← Chapters

အခန်း (၁၅၂-၁၅၃)

Vol. 13 Ch. 152-153

အခန်း (၁၅၂-၁၅၃)

Vol. 13 Ch. 152-153

အခန်း (၁၅၂ ) - ရှန်းမူမူ: ငါ သိသွားပြီ

ချီရှောင်ပိုင်က ကွန်ပျူတာထိုင်ခုံကို ပျင်းရိစွာ မှီထားသည်။

သူက ပျင်းရိစွာထိုင်ရင်း အစောပိုင်းက သူ ချေပလိုက်နိုင်သည်ကို အလွန်ကျေနပ်နေသည်။

သူ အသာစီးရသွားပြီဟု ထင်နေသည်။

သူက ဖုန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။

ရှန်းမူမူ ဂရုချက်ထဲ ပို့လိုက်သည့်စာကိုမြင်တော့ သူ တောင့်ခဲသွားခဲ့သည်။

ရှန်းမူမူ - “@ချီမော့ ရှင့်သားကို ထိန်းဦး။”

ချီရှောင်ပိုင် - “!!!”

မဖြစ်ဘူး။

တိုင်ပြောတာလား။

မကြာသေးမီက သူတို့ သားအဖဆက်ဆံရေးက ပိုရင်းနှီးလာသော်လည်း ဆယ်စုနှစ်ကျော် သူ့ဖခင်ကို ကြောက်ခဲ့ရသည့် အကြောက်တရားက ပြန်ပေါ်လာခဲ့သည်။

သူက လျင်မြန်စွာ စာရိုက်လိုက်သည်။

ချီရှောင်ပိုင် - “တော်ရအောင်၊ မေးခွန်းဟောင်း လေ့ကျင့်ဦးမယ်။”

ထိုသို့ ပြောပြီးသည်နှင့် မလုံလောက်ဘူးဟု သူခံစားလိုက်ရသည်။

သူ၏ တက်ကြွနေသည့် ပုံစံကို ပြသရန် ထပ်မံ ပို့လိုက်သည်။

ချီရှောင်ပိုင် - “ဒီနေ့ မေးခွန်း ( ၃ ) စုံ လေ့ကျင့်မှာ။”

ဂရုထဲကစာတွေမြင်တော့ ချောင်လီက ချီရှောင်ပိုင်၏ မလုံမလဲ ခံစားချက်ကို သိလိုက်သည်။

သူမက လှောင်ရယ်လိုက်သည်။

ချောင်လီ - “ဟားဟား အရမ်းကို စိတ်လှုပ်ရှားပြီး ရှုပ်ထွေးနေတာပဲ။”

ချောင်လီ - “@ချီရှောင်ပိုင် တကယ်စာလုပ်ရင်ကောင်းမယ်။”

ချီရှောင်ပိုင် - “ဒါပေါ့။”

ရှန်းမူမူ - “စာလုပ်ပြီးရင် ပို့လိုက် စစ်ပေးမယ်။”

ချီရှောင်ပိုင်က အံကြိတ်ပြီး ပြန်ဖြေလိုက်သည်။ “ကောင်းပါပြီ။”

ပုံမှန်အတိုင်း ဖုန်းယောင်ချင်က နားလည်မှုလွဲနေဆဲဖြစ်သည်။

ဖုန်းယောင်ချင် - “ရှောင်ပိုင်က စာလုပ်ဖို့ စိတ်အားထက်သန်နေတာပဲ၊ နာရီဝက်တစ်ခါ အစိမ်းရောင်အပင်လေးတွေကိုကြည့်ပြီး မျက်လုံးအနားပေးဖို့ မမေ့နဲ့နော်။”

ဖုန်းယောင်ချင် - “ (အမြင်အာရုံကောင်းစေသည့် အချက် ( ၅ ) ချက် မဂ္ဂဇင်းဖိုင်)၊ အဲဒါဖတ်ကြည့်လိုက် နားလည်လိမ့်မယ်။”

ဖုန်းယောင်ချင် - “သွားတော့၊ တက္ကသိုလ်ဝင်တန်းအတွက် သွားကြိုးစားတော့။”

ချောင်လီ - “ငါတို့တွေရဲ့ လမ်းပြမှုအောက်မှာ ရှောင်ပိုင်လေးက ပိုပြီး လုံ့လဝီရိယ ရှိလာပြီ။”

