အခန်း (၄၉)
Vol. 5 Ch. 49
အခန်း ၄၉ - ဟွမ်ကျန်း၏ စစ်မှန်သော ရည်ရွယ်ချက်များနှင့် အားလုံး၏ စွန့်ပစ်ခြင်းကို ခံရခြင်း။
လီချန်ရှင်းက အသက်တစ်ချက်ပြင်းပြင်းရှူလိုက်ရာသူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စစ်မှန်သောစွမ်းအင် များ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ဧကရာဇ် လီချန်သည် အသက်အန္တရာယ်နီးပါး ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် သူ၏ မျက်သူငယ်အိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။
'ဒါ… ဒါက သိုင်းသူတော်စင်ရဲ့ စွမ်းအားလား။ "
ဟုတ်ပေသည်။ ဤမျက်စိဖြင့် ကိုယ်တိုင်မမြင်တွေ့ဖူးပါက လူသားတို့၏ နယ်ပယ်ကို ကျော်လွန်နေသော ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားမျိုးကို စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ချေ။
လီချန်ရှင်းက လက်ဝါးနှစ်ဖက်ကို အသံမြည်အောင် ရိုက်လိုက်ပြီးနောက် ပြောလိုက်သည်။
"ငါ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ကတည်းက ဒီလိုအခြေအနေမျိုးကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးတယ်။ တာအိုဘိုးဘေး… ဧကရာဇ် လီချန်… မင်းတို့ရော သိလား ငါ ဘာဖြစ်လို့ စစ်မှန်သောစွမ်းအင်သိုင်းပညာကို တစ်ကမ္ဘာလုံး ပြန့်ပွားအောင် လုပ်ခဲ့ရလဲဆိုတာကို။"
တာအိုဘိုးဘေးမှာ ဆွံ့အသွားပြီး လီချန်ရှင်းက လက်ဝါးတစ်ဖက်ကို အောက်သို့ ရိုက်ချလိုက်ပြီး ကျန်လက်ဝါးတစ်ဖက်ကို အပေါ်မျက်နှာကျက်ဆီသို့ မြှောက်လိုက်သည်ကို ငေးကြည့်နေမိသည်။
"ဒုန်း"
"ဝုန်း"
ပြင်းထန်လှသော စစ်မှန်သောစွမ်းအင်များက ကြမ်းပြင်နှင့် မျက်နှာကျက်နှစ်ခုလုံးကို အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးပစ်လိုက်ရာ ကျင်းလွမ်နန်းဆောင်တစ်ခုလုံးမှာ ပြိုကျလုမတတ် တုန်ခါသွားခဲ့တော့သည်။
ဧကရာဇ် လီချန်က မတ်တတ်ရပ်လိုက်ပြီး နဂါးရာဇပလ္လင်၏ အနောက်မှ သူ၏ လှံကို ဆွဲထုတ်လိုက်သည်။
မိစ္ဆာလှံ သည် သွေးရောင်အလင်းတန်းများနှင့် အေးစက်သော ရောင်ပြန်များ ဖြာထွက်နေသည်။။
"လီချန်ရှင်း… သေဖို့သာ ပြင်ထားတော့။"
"ဟားဟားဟား… ဧကရာဇ် လီချန် မင်းက သိပ်ကို နုနယ်လွန်းပါသေးတယ်။"
လီချန်ရှင်းက ကောင်းကင်ယံထက်သို့ ပျံတက်သွားပြီး တုန်ခါနေသော ကျင်းလွမ်နန်းဆောင်၏ အပေါ်ဘက်ရှိ အပေါက်မှတစ်ဆင့် တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။ ဧကရာဇ် လီချန်က ကျင်းလွမ်နန်းဆောင်အပြင်သို့ အလျင်အမြန် လိုက်ထွက်လာပြီး မော့ကြည့်လိုက်ရာ လီချန်ရှင်းက လေထဲတွင် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် မှင်တက်သွားတော့သည်။
