အခန်း (၄၈)
Vol. 5 Ch. 48
အခန်း ၄၈ - မိစ္ဆာများကို တိုက်ခိုက်ရန် စစ်တပ်ဖွဲ့စည်းခြင်းနှင့် ကျင်းလွမ်နန်းဆောင်အတွင်း ပဋိပက္ခ။
နောက်ထပ် ကာလဝက်ခန့် ဖြတ်သန်းသွားခဲ့သည်။
မိစ္ဆာများသည် မြို့ပြင်သို့ အခါအားလျော်စွာ လာရောက်တိုက်ခိုက်လေ့ရှိသော်လည်း မဟာယန် စစ်တပ်၏ လှုံ့ဆော်မှုအောက်တွင် ၎င်းတို့ကို လွယ်ကူစွာပင် နှိမ်နင်းနိုင်ခဲ့ကြသည်။
လွန်ခဲ့သောအချိန်က ကြုံတွေ့ခဲ့ရသည့် မိစ္ဆာလှိုင်းလုံးကြီးမျိုးမှာ တိုတောင်းလှသော နှစ်အနည်းငယ်အတွင်း ထပ်မံပေါ်ပေါက်လာရန် မဖြစ်နိုင်သဖြင့်တော်ဝင်မြို့တော်သည် တစ်ရက်ထက်တစ်ရက် ပိုမိုစည်ကားဝပြောလာခဲ့သည်။
လီယင်သည်လည်း ရောဂါဝေဒနာမှ ပြန်လည်သက်သာလာခဲ့သည်။ လီချန်ရှင်း၏ စီစဉ်ညွှန်ကြားမှုအတိုင်း သူမသည် စစ်တပ်အပေါ် အာရုံစိုက်ရာမှ စစ်သားမိသားစုများထံသို့ အာရုံပြောင်းလဲခဲ့ပြီး သမားတော်များနှင့်အတူ လိုက်ပါကာ ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ရာ ပြည်သူလူထုအကြား သူမ၏ နာမည်ဂုဏ်သတင်းမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။
အချိန်တန်သောအခါ လီယင်သည် သိုင်းပညာသင်ယူရန်အတွက် လီချန်ရှင်း၏ နေအိမ်သို့ သွားရောက်ခဲ့သည်။
"အခုဆိုရင် ကပ်ဘေးသုံးပါးလုံးကို ဖြတ်ကျော်ပြီးပြီဖြစ်သလိုနတ်ဘုရားစွမ်းအင်လည်း ပုံပေါ်လာပြီဆိုတော့ မင်းအနေနဲ့ သစ္စာသော့ခတ်ခြင်းအဆင့်ကို ဆက်ပြီး အဆင့်တက်လှမ်းနိုင်ပြီ။"
လီချန်ရှင်းက ပြုံးလျက် ဆိုသည်။
လီယင်က ခေါင်းညိတ်လိုက်သည်။ လီချန်ရှင်း၏ လမ်းညွှန်မှုအတိုင်း သူမသည် မိမိ၏ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးအဆစ်များကို စဉ်ဆက်မပြတ် ထိန်းညှိပြီးနောက် သစ္စာသော့ခတ်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တော့သည်။
လီချန်ရှင်းက လီယင်၏ ကံကြမ္မာအရှိန်အဝါကို စောင့်ကြည့်လိုက်သည်။ သူမ အဆင့်တက်လှမ်းနိုင်ခဲ့ခြင်း ကိုယ်ပိုင်အင်အား မြင့်တက်လာခြင်းနှင့် ပြည်သူများအကြား ရရှိထားသော နာမည်ဂုဏ်သတင်းများကြောင့် လီယင်၏ ဦးခေါင်းထက်တွင် တဖြည်းဖြည်း ပုံဖော်လာနေသည့် နဂါးနီအသေးစားလေးတစ်ကောင်မှာ ဝဲပျံနေခဲ့ပြီ ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်။
လီချန်ရှင်း၏ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့သည်။ လီယင်ကို သိုင်းပညာပါ ပူးတွဲကျင့်ကြံစေခြင်းဖြင့်သူမ၏ သိုင်းပညာက ကြီးမားသော အောင်မြင်မှုသို့ ရောက်ရှိပြီးကောင်းကင်-လူသားအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည့်နေ့သည် သူမ၏ ကံကြမ္မာအရှိန်အဝါ အစစ်အမှန် ပုံပေါ်လာမည့်နေ့ ဖြစ်ပေလိမ့်မည်။
သို့သော် ဒါက မလုံလောက်သေးချေ။ မဟာယန်၏ ကံကြမ္မာအရှိန်အဝါ အများစုမှာ စစ်မှန်သောစွမ်းအင်သိုင်းပညာ ပြန့်ပွားလာခြင်းမှ မြစ်ဖျားခံသည်ဟု လီချန်ရှင်းက ခန့်မှန်းထားသည်။