ချီရှောင်ပိုင်က သူ့ဖုန်းကို စိုက်ကြည့်နေသည်။

မိနစ်များစွာကြာပြီးသည်အထိ သူ့ဖခင်က ဂရုထဲ စာမပြန်လာသည်ကိုတွေ့မှ သူ စိတ်အေးသွားခဲ့သည်။

တစ်ဖက်တွင် ဖြစ်သည်။

ရှန်းမူမူက အနိုင်ရသူပုံစံဖြင့် ပြုံးလိုက်သည်။

သူမက ချီရှောင်ပိုင်ကို သီးသန့်စာပို့လိုက်သည်။

ရှန်းမူမူ - “တစ်ကမ္ဘာလုံးက နင်ဘယ်လောက်ထိ အမြင့်ပျံနိုင်လဲဆိုတာ စိတ်ဝင်စားနေတာ၊ ငါကတော့ နင့်တောင်ပံတွေ ဘယ်လောက်သန်မာလဲဆိုတာပဲ စိတ်ဝင်စားတယ်။”

ချီရှောင်ပိုင် - “မရယ်နိုင်ဘူး။”

အချိန်နှစ်ပတ်က ခန့်မှန်းထားသည်ထက် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ကုမ္ပဏီခွဲကိစ္စများ ပြီးသွားသည့်အခါ ရှန်းမူမူက ကျင်းမြို့ကို ပြန်သွားခဲ့သည်။

လေဆိပ်က ထွက်သည့်အခါ အိမ်တော်ထိန်းကျန်းနှင့် ယာဉ်မောင်းက အပြင်တွင် စောင့်နေမည်ဟု သူမ ထင်ခဲ့သည်။

ရင်းနှီးနေသည့် ပုံရိပ် နှစ်ခု ရပ်စောင့်နေမည်ဟု သူမ မထင်မိခဲ့ပေ။

ချောင်လီက သူမကို ပထမဆုံး သတိထားမိခဲ့ကာ သူမကို လက်ဝေ့ယမ်းပြခဲ့သည်။

“ယောက်မ ကျွန်မတို့ ဒီမှာ။”

ချန်ကျိုးက တုံ့ပြန်မှု နှေးကွေးသည်။ ချောင်လီ၏ စိတ်လှုပ်ရှားသည့်အသံကိုကြားမှ လှည့်ကြည့်ကာ သူမကို မြင်သွားခဲ့သည်။

သူက တောက်ပစွာ ပြုံးလိုက်သည်။

သူမထံ လာပြီး ခရီးဆောင်အိတ်ကို ယူလိုက်သည်။

“အစ်မ ကျွန်တော် သယ်ပေးမယ်။”

ရှန်းမူမူက ရှုပ်ထွေးကာ အံ့ဩနေသည်။ “ဘယ်လိုလုပ် ဒီရောက်နေတာလဲ၊ ကြိုလည်း မပြောဘူး။”

ချန်ကျိုး - “လီလီက အံ့ဩအောင် လုပ်ချင်လို့တဲ့၊ စားသောက်ဆိုင်မှာ ကြိုတင်ပြီး ဘိုကင် ယူထားပြီးပြီ၊ ဝင်ကြိုပြီးမှ တန်းသွားမလို့လေ။”

သူက ရှန်းမူမူကို ပခုံးတွန်းပြကာ ဆက်ပြောလိုက်သည်။ “ကြိုပြောမလို့ပဲ၊ သူက စပရိုက်လုပ်မယ် ပြောနေလို့။”

ရှန်းမူမူက ချန်ကျိုးနှင့် ချောင်လီကို တလှည့်စီ ကြည့်လိုက်သည်။

သူတို့နှစ်ဦးက တစ်ခုခု မူမမှန်ကြောင်း သိလိုက်သည်။

ယခုအချိန်က အတင်းပြောရန် မသင့်လျော်သဖြင့် သူမက သိချင်စိတ်ကိုချိုးနှိမ်ကာ ချောင်လီကို လက်ချင်းချိတ်လိုက်သည်။

“နင်က ငါ့ကို သေချာနားလည်တာပဲ၊ လေယာဉ်ပေါ်က အစားအသောက်က မကောင်းဘူး နည်းနည်းပဲ စားနိုင်ခဲ့တယ်၊ အခု ဗိုက်ဆာနေပြီ။”

