့သည်။

နာရီအနည်းငယ်ကြာသည့်အခါ လေယာဉ်က ရှန်းမြို့လေယာဥ်ကွင်းသို့ ဆိုက်ရောက်ခဲ့သည်။

“ဟား…”

လေယာဉ်ပေါ်က ဆင်းပြီးသည့်နောက်တွင် ရှန်းမူမူက လတ်ဆတ်သည့် လေထုကို ရှူရှိုက်လိုက်သည်။

ရှန်းမူမူသည် အေးစက်သည့် လေထုကြောင့် ကျောရိုးပင်စိမ့်သွားကာ ကုတ်အင်္ကျီကို ဆွဲစိလိုက်မိသည်။

ရှန်းမြို့၏ အပူချိန်က ကျင်းမြို့ထက် နည်းသည်။

နောက်ဆုံးတစ်ကြိမ် ရှန်းမြို့ကို လာခဲ့တုန်းက ချီမော့နှင့် ချီရှောင်ပိုင်တို့ ပါကြောင်းကို သူမ ရုတ်တရက် အမှတ်ရသွားခဲ့သည်။

ယခုအခါမှာတော့ ချီအုပ်စု ပိုင်သည့် ရှန်းမြို့က အပန်းဖြေစခန်းက ဖွင့်လှစ်နေပြီ ဖြစ်သည်။

ချီမော့က အပန်းဖြေရန်အတွက်ဟုပြောသော်လည်း သူက အလုပ်မအားခဲ့ပေ။ ယခုတော့ ရှန်းမြို့ကို ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

သူမရဲ့ စိတ်ခံစားချက်က အပန်းဖြေဖို့ မဟုတ်ဘဲ အလုပ်လုပ်ဖို့သာ အတွေးထဲ ပြည့်နှက်နေသည်။

ရှန်းမူမူက ခေါင်းငုံ့ကာ သူမဘေးက ခရီးဆောင်အိတ်လေးကို ကြည့်လိုက်သည်။

ထိုအထဲတွင် လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများသာ ပါဝင်သည်။

သူမက ရယ်‌မောလိုက်လေသည်။

ယခင်က ချီမော့ကို အလုပ်သရဲဟု သူမ ပြက်ရယ်ပြုခဲ့ဖူးသည်။

ယခုတော့ သူမ မသိလိုက်ခင်မှာပင် သူမသည်လည်း သူနဲ့ တူလာပြီ ဖြစ်သည်။

ဟိုတယ်တွင် ခရီးဆောင်အိတ်ထားပြီးသည့်အခါ ရှန်းမူမူက မလည်ပတ်ဘဲ ရုံးခွဲသို့ သွားခဲ့သည်။

လေယာဉ်ပေါ်တွင် ချန်ကျိုး ပေးခဲ့သည့် အလုပ်သမားတွေ၏ ကိုယ်ရေးအချက်အလက်နှင့် ရာထူးတွေကို သူမ မှတ်သားခဲ့သည်။

သူမ ရုံးသို့ရောက်သည့်အခါ သူမကို ကြိုဆိုနှုတ်ဆက်နေသည့် ဧည့်ကြိုကောင်တာမှ ဝန်ထမ်းမလေးကို ပြုံးပြပြီး နာမည်ကိုခေါ်ကာ ပြန်နှုတ်ဆက်ခဲ့သည်။

ဧည့်ကြိုကောင်တာက ဝန်ထမ်းများက အံ့ဩသွားခဲ့သည်။ ရုံးဖွင့်သည့်အချိန်က တစ်ပတ်သာ ရှိသေးသော်လည်း သူဌေးက သူတို့နာမည်တွေကို သိနေခဲ့သည်။

ထို့နောက်တွင် အခြားသော ဌာနဆိုင်ရာများမှ ဝန်ထမ်းများက ထွက်လာကာ သူမကို နှုတ်ဆက်ခဲ့သည်။

အစပိုင်းက သူဌေးဖြစ်သူ ရောက်လာသဖြင့် စိတ်လှုပ်ရှားနေခဲ့ကြသော်လည်း သူမ၏ တောက်ပသည့် အပြုံးကို မြင်သည့်အခါ အားလုံး စိတ်အေးသွားခဲ့ကြသည်။