ကံကြမ္မာအရှိန်အဝါ၏ ဤအပိုင်းကို စုဆောင်းရမည်ဖြစ်ရာသော့ချက်မှာ လူနည်းစုအပေါ်တွင်သာ မူတည်နေသည်။
၎င်းတို့မှာ လီချန်ရှင်း တာအိုဘိုးဘေး နှင့် တိုင်းပြည်၏ ဒေါက်တိုင်ဗိုလ်ချုပ်ကြီး သုံးဦးတို့ ဖြစ်ကြသည်။
ကံကောင်းသည်မှာ လီယင်ကိုယ်တိုင် ရွှေအဆီအနှစ်အဆင့် သို့ အောင်မြင်စွာ တက်လှမ်းနိုင်သရွေ့ ဤကံကြမ္မာအရှိန်အဝါ အပိုင်းကို သူမထံသို့ လွှဲပြောင်းပေးနိုင်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ချီယန်ကျုန်း နှင့် တာအိုဘိုးဘေးတို့ဘက်ကမူထိုနှစ်ယောက်လုံးမှာ ဧကရာဇ် လီချန်၏ အမာခံထောက်ခံသူများ ဖြစ်နိုင်ခြေ အလွန်များသဖြင့် လီချန်ရှင်းအနေဖြင့် ၎င်းတို့၏ ထောက်ခံမှုကို လီယင်အတွက် တောင်းခံရန် အစီအစဉ်မရှိချေ။
လက်ရှိအခြေအနေတွင် လီယင် လုပ်ဆောင်ရမည့်အရာမှာ ထီးနန်းကို လုယူရန် မဟုတ်ဘဲ ပြည်သူလူထုအကြား သူမ၏ နာမည်ဂုဏ်သတင်းကို မြှင့်တင်ရန်သာ ဖြစ်ပြီး ထိုမျှဆိုလျှင်ပင် လုံလောက်လှပေပြီ။
"ဆရာ… ကျွန်မ သစ္စာသော့ခတ်ခြင်းအဆင့်ကို ရောက်သွားပြီ။"
လီယင်က ဝမ်းသာအားရ ပြောလိုက်သည်။
"အင်း… စိတ်မလောနဲ့ဦး။ ရှေ့ဆက်ရမယ့် လမ်းက အဝေးကြီး ကျန်သေးတယ်။ မင်းကောင်းကင်-လူသားအဆင့်ကို ရောက်တဲ့နေ့ကျရင် ဆရာက မင်းကို အဖိုးတန်တဲ့ လက်ဆောင်အကြီးကြီးတစ်ခု ထပ်ပေးမယ်။"
လီချန်ရှင်းက ပြုံးလျက် ဆိုသည်။
"တကယ်လားဟင်။"
"ဆရာကြီး မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။"
"ဟေး… ပျော်စရာကြီး။"
လီချန်ရှင်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ စွမ်းအင်အကဲခတ်နည်းစနစ်ကို ဖွင့်ကြည့်လိုက်ရာ ကံကြမ္မာနဂါးနီကြီး၏ ဦးခေါင်းထက်ရှိ မည်းမှောင်သော တိမ်တိုက်လေးခုမှာ ယခုအခါ လုံးဝ ကတ္တရာစေးကဲ့သို့ မည်းနက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထို့ပြင် ကံကြမ္မာနဂါးနီကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးအကြေးခွံများကြားမှ အမည်းရောင် အမျှင်တန်းများသည်လည်း စီးဆင်းပြန့်နှံ့နေခဲ့ပြီ ဖြစ်သည်။
လီချန်ရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ နန်းတွင်းထဲတွင် တစ်စုံတစ်ရာ ပြောင်းလဲမှုများ ရှိနေရမည်။
တော်ဝင်နန်းတော်အတွင်း ကျင်းလွမ်နန်းဆောင်ထဲ၌။
ဧကရာဇ် လီချန်သည် ကျန်းမာရွှင်လန်းကာ အားအင်ပြည့်ဝနေပြီး အဘိုးအိုတစ်ဦးနှင့် လုံးဝမတူဘဲ အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ် လူလတ်ပိုင်းတစ်ဦးကဲ့သို့ ဖြစ်နေသည်။
"ကောင်းကင်ဘုံရဲ့ အမိန့်တော်အရ ဧကရာဇ်မင်းမြတ် မိန့်ကြားတော်မူသည်။"
"ယနေ့အချိန်တွင် မဟာယန်ပြည်၌ ထူးချွန်ထက်မြက်သူများစွာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ငါသည် တစ်ကမ္ဘာလုံးရှိ အရည်အချင်းရှိသူများကို စုဆောင်း၍ မိစ္ဆာများကို တိုက်ခိုက်ချေမှုန်းရန် စစ်တပ်ကြီးတစ်ရပ် ဖွဲ့စည်းလိုသည်။"