ချက်ချင်းပင် သူမရဲ့ အစာအိမ်က ဂလူး ဂလူးဟု အသံမြည်လာခဲ့သည်။

ချောင်လီက ရယ်မောကာ ခြေလှမ်းများ သွက်လိုက်သည်။ “ဒါဆို မြန်မြန်သွားရအောင်၊ အခု စားသောက်ဆိုင်က လက်တလော နာမည်ကြီးနေတာ၊ ဘိုကင်ရဖို့ ချန်ကျိုးက တစ်နာရီလောက် စောင့်ခဲ့ရတာ။”

ထိုစကားကြားတော့ ရှန်းမူမူက ပိုစိတ်လှုပ်ရှားလာကာ ခပ်မြန်မြန် လမ်းလျှောက်ပြီး တစ်လမ်းလုံး စကားပြောနေသည်။

သူမက အနောက်က ခရီးဆောင်အိတ် နှစ်လုံးနှင့် ချန်ကျိုးကို လျစ်လျူရှုထားလိုက်သည်။

ချန်ကျိုး - “....”

သူ ခပ်မြန်မြန်လိုက်ဖို့ပြင်လိုက်သည့်အချိန်တွင် ချောင်လီက အနောက်လှည့်ကြည့်ကာ စိတ်မရှည်စွာ ပြောလေသည်။ “ချန်ကျိုး မြန်မြန်လာလေ၊ အစ်မက ဗိုက်ဆာနေပြီ၊ အချိန်ကြာအောင် လုပ်နေတယ်။”

ချန်ကျိုးက စက္ကန့်ဝက်လောက် ဆွံ့အသွားသည်။

သူက ကူကယ်ရာမဲ့စွာ ပြုံးပြီး ပြောလိုက်သည်။ “လာပါပြီ။”

ရှန်းမူမူက ချန်ကျိုးကို မျက်လုံးထောင့်ကပ်ကြည့်လိုက်သည်။

ဒီနှစ်ယောက်က တစ်ခုခုတော့ တစ်ခုခုပဲ။

မြေအောက်ကားပါကင်ရောက်သည့်အခါ သူတို့က ချန်ကျိုး၏ မာစီးတီးကားထံ သွားလိုက်ပြီး ချောင်လီက အရှေ့ခန်းကားတံခါးနားသို့ သူ့အလိုလို သွားလိုက်သည်ကို ရှန်းမူမူ မြင်လိုက်သည်။

တံခါးဖွင့်တော့မည့်အချိန်တွင် ချောင်လီက လက်ကို ရပ်တန့်လိုက်သည်။

သူမကိုယ်သူမ သတိထားမိသွားကာ လက်ပြန်ရုတ်သိမ်းပြီး ကားအနောက်ခန်းတံခါးကို ဖွင့်လိုက်လေသည်။

ချောင်လီ သတိမထားမိသည့် အပြုအမူကို ရှန်းမူမူက ဖမ်းမိခဲ့သည်။

သူမ မျက်ဝန်းထဲ နက်နဲသည့် အဓိပ္ပာယ် တစ်ခု ဖြတ်သန်းသွားခဲ့သည်။

တစ်ခုခုတော့ မှားနေပြီ။

စားသောက်ဆိုင်က သိပ်မဝေးဘဲ လေယာဉ်ကွင်းမှ မိနစ် ( ၂၀ ) သာ မောင်းရသည်။

ချောင်လီ ပြောသကဲ့သို့ပင် စားသောက်ဆိုင်က နာမည်ကြီးသည်။

နေရာရရန်အတွက် အပြင်တွင် တန်းစီစောင့်နေသည့် လူအုပ်ကြီး ရှိသည်။

အနီးအနားက မစ်တီးဆိုင်တွေကလည်း ရောင်းအားကောင်းခဲ့သည်။

ရှန်းမူမူတို့က ကြိုတင်ဘိုကင်ရထားသဖြင့် ယူထားသည့် စားပွဲဝိုင်းသို့ တန်းသွားခဲ့သည်။

မစ်တီးဆိုင်ကို ဖြတ်သွားသည့်အခါ ချောင်လီက အနားကိုလှည့်ကြည့်လိုက်သည်။

“မစ်တီး သောက်မလား၊ သွားဝယ်ပေးမယ်လေ၊ စားပွဲဝိုင်းဆီ အရင်သွားနှင့်လိုက်။” ချန်ကျိုးက ပြောလိုက်သည်။

ချောင်လီက ပြုံးကာ ဖြေလိုက်သည်။ “အင်း… သောက်မယ်။”