တစ်ရက်လောက် လုပ်ငန်းအတူတူလုပ်ပြီးသည့်နောက်တွင် သူတို့အချင်းချင်း ရင်းနှီးသွားခဲ့ကြသည်။

ရှန်းမူမူတစ်ယောက် အလုပ်ပြီးသည့်အခါ ရုံးခန်း တံခါးခေါက်သံ ကြားလိုက်ရလေသည်။

“သူဌေး၊ ဝန်ထမ်းတွေက သူဌေးကို စားသောက်ဆိုင်မှာ ဧည့်ခံချင်လို့ပါတဲ့။”

ရှန်းမူမူက ပြုံးကာ ငြင်းပယ်လိုက်သည်။ “ကျွန်မက ဒီနေ့မှ ရောက်တာ၊ ဒါကြောင့် ဒီနေ့တော့ မလိုက်တော့ပါဘူး။”

သူမ၏ မျက်ဝန်းတွေက လခြမ်းကဲ့သို့ ကွေးညွတ်သွားသည်။

“ဝန်ထမ်းတွေက သူဌေးကို ဝယ်ကျွေးတာ ကြားလို့ မကောင်းလှပါဘူး၊ ဒီနေ့ညရဲ့ အသုံးစရိတ်ကို ကုမ္ပဏီအကောင့်ကနေ ရှင်းပေးလိုက်ပါ။ အားလုံး ပျော်ရွှင်တဲ့အချိန်လေး ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးကြောင်း ပြောလိုက်ပါဦး။”

တစ်နေကုန်လုံး အားတင်းထားသည့် ရှန်းမူမူက ဟိုတယ်တံခါး ဖွင့်လိုက်သည်နှင့် စိတ်ပေါ့ပါးသွားခဲ့သည်။

ရှန်းမူမူက ရေကို အမြန်ချိုးပြီးသည့်နောက်တွင် အိပ်ရာထက် လဲချလိုက်သည်။

သူမက ( ၅ ) မိနစ်လောက် မျက်လုံးမှိတ်ရန်သာ တွေးထားသော်လည်း သူမ နိုးလာသည့်အချိန်က အချိန် ( ၃ ) နာရီ ကုန်ဆုံးသွားပြီဖြစ်သည်။

ယနေ့ သူမ အလွန်ပင်ပန်းနေပြီ ဖြစ်သည်။

သူမက သမ်းဝေပြီး ဖုန်းဖွင့်ကာ စားစရာတွေ မှာယူဖို့ ပြင်လိုက်သည်။

သူမ ဆက်မအိပ်ခင် တစ်ခုခုစားရန် ပြင်လိုက်သည်။

အစားအသောက်လာပို့သည်ကိုစောင့်ရင်း ခရီးဆောင်အိတ်ကို ဖြည်နေခဲ့သည်။

သူမ အဝတ်အစားတွေ တစ်ဝက်လောက် ချိတ်ပြီးသည့်အချိန်တွင် ဖုန်းက တုန်ခါလာခဲ့သည်။

ချီရှောင်ပိုင် - “ပြောပြစရာ တစ်ခု ရှိတယ်။”

ရှန်းမူမူက မျက်မှောင်ကြုတ်လိုက်သည်။

ရှန်းမူမူသည် မက်ဆေ့ချ်ကိုကြည့်ခြင်းဖြင့် ချီရှောင်ပိုင်၏ ဘဝင်မြင့်နေသည့် မျက်နှာထားကို ခန့်မှန်းနိုင်သည်။

ချီရှောင်ပိုင် ပြောမည့်စကားကို သူမ အကြမ်းဖျင်း ခန့်မှန်းမိသည်။

သေချာပေါက်ပင် နောက်တစ်စက္ကန့်တွင် ချီရှောင်ပိုင်က နှစ်ဝက်စာမေးပွဲ၏ ရလဒ်ကို ပို့လာခဲ့သည်။

သူက ပုံကို ပြုပြင်ကာ အဆင့်ကို သေချာဝိုင်းပြထားသည်။

ရှန်းမူမူ မမြင်မှာကို စိုးရိမ်နေပုံရသည်။

အဆင့် : ၅၈

ရှန်းမူမူ၏ မျက်နှာက ပျော်ရွှင်မှုတွေ ပြည့်နှက်သွားခဲ့သည်။ ရှန်းမူမူသည် သူမ၏ ယောက္ခမ ဖုန်းယောင်ချင်အတိုင်း လက်မ အီမိုဂျီနှင့် နေလုံး အီမိုဂျီအနည်းငယ်ကို ပို့လိုက်သည်။

