← Chapters

အခန်း (၁၅၄-၁၅၅)

Vol. 13 Ch. 154-155

အခန်း (၁၅၄-၁၅၅)

Vol. 13 Ch. 154-155

အခန်း (၁၅၄ ) - ကြွယ်ဝမှုကိုပဲ မက်မောတာ မဟုတ်ဘူး

ထိုညက ချန်ကျိုးက သူ့မိသားစုအကြောင်းကို ဖုန်းမှတစ်ဆင့် ပြောပြခဲ့သည်။

အဖေချန်နှင့် အမေချန် စောစီးစွာ မည်သို့ဆုံးပါးသွားကြောင်းနှင့် သူ့ကို အစ်ကိုကြီးဖြစ်သူ ချန်ရှင်းက ပြုစုပျိုးထောင်ခဲ့ကြောင်းများ ပြောပြခဲ့သည်။

အစ်ကိုကြီးအကြောင်း ပြောသည့်အချိန်တွင် ချန်ကျိုး၏ လေသံထဲတွင် ဂုဏ်ယူသံများ ပြည့်နှက်နေသည်။

“အစ်မ ဖန်းချန်အုပ်စုကို ကြားဖူးလား။”

ရှန်းမူမူက ခဏလောက် တွေးလိုက်သည်။

သူမက နာမည်ကို ကြားဖူးသလို ရှိသော်လည်း ထိုအရာက မည်သည့် လုပ်ငန်းစုမှန်း မသိပေ။

“ဖန်းချန် …. သင်္ချာသင်ကြားရေးကျောင်းလား။”

သူမ စကားဆုံးသည်နှင့် တစ်ဖက်က ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက် ချန်ကျိုးက အံ့အားသင့်သံဖြင့် ပြော‌လိုက်သည်။ “မဟုတ်ပါဘူး၊ ငါးနှစ်အတွင်း အမေရိကားမှာ တရုတ်ပြည်ထိပ်တန်းကုမ္ပဏီ ( ၃၀ ) ထဲက တစ်ခုဖြစ်တဲ့ ဖန်းချန်ကုမ္ပဏီလေ။”

ချန်ကျိုး၏ စကားသံက ပိုမြန်လာကာ ဂုဏ်ယူစွာ ပြောနေသည်ကို ရှန်းမူမူက နားထောင်နေသည်။

“ဖန်းချန်ကုမ္ပဏီရဲ့ လက်ရှိဥက္ကဌ ချန်ရှင်းက ကျွန်တော့် အစ်ကိုကြီး။”

သူက စကားပြန်ပြင်လိုက်သည်။

“ကျွန်တော်တို့ရဲ့ အစ်ကိုကြီး။”

“ငါတို့က ဒီအန်အေ စစ်ဆေးချက်တောင် မရသေးဘူးလေ၊ ယုံကြည်ချက်တွေ မြင့်မားမနေနဲ့ဦး။” ရှန်းမူမူက ဖြတ်ပြောလိုက်သည်။

သို့သော် ချန်ကျိုးက စကားဆက်ပြောလိုက်သည်။ “အစ်ကိုကြီးက ကျွန်တော့်အပေါ် စည်းကမ်းတင်းကြပ်ပေမယ့် သူ့ကို တကယ်လေးစားတယ်။”

“သူက ကျွန်တော့်ထက် ပိုချောတယ်၊ သူ့ညီဖြစ်တဲ့ ကျွန်တော်နဲ့ ကွာတယ်။”

ချန်ကျိုး၏ အစ်ကိုကြီးဖြစ်သူကို ချီမွမ်းပြောဆိုသံတွေကြားတော့ သူမ အထင်မှားခဲ့ကြောင်း ရှန်းမူမူ သိလိုက်လေသည်။

ချန်ကျိုးက မှောင်ခိုလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူ မဟုတ်ပေ။

