← Chapters

အခန်း (၁၅၀-၁၅၁)

Vol. 13 Ch. 150-151

အခန်း (၁၅၀-၁၅၁)

Vol. 13 Ch. 150-151

အခန်း (၁၅၀ ) - တွန်းလိုက်ဆွဲလိုက်နဲ့၊ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ

ရှန်းမူမူက ခေါင်းအုံးထက်မှ ခေါင်းထောင်လိုက်သည်။

သူမက လက်သီးဆုပ်ပေါ် မေးတင်ပြီး စိတ်အေးအေးထားရန် သူမကိုယ်သူမ သတိပေးလိုက်သည်။

သို့သော် တဖြည်းဖြည်း မြန်ဆန်လာသည့် သူမ၏ ရင်ခုန်သံတွေကိုတော့ သူမ လျစ်လျူမရှုနိုင်ခဲ့ပေ။

သူမကိုယ်သူမ မထိန်းချုပ်နိုင်ဘဲ ဖုန်းကို နောက်တစ်ကြိမ် ဖွင့်လိုက်လေသည်။

ဖုန်းအကြာကြီး ပြောထားသဖြင့် သူမရဲ့ ဖုန်းက အနည်းငယ် ပူနွေးနေသည်။

သူမ၏ နားနှင့် လက်တွေ ပူနေသော်လည်း သတိမထားမိခဲ့ပေ။

သူမက ချီမော့နှင့် စကားပြောထားသည့် chatကိုဖွင့်ကာ အပေါ်အောက် ဆွဲကြည့်နေသည်။

သူမက သူတို့စကားစပြောခဲ့သည့်နေရာမှစ၍ နောက်ဆုံးပြောထားသည်အထိ ဖတ်နေသည်။

သူမက နှုတ်ခမ်းကို အနည်းငယ် စေ့ပိတ်ထားပြီး သူမမျက်ဝန်းထဲက ပန်းရောင်ပူပေါင်းလေးများကို ဖုံးကွယ်ရန်အတွက် မျက်လွှာချထားသည်။

အချိန်အားဖြင့် တစ်နှစ်ခွဲကြာပြီဖြစ်သည်။

သို့သော် တစ်နှစ်ခွဲအတွင်း သူတို့ ပို့ခဲ့သည့် စာသားတွေ၊ လေသံတွေ၊ အီမိုဂျီတွေက သိသာစွာ ပြောင်းလဲသွားခဲ့သည်။

သူမက ထိုလူ၏ အကြောင်းကို သေချာလေး တွေးလိုက်သည်။

သူမ အမှတ် ( ၈ ) မှတ်ကိုသာ ပေးနိုင်ခဲ့သည်။

သို့သော် ထိုလူ၏ ချောမောသည့် မျက်နှာက သူမ အတွေးထဲ ရောက်လာသည့်အခါတွင်တော့ သူမရဲ့ အတွေးတွေ နှောက်ယှက်ခံလိုက်ရလေသည်။

ရုပ်ရှင်ပြကွက်ကဲ့သို့ သူမရဲ့ မျက်ဝန်းရှေ့တွင် ပြန်မြင်ယောင်နေမိသည်။

သူမ ပန်းဆိုင်မဖွင့်ခင်မှာ သူမအတွက် မားကတ်တင်းဗျူဟာအကြောင်း တွေးပေးနေရင်း သူမျက်မှောင်ကြုတ်ထားပုံ။

သူ အိပ်နေချိန်တွင် သူမ ခိုးကြည့်ခဲ့တုန်းက သူ့မျက်ဝန်း တဖြည်းဖြည်း ပွင့်လာပြီး ဖမ်းမိသွားပုံ။

အလုပ်ကိစ္စ ဖုန်းပြောနေရင်း အင်္ကျီလက်ကို လိပ်တင်ကာ ပြတင်းပေါက်နား ဖြည်းညှင်းစွာ လျှောက်သွားနေပုံ။

ထို့နောက် သူ၏ ချောမောသည့် မျက်နှာက တဖြည်းဖြည်း မှုန်ဝါးသွားခဲ့သည်။

ထို့နောက် သူမ၏ အတွေးထဲက ပုံရိပ်အတိုအထွာလေးတွေ အစားထိုးဝင်ရောက်လာခဲ့သည်။

သူမရဲ့ ဦးရေပြားထက်က သူ၏ နွေးထွေးသည့် လက်ဖဝါး အထိအတွေ့။

ကျင်းမြို့ နံပါတ် ( ၁ ) အထက်တန်းကျောင်း၏ ဟောခန်းမတွင် သူမရဲ့ ခြေထောက်ကို အအေးဒဏ်မှ ကာကွယ်ပေးရန် သူခြုံပေးခဲ့သည့် ဂျာကင်၏ အနွေးဓာတ်။