ကျင်းမြို့၏ နံပါတ် ( ၁ ) အထက်တန်းကျောင်းက နာမည်ကြီးကျောင်းဖြစ်ကာ အတော်ဆုံးကျောင်းလည်းဖြစ်သည်။

ထိုကျောင်းတွင် အဆင့် ( ၅၈ ) အတွင်း ဝင်ပါက ထိပ်တန်းတက္ကသိုလ် ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။

အကယ်၍ သူသာ ပိုကြိုးစားအားထုတ်မည်ဆိုပါက ရှင်းဟွာတက္ကသိုလ်နှင့် ပီကင်းတက္ကသိုလ်သို့ပင် ဝင်ရောက်နိုင်သည်။

ရှန်းမူမူက ယနေ့ စိတ်ကြည်လင်နေကာ ဂုဏ်ယူနေသည်။

ရှန်းမူမူက စာပို့လိုက်သည်။ “ပြော၊ ဘာဆုလိုချင်လဲ၊ လိုချင်တဲ့ဆုကို ပြောလိုက်၊ ထိန်းချုပ်မထားနဲ့။”

ချီရှောင်ပိုင် - “တကယ်လား။”

ရှန်းမူမူ - “ဘယ်တုန်းက လိမ်ဖူးလို့လဲ။”

ချီရှောင်ပိုင် - “အများကြီး လိမ်ဖူးတာပဲ၊ စာရင်းပြုစုပေးရမလား။”

ရှန်းမူမူ - “....”

သူမက အသက်ပြင်းပြင်းရှူကာ ပြန်မချေပရန် ထိန်းချုပ်လိုက်သည်။

ထို့နောက် သူမက မိခင်ဆန်စွာ ပြုံးလိုက်သည်။

သူမက စာပို့လိုက်သည်။ “ဒီတစ်ခေါက်က မတူဘူး၊ ကြိုက်တာပြော၊ လူတော်လေး။”

တစ်ဖက်တွင် ဖြစ်သည်။

ကွန်ပျူတာခုံတွင် ထိုင်နေသည့် ချီရှောင်ပိုင်က တုန်လှုပ်သွားခဲ့သည်။

“လူတော်လေး” ဟူသော စကားသုံးလုံးကြောင့် ကြက်သီးတွေပင် ထသွားခဲ့သည်။

သူ့မျက်နှာက ရှုံ့မဲ့နေသော်လည်း ရင်ထဲတွင်တော့ အံ့ဩနေသည်။

သူက လိုချင်သည့်အရာကို ခပ်မြန်မြန် စာရိုက်ကာ ရှန်းမူမူကို ပို့လိုက်သည်။

***

အခန်း (၁၄၉ ) - သေစမ်း၊ သူမတော့ အဆွဲဆောင်ခံလိုက်ရပြီ

ရှန်းမူမူက ဖုန်းကိုကြည့်ကာ အသံတိတ်သွားခဲ့သည်။

ထပ်ပြီးတော့လား။ ချီရှောင်ပိုင်ရေ၊ နည်းနည်းလောက် အသိတရားရှိလို့ မရဘူးလား ဟု သူမကိုယ်သူမ တွေး‌လိုက်လေသည်။

သူမ ရရှိလိုက်သည့်ပုံက Lego ပုံ ဖြစ်သည်။

ထိုပုံက စစ်သင်္ဘောပုံ ဖြစ်သည်။

ရှန်းမူမူက လျင်မြန်စွာပင် အွန်လိုင်းပေါ် ရှာလိုက်သည်။

ထို Lego က လွန်ခဲ့သည့် ဆယ်နှစ်ခန့်လောက်ကတည်းက အရောင်းပြတ်သွားခဲ့ခြင်းဖြစ်သည်။

သို့သော် ရှန်းမူမူက ထိုကိစ္စနှင့် ပတ်သက်၍ စိတ်အေးနေသည်။

သူမက ချီရှောင်ပိုင်ကို စာပြန်ပို့လိုက်သည်။ “ရတယ်၊ ငါ့ကိစ္စ ထားလိုက်၊ ဆက်ကြိုးစားထား လူတော်လေး၊ တော်တယ်။”