ချန်ကျိုးက ရှန်းမူမူကို ကြည့်လိုက်သည်။ “အစ်မရော ဘာသောက်မလဲ။”

ရှန်းမူမူက မီနူး မကြည့်ဘဲ ဖြေလိုက်သည်။ “စတော်ဘယ်ရီနို့မစ်တီး သောက်မယ်၊ အချို ၃၀% ရေခဲနည်းမယ်။”

“ဟုတ်ပြီ။” ချန်ကျိုးက ပြောလိုက်သည်။ “စားပွဲဝိုင်းက ရတော့မယ်၊ အရင်သွားနှင့်ကြလေ။”

ချောင်လီက အိုကေဟု လက်ဖြင့် ပြန်လုပ်ပြပြီး ရှန်းမူမူ၏ လက်ကို ချိတ်ကာ စားသောက်ဆိုင်ထဲ ဝင်သွားခဲ့သည်။

ရှန်းမူမူက တစ်ခုခု မူမမှန်ကြောင်း သိသော်လည်း ဘာက မူမမှန်မှန်း သူမ မသိပေ။

ရှန်းမူမူက အတွေးများဖြင့် စားသောက်ဆိုင်၏ သီးသန့်ခန်းထဲ ဝင်သွားခဲ့လေသည်။

သိပ်မကြာခင်တွင် ချန်ကျိုးက မစ်တီး သုံးခွက်သယ်ကာ သူတို့၏ ရှေ့ခုံတွင် ဝင်ထိုင်လိုက်သည်။

စတော်ဘယ်ရီနို့မစ်တီးကို ရှန်းမူမူကို ပေးပြီး ချောင်လီကို နောက်တစ်ခွက် ပေးလိုက်သည်။

သူ့လှုပ်ရှားမှုတွေက ပုံမှန်သာ ဖြစ်သည်။

စားစရာများစောင့်နေသည့်အချိန်တွင် ရှန်းမူမူက ချောင်လီ၏ အအေးခွက်က စာကို ဖတ်လိုက်သည်။

(သကြားညို ပုလဲစေ့၊ စံပယ် လက်ဖက်ရည်၊ ရေခဲ ပုံမှန်၊ သကြား ၅၀%၊ ပီလောပီနံအစေ့ မထည့်။)

ရှန်းမူမူ - “!!!”

သူမက မျက်လုံးမှေးကျဉ်းလိုက်သည်။

စုံထောက်ကဲ့သို့ သူမရဲ့ အတွေးတွေက လျင်မြန်သွားသည်။

ဒါပဲ။

သူမ တစ်လျှောက်လုံး ထူးဆန်းနေသည့် အရာက ထိုအရာ ဖြစ်သည်။

မစ်တီးသောက်မလားဟုမေးတုန်းက ချောင်လီကို ဘယ်လိုအမျိုးအစားသောက်မလဲဟု ချန်ကျိုး မမေးခဲ့ပေ။

သူမရဲ့ အကြိုက်ကို သူသိနေသည်။

အစောပိုင်းက မူမမှန်မှုတွေကို သူမ အတွေးလွန်နေသည်ဟုသာ ရှန်းမူမူ ထင်ခဲ့သည်။

သို့သော် ယခု မစ်တီးထက်က မှတ်ချက်က သူမရဲ့ အတွေးတွေကို အတည်ပြုပေးလိုက်လေသည်။

ရှန်းမူမူက လက်ပေါ်မေးတင်ကာ ကြည့်လိုက်သည်။

ရှန်းမူမူက ကိုယ့်ဘာသာကိုယ် တွေးလိုက်သည်။

ချောင်လီက ချန်ကျိုး၏ ကားရှေ့ခန်းသို့ သွားခဲ့သည်။ ချန်ကျိုးက ချောင်လီ၏ အကြိုက်ကို မမေးဘဲ သိနေသည်။

သူတို့နှစ်ယောက်တည်း သီးသန့်အပြင်သွားခဲ့သည်မှာ အကြိမ်ရေများပြီဖြစ်မည်။

ရှန်းမူမူက သိတယ်နော်ဟူသောအပြုံးဖြင့် ပြုံးလိုက်သည်။

သူတို့၏ လျှို့ဝှက်ချက်ကို သူမ ဖော်ထုတ်နိုင်ခဲ့သည်။

***

အခန်း (၁၅၃ ) - ဆွေမျိုးတော်စပ်တာကို အသိအမှတ်ပြုခြင်း

ချန်ကျိုးက ဒုက္ခရောက်နေသည်။

မကြာသေးမီက သူနှင့် ချောင်လီကြားက ဆက်ဆံရေးက ပိုတိုးတက်လာကာ သူတို့ကြားတွင် အလွှာတစ်ခုသာ ခြားတော့သည်။