ရှန်းလေ့ သူမဆီသို့ ရူးသွပ်စွာ ပြေးလာသည့်အချိန် ယိုင်နဲ့သွားသည့် သူမရဲ့ ကျောပြင်နှင့် ထိတွေ့မိသည့် သူ၏ ကျယ်ပြန့်သော ရင်အုပ်။

သူမ ရေထဲပြုတ်ကျသွားပြီးသည့်နောက်တွင် သူမကို ဆုပ်ကိုင်ထားခဲ့တုန်းက ကြားရသည့် သူ၏ နှလုံးခုန်သံ။

သူတို့ ပန်းခြံရင်ပြင်ထဲ လျှောက်သွားနေတုန်းက တိုက်ခတ်ခဲ့သည့် နုထွေးလှသည့် ညနေခင်းလေပြေ။

အချိန်အားဖြင့် မိနစ်အနည်းငယ်မျှသာ ကြာခဲ့သည်။

ရှန်းမူမူက သူမရင်ထဲတွင် ချီမော့ပုံရိပ်တွေကို ဆေးခြယ်ခဲ့သည်။

လမ်းကြောင်းက ပို၍ရှင်းလင်းလာခဲ့သည်။

သူမ၏ အတွေးတွေက လက်ရှိသို့ ပြန်ရောက်လာခဲ့သည်။

သူမက ဖုန်းပေါ် မေးတင်လိုက်သည်။

အချိန်ခဏတာမျှရပ်တန့်သွားပြီးသည့်နောက်တွင် သူမရဲ့ မျက်ဝန်းထဲ ဆုံးဖြတ်ချက်တွေ ပြည့်သွားခဲ့သည်။

ပထမဆုံးအနေဖြင့် သူမကို ဆွဲဆောင်နိုင်ခဲ့သည်မှာ ချီမော့၏ တမူထူးခြားကာ ချောမောသည့် ရုပ်ရည် ဖြစ်သည်။

တဖြည်းဖြည်းနှင့် သူ၏ ဉာဏ်ပညာ၊ စိတ်ခံစားချက် တည်ငြိမ်မှုနှင့် ပွင့်လင်းမှုရှိခြင်းတို့ကို သဘောကျခဲ့သည်။

ထို့နောက် သူမရဲ့ ရင်ကို ထိသွားစေသည့် အချက်မှာ နူးညံ့ခြင်း၊ ရိုးသားခြင်းနှင့် ဆင်ခြင်တုံတရားရှိခြင်းတို့ ဖြစ်သည်။

ယနေ့တော့ သူ ဂျာမနီသွားကာ “ဝတ္တရားကျေပွန်မှု”နှင့် “တွေးတောပေးတတ်မှု”ကို တွေ့လိုက်သည့်အခါ သူမ၏ စိတ်ကူးထဲက လက်တွဲဖော်ပုံစံက ချီမော့နှင့် လုံးဝ ကိုက်ညီသွားခဲ့သည်။

ထိုအတွေးဖြင့် သူမရဲ့ နှလုံးသားလေး တုန်လှုပ်သွားခဲ့သည်။

သူမရဲ့ မျက်ဝန်းတွေက နူးညံ့သွားခဲ့သည်။

သူမ ရင်ထဲ အမည်ဖော်မရသည့် ခံစားချက်များ ပွင့်ထွက်လာကာ ဆင်ခြင်တုံတရားများ ပွင့်ထွက်သွားခဲ့လေသည်။

သူမက ဖုန်းဖွင့်ပြီး ချီမော့ကို မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။

အကြောင်းတချို့ကြောင့် သူမရဲ့ ရင်ထဲ နူးညံ့နေကာ ချီမော့ကို ပြောလိုက်သည်။

ရှန်းမူမူ - “ပြောစရာတစ်ခုရှိတယ်။”

ထိုအချိန်တွင် ချီမော့က ဟိုတယ်ကို ပြန်ရောက်ပြီး ရေချိုးခန်းထဲက ထွက်လာသည့်အချိန် ဖြစ်သည်။