ချီရှောင်ပိုင်က စာကိုလက်ခံရရှိပြီးသည်နှင့် ကိုယ်ခန္ဓာ ခဏလောက် တောင့်ခဲသွားခဲ့သည်။

“လူတော်လေး။” “တော်တယ်။” ဟူသော စကားက သူ့ကို ထပ်မံ အံ့အားသင့်စေခဲ့သည်။

သူက မျက်မှောင်ကြုတ်လိုက်သည်။

သူ့အသက် ( ၁၇ ) နှစ်အတွင်း သူ့ကို ထိုစကားတွေ မည်သူမှ မပြောခဲ့ပေ။

ဒါက တော်တော်လေး စိမ်းသက်နေသည့် စကားတွေ ဖြစ်သည်။

သူက တံတွေးမြိုချကာ အမှန်တရားကို ခက်ခက်ခဲခဲ လက်ခံလိုက်ရသည်။

အချိန်ခဏကြာပြီးသည့်နောက်တွင် သူက တီးတိုးပြောလိုက်သည်။ “အင်း၊ နေသားကျအောင် လုပ်ရမှာပေါ့။”

ရှန်းမူမူက ဝီချက်ထဲက အိပ်မက်သခင် ဟူသော စကားဝိုင်းလေးကို ဖွင့်လိုက်သည်။

ယခင်တစ်ခေါက်က ချီရှောင်ပိုင်အတွက် Lego ရှာပေးခဲ့သူကို သူ၏ ပရိုဖိုင်ပုံအဖြစ် ဂျပန်အန်နမဲပုံ ထည့်ကာ မှတ်ထားခြင်း ဖြစ်သည်။

သူမက ယဉ်ကျေးစွာ စာစပို့လိုက်သည်။ “မင်္ဂလာပါ အစ်ကို၊ ကျွန်မ သားလေးက အခြေအနေ ကောင်းလာပါပြီ၊ အခုဆိုရင် ခြေထောက်လှုပ်နိုင်နေပြီ၊ ပြီးခဲ့တဲ့ တစ်ခေါက်က Lego ရှာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အင်တာနက်က လူတွေနဲ့ တကယ်ကို အချိတ်အဆက်မိစေတာပဲရှင်။”

အချိန်ခဏကြာပြီးသည့်နောက်တွင် အိပ်မက်သခင်ထံမှ ပြန်စာရောက်လာခဲ့သည်။

ပြန်စာက သုံးလုံးသာ ပါသည်။ “ကောင်းတာပေါ့။”

ရှန်းမူမူက ခဏလောက် ရပ်တန့်သွားပြီးမှ အရှက်မရှိစွာ ထပ်မံပို့လိုက်သည်။ “အစ်ကို ဒါမျိုးလေးကော ရှိလားရှင့်၊ ကျွန်မရဲ့ သားလေးကို ဒါလေး လက်ဆောင်ပေးချင်လို့ပါ။”

အိပ်မက်သခင် - “ရှိတယ်။”

မိနစ်အနည်းငယ်ကြာပြီးသည့်နောက်တွင်ဖြစ်သည်။

အိပ်မက်သခင် - “မနက်ဖြန်ကျရင် မေးလ်ပို့ပေးလိုက်မယ်။”

ရှန်းမူမူ - “!!!”

ရှန်းမူမူက စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်လိုက်သည်။

အွန်လိုင်းက လူတွေပြောသလိုပင် သူ့နာမည်ကိုသာ မှားလျှင်မှားမည်၊ နာမည်ပြောင်ကိုတော့ ဘယ်တော့မှ မမှားနိုင်ပေ။

ထိုလူကို သူမ ပေးထားသည့် အိပ်မက်သခင် ဟူသော နာမည်က သူနှင့် လိုက်ဖက်သည်။

သူက အိပ်မက်တွေ‌ အကောင်အထည် ဖော်နိုင်အောင် လုပ်ဆောင်ပေးနိုင်သည်။

သူမက အိပ်မက်သခင်အား မြှောက်ပင့်ပြောဆိုခြင်း၊ ကောင်းကင်ဘုံမှ ကောင်းချီးများရပါစေဟု ဆုတောင်း‌ပေးခဲ့သည်။