သူ ရည်ညွှန်းသည့် “အစ်ကိုကြီး”ဆိုသူက သူ့အစ်ကို ဥက္ကဌဖြစ်သူကို ဖြစ်သည်။

ချန်ကျိုး ပြောသည့် ထူးချွန်သူက သူမအစ်ကိုဖြစ်မည်ဆိုလျှင်ဟု ရှန်းမူမူက စိတ်ကူးယဉ်ကြည့်မိလိုက်သည်။

အဆုံးတွင် သူတို့နှစ်ဦးက မနက်ဖြန်တွင် ဒီအန်အေ စစ်ဆေးရန် သဘောတူလိုက်သည်။

ဖုန်းချပြီးသည်နှင့် ရှန်းမူမူက ချီမော့နှင့်စကားပြောရန် ဝီချက်ဖွင့်လိုက်သည်။

ရှန်းမူမူ - “ဟာသပြောပြမယ်၊ ကျွန်မ မျိုးရိုးနာမည်က ရှန်း မဟုတ်ဘူးထင်တယ်။”

သူမ စာပို့ပြီး မိနစ်ဝက်ပင် မကြာသေးခင်မှာပင် ချီမော့က ဖုန်းခေါ်လာခဲ့သည်။

သူ့လေသံက အနည်းငယ် မသက်မသာဖြစ်နေပုံရသည်။ “ချန်ကျိုး ပြောပြပြီလား။”

“အင်း၊ သူ ပြောတာ…” ရှန်းမူမူက ပြန်ဖြေနေရင်းမှ ရုတ်တရက် ရပ်တန့်ကာ မေးမြန်းလိုက်လေသည်။ “နေပါဦး၊ ရှင့်လေသံက သိနှင့်နေတဲ့ပုံပဲ။”

ချီမော့က စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့သည်။

ချီမော့က တမင်ရည်ရွယ်ကာ ဖုံးကွယ်ထားခြင်း မဟုတ်ပေ။

တစ်နေ့ကျလျှင် သိသွားမည်ဆိုတာကို သူမျှော်လင့်ပြီးသားဖြစ်သည်။

သို့သော်လည်း ထိုနေ့ရောက်လာသည့်အခါ သူ့ခံစားချက်တွေက ထင်ထားသည်ထက် ပိုရှုပ်ထွေးနေသည်။

အချိန်အနည်းငယ်ကြာသည့်အခါ သူ့အသံဩရှရှကို ရှန်းမူမူ ကြားလိုက်သည်။

သူ့လေသံတွင် စိတ်ဓာတ်ကျနေသည့် အငွေ့အသက်များ ပါဝင်နေသည်။ “တောင်းပန်ပါတယ် မူမူ။”

ရှန်းမူမူက ကြောင်အသွားသည်။ “ရုတ်တရက်ကြီး ဘာလို့ တောင်းပန်တာလဲ။”

“ကိုယ် ဒါကို လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက သိခဲ့တာ။” ချီမော့က ဖြည်းညင်းစွာ ပြောလိုက်သည်။ “အရင်က သူ မင်းကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ချည်းကပ်ခဲ့တယ်ထင်တာ၊ ကိုယ် သူနဲ့ သီးသန့်တွေ့ခဲ့တယ်…”

ချီမော့က ပြတင်းပေါက်ရှေ့တွင်ရပ်ကာ လေဟာနယ်ကို ငေးကြည့်နေသည်။

မည်သည့်အရာကိုမှ အာရုံစိုက်မနေပေ။

ရှန်းမူမူထံ ဝန်ခံရင်း သူ့ရင်ထဲက အတွေးတွေကို ရေတွက်နေသည်။

ချန်ကျိုး မူမူကို ချဉ်းကပ်ရသည့် ရည်ရွယ်ချက်ကို သူသိထားတာ ကြာပြီဖြစ်သည်။

သူမကို ဝန်ခံရန်၊ အတည်ပြုရန် ကိစ္စရပ်များစွာ အခွင့်အရေးများစွာ ရှိခဲ့သော်လည်း သူ မလုပ်ခဲ့ပေ။