ထိုမက်ဆေ့ချ်ကိုမြင်လိုက်သည့်အခါ သူ့မျက်ဝန်းထဲ ရှုပ်ထွေးမှုတွေ ပြည့်သွားလေသည်။

ဘာများလဲလို့ သူမေးမည့်အချိန်တွင် မက်ဆေ့ချ်တစ်စောင် ထပ်ရောက်လာခဲ့သည်။

ရှန်းမူမူ - “ကစားသမားချီရဲ့ အမှတ်က ( ၉၇ ) မှတ် ဖြစ်သွားပါပြီ။”

ချီမော့က နေရာတွင် ကြက်သေသေသွားခဲ့သည်။

ချီမော့က ခေါင်း‌ရေသုတ်နေရာမှ ရပ်တန့်သွားခဲ့သည်။

သူ၏ မည်းနက်သည့် မျက်ဝန်းတွေက တဖြည်းဖြည်း လင်းလက်သွားခဲ့သည်။

သူ မှတ်မိသလောက်ဆိုလျှင် ယခင်က ( ၆၇ ) မှတ် သာ ရှိနေသေးသည်။

ဘယ်လိုလုပ်ပြီး ဒီလောက် အများကြီး တက်သွားရတာလဲ။

သူ့နှုတ်ခမ်းတွေက ကွေးတက်သွားပြီး ပဝါကို ဘေးသို့ ပစ်လိုက်လေသည်။ ချီမော့က ရေစက်လက်ကျနေသည့် သူ့ဆံပင်ကို လျစ်လျူရှုကာ စာရိုက်လိုက်လေသည်။

ချီမော့ - “ခန့်မှန်းကြည့်ရအောင်၊ ကိုယ့်ကို သက်ညှာပေးတော့မှာလား။”

သူမကို တမင် စနောက်လိုက်လေသည်။

ချီမော့ - “အမှတ်တွေ တဖြည်းဖြည်း တက်လာတာကို မကြောက်ပါဘူး၊ အမှတ်တွေ တရားမဝင် တိုးလာပြီး နောက်ကျရင် မင်း အသိအမှတ် မပြုမှာကိုပဲ ကြောက်တာ။”

ထိုအချင်းအရာက သူမကို ထပ်မံ အတည်ပြုခြင်းလည်း ဖြစ်သည်။

တကယ်ကြီးလား။

တစ်ဖက်တွင် ဖြစ်သည်။

ရှန်းမူမူက မျက်မှောင်ကြုတ်လိုက်သည်။

????

သူမတို့ သိကျွမ်းလာသည်မှာ ကြာပြီဖြစ်သဖြင့် ချီမော့၏ ဖုံးကွယ်ထားသည့် လှည့်စားမှုနှင့် ပိုင်ဆိုင်လိုစိတ်ကြီးမားမှုကို သိသည်။

ထိုလူက စကားကိုကျွမ်းကျင်စွာပြောပြီး သူမထံမှ စကားအစ်ထုတ်နေခြင်းဖြစ်သည်ကို သူမ သိသည်။

တွန်းလိုက် ဆွဲလိုက် မဟုတ်လား။

ထိုသို့ ဖြစ်လာမှတော့ သူမ မကြောက်တော့ပေ။

ရုတ်တရက် ပုန်ကန်ထကြွချင်သကဲ့သို့ သူမ ခံစားလိုက်ရသည်။

သူမက လှောင်ပြောင်ဟန်ဖြင့် နှုတ်ခမ်းကော့တက်သွားပြီး စာပြန်လိုက်လေသည်။

“ကစားသမားချီ အမှတ်က ဘယ်လောက်က အမြင့်ဆုံးလဲလို့ ဘာလို့ မမေးတာလဲ။”

ချီမော့ - ”....”

ချီမော့ - “အမှတ် ( ၁၀၀ ) ပေါ် အခြေခံတာ မဟုတ်ဘူးလား။”

ရှန်းမူမူက ချက်ချင်း ပြန်မဖြေဘဲ အချိန်ဆွဲထားလိုက်သည်။

သူမက စားပွဲထက်က အမှိုက်တွေကို သိမ်းရင်း ဖုန်းကောက်ကိုင်လိုက်သည်။

ဘာမှ မဖြစ်ခဲ့ဟန်ဖြင့် သူမက မေးလိုက်သည်။

“ဒါနဲ့ စကားမစပ် ကောလိပ်ဝင်ခွင့်စာမေးပွဲရဲ့ အမှတ်ပြည့်က ဘယ်လောက်လဲ။”

ချီမော့ - “...”