မိန်းမစိုးက အမိန့်တော်ကို ဖတ်ကြားပြီးဆုံးသည်နှင့် နန်းတွင်းရှိ အရာရှိကြီးငယ်များအားလုံး စိတ်လှုပ်ရှားသွားကြတော့သည်။
"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ သက်တော်ရာကျော် သက်တော်ရာကျော် ရှည်ပါစေ။"
"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ သက်တော်ရာကျော် သက်တော်ရာကျော် ရှည်ပါစေ။"
ယခုအခါ မဟာယန်သည် တစ်ရက်ထက်တစ်ရက် ပိုမိုအင်အားတောင့်တင်းလာခဲ့သည်။ အထူးသဖြင့် ဗိုလ်ချုပ် ယဲ့ဖုန်းနှင့် အရာရှိ ချန်းအာဝါတို့ နှစ်ဦးလုံးသည် စစ်မှန်သောစွမ်းအင် ပြောင်းလဲခြင်း ကို တစ်ယောက်ပြီးတစ်ယောက် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသဖြင့် မိစ္ဆာဘုရင်တစ်ကောင်နှင့် ရင်ဆိုင်ရလျှင်ပင် ၎င်းတို့နှစ်ဦး ပူးပေါင်းပါက ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
အပြင်၌ အစွမ်းထက်သော ဗိုလ်ချုပ်များ ရှိနေသဖြင့် စာပေရော သိုင်းပညာအရာရှိ အဖွဲ့အစည်းများကပါ တော်ဝင်မြို့တော်၏ နယ်နိမိတ်ကို တိုးချဲ့ရန် အဆိုပြုလွှာများကို တင်သွင်းနေခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။
အကယ်၍ ဧကရာဇ် လီချန်၏ ဦးဆောင်မှုအောက်တွင် မိစ္ဆာအားလုံးကို မဟာယန်နယ်နိမိတ်အတွင်းမှ တကယ်ပဲ မောင်းထုတ်နိုင်ခဲ့လျှင် ဒါက ခေတ်သစ်တစ်ခုကို သေချာပေါက် ဖွင့်လှစ်ပေးနိုင်လိမ့်မည်။
"အမတ်မင်းတို့… ငါ အကြာကြီး စဉ်းစားတွေးတောခဲ့ပြီးပြီ။ မိစ္ဆာတွေက ကိုင်တွယ်ရခက်ခဲနေဆဲ ဖြစ်ပေမဲ့ မောင်းထုတ်ဖို့က တစ်နှစ် နှစ်နှစ်နဲ့ မပြီးနိုင်ပေမဲ့ အရာရာတိုင်းမှာ အစဆိုတာ ရှိရမယ် တော်ဝင်မြို့တော်ရဲ့ အနောက်ဘက်ကနေ စတင်ပြီး ဟဲပြည်နယ်နဲ့ဆက်သွယ်မဲ့ လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ဖို့ ရည်ရွယ်ပါတယ်။ ဒါမှ မဟာယန်ပြည်သူတွေ အတူတကွ စုစည်းမိပြီး ဉာဏ်ပညာနဲ့ အင်အားတွေကို စုပေါင်းကာ နယ်မြေတွေကို ဆက်တိုက် တိုးချဲ့သွားနိုင်မှာဖြစ်တယ်။ နောက်ဆုံးမှာတော့ လူသားမျိုးနွယ် ပြန်လည်ဆန်းသစ်လာမယ့်နေ့ကို ငါတို့ တွေ့ရလိမ့်မယ်။"
ဘေးနားတွင် ရပ်နေကြသော သားတော်မင်းသား လေးပါးမှာ မျက်နှာပျက်သွားကြသော်လည်းဧကရာဇ်၏ အမာခံထောက်ခံသူများစွာမှာမူ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသဖြင့် ဝမ်းသာမျက်ရည်ပင် ကျလုမတတ် ဖြစ်နေကြသည်။
အကယ်၍ ဧကရာဇ် လီချန်က ဤကဲ့သို့ လုပ်ဆောင်ခဲ့လျှင် မိစ္ဆာဧကရာဇ်၏ ခြိမ်းခြောက်မှုကို ခဏဖယ်ထား၍ မဟာယန်နယ်နိမိတ်အတွင်း လူသားမျိုးနွယ်၏ အခြေခံအုတ်မြစ် ကို တည်ဆောက်နိုင်ခဲ့မည်ဆိုပါက… အကယ်၍ ဒါကို တကယ်သာ အကောင်အထည်ဖော်နိုင်ခဲ့ရင် သူကိုယ်တိုင်က…
လူသားဧကရာဇ်ဖြစ်လာပေလိမ့်မည်။
သို့သော် မင်းသားလေးပါးအတွက်မူ ဤအရာက ဆယ်စုနှစ်ပေါင်းများစွာသော အချိန်များကို ဆုံးရှုံးလိုက်ရခြင်းနှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့ မသေဆုံးမီ အိမ်ရှေ့မင်းသားနေရာကိုပင် မြင်တွေ့ခွင့်ရလိမ့်မည် မဟုတ်ချေ။