သူ့ခံစားချက်တွေကို ချောင်လီထံ ဝန်ခံလုနီးပါး အကြိမ်များစွာ ဖြစ်ခဲ့သည်။

သို့သော် သူက အရေးကြီးသည့် အခြေအနေတွင် ရောက်နေသဖြင့် သူ့စကားတွေကို ပြန်ထိန်းချုပ်ခဲ့သည်။

သူ သတ္တိမရှိလို့ မဟုတ်ပေ။

ထိုကိစ္စတွေ မလုပ်ခင် ရှန်းမူမူက သူ့အစ်မအရင်းဖြစ်‌ကြောင်း အရင်ဆုံး အတည်ပြုရမည်ဟု သူ ထင်သည်။

အကယ်၍ သူမသာ သူ့အစ်မအရင်းဖြစ်မည်ဆိုပါက အစ်မဟု ပျော်ရွှင်စွာ ခေါ်ရမည်။

အကယ်၍ သူ့အစ်မအရင်း မဟုတ်ပါက ချောင်လီနှင့်အတူ မရီးဟု လိုက်ခေါ်မည်။

သူနှင့် ချောင်လီက ဘာမှ မသက်ဆိုင်သေးသော်လည်း ချီမိသားစုတွေကို မည်သို့ ခေါ်ဝေါ်ရမည်ကို သူတွေးပြီးသား ဖြစ်သည်။

အချိန်တိုင်း ရှန်းမူမူကို သူ့အစ်မ ဟုတ် မဟုတ် အတည်ပြုချင်သော်လည်း အလျင်စလို ပြုမူမိပြီးကာ ရလဒ်က သူထင်ထားသကဲ့သို့ ဖြစ်မနေမည်ကိုကြောက်သည်။

ရေကို စမ်းသပ်ကာ ရှန်းမူမူက သူ့အစ်မအရင်းဖြစ်ကြောင်း သက်သေပြနိုင်မည့် အချက်တွေကို ပိုရှာရမည်။

သူ့ခံစားချက်အရ ထိုအရာက သူတို့၏ သွေးသားတော်စပ်မှုကို အတည်ပြုရမည့် နောက်ဆုံး တွန်းအား ဖြစ်သည်။

သူ ထပ်မံ မစောင့်ဆိုင်းနိုင်တော့ပေ။

ရှန်းမူမူ မြို့တော်ကို ပြန်ရောက်ပြီး သုံးရက်ကြာပြီးသည့်နေ့တွင်ဖြစ်သည်။

နေ့လည်စာစားချိန်တွင် ချန်ကျိုးက သူမရဲ့ ရုံးခန်းတံခါးကို ခေါက်လိုက်သည်။

“ဝင်ခဲ့။”

အထဲက အသံကြားသည်နှင့် ချန်ကျိုးက အသက်ပြင်းပြင်းရှူပြီး အထဲဝင်သွားကာ ပြောစရာရှိသည်ကို တည့်ပြောလိုက်သည်။

“အစ်မ ဒီည ညစာစားဖို့ အားလား၊ အ‌ရမ်းအရေးကြီးတာ ပြောစရာရှိလို့။”

စာရွက်တွေကို လက်မှတ်ထိုးနေသည့် ရှန်းမူမူက ထိုစကားကြားတော့ ခေါင်းမော့ကြည့်လိုက်လေသည်။ “အရမ်းအရေးကြီးတဲ့ ကိစ္စလား။”

ချန်ကျိုးက ခေါင်းငြိမ့်ပြလိုက်သည်။ “ဟုတ်ကဲ့။”

ရှန်းမူမူက မျက်တောင်ခတ်လိုက်သည်။ “အရမ်းအရေးကြီးနေရင် ဘာလို့ အခု မပြောတာလဲ။”

ရှန်းမူမူက သိချင်စိတ် ပြင်းပြနေကာ ညအထိ မစောင့်နိုင်ဘဲ အခုချက်ချင်း သိချင်နေသည်။

ချန်ကျိုးက စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းသွားခဲ့သည်။ “အမ်…အာ…”

သူ၏ တုံ့ဆိုင်းနေပုံကိုမြင်တော့ ရှန်းမူမူက တစ်စုံတစ်ခုကို တွေးမိသွားခဲ့သည်။

ရှန်းမူမူ - “!!!!”