သူ့ဆံပင်က စိုနေဆဲဖြစ်သည်။

ဆံပင်များက ခေါင်းထက်မှ ပုခုံးသို့ တစ်စက်စက် ကျနေကာ သူ့အင်္ကျီအမည်းကို အမည်းရောင်ကို အစက်အပျောက်များအဖြစ် ထင်းသွားစေခဲ့သည်။

သူ့ရဲ့ တည်ငြိမ်‌နေသည့် နှလုံးသားက ရှန်းမူမူ၏ စကားကြောင့် လှုပ်ခတ်သွားခဲ့သည်။

အချိန်ခဏကြာပြီးနောက်တွင် ချီမော့သည် အမှန်တရားကို လက်ခံလိုက်သကဲ့သို့ ရယ်မောလိုက်သည်။

သူ့မျက်ဝန်းထဲတွင် ခိုင်မာသည့် အလင်းတန်း တစ်ခု ဖြစ်လာခဲ့သည်။

ကိစ္စမရှိပေ။

တက္ကသိုလ်ဝင်တန်းအမှတ်ကိုအခြေခံမည်ဆိုလျှင်ပင် အမှတ်ပြည့်ရမည်ဟု သူ့မှာ ယုံကြည်ချက် ရှိသည်။

အကယ်၍ သူမသာ စာမေးပွဲဖြေခွင့်ပေးမည်ဆိုလျှင်ဖြစ်သည်။

ချီမော့က ထပ်မံ မေးလိုက်သည်။

“အမှတ်ပေးပုံကို နားလည်မှ ကိုယ် အမှတ်ကို ခန့်မှန်းလို့ ရမှာပေါ့။”

ရှန်းမူမူက ခပ်ဖွဖွလေး ရယ်မောလိုက်သည်။

သူမ ဖုန်း၏ အလင်းရောင်က သူမ၏ မျက်နှာကို ထင်ဟပ်နေသည်။

ချီမော့ အမှတ်ပေးစည်းမျည်းအကြောင်းသိချင်နေပုံကို သူမ တွေးကြည့်လိုက်သည်။

သူမစိတ်ထဲက ချီမော့၏ မာနကြီးသည့် ဥက္ကဌ ပုံစံက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

သူမက တွေးတောလေလေ ပိုရယ်ချင်လေဖြစ်သည်။

ထို့နောက် သူမ၏ အပြုံးတွေက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

သူမက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

သူမ စနောက်လိုက်သည်က လွန်သွားသည်လား။

သူ့ကို ထိုသို့ စနောက်ရသည်မှာ မမှန်ကန်ပေ။

အမှားကို ချက်ချင်း သိသည်မှာ ရှန်းမူမူ၏ အကျင့်ကောင်း ဖြစ်သည်။

သူမက စာပို့လိုက်သည်။ “စတာပါ၊ အမှတ်ပြည့်က ( ၁၀၀ ) ပါပဲ။”

တစ်ဖက်တွင် ချီမော့က ဖုန်းကိုင်ထားကာ သူ့ပုခုံးများ ပြေလျော့သွားခဲ့သည်။

သူ့မျက်ဝန်းထဲ ရယ်မြူးရိပ်တွေ ပြည့်သွားခဲ့သည်။

ဖုန်းထက်က မက်ဆေ့ချ်ကိုမြင်တော့ သူက ပြုံးလိုက်သည်။

သူက ရှန်းမူမူကို ဒေါသမထွက်ဘဲ အစောပိုင်းက စကားကို ဆက်လက် မေးမြန်းလိုက်သည်။

ချီမော့။ “အမှတ်ပေးပုံစံက ဘယ်လိုမျိုးလဲဆိုတာ သိချင်သေးတယ်။”

ရှန်းမူမူက အိပ်ရာထက် လူးလိမ့်လိုက်ကာ မျက်နှာကြက်က အလင်းရောင် ခပ်မှိန်မှိန်က သူမ၏ မျက်နှာထက်တွင် ထင်ဟပ်နေသည်။

ရှန်းမူမူက အသက်ရှူသွင်းပြီး အသံမက်ဆေ့ချ် ပို့လိုက်သည်။

“( ၃ ) မှတ်ပဲ လိုတာတောင် လိမ်ပြီး ယူချင်နေတုန်းလား၊ မစ္စတာချီ။”

သူမက မစ္စတာချီ ဟူသော စကားကို ဖိပြောလိုက်သည်။

သူမ၏ အသံက အလွန်မိုက်သည်ဟု သူမ ထင်လိုက်သည်။

အသံကိုပြန်ဖွင့်ကာ နားထောင်ပြီးသည့်အခါ သူမရဲ့ မျက်ဝန်းတွေ ပြူးကျယ်သွားခဲ့သည်။

ရှန်းမူမူ။ “!!!”