"ဒါက ရိုးရိုးခုန်ရုံတင် မဟုတ်ဘူးလား။"
ဧကရာဇ် လီချန်အနေဖြင့် သိုင်းသူတော်စင်တစ်ဦးက တကယ်ပဲ လေထဲတွင် ပျံသန်းနိုင်သည်ကို ကြိုတင်မသိရှိထားခဲ့သည်မှာ ထင်ရှားလှပေသည်။
အမှန်တကယ်တွင် ဒါဟာ ပျံသန်းခြင်း မဟုတ်ဘဲ လီချန်ရှင်းက ကျင်းလွမ်နန်းဆောင်မှ ပျက်စီးသွားသော မျက်နှာကျက်အပိုင်းအစများကို အသုံးချပြီး လေထဲတွင် ခဏတာ ခိုအောင်းနေခြင်းသာ ဖြစ်သည်။
သို့သော်လည်း ဒါက ပျံသန်းခြင်းနှင့် ဘာမှမခြားနားချေ။
လီချန်ရှင်းက အသက်ကို နောက်တစ်ကြိမ် ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ ရွှေအဆီအနှစ်အတွင်းမှ စစ်မှန်သောစွမ်းအင်များကို စုစည်းကာ ရိုးရှင်းသော လက်သီးတစ်ချက်ကို ထိုးလိုက်တော့သည်။
ကြီးမားပြီး သိသာထင်ရှားလှသော ရွှေရောင်လက်သီးစွမ်းအင် တစ်ခုက လီချန်ရှင်း၏ လက်သီးမှ ထွက်ပေါ်လာပြီး ကျင်းလွမ်နန်းဆောင်ဆီသို့ တိုက်ရိုက် ဦးတည်ကျရောက်သွားခဲ့သည်။
"ဝုန်း"
"ဂျုန်းဂျုန်း"
ယိုင်နဲ့နေပြီးသားဖြစ်သော ဂျင်လွမ်းနန်းဆောင်ကြီးမှာ လီချန်ရှင်း၏ ဤလက်သီးတစ်ချက်တည်းဖြင့်ပင် လုံးဝ အပြိုအပျက် ဖြစ်သွားခဲ့ရတော့သည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လီချန်ရှင်းက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။
"ငါ သွားတော့မယ်။ နောက်ရက်ကျမှ ပြန်တွေ့ကြတာပေါ့။"
လီချန်ရှင်းက လှည့်ထွက်ကာ တော်ဝင်နန်းတော်၏ အမိုးထက်သို့ တိုက်ရိုက် ဆင်းသက်လိုက်ပြီး တစ်ချက်ခုန်လျှင် မိုင်ပေါင်းများစွာ ကူးမြောက်လျက် နန်းတော်အတွင်းမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
ဧကရာဇ် လီချန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
"တစ်လှမ်းပဲ လိုတော့တာကို ဒီလီချန်ရှင်းက ဒါကို ရိပ်မိသွားတာလား။ သူသာ ငါ့ကို တိုက်ခိုက်ရဲရင် နိုင်ငံတော်ရဲ့ ကံကြမ္မာအရှိန်အဝါက သူ့ကို အပြည့်အဝ တန်ပြန်သက်ရောက် သွားမှာ။"
"အရှင်မင်းကြီး… စိတ်မလောသင့်ခဲ့ဘူး။"
"စိတ်လောတယ် ဟုတ်လားဟုတ်လား… ငါ စစ်တပ်ကြီးကို ဖွဲ့စည်းပြီးတာနဲ့ အမှောင်ထဲကနေ ပြဿနာရှာနေတဲ့ ဒီလီချန်ရှင်းကို ကိုင်တွယ်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး အခု သူ့ကို မဖျက်ဆီးနိုင်ခဲ့မှတော့ သူ့ရဲ့ တပည့်တွေကို သူ့အပေါ် သစ္စာဖောက်အောင် လုပ်ပြီး လီချန်ရှင်းကို ပြန်တိုက်ခိုက်ဖို့ နည်းလမ်းရှာစမ်း။"
တာအိုဘိုးဘေး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သက်ပြင်းချလိုက်သည်။
"အမိန့်တော်အတိုင်း နာခံပါ့မယ် အရှင်မင်းကြီး။"