သူက တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက် ဖြစ်သည်။

သူမက တကယ်ပင် ချန်မိသားစုဝင် ဖြစ်နေမည်ကို သူကြောက်သည်။

စာချုပ်အရ လက်ထပ်မှုဖြင့် သူမကို သူ့ဘေးနားတွင် ဆက်ခေါ်ထားလို့ရမည် မဟုတ်ပေ။

သူက အလွန်စက်ဆုပ်ဖွယ်ကောင်းသူ ဖြစ်သည်။

သွေးသားတော်စပ်မှုကို ချန်ကျိုး အမြန်ဆုံး ဖွင့်မပြောရန် တိတ်တဆိတ် မျှော်လင့်ခဲ့သည်။

နှေးလေ ကောင်းလေ ဖြစ်သည်။

ရှန်မူမူ သူ့ကို လုံးဝလက်ခံဖို့ အချိန်နှေးလေ ကောင်းလေ ဖြစ်သည်။

ထိုသို့ဆိုပါက ရလဒ်က မည်သို့ဖြစ်ပါစေ သူ မကြောက်ပေ။

သူ၏ တစ်ကိုယ်ကောင်းဆန်မှုတွေက ပိုကြီးထွားလာကာ သူ့ရင်ထဲ သိမ်းဆည်းထားခဲ့သည်။

ယခုတော့ အသက်တစ်ခါရှူစာမျှအချိန်တွင် အကုန်ဝန်ခံလိုက်ပြီဖြစ်သည်။

အလေးချိန်တစ်ခု ပစ်တင်ခံလိုက်ရသကဲ့သို့ သူ့ပခုံးတွေ နိမ့်ကျသွားခဲ့သည်။

ထို့နောက် ခံစားချက်များ မသက်မသာ ဖြစ်နေလေသည်။

ပြတင်းပေါက်ဘေးတွင် မတ်တပ်ရပ်နေကာ သူ၏ ချောမောသည့် ပုံရိပ်က ညှို့မှိုင်းနေသည့် အသွင်ကို မဖုံးကွယ်နိုင်ခဲ့ပေ။

သူက ဖုန်းကို လက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားသည်။

တစ်ဖက်က အသံတိုးလျလျကို ဆုံးရှုံးသွားရမည်ကို ကြောက်နေသည်။

အချိန်များစွာ ကြာမြင့်ပြီဟုထင်သော်လည်း စက္ကန့်အနည်းငယ်သာ ကုန်ဆုံးသေးသည်။

ရှန်းမူမူ၏ ရယ်သံ ခပ်ဖွဖွကို သူကြားလိုက်သည်။

ထို့နောက် ရှန်းမူမူ၏ ရယ်သံယှက်နေသည့် အသံကို ကြားလိုက်သည်။ “ဒီတော့ ချန်ကျိုးက ကျွန်မကို လူပျိုလှည့်နေတယ်ထင်လို့ ရှင်က ချန်ကျိုးနဲ့ တိတ်တဆိတ် တွေ့ခဲ့တာပေါ့လေ။”

ချီမော့က ခဏလောက် တိတ်ဆိတ်နေပြီးမှ အမှန်အတိုင်း ပြောခဲ့သည်။ “ဟုတ်တယ်။”

“ရှင်ကတော့လေ….” ရှန်းမူမူက နောက်ဆုံးစကားကို ရယ်မြူးသံဖြင့် ပြောလိုက်သည်။ “ဘာလို့ ရှင်က ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ။”

ချီမော့က ရုတ်တရက် ဆွံ့အသွားခဲ့သည်။

“....”