သက်ပြင်းချစရာပင်။
နန်းတွင်းမှ အမိန့်တော် ထုတ်ပြန်ပြီးနောက် တော်ဝင်မြို့တော်အတွင်း၌ ခဏတာ လှုပ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
စစ်မှန်သောစွမ်းအင် သိုင်းပညာရှင်အားလုံးသည် ဧကရာဇ် လီချန်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို ခံစားမိကြပြီးလူသားမျိုးနွယ်အတွက် နယ်မြေတိုးချဲ့ရန် နန်းတွင်းစစ်တပ်သို့ ဝင်ရောက်လိုကြောင်း ဆန္ဒပြုခဲ့ကြသည်။
မိစ္ဆာများ ပေါ်ပေါက်လာခဲ့သည်မှာ ဆယ်စုနှစ်အနည်းငယ်သာ ရှိသေးသော်လည်း သမိုင်းကြောင်းထဲမှ လူသားမျိုးနွယ်၏ အတိုင်းအဆမဲ့ စည်ကားဝပြောမှုများကို ကြားသိဖူးကြရာ မည်သူက တော်ဝင်မြို့တော်ထဲ၌ပဲ ပိတ်မိနေပြီး တစ်နေ့လုံး ကြောက်ရွံ့တုန်လှုပ်စွာ နေထိုင်လိုပါမည်နည်း။
အထူးသဖြင့် လူငယ်များအတွက်မူ အပြင်ထွက်၍ စွန့်စားခြင်းက ၎င်းတို့၏ သဘာဝဖြစ်ရာ ဤကဲ့သို့ နယ်မြေတိုးချဲ့မည့်အရေးက ၎င်းတို့၏ စိတ်နှလုံးထဲမှ စိတ်အားထက်သန်မှုများကို မီးမွှေးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ခေတ္တမျှအတွင်းမှာပင် ဆက်တိုက်တုံ့ပြန်မှုများ ဖြစ်ပေါ်လာတော့သည်။ လီချန်ရှင်းက မော့ကြည့်လိုက်ရာကံကြမ္မာနဂါးနီကြီးသည် စဉ်ဆက်မပြတ် ပိုမိုအင်အားတောင့်တင်းလာပြီး မြို့ပြင်သို့ ဦးတည်ကာ ကောင်းကင်ယံတစ်ခုလုံး တုန်ဟည်းသွားမတတ် ပြင်းထန်စွာ ဟိန်းဟောက်နေသည်ကို မြင်လိုက်ရသည်။
သို့သော် နဂါးနီကြီး၏ ဦးခေါင်းထက်တွင် အမြဲရှိနေသော မည်းမှောင်သည့် တိမ်တိုက်များနှင့် နဂါးခန္ဓာကိုယ်၏ တစ်ဝက်ခန့်ကို ဖုံးလွှမ်းသွားခဲ့ပြီဖြစ်သော အမည်းရောင်များကို ကြည့်ရင်း လီချန်ရှင်းက ရယ်မောလိုက်သည်။
"စိတ်ဝင်စားဖို့ကောင်းတာပဲ။ ပြည်သူတွေရဲ့ စိတ်နှလုံးက သူ့ဆီကို ဦးတည်နေတာကိုး။ ဧကရာဇ် လီချန်က ပြည်သူတွေရဲ့ စိတ်ဓာတ်ကို လှုံ့ဆော်နိုင်ခဲ့ပေမဲ့ လူတိုင်းက လူသားမျိုးနွယ်အတွက် တွန့်ဆုတ်မှုမရှိဘဲ အသက်ပေးဝံ့ကြတာ မဟုတ်ဘူးဆိုတာကိုတော့ သူ မေ့နေခဲ့ပုံပဲ။ တာအိုဘိုးဘေးကတော့ ဒီနယ်မြေချဲ့ထွင်မှုရဲ့ ကနဦးအခြေအနေကို ကောင်းမွန်အောင် တည်ဆောက်ဖို့အတွက် ထူးခြားတဲ့ အောင်မြင်မှုအသစ်အချို့ကို ထပ်ပြီး ထုတ်ပြဦးမှာ သေချာတယ် အဲဒီလိုမှပဲ လူအမြောက်အမြားကို ဒီစစ်ပွဲထဲ ဝင်လာအောင် ဆွဲဆောင်နိုင်မှာ။"
လီချန်ရှင်းက ဆက်တိုက် တွက်ချက်ကြည့်လိုက်ရာ ဧကရာဇ် လီချန်၏ အတွေးကို အများစု သဘောပေါက်သွားခဲ့သည်။
သူက ဟဲပြည်နယ်သို့ သွားမည့် ဘေးကင်းသော လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပြီး နှစ်ဖက်လုံးမှ လူများကို အတူတကွ စုစည်းကာ အင်အားချင်းပူးပေါင်း၍ မိစ္ဆာများကို မောင်းထုတ်ကာ နယ်မြေချဲ့ထွင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်လိုခြင်း ဖြစ်သည်။
ယခုအခါ ကောင်းကင်-လူသားအဆင့် သိုင်းပညာရှင် အရေအတွက်မှာ ထောင်ဂဏန်းအထိ ရှိနေပြီဖြစ်ပြီးဒါက လူဦးရေ တစ်သိန်းသာရှိသော တော်ဝင်မြို့တော်တစ်ခုတည်း၌ပင် ဖြစ်သည်။