မကြာမီအချိန်အတွင်းမှာပင်…
တော်ဝင်မြို့တော်အတွင်း၌ လီချန်ရှင်းသည် ဧကရာဇ်ကို လုပ်ကြံရန် တမင်ကြံစည်ခဲ့ကြောင်း သူ၏ ကျင့်ကြံခြင်းအဆင့်ကို တမင်ဖုံးကွယ်ထားပြီး ကျင်းလွမ်နန်းဆောင်ကို ဖျက်ဆီးခဲ့ကြောင်း ကြေညာချက်များ ကပ်ထားခဲ့သဖြင့် ပြည်သူများအကြား ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
"မဖြစ်နိုင်တာ။"
ဗိုလ်ချုပ် ယဲ့ဖုန်းက စားပွဲကို လက်သီးဖြင့် ဒေါသတကြီး ထုရိုက်လိုက်ပြီး တာအိုဆရာသခင်ကို မျက်လုံးပြူးကာ စိုက်ကြည့်လိုက်သည်။
"တာအိုဘိုးဘေး… ကျွန်တော့်ကို ပြောစမ်းပါ တစ်ခုခု မှားယွင်းနေပြီမဟုတ်လား။ ဆရာက အရှင်မင်းကြီးကို လုပ်ကြံဖို့ ဘယ်လိုလုပ်ပြီး ကြံစည်ရမှာလဲ။"
"စိတ်ပျက်စရာပဲ… ဟွမ်ကျန်းရဲ့ သိုင်းပညာက ပျက်စီးသွားတာမဟုတ်ဘဲ ဖုံးကွယ်ထားတာ ဖြစ်လိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး။ မူလက ဟွမ်ကျန်းနဲ့ ငါ့ကို အရှင်မင်းကြီးက မဟာယန်ရဲ့ မိစ္ဆာနှိမ်နင်းရေး စစ်ပွဲမှာ အင်အားဖြည့်ဆည်းပေးဖို့ ဖိတ်ကြားခဲ့တာ ဒါပေမဲ့ နောက်ပိုင်းကျတော့…"
ဗိုလ်ချုပ် ယဲ့ဖုန်းက ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။
"ဟင့်အင်း… ဒါ မဟုတ်သေးဘူး။ ဘာဖြစ်လို့လဲ။ ဆရာက အရှင်မင်းကြီးအပေါ် ဘယ်လို ရန်ငြိုးမျိုး ရှိရမှာလဲ။ တာအိုဘိုးဘေး ကျွန်တော့်ကို အမှန်အတိုင်းပြောပါ။ မဟုတ်ရင် ကျွန်တော် အရှင်မင်းကြီးဆီကို သွားပြီး သေသေချာချာ မေးမြန်းရလိမ့်မယ်။"
တာအိုဘိုးဘေး၏ မျက်နှာက ပျက်သွားခဲ့သည်။ လီချန်ရှင်း၏ အဆင့်အတန်းမှာ သူ၏ တပည့်များအကြားတွင် အလွန်မြင့်မားလှသဖြင့်ယဲ့ဖုန်းအနေဖြင့် ဤကဲ့သို့ စကားမျိုး ပြောရဲခြင်းက မိမိကိုယ်ကိုယ် ဘယ်နေရာရောက်နေမှန်း မသိခြင်းပင် ဖြစ်သည်။
သို့သော်လည်း။
တာအိုဘိုးဘေး၏ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့သော နည်းလမ်းများကို နောက်ဆုံးတွင် ထုတ်ဖော်ပြသလိုက်တော့သည်။
သူက သက်ပြင်းချလိုက်ပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။
"အတိတ်တုန်းက မင်း ဟဲပြည်နယ် မှာ ရှိစဉ်ကမင်းနဲ့ မင်းရဲ့ ညီမလေး ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေက အလွန် သံသယဖြစ်စရာ ကောင်းနေတယ်လို့ မထင်ဘူးလား။"
ဗိုလ်ချုပ် ယဲ့ဖုန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ တာအိုဘိုးဘေး ဆိုလိုသည့်အရာကို သဘောပေါက်သွားသဖြင့် သူသည် တာအိုဆရာသခင်၏ ကော်လာကို ဆွဲကိုင်ကာ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"တာအိုဘိုးဘေး ခင်ဗျားက တာအိုနန်းတော် ရဲ့ အကြီးအကဲဖြစ်ပြီး မိစ္ဆာတွေကို တိုက်ခိုက်ရာမှာ ထူးချွန်တဲ့ အကျိုးပြုမှုတွေ ရှိခဲ့လို့ ကျွန်တော် ခင်ဗျားကို လေးစားတာ။ ဒါပေမဲ့ ဒီလို စကားမျိုးကိုတော့ သုံးပြီး လာမပြောပါနဲ့။ ဒါက ကျွန်တော့်ကို ရှခင်ဗျားအပေါ် အထင်သေးမိစေလိမ့်မယ်။"