သူ့ပခုံးထက်က အလေးချိန်က ရုတ်တရက် ပြေလျော့သွားခဲ့သည်။

အမှောင်ထုထဲ နေရောင်မြင်လိုက်သကဲ့သို့ တဖြည်းဖြည်း အမှောင်ထု ပြိုကွဲသွားခဲ့သည်။

“ဒါကို လျှို့ဝှက်ထားလို့ မင်း ကိုယ့်ကို စိတ်မဆိုးဘူးလား။” သူက မေးလိုက်သည်။

“ဒါကို‌တော့ စိတ်မဆိုးပါဘူး။” ရှန်းမူမူက ဖြေလိုက်သည်။

ချီမော့၏ အကြည့်တွေ ရပ်တန့်သွားကာ သူ့နှလုံးသားက သူမရဲ့ စကားတွေကြောင့် စိတ်နွမ်းလျသွားခဲ့သည်။

သူ့ဘဝတွင် မည်သည့်အခက်အခဲ ပြဿနာမျိုးကိုမဆို ရင်ဆိုင်ရတိုင်း တည်ငြိမ်စွာ နေနိုင်ခဲ့သည်။

တည်ငြိမ်စွာ နေထိုင်နိုင်ခြင်းက သူကျွမ်းကျင်ပိုင်နိုင်သည့် အရာ ဖြစ်သည်။

သို့သော် ယခုတွင်မူ သူမက စကားလေးခွန်းကြောင့် သူ ကသောင်းကနင်း ဖြစ်သွားရသည်။

သူက တိုးလျစွာ ပြောလိုက်သည်။ “ဒါဆို ဘာကို စိတ်ဆိုးတာလဲ။”

“ဉာဏ်ကောင်းလွန်းတဲ့ ရှင်က ရှင့်ကိုယ်ရှင် ယုံကြည်ချက် မရှိတာကိုပဲ။” ရှန်းမူမူက သက်ပြင်းဖွဖွ ချလိုက်သည်။ “ပိုက်ဆံတစ်ခုတည်းနဲ့ ကျွန်မကို ရှင့်ဘေးမှာ ထားနိုင်မယ်လို့ ထင်နေလား။”

သူမ စကားဆုံးသည်နှင့် သူ့ရင်ထဲ ပြေလျော့သွားကာ အလင်းတန်းလေး ဖြစ်ပေါ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

သူ့ရင်ထဲက ကြပ်တည်းမှုတွေက သူမ၏ စကားကြောင့် အဆင်ပြေချောမွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ့မျက်ဝန်းနှင့် နှုတ်ခမ်းတွေက ပီတိတွေ ဝေဖြာနေသည်။

သူမ သူ့ကို စိတ်မဆိုးပေ။

သူ့ကို စိတ်မဆိုးသည့်အပြင် သူ့ကို သဘောကျကြောင်းပါ ပြောလာခဲ့သည်။

ရှန်းမူမူက ချီမော့ကို ကျီစယ်ဖို့ မရည်ရွယ်ခဲ့ပေ။

သူမက သူမ၏ ခံစားချက်ကို မရည်ရွယ်ဘဲ ထုတ်ပြောခဲ့သည်။

ချီမော့က သူမအပေါ်တွင် ဟိုးယခင်ကတည်းက ခံစားချက်ရှိနေသည်ဟု မထင်ခဲ့ပေ။

ချန်ကျိုးက သူမကို ပိုးပန်းနေသည်ဟုထင်ကာ သူက ကလေးဆန်စွာ တိတ်တဆိတ် တွေ့ဆုံခဲ့သေးသည်။

ထိုသို့သော ကိစ္စရပ်များကို ဇာတ်လမ်းတွဲတွေထဲ၌သာ သူမ တွေ့ခဲ့ဖူးသည်။

ယခု သူမကိုယ်တိုင် ကြုံခဲ့ရကာ ခံစားချက်က မတူညီပေ။

သူမက ထိုကိစ္စကို သိရှိခဲ့ရသူ ဖြစ်သဖြင့် ရယ်ချင်နေသည်။

သီးသန့် တွေ့ဆုံခဲ့တာလား။ ဟာသပါပဲ။

ပြိုင်ထိုးမလို့လား။

ပြိုင်ထိုးဖို့ ကွင်းက ပိတ်သွားပြီ။

သို့သော် ပါဝင်သူဖြစ်မည်ဆိုပါက ခံစားချက်က ကွာခြားသည်။

ရေအလွန်ဆာနေချိန်တွင် ချိုမြသည့် ဖရဲသီးအေးအေးလေး ကမ်းပေးခံရသည့် ခံစားချက်မျိုး ဖြစ်သည်။