မဟုတ်သေးပါဘူး။

အသံက ဘယ်လိုဖြစ်လို့ ချွဲနွဲ့နေသံပေါက်နေတာလဲ။

***

အခန်း (၁၅၁ ) - နေ့စဉ် တွန်းလိုက်ဆွဲလိုက်

နောက်တစ်နေ့တွင်ဖြစ်သည်။

ချီမော့နှင့် သူမကြားက ဆက်ဆံရေးက အနည်းနှင့် အများ ပြောင်းလဲသွားကြောင်း ရှန်းမူမူ သိလိုက်ရသည်။

နှစ်ဦးသား အပြန်အလှန် စာပို့နေဆဲ ဖြစ်သည်။

သို့သော် စာများက ဒွိဟဖြစ်နေကာ ဖော်ပြမရသည့် နီးကပ်မှုတို့ ရှိနေသည်။

မည်သို့ပြောပြော သူတို့ခံစားချက်ကို ဝန်ခံနေခြင်းနှင့် တူနေသည်။

ဥပမာအားဖြင့် ရှန်းမူမူက နေ့စဉ် သီချင်းအပ်ပလီကေးရှင်းက အကြံပြုသည့် သီချင်းတွေကို နားထောင်လေ့ရှိသည်။

သူမက ထိုအရာကို ချီမော့ကို မျှဝေခဲ့သည်။

ရှန်းမူမူ - “သီချင်း။”

ရှန်းမူမူ - “ကျွန်မတို့ရဲ့ နားတွေကို လန်းဆန်းသွားအောင် လုပ်လိုက်ရအောင်။”

ငါးမိနစ်ကြာပြီးသည့်နောက်တွင်ဖြစ်သည်။

ရှန်းမူမူ - “ဘယ်လိုလဲ။”

ချီမော့ - “တော်တော်ကောင်းတယ်။”

ရှန်းမူမူက ချီးကျူးခြင်းကို လက်ခံကာ တမင်မေးလိုက်သည်။ “သီချင်းက ကောင်းတယ်လို့ ပြောတာလား၊ သီချင်းကို ခံစားတတ်တဲ့ ကျွန်မ အာရုံက ကောင်းတယ်လို့ ပြောတာလား။”

ချီမော့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “နှစ်မျိုးလုံး ကောင်းတယ်၊ ကိုယ့်အမြင်အာရုံက အကောင်းဆုံးပဲ။”

ရှန်းမူမူက ကြက်သေသေသွားခဲ့သည်။

ချီမော့၏ စကားကြောင့် သူမ ပြုံးလိုက်သည်။

သူမက စိတ်ထဲက ပြောလိုက်သည်။ “ဒီကောင်လေးကတော့…”

အဟက်… တော်တော် သွက်လက်တာပဲ။

သို့သော် သူမရဲ့ အတွေးတွေ ရပ်တန့်သွားခဲ့သည်။

မဟုတ်သေးပါဘူး။

ချီမော့ကို ကောင်လေးဟု ခေါင်းစဉ်တပ်၍ မရပေ။

ဒီလူအိုကြီးကတော့ဟု ပြောရမည်။

အမ်…ထူးဆန်းတယ်။

နောက်တစ်နေ့တွင် ရှန်းမူမူ အလုပ်များလုပ်ပြီး ဟိုတယ်ပြန်ရောက်ချိန်တွင် ချီမော့ကို စာပို့ပေးခဲ့သည်။

သူမ လက်တလော သုံးနေသည့် စတေကာလည်း ပို့ခဲ့သည်။

ရှန်းမူမူ - “ပြန်ရောက်ပြီ။”

( ၁၅ ) မိနစ်ကြာပြီးသည့်နောက်တွင် သူမအတွက် ချီမော့ စီစဉ်ပေးသည့် ညစာများ ရောက်လာခဲ့သည်။

ဟင်းလျာ ငါးမျိုး၊ ဟင်းရည်နှင့် အချိုတည်းစရာများ ပါဝင်ပေသည်။

ထိုအချိန်တွင် ချီမော့ထံက မက်ဆေ့ချ်ရောက်လာခဲ့သည်။

ချီမော့ - “မနက်ဖြန် တခြားဟာစားချင်လား။”