တာအိုဆရာသခင်က ခေါင်းကို ခါယမ်းလိုက်သည်။
"စာပေကျင့်ကြံမှုက တာအိုအဆင့်ကို အဆင့်တက်လှမ်းသွားပြီးရင် ဘယ်လိုစွမ်းရည်မျိုး ရရှိလဲဆိုတာ ဗိုလ်ချုပ် သိလား။"
"ဘာ။"
တာအိုဘိုးဘေး တိုက်ရိုက်ပင် ပြောလိုက်သည်။
"မင်းတို့ကြားမှာ ဖြစ်ပျက်ခဲ့သမျှကို ငါကိုယ်တိုင် မကြုံတွေ့ခဲ့ရပေမဲ့ ဗိုလ်ချုပ် အနေနဲ့ တစ်ချက်လောက် စဉ်းစားကြည့်သင့်တယ်။ အတိတ်တုန်းက ဟွမ်ကျန်းက ဘာဖြစ်လို့ ဟဲပြည်နယ်မှာ စစ်မှန်သောစွမ်းအင်သိုင်းပညာကို တမင်တကာ ပြန့်ပွားစေခဲ့ရတာလဲ။ ပြီးတော့ ဘာလို့ မင်းကိုမှ သဘောကျပြီး စစ်မှန်သောစွမ်းအင်သိုင်းပညာနဲ့ သွေးသန့်စင်ခြင်းနည်းလမ်းကို ပေးခဲ့ရတာလဲ။ မင်း ဆောင်ထားတဲ့ အဲဒီ ကျောက်စိမ်းဆွဲပြားရဲ့ စွမ်းဆောင်ရည်ကို သူ မသိဘဲ နေပါ့မလား။"
ဗိုလ်ချုပ် ယဲ့ဖုန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ သူသည် တာအိုဘိုးဘေးကို လွှတ်ပေးလိုက်ပြီး အနောက်သို့ တစ်လှမ်းဆုတ်လိုက်ရာ သူ၏ မျက်ဝန်းများအတွင်း၌ သတ်ဖြတ်ခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်သွားခဲ့သည်။
သူ နှစ်ပေါင်းများစွာ လျှို့ဝှက်ဖုံးကွယ်ထားခဲ့သော အကြောင်းအရာကို တာအိုဘိုးဘေးကထုတ်ဖော်ပြောဆိုလိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
"ဒါကို တာအိုဘိုးဘေး ဘယ်လိုလုပ်ပြီး သိတာလဲ။"
"ငါ့မှာ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေနဲ့ လူသားတို့ရဲ့ ကံကြမ္မာကို တွက်ချက်နိုင်တဲ့ စွမ်းရည်ရှိတယ်။ ဒါပေမဲ့ ပေးဆပ်ရတဲ့ တန်ဖိုးကတော့ အလွန်ကြီးမားတာပေါ့။"
တာအိုဘိုးဘေးက ဖြူဖွေးလာနေပြီဖြစ်သော သူ၏ ဆံပင်များကို သပ်တင်ရင်း ခါးသီးစွာ ပြုံးလိုက်သည်။
ဗိုလ်ချုပ် ယဲ့ဖုန်းက အသက်ကို ပြင်းပြင်းရှူပြီး ထပ်မံမေးမြန်းလိုက်သည်။
"ဒါက ဆရာနဲ့ ဘာဆိုင်လို့လဲ။"
"ဟွမ်ကျန်းက ဘာဖြစ်လို့ စစ်မှန်သောစွမ်းအင်သိုင်းပညာကို ပြန့်ပွားစေချင်ရတာလဲဆိုတာ ဗိုလ်ချုပ် သိလား။"
"နောင်လာနောက်သားတွေအတွက် လမ်းခင်းပေးဖို့လေ။ "
"မှားတယ်… သူက မိမိကိုယ်ကိုယ်အတွက်ပဲ လုပ်ခဲ့တာ။ စစ်မှန်သောစွမ်းအင်သိုင်းပညာက လက်ရှိအခြေအနေအထိ ဖွံ့ဖြိုးတိုးတက်လာပုံနဲ့ သူ သိုင်းပညာပြန့်ပွားအောင် လုပ်ခဲ့တဲ့ ပုံစံတွေကို ကြည့်ရင် သူက အတိတ်တုန်းက ပါရှန်ပြည်နယ်ထဲမှာကတည်းက တစ်ကမ္ဘာလုံးက လူတွေကို သူ့ရဲ့ စမ်းသပ်ချက်တွေအဖြစ် သတ်မှတ်ဖို့ ရည်ရွယ်ချက် ရှိခဲ့တာ။"