ဘုရားရေ... ဒီကလေးက သူနဲ့ လီလီအကြောင်း ဝန်ခံမလို့လား။

မရဘူး၊ ငါ မစောင့်နိုင်ဘူး။

ဒီအချစ်ဇာတ်လမ်းလေးကို အခုချက်ချင်း ကြားချင်တယ်၊ ဘယ်လိုလုပ်ရမလဲ။

မျက်တောင်တစ်မှိတ်အတွင်း ရှန်းမူမူက ခြေလှမ်းကျဲကြီးဖြင့် ချန်ကျိုးအနောက်တွင် ရပ်လိုက်သည်။

ချန်ကျိုး မတုံ့ပြန်နိုင်သေးခင်မှာပင် သူမက ချန်ကျိုးကို ပုခုံးကိုဖိကာ ဧည့်သည်ခုံတွင် ထိုင်ခိုင်းလိုက်သည်။

ချန်ကျိုးက ရှုပ်ထွေးနေသည်။ “????”

ရှန်းမူမူက သူမဘာသာသူမ အလုပ်ရှုပ်နေသည်။

ရှန်းမူမူက ဖုန်းဆက်ပြီး လက်ဖက်ရည် လာပို့ခိုင်းလိုက်သည်။

ထို့နောက် သူမရဲ့ ရုံးခန်းထဲက ရေခဲသေတ္တာထဲက အာလူးကြော်ထုတ်နှင့် ကွာစေ့ထုတ်ကို ယူလိုက်သည်။

သူမက အထုတ်တွေကိုဖြဲပြီး လက်ဖက်ရည်စားပွဲပေါ်တင်လိုက်သည်။

ရှန်းမူမူသည် သူ ပြောပြမည့် ကိစ္စအားလုံးကို နားထောင်ရန်အတွက် ချန်ကျိုး၏ အရှေ့ခုံတွင် ထိုင်လိုက်သည်။

သူမက မျက်တောင်နှစ်ချက်ခတ်ပြီး မျှော်လင့်တကြီး ပြောလိုက်သည်။ “ဘာ အရေးကြီးတာလဲ၊ ပြောပါဦး။”

သူမ၏ အပြုအမှုတွေက ချောမွေ့နေကာ ဗီလာဝန်းထဲက အိမ်ထောင်သည်အမျိုးသမီးများ အတင်းပြောရန် ပြင်ဆင်ပုံနှင့် တူနေသည်။

သူမ၏ စကားကြောင့် ချန်ကျိုးက ထိတ်လန့်သွားခဲ့သည်။

ညစာစားချိန်တွင် ပြောမည့်စကားက ပို၍ စောစီးစွာ ပြောရတော့မည်။

ရှန်းမူမူ၏ အကြည့်ကြောင့် ချန်ကျိုး၏ စကားတွေ ထစ်အကုန်လေသည်။

“အစ်မ… ကျွန်တော်…”

ရှန်းမူမူက စကားထောက်ပေးလိုက်သည်။ “အင်း၊ နင် ဘာဖြစ်လဲ။”

ပြောလိုက်... ထုတ်ပြောလိုက်စမ်းပါ။

နင်တို့ရဲ့ အချစ်ရေးကိစ္စကို ပြောလိုက်စမ်းပါ။

ချန်ကျိုးက လက်သီးဆုပ်ပြီး ပြောလိုက်သည်။ “အစ်မ၊ ကျွန်တော်က အစ်မရဲ့ ပျောက်ဆုံးနေတဲ့ မောင်လေးဖြစ်လိမ့်မယ်ထင်တယ်။”

“???”