အကယ်၍ လူဦးရေ ငါးသိန်းရှိသော ဟဲပြည်နယ်သာ ဆိုလျှင်ကော။
၎င်းတို့သည် ကောင်းကင်-လူသားအဆင့် သိုင်းပညာရှင် ထောင်ပေါင်းများစွာကို လွယ်ကူစွာ စုစည်းနိုင်မည်ဖြစ်ရာ အုပ်စုလိုက် မဟုတ်သော မိစ္ဆာများကို ရင်ဆိုင်ရန်အတွက်မူ သဘာဝကျစွာပင် ပြဿနာရှိလိမ့်မည် မဟုတ်ချေ။
သို့သော် ၎င်းတို့ သိထားသင့်သည်မှာ မိစ္ဆာများကို အလွန်အမင်း ဖိအားပေးလိုက်ပါက ၎င်းတို့အား အချိန်မတိုင်မီ စုစည်းမိသွားစေပြီး မိစ္ဆာလှိုင်းလုံးကြီး တစ်ကျော့ပြန် ပေါ်ပေါက်လာစေလိမ့်မည် ဖြစ်သည်။
ဧကရာဇ် လီချန်အနေဖြင့် မိစ္ဆာဧကရာဇ်တစ်ကောင်ကို ထိပ်တိုက်ရင်ဆိုင် သတ်ဖြတ်နိုင်စွမ်းရှိသည့် ယုံကြည်ချက်မျိုး မရှိပါကသူသည် တော်ဝင်မြို့တော်သို့ မလာရသေးခင်က ငါကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် မိစ္ဆာဧကရာဇ်ကိုပင် ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။
လီချန်ရှင်းက အကောင်းအဆိုးများကို သေချာစွာ စဉ်းစားသုံးသပ်လိုက်သည်။ အကယ်၍ သူ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည့် မိစ္ဆာလှံ ကြောင့်သာ ဤယုံကြည်ချက်မျိုး ရရှိခဲ့ခြင်း ဖြစ်ပါကထိုမိစ္ဆာလှံ၏ စွမ်းအားမှာ ယခုအခါ ပိုမိုအစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းလာခဲ့ပြီ ဖြစ်ပုံရသည်။
"ဒါပေမဲ့… လူသားမျိုးနွယ်ကို ဖျက်ဆီးမယ့်အရာက ပြင်ပရန်သူတွေ မဟုတ်ဘဲ ပြည်တွင်းက ပဋိပက္ခတွေပဲ ဖြစ်လိမ့်မယ်။"
လီချန်ရှင်းက အဓိပ္ပာယ်ပါပါ ရေရွတ်လိုက်သည်။
သူ့အနေဖြင့် ဘာမှ အများကြီး ထပ်မလုပ်သင့်တော့ဘဲ ဤပဋိပက္ခနှင့် ဝေးဝေးတွင်သာ နေသင့်သည်ဟု ခံစားလိုက်ရသည်။
အချို့လူများသည် အာဏာနှင့် လောဘဇောကြောင့် အရာရာကို စွန့်လွှတ်ဝံ့ကြသည်။
သို့သော်လည်း ပြင်ပပတ်ဝန်းကျင်၏ ခြိမ်းခြောက်မှုက လူသားတို့၏ စိတ်နှလုံးထဲမှ အဆိုးညစ်ဆုံး အတွေးများကို ဖိနှိပ်ထားပေးနိုင်ဆဲ ဖြစ်သည်။
ဒါပေမဲ့ အဲဒီပြင်ပရန်သူသာ မရှိတော့ရင်ကော။
အဲဒီအချိန်ကျရင် ဒါက ယုန်သေတော့ ခွေးချက်စားခံရသလိုမျိုး ဖြစ်သွားမလား။ ဒါမှမဟုတ် တကယ့် တော်လှန်ရေးကြီးတစ်ခု ရောက်လာမလားဆိုတာ စောင့်ကြည့်ရပေလိမ့်မည်။
ထို့ပြင် မိစ္ဆာများကို တိုက်ခိုက်ရန် စစ်တပ်ဖွဲ့စည်းမည့် ဤကြီးမားသော လုပ်ဆောင်ချက်ကြီးက အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ၊ ဧကရာဇ် လီချန်၏ ပတ်ဝန်းကျင်တွင်မူ ပရမ်းပတာ အခြေအနေများ မလွဲမသွေ ပေါ်ပေါက်လာလိမ့်မည်ဟု လီချန်ရှင်းက ခံစားမိနေသည်။
"တာအိုမိတ်ဆွေ ဟွမ်ကျန်း။"
လီချန်ရှင်းက မျက်မှောင်ကြုတ်လိုက်သည်။
"တာအိုဘိုးဘေး… ဘာအရေးကြီးကိစ္ဆာ ရှိလို့လဲ။"
"အရှင်မင်းကြီး ဖိတ်ကြားခိုင်းလိုက်လို့ပါ။"
"ငါ သေချာပေါက် သွားရမှာပေါ့။
"အင်း… ကောင်းပါပြီ။"