တာအိုဘိုးဘေးက တိုက်ရိုက်ပင် ပြောချလိုက်တော့သည်။
ဗိုလ်ချုပ် ယဲ့ဖုန်းက မယုံနိုင်စရာ ဖြစ်ရပ်တစ်ခုကဲ့သို့ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။
"မဖြစ်နိုင်တာ။ စစ်မှန်သောစွမ်းအင်သိုင်းပညာသာ မရှိရင် ငါတို့တွေ ဒီနေ့အထိ ဘယ်လိုရှင်သန်နိုင်ပါ့မလဲ။ ခင်ဗျားပြောတဲ့ စမ်းသပ်ချက်ဆိုတာ ဘာကို ဆိုလိုတာလဲ။ "
တာအိုဘိုးဘေးက သက်ပြင်းချလိုက်သည်။
"ဟွမ်ကျန်း ကျင့်ကြံတဲ့ စစ်မှန်သောစွမ်းအင်သိုင်းပညာက သမိုင်းမှာ မရှိဖူးသေးတဲ့ လမ်းစဉ်တစ်ခုပဲ။ မူလက သူက ဒီလမ်းကို တစ်ယောက်တည်း လျှောက်ခဲ့တာ ဒါပေမဲ့ အခုတော့ ရေတွက်လို့မရတဲ့ သိုင်းပညာရှင်တွေက စစ်မှန်သောစွမ်းအင်သိုင်းပညာကို လက်ရှိ စည်ကားဝပြောတဲ့ အခြေအနေအထိ တွန်းပို့ပေးခဲ့ကြပြီ။"
"ဟွမ်ကျန်းမှာ ငြင်းပယ်လို့မရတဲ့ အကျိုးပြုမှုတွေ ရှိခဲ့ပေမဲ့ သူရဲ့ ရည်ရွယ်ချက်ကတော့ အစကတည်းက လူတိုင်းကို မျိုးစေ့တွေအဖြစ် သတ်မှတ်ပြီး ကမ္ဘာမြေပေါ်မှာ အမြစ်တွယ် အပင်ပေါက်စေကာ အချိန်တန်တဲ့အခါကျမှ စစ်မှန်သောစွမ်းအင် သိုင်းပညာရှင်အားလုံး သုတေသနပြုထားတဲ့ အသီးအပွင့်တွေကို လာရောက်ရိတ်သိမ်းဖို့ပဲ။"
"ဗိုလ်ချုပ်… အတိတ်ကို တစ်ချက်လောက် ပြန်စဉ်းစားကြည့်စမ်းပါ။ အကယ်၍ ဟွမ်ကျန်းက အဲဒီတုန်းကတည်းက သိုင်းသူတော်စင်အဆင့်ကို ရောက်နေခဲ့ပြီဆိုရင် သူ ဘာဖြစ်လို့ လူတိုင်းကို သွေးသန့်စင်ခြင်းနည်းလမ်းကို ပေးခဲ့ရတာလဲ။"
"ဒါက ဟွမ်ကျန်းအနေနဲ့ မင်းတို့ရဲ့ အောင်မြင်မှုတွေအပေါ်မှာ အခြေခံပြီးမှ သိုင်းသူတော်စင်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တာကို သက်သေပြနေတာပဲ။"
"ဒါကြောင့် သူက အသန်မာဆုံးလူ မဟုတ်ဘူး သူက စစ်မှန်သောစွမ်းအင်သိုင်းပညာ လမ်းစဉ်ပေါ်က ရေတွက်လို့မရတဲ့ သိုင်းပညာရှင်တွေရဲ့ အောင်မြင်မှုတွေကို အသုံးချပြီး မိမိကိုယ်ကိုယ် အထွတ်အထိပ် အဆင့်အထိ ရောက်အောင် စဉ်ဆက်မပြတ် တွန်းပို့ခဲ့တာ။ ဒါက ဟွမ်ကျန်းရဲ့ ရည်ရွယ်ချက်ပဲ။"
"ဟုတ်ပါတယ် ဒါက မမှားပါဘူး။ ဘယ်ပညာရှိမဆို ဂိုဏ်းတစ်ခုကို တည်ထောင်ပြီး တပည့်အမြောက်အမြားကို လက်ခံတာက အမွေအနှစ်ကို လက်ဆင့်ကမ်းဖို့တင်မကဘဲ၊ မိမိကိုယ်ပိုင် တိုးတက်မှုအတွက်လည်း ပါဝင်နေတာပဲ။"
"ဒါပေမဲ့… သူ သုံးခဲ့တဲ့ နည်းလမ်းတွေကတော့ တကယ့်ကို အောက်တန်းကျလွန်းတယ်။"
တာအိုဆရာသခင်က တုန်လှုပ်နေသော ဗိုလ်ချုပ် ရဲ့ဖုန်းကို ကြည့်ပြီး တိုက်ရိုက်ပင် ဆက်ပြောလိုက်သည်။