ချိုမြကာ လန်းဆန်းစေသည်။

သူမကို ဖရဲသီးကမ်းပေးသူက အလွန် မိမိုက်သူ ဖြစ်သည်။

တည်ငြိမ်သည့်ပုံစံဖြင့် အလွန်လန်းသည့်လူက သူမရဲ့ ချစ်ခြင်းကို ရရှိရန် တိတ်တဆိတ် ကြိုးပမ်းခဲ့သည်။

အချက်အလက်တွေအားလုံးစုပြီးသည့်အခါ သူမက ထိုစကားကို ထုတ်ပြောခဲ့သည်။

ချီးပဲ... သူရဲ့ ညှို့ယူဖမ်းစားခြင်းကို ခံလိုက်ရပြီ။

ထိုညက ရှန်းမူမူက အိပ်ရာထက် လူလိမ့်ကာ အိပ်မပျော်ခဲ့ပေ။

သူမက ဖုန်းပြောပြီးသည့်အချိန်ကိုပဲ ပြန်တွေးနေမိသည်။

သူမက ကျီစယ်ကာ မေးမြန်းခဲ့သည်။ “တကယ်လို့ ချန်ကျိုးက သွေးသားတော်စပ်မှုကို စစ်ဆေးဖို့ ချဉ်းကပ်တာ မဟုတ်ဘဲ ကျွန်မကို လိုက်နေတဲ့လူဆိုရင် ရှင်ဘယ်လိုလုပ်မလဲ။”

တစ်ဖက်က တိတ်ဆိတ်နေပြီးမှ စကားပြန်ပြောလာခဲ့သည်။ သူ့လေသံထဲတွင် ရယ်မြူးရိပ်များ ပါဝင်နေသည်။ “အိမ်ရောက်ရင် ပြောပြမယ်။”

ရှန်းမူမူက တောင့်ခဲသွားခဲ့သည်။

ထိုစကားက ခံစားချက် တစ်ခုခု ပါဝင်နေသည်။

သူမရဲ့ နားတွေကို ကြက်မွေးလေးတွေဖြင့် ပွတ်တိုက်နေသကဲ့သို့ ရှန်းမူမူ ခံစားနေရသည်။

သူမရဲ့ နှလုံးခုန်သံတွေလည်း မြန်ဆန်နေသည်။

သူမက ရင်ခုန်သံကို ခက်ခက်ခဲခဲ ထိန်းချုပ်ပြီးသည့်နောက်တွင် ကောင်းသောညပါဟု နှုတ်ဆက်လိုက်သည်။

ရှန်းမူမူသည် ဖုန်းချပြီးသည်နှင့် အိပ်ရာထက်တွင် လူးလိမ့်လိုက်သည်။

စောင်ထဲတိုးဝင်ပြီး အနည်းငယ် အော်ဟစ်လိုက်သည်။

ချီမော့ကို ရဲတင်းစွာ စနောက်လိုက်မိသည်ကို သူမ ရှက်ရွံ့နေသည်။

သူ ပြန်လာတဲ့အချိန်ထိစောင့်နေဖို့ ချီမော့က သူမကို ပြောခဲ့သဖြင့် သူမ ရင်ခုန်နေသည်။

ရိုမန်တစ်ဆန်သည့် ချစ်သူရည်းစားဆက်ဆံရေးကို သူမ မျှော်လင့်နေသည်။

မည်သို့အခြေအနေမှာဖြစ်စေ အတူတူရှိသည့်အခါ ခံစားချက်များ ထိန်းချုပ်၍ မရပေ။

တဖြည်းဖြည်း ပိုနီးကပ်လာပုံနှင့် ဆင်တူသည်။

***

အခန်း (၁၅၅ ) - ငါတို့အစ်ကိုကြီးက အေးစက်တဲ့ ဥက္ကဌဆိုတာ သေချာလား

နောက်တစ်နေ့တွင် ရှန်းမူမူနှင့် ချန်ကျိုးတို့ ဒီအန်အေ စစ်ဆေးရေးဌာနသို့ သွားရောက်ခဲ့သည်။