မကြာမီအချိန်အတွင်းမှာပင် လီချန်ရှင်းသည် အဝတ်အစားများကို သေသေချာချာ ပြင်ဆင်ဝတ်ဆင်ပြီးနောက် တာအိုဆရာဘိုးဘေး၏ နောက်မှလိုက်ကာ ရထားလုံးပေါ်သို့ တက်စီးပြီး တော်ဝင်နန်းတော်သို့ ရောက်ရှိလာခဲ့သည်။
ရထားလုံးပေါ်မှ ဆင်းပြီးနောက် တာအိုဘိုးဘေးသည် လီချန်ရှင်း၏ မျက်ခုံးနှစ်ခုကြားတွင် ဖျတ်ခနဲ လျှပ်ပြတ်သကဲ့သို့ တောက်ပနေသော ထူးဆန်းသည့် နတ်ဘုရားအလင်းတန်းကို ကြည့်ရင်း အံ့ဩတကြီး မမေးဘဲ မနေနိုင်တော့ချေ။
"ဟွမ်ကျန်း… မင်းရဲ့ စာပေကျင့်ကြံမှုက အဆင့်တက်လှမ်းသွားပြန်ပြီလား။"
"နည်းနည်းတော့ လိုသေးတာပေါ့။"
လီချန်ရှင်းက ပြုံးလျက် ဆိုသည်။ သူ၏ သိုင်းပညာ ပျက်စီးသွားကတည်းကသူသည် မိမိ၏ နီဝမ်နန်းတော် အတွင်း၌သာ အမြဲလှည့်လည်နေခဲ့သည်။ ထို့ပြင် နိုင်ငံတော်၏ ကံကြမ္မာအရှိန်အဝါကို လေ့လာနေစဉ်အတွင်း သူသည် မိမိ၏ ကိုယ်ပိုင်စိတ်ဝိညာဉ် အပြောင်းအလဲများကို ခံစားမိပြီး လမ်းကြောင်းတစ်ခုကို သတ်မှတ်နိုင်ခဲ့သည်။
အဲဒါကတော့ ဝိညာဉ်ပင်ဖြစ်သည်။
ဝိညာဉ်၏ လျှို့ဝှက်ချက်ကို နားလည်သဘောပေါက်ခြင်းက တာအိုအဆင့် ရဲ့ အထက်မှာ ဘယ်လိုအဆင့်မျိုး ရှိနေမလဲဆိုတာကို ရှာဖွေနိုင်လိမ့်မည် ဖြစ်သည်။ ဒါက သူ နီဝမ်နန်းတော်အတွင်း လှည့်လည်နေစဉ် ရရှိခဲ့သည့် အကြီးမားဆုံးသော အောင်မြင်မှုလည်း ဖြစ်သည်။
လီချန်ရှင်းသည် တာအိုဘိုးဘေး၏မှလိုက်ကာ ကျင်းလွမ်နန်းဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
၎င်းတို့နှစ်ဦးလုံးက ဂါရဝပြုလျက် တပြိုင်နက်တည်း နှုတ်ခွန်းဆက်သလိုက်ကြသည်။
"တာအိုကျင့်ကြံသူ ဟွမ်ယွီ အရှင်မင်းကြီးကို ဂါဝရပြုပါတယ်။"
"တာအိုကျင့်ကြံသူ ဟွမ်ကျန်း အရှင်မင်းကြီးကို ဂါ ရပြုပါတယ်။ "
"အင်း… သူတို့ကို နေရာပေးလိုက်။"
ဧကရာဇ် လီချန်က လက်ကို ဝှေ့ယမ်းလိုက်ရာဘေးနားရှိ မိန်းမစိုးက ကုလားထိုင်နှစ်လုံးကို ယူဆောင်လာပြီး ၎င်းတို့နှစ်ဦး၏ အနောက်တွင် ချထားပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။"
၎င်းတို့နှစ်ဦး ထိုင်လိုက်ကြသည်။ ဧကရာဇ် လီချန်က လွန်ခဲ့သော ဆယ်စုနှစ်များစွာကကဲ့သို့ နုပျိုနေဆဲဖြစ်သော လီချန်ရှင်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။
"စစ်သူကြီး လီ… ငါတို့ မတွေ့ရတာ နှစ်တွေ အတော်ကြာသွားပြီပဲ။"
"အရှင်မင်းကြီး… လီချန်ရှင်းဆိုတာ အတိတ်မှာ ကျန်ခဲ့ပါပြီ။ အခု ဒီနေရာမှာတော့ တာအိုကျင့်ကြံသူ ဟွမ်ကျန်းပဲ ရှိပါတော့တယ်။"
လီချန်ရှင်းက တည်ငြိမ်စွာ ဆိုသည်။
ဧကရာဇ် လီချန်က ရယ်မောလိုက်သည်။
"ကြည့်ရတာ စစ်သူကြီး လီက နန်းတွင်းနဲ့ အဆက်အသွယ် လုံးဝဖြတ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်။ "
"အရှင်မင်းကြီး… ဘာဖြစ်လို့ အဲဒီလို မိန့်ကြားရတာလဲ။ ကျွန်တော်က တာအိုကျင့်ကြံသူတစ်ယောက် သက်သက်ပါပဲ အခုတော့ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်နေတာ။ ဘာဖြစ်လို့ ကျွန်တော့်ကို လာရှာနေဖို့ လိုဦးမလဲ။ "