စာဖိုမှူးက သူမထံ စားစရာ သုံးရက် ပို့ပေးခဲ့ကာ ငြီးငွေ့နေမည်ကို သူ စိုးရိမ်နေသည်။

ရှန်းမူမူက အစားအသောက်များကို ပျော်ရွှင်စွာ စားသောက်ပြီး ပြန်ဖြေလိုက်သည်။ “မလိုဘူး၊ အလုပ်သရဲလေး ရှန်းမူမူအတွက် အစားအသောက်က လောင်စာဆီတစ်မျိုးပဲ။”

ထို့နောက် ရှန်းမူမူက စကားလမ်းကြောင်းပြောင်းလိုက်သည်။ “အလုပ်ဆိုမှ ယွဲ့ကျီးကနေ ရှန်းမြို့ကို ပန်းတင်ပို့တဲ့ ကုန်ကျစရိတ် ပိုနည်းတဲ့ နည်းလမ်းကို ကျွန်မ တွေးကြည့်နေတာ။”

“ဥက္ကဌချီ နည်းလမ်လေးတွေ မျှဝေပါဦး။”

ချီမော့က စနောက်လိုက်သည်။ “အခကြေးငွေ လိုတယ်လေ၊ ပေးတဲ့ဈေးနှုန်းပေါ် မူတည်ပြီး အကြံပေးမယ်။”

ရှန်းမူမူက ကြိတ်ဆဲလိုက်သည်။

ဆွေးနွေးခ တောင်းနေသေးတယ်။

တကယ့်ကို စီးပွားရေးသမားပဲ။

သူမက အံကြိတ်ပြီးနောက်တွင် ယွမ်တစ်ရာ လွှဲပေးလိုက်သည်။

ရှန်းမူမူ - “ယွမ် ( ၁၀၀ ) အရင်ယူ၊ ရှင်ပေးတဲ့အကြံကို ကြည့်ဦးမယ်။”

ချီမော့ - “ကောင်းပြီ။”

ခဏကြာပြီးသည့်နောက်တွင် ရှန်းမြို့၏ အကြီးဆုံး သယ်ယူပို့ဆောင်ရေး ကုမ္ပဏီက ရှန်းမူမူကို ဖုန်းခေါ်ခဲ့သည်။

ချီအုပ်စုက သူတို့ကို အကြောင်းကြားလာကြောင်း၊ ယခုမှစ၍ ယွဲ့ကျီးမှရှန်းမြို့ကို သယ်ယူပို့ဆောင်ဖို့ သူတို့ တာဝန်ယူမည်ဖြစ်ကြောင်း၊ ဈေးနှုန်းကိုလည်း အသက်သာဆုံးဖြစ်စေရမည်ဖြစ်ကြောင်း လေးစားစွာ ပြောခဲ့သည်။

ရှန်းမူမူက ကြက်သေသေသွားခဲ့သည်။

ထပ်မံစုံစမ်းပြီး‌သည့်နောက်တွင် ချီအုပ်စုက သူတို့ကို ရှန်းမြို့တွင် အသေးစား သယ်ယူပို့ဆောင်ရေး စာချုပ် လုပ်ဆောင်ပေးခဲ့ကြောင်း သိလိုက်ရသည်။

ရှန်းမူမူက ဆက်လက် မမေးမြန်းတော့ပေ။

ရှန်းမူမူက ဖုန်းချပြီးသည့်နောက်တွင် အလျင်စလို ပြုမူတတ်သည့် ချီမော့ကို ဆုံးမရန် ဖုန်းခေါ်လိုက်သည်။

“ဒီမှာ…ဈေးက ကျမသွားဘဲ ပုံစံပြောင်းလိုက်တာလေ၊ ဘယ်လိုဖြစ်တာလဲ။”

ချီမော့၏ အသံက ပြောင်းသွားကာ ယွမ် ( ၁၀၀ ) နှင့် တန်သည့် အကြံပေးသကဲ့သို့ ပြောလိုက်သည်။

“ကုန်ကျစရိတ် သက်သာအောင် လုပ်ဖို့ အကောင်းဆုံးနည်းက အဆက်အသွယ် အသုံးချဖို့ပဲ၊ ချီအုပ်စုက ကိစ္စရပ်တွေကို ကိုင်တွယ်ဖို့ သီးသန့်အပြင်အုပ်စု လိုတယ်၊ အပြင်အုပ်စု တစ်စု ထားမယ်ဆိုမှတော့ အခွင့်အရေးကို အသုံးချရမှာပေါ့။”