"အတိတ်တုန်းက မင်း ဟဲပြည်နယ်မှာ စစ်တပ်ထဲ ဝင်ခဲ့စဉ်က မင်းရဲ့ ညီမလေးက ဟွမ်ကျန်းရဲ့ အသုံးချခြင်းကို ခံခဲ့ရပြီး သူက မင်းညီမလေးကို ချမ်းသာတဲ့ အိမ်တစ်အိမ်ဆီ လွှတ်လိုက်လို့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံခဲ့ရတာ အဲဒီနောက်ပိုင်း မင်း ဒေါသထွက်ပြီး အဲဒီအိမ်က သခင်ကို သတ်ပစ်လိုက်လို့ တစ်မြို့လုံးရဲ့ ဝရမ်းထုတ်ခြင်းကို ခံခဲ့ရတာလေ။ အကယ်၍ မင်းရဲ့ လေးစားရတဲ့ ဇနီးသည်ရဲ့ အကူအညီသာ မရှိရင် မင်းနဲ့ မင်းညီမလေးက သေခြင်းတရားနဲ့ ဝေးကွာသွားခဲ့တာ ကြာပြီ ဖြစ်လိမ့်မယ်။"
"အဟွတ် အဟွတ်။"
တာအိုဘိုးဘေးက အပြင်းအထန် ချောင်းဆိုးလိုက်ပြီးနောက် သွေးတစ်လုတ်ကို ရုတ်တရက် အန်ထုတ်လိုက်တော့သည်။
ဗိုလ်ချုပ် ယဲ့ဖုန်းသည် တစ်ကိုယ်လုံး တုန်ရီနေခဲ့ပြီး အနောက်သို့ ဆုတ်ကာ ကုလားထိုင်ပေါ်သို့ ခွေကျသွားခဲ့သည်။
တာအိုဆရာသခင်၏ ဆံပင်များက ဆွတ်ဆွတ်ဖြူသွားပြီး သူ၏ မျက်နှာကလည်း မှတ်မိနိုင်စွမ်းမရှိလောက်အောင် လျင်မြန်စွာ အိုမင်းရင့်ရော်သွားလျက် ကျောကုန်းကြီးကပါ ကုန်းသွားသည်ကို သူ ငေးကြည့်နေမိသည်။
"တာအိုဘိုးဘေး… ကျွန်တော့်ရဲ့ ဆရာက ဘယ်မှာလဲ။"
"သူ ဒီမှာ ရှိတယ်။"
တာအိုဘိုးဘေးက ခါးသီးစွာ ပြုံးလိုက်သည်။
ဗိုလ်ချုပ် ယဲ့ဖုန်းက ရုတ်တရက် ထရပ်လိုက်ရာ တံခါးဝတွင် ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူမှာ လီချန်ရှင်းပင် ဖြစ်ပေသည်။
"ဆ… ဆရာ။ တာအိုဘိုးဘေး ပြောတာတွေက တကယ်ပဲ အမှန်တွေလား။"
ဗိုလ်ချုပ် ယဲ့ဖုန်းက မျက်လုံးပြူးကာ စိုက်ကြည့်လိုက်ပြီး မျှော်လင့်ချက်များနှင့်အတူ စိတ်ပျက်အားငယ်မှု အမျှင်တန်းများဖြင့် သူ့ကို ကြည့်လိုက်သည်။
လီချန်ရှင်းက မျက်လုံးများကို ကျဉ်းမြောင်းကာ ပြုံးလိုက်သည်။
"လောကကြီးက အမြဲတမ်း ပြောင်းလဲနေတာပဲ။ အတိတ်တုန်းက ငါ မင်းရဲ့ အသက်ကို ကယ်တင်ခဲ့စဉ်က မင်းရဲ့ ရေ မီးသန့်စင်ခြင်းနည်းလမ်းက ငါ့ကို ကောင်းမွန်တဲ့ အတွေးသစ်တစ်ခု ပေးခဲ့တာဆိုတော့ ငါတို့တွေ ကျေသွားကြပြီ။ ငါ ဒီနေ့ လာတာက ဆရာတစ်ယောက်အနေနဲ့ နောက်ဆုံးတာဝန်ကို ထမ်းဆောင်ပြီး မင်းတို့ကို နောက်ဆုံး သင်ခန်းစာတစ်ခု သင်ပေးဖို့ပဲ။"
"မင်းအပေါ်ကို ကောင်းလွန်းတဲ့သူတွေကို ဘယ်တော့မှ ဘယ်သောအခါမှ မယုံကြည်ပါနဲ့။"
လီချန်ရှင်းက သူနှင့်အတူ ပါလာသော ကပ်ဘေးဖြတ်ကျော်ခြင်းကျမ်းစာအုပ်ကို ဗိုလ်ချုပ် ယဲ့ဖုန်း၏ ဘေးနားသို့ လွှင့်ပစ်လိုက်ပြီး ပြုံးလျက် ဆိုသည်။
"ဒါက ကပ်ဘေးဖြတ်ကျော်ခြင်း ကျမ်းပဲ မင်း ရွှေအဆီအနှစ်အဆင့်ကို ရောက်ရှိပြီး ငါ့ထံကို လာရောက် ကလဲ့စားချေမယ့်နေ့ကို ငါ မျှော်လင့်နေပါတယ်။ မဟုတ်ရင် မင်းညီမလေး ခံခဲ့ရတဲ့ အရှက်တရမှုတွေက အချည်းနှီး ဖြစ်သွားရမှာပေါ့။"