လီချန်ရှင်းက တစ်စုံတစ်ခုကို ရိပ်မိသွားသဖြင့် တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။
ဘေးနားရှိ တာအိုဆရာသခင်က အလျင်အမြန်ပင် ကြားဖြတ်ပြောလိုက်သည်။
"ဟွမ်ကျန်း… အကယ်၍ မင်းသာ ပြန်လာမယ်ဆိုရင် အရှင်မင်းကြီးက မင်းကို သေချာပေါက် နေရာအကြီးကြီးပေးပြီး ပြန်လည်လက်ခံမှာပါ။"
လီချန်ရှင်းက နှာခေါင်းရှုံ့ကာ အေးစက်စွာ တုံ့ပြန်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။
ဧကရာဇ် လီချန်က လီချန်ရှင်း၏ ဤကဲ့သို့သော သဘောထားကို ကြည့်ပြီး ရယ်မောလိုက်သည်။
"စစ်သူကြီး လီ… မင်းသာ မဟာယန်ပြည်အတွက် ပြန်ပြီး အမှုထမ်းမယ်ဆိုရင် ငါ မင်းကို ကွပ်ကဲဖို့အတွက် နောက်ထပ် စစ်တပ်အသစ်တစ်ခုကို ဖွဲ့စည်းပေးဖို့ အသင့်ပါပဲ။ မင်းက ငါ့ရဲ့ အမြဲတမ်း အနိုင်ရနေတဲ့ စစ်သူကြီးအဖြစ် ရှိနေဦးမှာပါ ဒါက အဲဒီလို ခါးသီးပြီး ပင်ပန်းတဲ့ တာအိုဆရာဘဝထက် အများကြီး ပိုကောင်းပါတယ်။"
"အရှင်မင်းကြီး… အများကြီး ထပ်ပြောဖို့ မလိုတော့ပါဘူး။ ကျွန်တော့်မှာလည်း ကိုယ်ပိုင် စဉ်းစားချက်တွေ ရှိပြီးသားပါ။"
"အော်မင်းရဲ့ စဉ်းစားချက်ဆိုတာ… ငါ့ရဲ့ မြေးမလေးကို မြှောက်ထိုးပင့်ကော်လုပ်ပြီး မဟာယန်ရဲ့ ကံကြမ္မာအရှိန်အဝါကို လုယူခိုင်းတာကို ပြောတာလား။"
ဧကရာဇ် လီချန်က တိုက်ရိုက်ပင် ထုတ်ဖော်ပြောဆိုလိုက်တော့သည်။
ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် ရေခဲမျှမက အေးစက်သွားခဲ့သည်။ လီချန်ရှင်း၏ ဘေးတွင် ထိုင်နေသော တာအိုဘိုးဘေးမှာ မျက်နှာတစ်ခုလုံး ဖြူလျော်သွားပြီး နဖူးမှ ချွေးစေးများပင် ထွက်လာခဲ့သည်။
သူသည် ယနေ့ အခြေအနေက ဘယ်လိုမျိုး ပြောင်းလဲသွားမလဲဆိုတာကို မခန့်မှန်းနိုင်တော့ချေ။ ဧကရာဇ် လီချန်က ယခုအချိန်တွင် လီချန်ရှင်းကို လာရောက်တွေ့ဆုံခြင်းမှာ တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ရည်ရွယ်ချက်ရှိနေကြောင်း ထင်ရှားလှပေသည်။
အကယ်၍ လီချန်ရှင်းက အလိုက်အထိုက် နေထိုင်ခဲ့လျှင် အဆင်ပြေနိုင်သော်လည်း သူ၏ သဘောထားမှာ သိုင်းပညာ မပျက်စီးခင်ကကဲ့သို့ပင် လောကလူသားများကို အထက်စီးက ကြည့်နေဆဲ ဖြစ်သည်။
ထို့ပြင် မကြာသေးမီ နှစ်များအတွင်း လီချန်ရှင်း လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို လီယင်ထံမှတစ်ဆင့် မြင်တွေ့နိုင်ပေသည်။
ဧကရာဇ် လီချန်ကို တကယ်ပဲ မျက်စိကန်းနေသည်ဟု သူ ထင်နေခဲ့သလား။
လီချန်ရှင်းက ဒီလောက်အထိ တုံးအပါ့မလား။
လီချန်ရှင်းက ရယ်မောလိုက်သည်။ သူသည် ဤနေ့ ရောက်လာလိမ့်မည်ကို ကြိုတင်သိရှိထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဒါက ဧကရာဇ် လီချန်အနေဖြင့် သူ့ကို ဖယ်ရှားပြီး သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိမည့် အခြားသော သိုင်းသူတော်စင် အသစ်တစ်ဦးကို တည်ဆောက်ရန် ရည်ရွယ်ခြင်းထက် မပိုချေ။