“...” ရှန်းမူမူက ဆွံ့အသွားခဲ့သည်။

အချိန်ခဏလောက် သူ့ကို ပြန်မငြင်းနိုင်ခဲ့ပေ။

စီးပွားရေးလောက၏ ထောက်ခံမှုတွေနှင့် ထုတ်ပြောမရသည့် စည်းမျဉ်းတွေကို သူမ သိသည်။

ထိုချည်းကပ်မှုက သာမာန်သာဖြစ်သည်။

သူမ တွေးတောနေစဉ်မှာပင် ဆွဲဆောင်မှုရှိသည့် အသံကို ကြားလိုက်သည်။

“ကိုယ်တို့က လင်မယားတွေလေ၊ ကိုယ်က မင်းအချိန်မရွေးရနိုင်တဲ့ အဆက်အသွယ်ပဲ၊ အားနာမနေနဲ့။”

“အခုထိ စာချုပ်အရ လက်ထပ်ထားတာပါနော်။” ရှန်းမူမူက ပြန်ချေပလိုက်သည်။

သူမ စကား၏ အဓိက သော့ချက်ကို မမိခင်အထိ ချီမော့က နှစ်စက္ကန့်လောက် ငြိမ်သွားခဲ့သည်။

သူက ရယ်မောပြီးပြောလိုက်သည်။ “အင်း၊ အဲဒါက အခုပါပဲ။”

ရှန်းမူမူ - “....”

ရှန်းမူမူ ရှန်းမြို့ကိုရောက်ကတည်းက ထိုသို့ အကြိမ်များစွာဖြစ်ခဲ့သည်။

သူတို့ စကားဝိုင်းက ပါးနပ်စွာ ပြောင်းလဲနေသည်။

မတူညီသည့်နေရာတွေကို ရောက်ရှိနေခြင်းကြောင့် ပြောင်းလဲနေသည်ဟု သူမ ထင်သည်။

ယခင်ကလည်း ချီမော့က အလုပ်ခရီးများစွာထွက်နေကာ သူတို့အချင်းချင်း လဝက်လောက် မတွေ့ရသော်လည်း သူမက ကျင်းမြို့တွင်သာ ရှိသည်။

သူမဘေးတွင် ရင်းနှီးသည့်လူတွေရှိသဖြင့် အထီးကျန်မှုက မသိသာပေ။

ယခုတော့ ရှန်းမြို့တွင် သူမ တစ်ယောက်တည်း ဖြစ်သည်။

ယခင်က သူမ သတိမထားမိခဲ့သည့် အထီးကျန်မှုက ထိန်းချုပ်လို့ မရတော့ပေ။

သူမက ပွင့်လင်းတတ်သူ ဖြစ်သည်။ အလုပ်တွင် ဝန်ထမ်းများရှေ့၌ သူဌေးပုံရိပ်ကို ထိန်းထားရသည်။

ထို့ကြောင့် ချီမော့ရှေ့တွင်သာ သူမ ပုံစံအတိုင်း ပြုမူနေထိုင်နိုင်သည်။

အချိန်တိုင်း သူက လိုက်လျောညီထွေစွာ နေထိုင်သည်။

သူမကို ဟာသများ၊ အတင်းအဖျင်းများ၊ ခရီးသွားရင်း ကြုံတွေ့ရသည့် ကိစ္စလေးများကို ပြန်ပြောပြသည်။

သူတို့စကားပြောသည့်အကြိမ်တိုးလာကာ ချီမော့၏ အမှတ်များ တိုးလာသည်။

လေထုက ပို၍ သဘာဝအတိုင်း ညံ့သက်ပြောင်းလဲလာသည်။

တစ်ဖက်တွင် ချီမော့နှင့် စကားပြောဆိုရင်း ချီရှောင်ပိုင်နှင့်လည်း ပြောခဲ့သည်။

တစ်နေ့တွင် ချီရှောင်ပိုင်က သူမကို မက်ဆေ့ချ်ပို့ခဲ့သည်။

ချီရှောင်ပိုင် - “ကျင်းမြို့ကို ဘယ်တော့ပြန်လာမှာလဲ။”

ချီရှောင်ပိုင် - “မြန်မြန်ပြန်မလာရင် ကျွန်တော် ရူးတော့မယ်။”

ချီရှောင်ပိုင် - “စနေတာ မဟုတ်ဘူး။”

ရှန်းမူမူ - “???”