သွေးစားတော်စပ်မှုရလဒ်က သုံးရက်အကြာတွင် ရရှိခဲ့သည်။

ရှန်းမူမူနှင့် ချန်ကျိုးက စားပွဲရှေ့တွင် ထိုင်နေသည်။

သူတို့ရှေ့တွင် ဒီ‌အန်အေစစ်ဆေးရေးဌာနက ဝန်ထမ်းက ရလဒ်စာရွက်ကို သူတို့ ရှေ့သို့ တိုးပေးခဲ့သည်။

ချန်ကျိုးက နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ခန္ဓာကိုယ်က တောင့်တင်းနေပြီး စာရွက်ကို မကြည့်ရဲပေ။

“အစ်မ ကြည့်လိုက်လေ။”

“အင်း။” ရှန်းမူမူက စာရွက်ကို ကောက်ယူလိုက်သည်။

ရှည်လျားလှသည့် အချက်အလက်များကို ကျော်ပြီး နောက်ဆုံးရလဒ်ကို တန်းကြည့်လိုက်လေသည်။

မျိုးရိုးဗီဇ တူညီမှုတန်ဖိုးကိုကြည့်ပြီးနောက်တွင် သူမရဲ့ လက်တွေ အနည်းငယ် တုန်ယင်သွားခဲ့သည်။

သူမက တည်ငြိမ်စွာ ရင်ဆိုင်နိုင်မည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်း ရင်ဆိုင်ရသည့်အခါ ထင်ထားသလောက် သူမ တည်ငြိမ်မနေခဲ့ပေ။

ရှန်းမူမူသည် အသက်ရှူပင် ရပ်တန့်လုနီးပါးဖြစ်သွားကာ သူမရင်ထဲတွင် ရေတွက်မရသည့် ခံစားချက်များစွာ ဖြစ်ပေါ်ခဲ့သည်။

သူမရဲ့ တောင့်တင်းနေသည့် အမူအရာကိုမြင်သည့်အခါ ချန်ကျိုးက ပို၍ စိတ်လှုပ်ရှားသွားခဲ့သည်။ “ရလဒ်က ဘာတဲ့လဲ။”

ရှန်းမူမူက ချန်ကျိုးကို လှည့်ကြည့်ပြီး ဖြည်းညင်းစွာ ခေါင်းငြိမ့်ပြခဲ့သည်။ “ငါက နင့်အစ်မပဲ။”

ချန်ကျိုးက မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏မျက်လုံးလေးတွေက လင်းလက်နေကာ စိတ်လှုပ်ရှားစွာဖြင့် ခုံမှ ထလိုက်ပြီး လေပေါ်လက်သီးလက်မောင်းတန်းကာ အော်ဟစ်လိုက်သည်။ “အစ်မ၊ အစ်မက တကယ်ကို ကျွန်တော့် အစ်မပဲ၊ နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ၊ ကောင်းလိုက်တာ။”

ချန်ကျိုးက ခဏလောက် အော်ဟစ်ပြီးသည့်နောက်တွင် သူက ရပ်လိုက်သည်။

သူက ခေါင်းလေးငုံ့ကာ ဆို့နင်နေသည့် အသံဖြင့် ပြောလိုက်သည်။ ”အဖေနဲ့ အမေ ကျွန်တော် အစ်မကို ရှာတွေ့ခဲ့ပြီ၊ တွေ့ကြလား။”

သူ၏ ရှိုက်သံ တိုးတဲ့တဲ့ကို ရှန်းမူမူ ကြားရသည်။

ထို့နောက် မျက်ရည်စက်များက ချန်ကျိုး၏ ဖိနပ်‌ပေါ်သို့ ကျဆင်းခဲ့ပြီး သူ့ပခုံးတွေ စတင်တုန်ယင်လာခဲ့လေသည်။