သို့သော် ထိုလူက ဘာမှ ပြန်မပြောခဲ့ပေ။

ဖြစ်နိုင်ခြေ နှစ်ခုရှိသည်ဟု သူမ တွေးလိုက်သည်။

တစ်အချက်က အိပ်မက်သခင်က စကားနည်းသူ ဖြစ်မည်။

နှစ်အချက်က ထိုသူက ရှက်ရွံ့တတ်သူ ဖြစ်မည်။

မည်သို့ပင်ဖြစ်စေကာမူ ထိုလူက လူကောင်းဖြစ်မည်ဟု သူမ ခံစားရသည်။

သူမက တွေးလေလေ‌ အပြစ်မကင်းစိတ် ဝင်ခဲ့လေသည်။

ပြီးခဲ့သည့်တစ်ခေါက်ကဲ့သို့ပင် သူမက လျှပ်စစ်ပုတီး ဆယ်မိနစ် စိပ်ခဲ့ကာ သူမရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ ဗုဒ္ဓထံ ဆုတောင်းခဲ့သည်။

သူမ စိတ်အေးချမ်းမှုရသွားသည့်အခါ တံခါးခေါက်သံ ကြားလိုက်ရလေသည်။

သူမ တံခါးသွားဖွင့်မည့်အချိန်မှာပင် ဖုန်းမြည်သံ ကြားလိုက်လေသည်။

ဖုန်းခေါ်ဆိုသူက ချီမော့ ဖြစ်သည်။

သူမက တံခါးထံလျှောက်သွားရင်း ဖုန်းဖြေလိုက်သည်။

“ဟဲလို။”

ချီမော့ - “ဟဲလို။”

သူမ တံခါးဖွင့်လိုက်သည့်အခါ သူမ မှာထားသည့် စားစရာများ လာပို့ကြောင်း တွေ့လိုက်လေသည်။

သူမက လာပို့သူထံမှ အစားအသောက်များယူလိုက်ပြီး ကျေးဇူးတင်ကြောင်းပြောကာ တံခါးပိတ်လိုက်သည်။

ချီမော့ - “အခုပဲ လေယာဉ်ပေါ်က ဆင်းတာ။”

ရှန်းမူမူက အသားကျနေပြီဖြစ်သည်။ ချီမော့က သူရောက်သည့်အချိန်တိုင်း သူမကို ဖုန်းဆက်ပြောလေ့ ရှိသည်။

ရှန်းမူမူက နာရီကိုကြည့်ကာ လေယာဉ်ပေါ်တွင် အချိန်မည်မျှကြာခဲ့ကြောင်း တွက်ဆခဲ့သည်။

အချိန်က ( ၁၀ ) နာရီ နီးပါး ကြာမြင့်ခဲ့သည်။

သူမက စိုးရိမ်စွာ မေးလိုက်သည်။ “အချိန်အကြာကြီး လေယာဉ်ပေါ်နေရတော့ ပင်ပန်းတယ်မလား။”

ချီမော့ - “မပင်ပန်းပါဘူးဗျာ။”

ရှန်းမူမူက ကော်ဖီစားပွဲပေါ် စားစရာများတင်ပြီး အခင်းပေါ် တမင်ခွေထိုင်လိုက်သည်။ “တော်သေးတာပေါ့။”

ချီမော့ - “တကယ်တော့ ကိုယ် အခု ဂျာမနီသွားတာ။”

“ဘာ။” စားစရာများ ဖောက်နေသည့် ရှန်းမူမူ၏ လက်တွေက ရပ်တန့်သွားခဲ့သည်။ “ရှင် ဂျာမနီမှာလား။”

ချီမော့ - “အင်း။”

ချီမော့က သူ အဖွားအိုကို ခဏလောက် အဖော်ပြုပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖုန်းမှ တစ်ဆင့် ရှင်းပြခဲ့သည်။