ရှန်းမူမူ - “ဟမ်။”

ချန်ကျိုးက စကားပြောထွက်သွားသည်နှင့် သူ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီဟု ထင်လေသည်။

ရှန်းမူမူ ဆွံ့‌အနေပုံကို လျစ်လျူရှုပြီး သူက လက်သီးဆုပ်ထားကာ သူ့ရင်ထဲမှာ သိမ်းဆည်းထားရသည့် အချက်တွေကို ဆက်ပြောခဲ့သည်။

“ကျွန်တော့်မှာ နာမည်မှာ ‘မူ’ ပါတဲ့ အစ်မနဲ့ အသက်တူ အစ်မတစ်ယောက်ရှိကြောင်း ပြောဖူးတယ်လေ၊ အစ်မက ကျွန်တော်တို့မိသားစုနဲ့ ငယ်ငယ်လေးကတည်းက ကွဲသွားတာ။”

ချန်ကျိုး ဦးနှောက် ပုံမှန် အလုပ်မလုပ်ဘူးလားဟု သူမက ချန်ကျိုးကို ရှုပ်ထွေးစွာ ကြည့်နေသည်။ သူမရဲ့ အံ့အားသင့်နေသည့် အကြည့်အောက်တွင် ချန်ကျိုးက ဆက်ပြောခဲ့သည်။

“ပထမဆုံး အစ်မ ပုံကို တွေ့ဖူးတာက အစ်မနဲ့ ယောက်ဖ ပွဲတစ်ခု တက်တာကို မီဒီယာက ရိုက်ထားတဲ့ပုံ၊ အစ်မကိုမြင်တော့ လုံးဝ အံ့ဩသွားခဲ့တာ၊ အစ်မ ပုံစံက အမေ ငယ်ငယ်ကနဲ့ တူတယ်၊ ပါးချိုင့်ပါတာကလည်း တစ်ထေရာတည်းပဲ။”

“မီဒီယာကနေ အစ်မ နာမည်ကို သိခဲ့ပြီး အစ်မ ပန်းဆိုင်ဖွင့်ထားတာကို သိလိုက်ရတော့ ဒီမှာ အလုပ်လာလျှောက်ခဲ့တာ။”

“ခဏလေး။” ရှန်းမူမူက ဖြတ်ပြောလိုက်သည်။ “ငါ ရှင်းအောင် မေးပါရစေဦး၊ ငါက နင့်အစ်မနဲ့ အသက်တူတာ၊ ပါးချိုင့်ပါတာ၊ နာမည်မှာ မူ ပါတာကြောင့် နင့်အစ်မ ဖြစ်မယ်လို့ ထင်နေတာလား။”

“အင်း။” ချန်ကျိုးက ခေါင်းငြိမ့်လိုက်သည်။ “အခြေအနေတွေကို လုံလုံလောက်လောက် ရှင်းပြနိုင်ဖို့ တူညီချက်တွေ များနေတယ်လို့ မထင်ဘူးလား။”

“ဒါက…” ရှန်းမူမူက အနည်းငယ် ကတိုက်ကရိုက်ဆန်နေသည်ဟုထင်ကာ ချန်ကျိုး၏ စကားကို တန်းမဖြေခဲ့ပေ။

သူမရဲ့ စိတ်တွေက ယောက်ယက်ခတ်နေသည်။

သူမက ချန်ကျိုးတို့၏ အချစ်ရေးကိစ္စတွေ ကြားရမည်ဟု ထင်ခဲ့သော်လည်း သူမတို့၏ သွေးသားတော်စပ်မှု‌အကြောင်း ကြားရခြင်း ဖြစ်နေသည်။

“ကျွန်တော့်ထင်မြင်ချက်က အဓိပ္ပာယ် မရှိဘူးထင်ရင်လည်း ရပါတယ်၊ တခြားသက်သေ ရှိတယ်။” ချန်ကျိုးက ပြောလိုက်သည်။

“ဘာသက်သေလဲ။” ရှန်းမူမူက သူ့ကို တည်ကြည်စွာ ကြည့်လိုက်သည်။

ချန်ကျိုး - “အရင်တစ်ခါ အစ်မရဲ့ အစ်ကို ပန်းဆိုင်မှာ ပြဿနာရှာတော့ သူ့ကို ကြည့်လိုက်တာ သူက အစ်မနဲ့ မဆင်ဘူး၊ အချက်ကျကျ ပြောရရင် မောင်နှမတွေဆိုတာ ဆင်ရတယ်လေ၊ ကလေးဘဝကတည်းက မြို့တော်မှာ ကြီးပြင်းလာတာလားလို့မေးတော့ မဟုတ်ဘူးလို့ ဖြေခဲ့တယ်လေ၊ တိုက်ဆိုင်စွာပဲ အရင်တုန်းက ကျွန်တော်တို့မိသားစုကလည်း တောင်ပိုင်းက မြို့လေးမှာ နေခဲ့တာ။”