ချီရှောင်ပိုင်က ချက်ချင်း ပုံပို့လာခဲ့သည်။

ခရုဆန်ခေါက်ဆွဲပုံဖြစ်သည်။

ပုံက တစ်ဝက်စားပြီးသားပုံဖြစ်သည်။

ချီရှောင်ပိုင်က စိတ်ပျက်စွာ ပြောလာသည်။ “အဖွားက ဒါကြီး ပို့လာပြန်ပြီ၊ ဒါက တစ်ပတ်ပဲ အထားခံတာ၊ ဒါပဲ နေ့တိုင်း စားနေရတာ၊ ရိုးနေပြီ၊ တစ်ဝက် ချန်ထားပေးမယ် မြန်မြန် ပြန်လာခဲ့။”

ရှန်းမူမူက ရယ်လိုက်သည်။

သူမက ချီရှောင်ပိုင်ကို တစ်စက္ကန့်လောက် သနားသွားခဲ့သည်။

ထို့နောက် သူမက ကောက်ကျစ်စွာဖြင့် သူတို့၏ မိသားစုဂရုချက်ကို ဖွင့်လိုက်သည်။

ရှန်းမူမူ - “@ဖုန်းယောင်ချင် အမေ ချီရှောင်ပိုင်က အမေ ပို့လိုက်တဲ့ ခရုဆန်ခေါက်ဆွဲကို တအားကြိုက်နေတယ်။”

ဖုန်းယောင်ချင် - “တကယ်လား၊ ဒါဆို ထပ်ပို့ပေးမယ်။”

ချီရှောင်ပိုင် ဂရုထဲကစာတွေကိုမြင်တော့ ဆွံ့အသွားခဲ့သည်။

ချီရှောင်ပိုင် - “မဟုတ်ဘူး အဖွား၊ ကျွန်တော် အဲလောက် မကြိုက်ဘူး။”

ဖုန်းယောင်ချင် - “ဒီကလေးတောင် အရွယ်ရောက်ပြီး သိတတ်လာပြီပဲ၊ သူ ကြိုက်တာကို ယဉ်ယဉ်ကျေးကျေး ဝန်ခံတယ်။”

ချီရှောင်ပိုင် - “.....”

ဖုန်းယောင်ချင် - “ငါ နောက်ထပ် သွားမယ့် နေရာက ယွင်နန်၊ အဲမှာ ဒေသထွက်ကုန်တွေ များတယ်၊ လိုချင်တာ ရှိလား။”

ချီရှောင်ပိုင်က ငြိမ်ခံမနေဘဲ လက်စားချေလိုက်သည်။

ချီရှောင်ပိုင် - “@ရှန်းမူမူ သရက်ပိုး စားချင်တယ်ဆို။”

ရှန်းမူမူ - “တစ်ခါမှ မပြောဖူးပါဘူး။”

ဖုန်းယောင်ချင် - “မူမူက သရက်ပိုး ကြိုက်တာလား၊ အမေ ပို့ပေးမယ်။”

ရှန်းမူမူ - “....”

ရှန်းမူမူ - “အမေ ကျွန်မ မကြိုက်ပါဘူး။”

ဖုန်းယောင်ချင် - “နင်တို့နှစ်ယောက် ဘာဖြစ်နေတာလဲ၊ အားနာနေကြသေးတယ်၊ ကိစ္စမရှိဘူး၊ ငါ ပို့ပေးပါ့မယ်။”

သူမ ယောက္ခမ နားလည်မှု လွဲမှားနေကြောင်း ရှန်းမူမူ သိသည်။

သူမနှင့် ချီရှောင်ပိုင်က အားနာလို့ ငြင်းနေသည်ဟု သူမ ထင်နေသည်။

ဒါက ချက်ချင်း ရှင်းလင်းအောင် ရှင်းပြရန် ခက်ပေသည်။

သူမက ဒေါသထွက်စွာဖြင့် ချီရှောင်ပိုင်ထံ သီးသန့်စာပို့လိုက်သည်။

ရှန်းမူမူ - “ယဉ်ကျေးမှုကို မရှိဘူး။”

ချီရှောင်ပိုင် - “ခင်ဗျား အရင်စတာလေ၊ ကျွန်တော် ငရဲကျရမယ်ဆိုရင်တောင် အတူတူ ဆွဲခေါ်သွားမှာ၊ ကျွန်တော်က ခရုဆန်ခေါက်ဆွဲစားမယ်၊ ခင်ဗျားက သရက်ပိုးစား။”

ရှန်းမူမူက အသက်ပြင်းပြင်းရှူကာ မျက်လုံးမှေးကျဉ်းလိုက်သည်။

ရှန်းမူမူက ဂရုချက်ကို ထပ်မံဖွင့်လိုက်သည်။

ရှန်းမူမူ - “@ချီမော့ ရှင့်သားကို ထိန်းဦး။”

***

All Chapters