လုပ်ငန်းကိစ္စဟု ဆင်ခြေပေးမှသာ အဖွားအိုက သူ့ကို နှင်မထုတ်မှာ ဖြစ်သည်။

သူက ရှန်းမူမူကို ကြိုမပြောခဲ့ပေ။

ပထမတစ်ချက်အနေဖြင့် သူမက အလုပ်များနေသဖြင့် အနှောက်အယှက် မပေးလို၍ ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် သူ့အဖွား၏ စိတ်ကို သူသိသည်။

အကယ်၍ သူတို့နှစ်ဦးသာ ဂျာမနီသွားခဲ့ပါက အဖွားဖြစ်သူကက ဒေါသထွက်ကာ ခွဲစိတ်တော့မည် မဟုတ်ပေ။

ချီမော့၏ စကားများ နားထောင်ကာ ရှန်းမူမူရင်ထဲ တုန်ခါသွားသည်။

အဖွားအပေါ်သိတတ်ခြင်းနှင့် သူမကိုလေးစားကာ သူမရဲ့ အသက်‌မွေးဝမ်းကြောင်းကို ထောက်ခံပေးခြင်းတို့ကြောင့် ဖြစ်သည်။

ထိုခံစားချက်ကို ရင်ထဲတွင်သာ သိမ်းထားလိုက်ပြီး သူမ၏ တစ်နေ့တာကို ရှင်းပြခဲ့သည်။

သူမက တိုင်လည်း ပြောခဲ့သည်။ “ဒီမှာ ဘယ်လောက်အေးလဲ သိလား၊ လေဆိပ်က လေက တိုက်လိုက်တာ ခဲသေတော့မလို့။’

သူမက ကြွားဝါလိုက်သည်။ “ဒီနေ့ ဝန်ထမ်းတွေရဲ့ နာမည်တွေ ရာထူးတွေ၊ တာဝန်ယူထားတာတွေကို အကုန်မှတ်ထားလိုက်နိုင်တယ်၊ ကျွန်မ တော်တယ်မလား။”

ချီမော့က ခပ်ဖွဖွ ရယ်မောလိုက်သည်။ “မင်းက အမြဲတော်နေတာပါပဲ။”

ရှန်းမူမူက ဘဝင်မြင့်စွာ ပြောလိုက်သည်။ “ဒါပေါ့။”

ရှန်းမူမူက အစာစားရင်း ချီမော့နှင့် ဖုန်းပြောခဲ့သည်။

တတိယအကြိမ် သမ်းဝေပြီးသည့်နောက်တွင် သူမက တစ်စုံတစ်ခုကို သတိရသွားကာ ပြောလိုက်သည်။ “ဒါပဲလေ၊ ရှင်လည်း အခုမှ လေယာဉ်ဆိုက်တာဆိုတော့ ဟိုတယ်ရောက်ရင် နားလိုက်ဦး။”

သူမက ( ၃ ) နာရီ အိပ်ပြီးပြီ ဖြစ်သော်လည်း ချီမော့က အခုမှ ဂျာမနီရောက်ခြင်း ဖြစ်သည်။

သူမက သူမ၏ အကြောင်းများ ပြောပြနေကာ ထိုကိစ္စကို မေ့နေခဲ့သည်။

ချီမော့က တည်ငြိမ်စွာ ပြောလိုက်သည်။ “ကောင်းပါပြီ။”

ရှန်းမူမူ - “အင်း၊ တာ့တာ။”

“ခဏလေး။” ချီမော့က ဖြတ်ပြောလိုက်သည်။ “မနက်ဖြန်ကျရင် အစားအသောက်တွေ မှာထားပေးတယ်၊ အပြင်ကနေ ဝယ်မစားနဲ့။ ကျန်းမာရေးနဲ့ မညီညွှတ်ဘူး။”

ရှန်းမူမူက အလုပ်ရှုပ်ခံမနေပါနဲ့ဟု ပြောလိုက်ချင်သော်လည်း အလုပ်ရှုပ်မှာ မဟုတ်ကြောင်း သိသဖြင့် “ကောင်းပါပြီ” ဟုသာ ပြန်ဖြေလိုက်သည်။

“ဒါဆိုလည်း ဒါပဲလေ၊ အိပ်လိုက်ဦး။” ဟု ပြောမည့် အချိန်တွင် ချီမော့၏ စကားသံကို ထပ်ကြားလိုက်ရသည်။