ဗိုလ်ချုပ် ယဲ့ဖုန်း၏ ဦးနှောက်တစ်ခုလုံး ဒုန်းခနဲ မြည်အောင် ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် ထိုင်ကျသွားခဲ့တော့သည်။
" မဖြစ်နိုင်တာ… မဖြစ်နိုင်တာ…"
"ဘာဖြစ်လို့လဲ ဆရာ ဘာဖြစ်လို့ ဒီလို လုပ်ခဲ့ရတာလဲ။"
"ရှောင်ယာ ကြုံတွေ့ခဲ့ရသမျှက တကယ်ပဲ သူ စီစဉ်ခဲ့တာလား။"
တာအိုဘိုးဘေးက ခါးသီးစွာ ပြုံးလိုက်သည်။
"ဟွမ်ကျန်း… မင်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် တခြားသူတွေကို အသုံးချပြီး လူတွေကို သေချင်စိတ်ပေါက်အောင်အထိ လုပ်ဖို့ ဝန်မလေးခဲ့တာ မင်းအနေနဲ့ ကြီးမားတဲ့ အပြစ်တွေကို ကျူးလွန်နေမိတယ်လို့ မခံစားရဘူးလား။"
"ဟားဟားဟား… တာအိုဘိုးဘေး မင်းကိုယ်မင်းပဲ စိုးရိမ်ပါဦး။ မင်းရဲ့ ကိုယ်ပိုင်ကံကြမ္မာကိုကော တွက်ချက်ကြည့်ပြီးပြီလား။"
လီချန်ရှင်းက ရယ်မောကာ မေးမြန်းလိုက်သည်။
တာအိုဘိုးဘေး ခေါင်းကို ခါယမ်းလိုက်သည်။
"ကဲ… ငါ တွက်ချက်ပေးလိုက်မယ်။ တာအိုနန်းတော်က ပျက်စီးသွားလိမ့်မယ်။ ပြီးတော့ တာအိုဘိုးဘေးကလည်း အဆုံးမရှိတဲ့ နောင်တတွေနဲ့အတူ တာအိုအမွေအနှစ်ကို အဆုံးသတ်ပစ်လိမ့်မယ်။ အဲဒီနေ့ ရောက်လာတဲ့အခါ ကျရင်တော့ ငါ့ထံကို လာခဲ့ဖို့ ဝန်မလေးပါနဲ့။ ရှေးပညာရှိတွေရဲ့ ပညာရပ်တွေကို လက်ဆင့်ကမ်းဖို့အတွက် ငါ့မှာ တာဝန်ရှိတာမို့လို့ပါ။"
လီချန်ရှင်းက ပြောကြားပြီးနောက် လှည့်ထွက်သွားခဲ့သည်။
"နေဦး ရပ်လိုက်စမ်း။"
လီချန်ရှင်း ထွက်ခွာသွားသည်ကို ကြည့်ရင်း ဗိုလ်ချုပ် ယဲ့ဖုန်းသည် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့ပြီး မတ်တတ်ရပ်ကာ အရူးတစ်ယောက်ကဲ့သို့ တံခါးအပြင်ဘက်သို့ အပြေးအလွှား လိုက်ထွက်သွားခဲ့သည်။
သို့သော် လီချန်ရှင်း၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။
တာအိုဘိုးဘေးက ကျောကုန်းကြီး ကုန်းလျက် ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာပြီး ချောင်းဆိုးလိုက်သည်။
"ဗိုလ်ချုပ်… ပိုပြီး အားကောင်းလာအောင် ကြိုးစားပါ ပြီးတော့ ဟွမ်ကျန်းကို တတ်နိုင်သမျှ မြန်မြန် အနိုင်ယူဖို့ ရည်မှန်းချက်ထားပါ။"
ဗိုလ်ချုပ် ယဲ့ဖုန်းက လက်သီးများကို တင်းတင်းဆုပ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။
"ကျွန်တော် သူ့ရဲ့ မျက်နှာကို ကြည့်ပြီး အရာအားလုံးကို သေသေချာချာ မေးမြန်းရမယ်။ အဲဒီနောက်ပိုင်းကျမှ… ကျွန်တော် သူ့ကို သတ်ပစ်မယ်။"
ဗိုလ်ချုပ် ယဲ့ဖုန်း၏ ဖုံးကွယ်ထားခြင်းမရှိသော သတ်ဖြတ်ခြင်း အရှိန်အဝါများက တာအိုဘိုးဘေးကို အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