ဟုတ်ပေသည်။ လီချန်ရှင်းအနေဖြင့်လည်း တစ်ဖက်လူက ဘာဖြစ်လို့ သိုင်းပညာ တစ်ဝက်ပျက်စီးနေပြီဖြစ်သော မိမိကဲ့သို့ လူတစ်ယောက်ကို ဖယ်ရှားပစ်ချင်နေရသလဲဆိုသည်ကို စဉ်းစားရ ခက်ခဲနေဆဲ ဖြစ်သည်။
လီယင်က ကံကြမ္မာအရှိန်အဝါ အများကြီး ရရှိထားခဲ့လို့ပဲလား။
ဒါမှမဟုတ်…
"အရှင်မင်းကြီး… မဟာယန်ရဲ့ ကံကြမ္မာအရှိန်အဝါက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာအရှိန်အဝါလို့ ထင်နေတာလား။"
လီချန်ရှင်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဟမ့်… ငါ တစ်ကမ္ဘာလုံးကို စည်းလုံးခွင့်ရတဲ့နေ့ကျရင် မဟာယန်က လူသားမျိုးနွယ် ဖြစ်လာမှာပဲ။ "
"ဟားဟားဟားဟား။"
လီချန်ရှင်းသည် ဗိုက်နှိပ်၍ ရယ်မောလိုက်ရာသူ၏ အထိန်းအကွပ်မဲ့သော ရယ်မောသံများက ပြောင်ပြောင်တင်းတင်း လှောင်ပြောင်နေခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။
"လူသားမျိုးနွယ်ရဲ့ ကံကြမ္မာအရှိန်အဝါ ဆယ်ပုံမှာ ငါက ရှစ်ပုံအထိ ပိုင်ဆိုင်ထားတာ။ မင်းက ငါ့ရဲ့ ကံကြမ္မာအရှိန်အဝါကိုပဲ လုယူချင်နေတာ ဒါပေမဲ့ မင်း သိလား အရှင်မင်းကြီး… ငါ့ရဲ့ ကံကြမ္မာအရှိန်အဝါကို လုဖို့က မင်းထင်သလို မလွယ်ကူဘူးနော်။"
"ဒါဆိုရင်လည်း စမ်းကြည့်ကြတာပေါ့!"
"ခွမ်း"
ဧကရာဇ် လီချန်က သူ၏ လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်သို့ ဒေါသတကြီး လွှင့်ပစ်လိုက်သည်နှင့် တပြိုင်နက် စစ်မှန်သောစွမ်းအင် ပြောင်းလဲခြင်း ပြီးမြောက်ထားကြသည့် ကောင်းကင်-လူသားအဆင့် သိုင်းပညာရှင် အများအပြား ပေါ်ထွက်လာပြီး လီချန်ရှင်းထံသို့ တပြိုင်နက်တည်း ပြေးဝင်တိုက်ခိုက်ကြတော့သည်။
တာအိုဘိုးဘေးမှာ ထိတ်လန့်သွားပြီး အလျင်အမြန်ပင် ဘေးသို့ ရှောင်ထွက်သွားခဲ့သည်။
လီချန်ရှင်းက မတ်တတ်ရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"ကောင်းတယ် ကောင်းတယ်အရမ်းကို ကောင်းတယ် မင်း လီချန်ကမှ သံယောဇဉ် မရှိတာဆိုတော့ ငါ့ဘက်ကိုလည်းအပြစ်မပြောနဲ့တော့။"
ရွှေအဆီအနှစ် သည် သူ၏ အရေပြား ကြွက်သားများနှင့် သွေးကြောများမှတစ်ဆင့် စွမ်းအင်များကို ဒန်ထျန် ဆီသို့ ပြန်လည် ပေးပို့လိုက်သည်။ လီချန်ရှင်း၏ ခန္ဓာကိုယ်မှ သိုင်းသူတော်စင်တစ်ဦး၏ စွမ်းအင်အရှိန်အဝါများ တစ်ကျော့ပြန် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ဝင်ရောက်တိုက်ခိုက်လာကြသော ကောင်းကင်-လူသားအဆင့် သိုင်းပညာရှင် အများအပြားမှာ နေရာတင်တင် လွင့်ထွက်သွားကြရသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ… အားလုံးက ဟန်ဆောင်နေခဲ့တာကိုး။ လီချန်ရှင်းက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေပြီး ငါ့ကို လုပ်ကြံဖို့ ကြံစည်နေတာပဲ။ စစ်သည်တို့… သူ့ကို ဖမ်းဆီးကြစမ်း။"
နောက်ထပ် ကောင်းကင်-လူသားအဆင့် သိုင်းပညာရှင် အုပ်စုတစ်စု ထပ်မံရောက်ရှိလာခဲ့သည်။ ကျင်းလွမ်နန်းဆောင်အတွင်း၌မူ ဓားသွားများ ဝှေ့ယမ်းသံများနှင့် သွေးသံရဲရဲ အရိပ်အယောင်များဖြင့် ပြည့်နှက်သွားခဲ့ရတော့သည်။