“ညအိပ်ရင်လည်း အိပ်ရာအောက်ခြေမှာ စောင်ထည့်ဖို့ မမေ့နဲ့၊ ဒါမှ မင်းအိပ်တဲ့အချိန် မလျှောကျမှာ။”

ရှန်းမူမူက မျက်တောင်ခတ်လိုက်ကာ ရင်ထဲ ရေနွေးစီးကြောင်းလေး ဖြတ်သွားသလို ခံစားလိုက်ရလေသည်။

“ဟုတ်ပြီလား။” သူမ ပြန်မဖြေသည့်အခါ ချီမော့က ထပ်မေးလိုက်သည်။

“ထူးဆန်းတယ်။” ရှန်းမူမူက ခဏလောက် တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။ “အိမ်မှာနေတုန်းကတော့ ဘာလို့ အိပ်ရာအောက်ခြေမှာ စောင်ထည့်ဖို့ မမှာတာလဲ။”

ဖုန်းတစ်ဖက်က ခဏလောက် တိတ်ဆိတ်သွားသည်။

ထို့နောက် ရယ်သံဖွဖွကို သူမ ကြားလိုက်ရသည်။

“ဘာလို့လဲဆိုတော့ ကိုယ် မင်းဘေးမှာ ရှိနေတော့ အဲဒါတွေ မလိုလို့ပေါ့။”

ရှန်းမူမူ၏ ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည်။

သူမက ဖုန်းကို တင်းကြပ်စွာ ကိုင်လိုက်သည်။

တစ်ခုခု ဆို့နင်နေသကဲ့သို့ သူမ၏ ရင်တွေ တဒိတ်ဒိတ် တုန်နေသည်။

သူမ၏ တုံ့ပြန်မှုကို စောင့်နေသကဲ့သို့ တစ်ဖက်က တိတ်ဆိတ်နေသည်။

သူမ ဘေးရှိ အရာအားလုံးက ခဏတာ တိတ်ဆိတ်နေသည်။

အချိန်များစွာ ကုန်ဆုံးသွားပြီဟုထင်သော်လည်း စက္ကန့်အနည်းငယ်သာ ကုန်ဆုံးသေးသည်။

သူမက ချီမော့၏ အသံကို ထပ်ကြားလိုက်သည်။ “မင်း ခဏခဏ သမ်းနေတာပဲ၊ အိပ်တော့လေ၊ ကောင်းသောညပါ။”

ဖုန်းထဲက ချီမော့၏ အသံက ဆွဲဆောင်မှုရှိနေကာ သူမရဲ့ နံဘေးနားတွင် ကပ်ပြောနေသကဲ့သို့ ခံစားနေရသည်။

“ကောင်းသောညပါ။” ဟူသော စကားက အထူးသဖြင့် သူမရဲ့ ရင်ထဲကို နွေးထွေးသွားစေခဲ့သည်။

ရှန်းမူမူက ပြန်ဖြေလိုက်သည်။ “ကောင်းသောညပါ။”

သူမက ဖုန်းချပြီး ခေါင်းအုံးထဲ ခေါင်းနစ်ထားကာ ခါ‌ယမ်းလိုက်သည်။

သူမ၏ ဖြူဖွေးနေသည့် လက်မောင်းများက အိပ်ရာဘေးတွင် အချိန် အနည်းငယ် လှုပ်ရမ်းနေသည်။

ချီမော့၏ “ကောင်းသောညပါ။” ဟူသော စကားက သူမ၏ နားထဲ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

သူမ ရင်ခုန်သွားသည်ကို ဝန်ခံရမည်။

ထူးဆန်းသည့် အတွေးတစ်ခုက သူမ ခေါင်းထဲ ပေါ်လာခဲ့သည်။

တကယ်လို့ သူတို့သာ တွဲဖြစ်ခဲ့ရင် ”ကောင်းသောညပါ။” ဟူသော စကားကို သူမဘေးတွင် နေ့တိုင်း အသံမျိုးစုံဖြင့် အကြိမ်ရာချီ ပြောခိုင်းရမည်လား။

တခြားတော့ မဟုတ်ပေ။

သူမ၏ နားစည်ကို ကုသမှုပေးချင်လို့ ဖြစ်သည်။

***

All Chapters