ဤအရာအားလုံးကို ဟွမ်ကျန်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း အကယ်၍ အခြေအနေများက အေးအေးချမ်းချမ်း ဆက်လက် ဖြစ်ပေါ်နေခဲ့မည်ဆိုပါက အခုလိုမျိုး အားလုံးရဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့ အခြေအနေမျိုးအထိ ရောက်ရှိသွားပါ့မည်လော။
ဟွမ်ကျန်း… မင်းက မင်းကို စိတ်ရင်းမှန်နဲ့ လေးစားချစ်ခင်ကြတဲ့ ဒီတပည့်တွေကို တကယ်ပဲ ဂရုမစိုက်တာလား။
မင်းက ဒီလိုမျိုး မသိရသေးတဲ့ လမ်းစဉ်ကို တစ်ယောက်တည်းပဲ ဆက်ပြီး လျှောက်လှမ်းချင်နေတာလား။
ဒါက ဘယ်လောက်တောင် အထီးကျန်စရာ ကောင်းလိုက်မလဲ။
တာအိုဘိုးဘေးသည် ဦးခေါင်းတစ်ခုလုံး မူးဝေလာခဲ့ပြီးသူသည် အတိတ်တုန်းက လီချန်ရှင်းနှင့်အတူ ထိုင်လျက် တာအိုတရားများကို ဆွေးနွေးခဲ့ကြသည့် အချိန်များကို ရုတ်တရက် ပြန်လည်အမှတ်ရမိသွားခဲ့သည်။ ထိုအချိန်များက တကယ့်ကို ပျော်စရာကောင်းခဲ့ပါပေသည်။
တာအိုကျင့်ကြံသူ နှစ်ဦးသည် တစ်ယောက်ပြီးတစ်ယောက် လက်ရှိခေတ်၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ တူညီသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိခဲ့ကြသည်။
ဒါကလည်း တာအိုဘိုးဘေးအနေဖြင့် လီချန်ရှင်းကို အမြဲတမ်း ဟွမ်ကျန်းဟု ခေါ်ဆိုခဲ့သည့် အကြောင်းအရင်း ဖြစ်သည် အဘယ်ကြောင့်ဆိုသော် အစမှအဆုံးအထိ တာအိုဘိုးဘေးသည် လီချန်ရှင်းကို မိမိ၏ တာအိုမိတ်ဆွေ အဖြစ်သာ သတ်မှတ်ထားခဲ့သောကြောင့် ဖြစ်သည်။
သူက ရှေ့ဆက်ရမယ့်လမ်းက အဝေးကြီးကျန်သေးပြီး သိပ်ကို အထီးကျန်စရာကောင်းတယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့ဖူးသည်။
ထိုအချိန်တုန်းက သူသည် ဟွမ်ကျန်းကို ယုံကြည်ခဲ့သော်လည်း ဒါတွေအားလုံးက လိမ်ညာမှုတစ်ခု ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ထိုနေရာမှ ထွက်ခွာလာပြီးနောက် တာအိုတာအိုဘိုဒဘေးသည် အရာရှိ ချန်းအာဝါ ကို သွားရောက်ရှာဖွေခဲ့ပြီး လီချန်ရှင်းကို ကိုင်တွယ်ရန်အတွက် သူနှင့် ပူးပေါင်းလိုကြောင်း အတိအလင်း ပြောကြားခဲ့သည်။
အရာရှိ ချန်းအာဝါက ဘာမှ ငြင်းဆန်ခြင်း မရှိခဲ့ချေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ပိုမိုမြင့်မားတဲ့ နေရာကိုသာ ရှာဖွေတတ်တဲ့ လူတစ်ယောက် ဖြစ်ပေသည်။ သူ၏ ဆရာကိုယ်တိုင်က အားလုံးရဲ့ စွန့်ပစ်ခြင်းကို ခံထားရပြီ ဖြစ်ရာ သူ့နောက်ကို ဆက်လိုက်နေဖို့ ဘာအကြောင်း ရှိပါတော့မည်နည်း။
ထို့ပြင် သူ၏ ဆရာက သူ့ကို တန်ဖိုးထားပုံလည်း မရသဖြင့်အရာရှိ ချန်အာဝါးက တိုက်ရိုက်ပင် သဘောတူညီခဲ့တော့သည်။
ကျန်ရှိနေသေးသည့် တစ်ခုတည်းသော ပြဿနာမှာ လီယင်သာ ဖြစ်ပေတော့သည်။