ရှန်းမူမူက ခဏလောက် ကြက်သေသေသွားခဲ့သည်။

ပန်းဆိုင်တွင် ပြဿနာဖြစ်ခဲ့တုန်းက သူမ ချန်ကျိုးနှင့် ခဏတာ စကားပြောခဲ့ကြောင်း ပြန်တွေးလိုက်သည်။

မူလကိုယ်၏ အတွေ့အကြုံအရ သူမက တောင်ပိုင်းမြို့တွင် သူမရဲ့ မိ‌ဘတွေ ရှန်းလေ့နှင့်သာ နေထိုင်ခဲ့ကြောင်း ပြန်‌မှတ်မိခဲ့သည်။

ထိုသို့ တွေးလေလေ ရှန်းမူမူ၏ မျက်နှာက ပိုတည်တံ့လာခဲ့သည်။

မူလဝတ္ထုထဲတွင် မူလပိုင်ရှင်၏ မိသားစုနောက်ခံကို အပေါ်ယံသာ ဖော်ပြထားသည်။

ရှန်းမူမူက ချန်ကျိုးကို ကြည့်လိုက်သည်။

သူမက ချန်ကျိုး၏ စကားတွေဖြင့် သွေးဆောင်ခံလိုက်ရကာ မေးလိုက်သည်။ “ဒါဆို…အခု သွားစစ်ဆေးမလား။”

ဝတ္ထုတွေ ဇာတ်လမ်းတွေအရဆိုလျှင် ဒီအန်အေ စစ်ဆေးကြသည်။

ထိုစကားကြားတော့ ချန်ကျိုး၏ ရင်ထဲက ပူပန်မှုတွေ လျော့သွားခဲ့သည်။

သူ့ရင်ထဲတွင် ဖော်ပြမရသည့် ပျော်ရွှင်မှု ဖြစ်ပေါ်နေသည်။ “ဟုတ်ကဲ့၊ သွားမယ်။”

သူက စကားပြောရင်း ဝန်ခံခဲ့သည်။ “အစ်မ အမှန်အတိုင်း ဝန်ခံရရင် အရင်က အစ်မ ဆံပင်ဆွဲနှုတ်ဖူးတယ်။”

ရှန်းမူမူက ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

ချန်ကျိုးက သူ့အမူအရာကို မမြင်ဘဲ ဆက်လက် ဝန်ခံခဲ့သည်။ “ဒါပေမယ့် အွန်လိုင်းမှာ ရှာလိုက်တော့ အဲလိုစစ်ဆေးဖို့ဆိုရင် အနည်းဆုံး ဆံပင် ( ၁၅ ) ပင် လိုတယ်တဲ့၊ အဲဒါဆို အစ်မ အရမ်း နာမှာလေ။”

ရှန်းမူမူက ထိတ်လန့်သွားကာ သူမ ခေါင်းကို ကာလိုက်မိသည်။

ချန်ကျိုး၏ စကားက သူမရဲ့ ဦးရေပြားတွေကိုပင် ကြိမ်းစပ်သွားစေသည်။

လူဖြစ်လာပါက စိုးရိမ်စရာ အခု ( ၃ ) ထောင် ရှိသည်။

သို့သော် အိုမင်းလာပါက ထောင့်ငါးရာသာကျန်သည်။

ထို့နောက် တစ်ထောင်၊ ငါးရာ…

သူမက ဆက်မတွေးနိုင်တော့ဘဲ ချန်ကျိုးကို မျက်စောင်းထိုးကြည့်လိုက်သည်။

“ချန်ကျိုး ဂုဏ်ပြုပါတယ်။”

ချန်ကျိုးက ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ “ဘာဂုဏ်ပြုတာလဲ။”

ရှန်းမူမူ - “နင် ကပ်ဘေးကနေ လွတ်မြောက်ခဲ့လို့ ငါ ဂုဏ်ပြုတာ၊ တကယ်လို့ နင်သာ ငါ့ဆံပင် ( ၁၅ ) ပင် ဆွဲနှုတ်ခဲ့မယ်ဆိုရင် ငါတို့က သွေးသားတော်စပ်ရင်တောင် တစ်ခါတည်း သေခန်းဖြတ်ပစ်မှာ။”

ချန်ကျိုး - “....”

ရှန်းမူမူ - “နင်သေအောင်လည်း အရိုက်ခံရမှာ။”

ချန်ကျိုး - “....”

***

All Chapters