ချန်ကျိုး၏ စကားတွေက ရှန်းမူမူ၏ ရင်ကို အားနှင့် ရိုက်ခတ်လိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။

သူမရဲ့ နှာခေါင်းများ စူးအောင့်လာပြီး မျက်ရည်များဝဲနေသည်။

သူမက နှစ်သိမ့်စကားပြောဆိုချင်သော်လည်း စကားရှာမရခဲ့ပေ။

သူမက လက်ဆန့်တန်းလိုက်သည်။

ချန်ကျိုး၏ ပခုံးကို တစ်ချက်ချင်း ပွတ်သပ်ပေးခဲ့သည်။

ရှန်းမူမူက ပထမဆုံးအနေဖြင့် အစ်မကြီးတစ်ယောက်အနေဖြင့် ချန်ကျိုးကို နှစ်သိမ့်ပေးခဲ့သည်။

“သူတို့ တွေ့ကြမှာပါ…”

ရလဒ်ကိုတော့ ရှန်းမူမူ အလွန် မအံ့ဩပေ။

ခံစားချက် တစ်ခုထက် ပိုသည်။

ချန်ကျိုးကို နှစ်သိမ့်ရင်း သူမရဲ့ ခံစားချက်တွေကိုလည်း တည်ငြိမ်အောင် လုပ်ဆောင်နေသည်။

သူမ ရင်ထဲ အပြစ်မကင်းသည့် ခံစားချက်များ လှိမ့်တက်နေသည်။

အကယ်၍ သူမသာ ယခုကမ္ဘာကို မကူးပြောင်းလာခဲ့ပါက မူလကိုယ်က မိသားစုနှင့် ပြန်ဆုံတွေ့ကာ အစ်ကိုနှင့် မောင်လေးဖြစ်သူ၏ ချစ်ခြင်းမေတ္တာကိုရရှိပြီး စာအုပ်ထဲက အဆုံးသတ်နှင့် ကွာခြားသည့် ဘဝကို နေထိုင်နိုင်မည် မဟုတ်ပါလား။

“တွေ့လား။”

ရှန်းမူမူက ရင်ထဲက မေးလိုက်သည်။

ကြည့်ပါဦး။ တစ်စုံတစ်ယောက်က နင့်‌အကြောင်း တွေးနေတယ်။

နင့်မိသားစုက နင့်ကို ရှာနေတယ်။

သူတို့ နင့်ကို အရမ်းချစ်ကြပါတယ်။

သူမရဲ့ စကားလုံးတွေက သူမရဲ့ ရင်ထဲ နစ်မြုပ်သွားခဲ့သည်။

တုံ့ပြန်မှု မရှိသည့် အခြေအနေတွင် သူမက သက်ပြင်းရှိုက်လိုက်သည်။

စာအုပ်ထဲ မည်သို့ ကူးပြောင်းလာကြောင်း သူမ မသိပေ။

သို့သော် သူမက ယခုနေရာနှင့် လုံးဝ ပေါင်းစပ်နေပြီဆိုတာကို သူမ သိသည်။

ချန်ကျိုး၏ ကြေကွဲနေသည့် ပုံရိပ်ကြောင့် သူမ ငိုချင်နေသည်။

သူတို့က တကယ်ပင် သွေးသားတော်စပ်သကဲ့သို့ ခံစားနေရသည်။

ရှန်းမူမူက မျက်တောင်ရှည်များ အောက်ချထားကာ မျက်ဝန်းထဲက အလင်းတန်းကို ဖုံးကွယ်ခဲ့သည်။

သူမက တိတ်တဆိတ်ပင် လေးလံသည့် ဆုံးဖြတ်ချက်ကို ချခဲ့သည်။

ရှန်းမူမူအစား သူမရဲ့ မိသားစုကို ချစ်ပေးရမည်။

ဒီအန်အေစစ်ဆေးရေးဌာနက ထွက်လာပြီး ကားပေါ်ရောက်သည့်အခါ ချန်ကျိုးက တည်ငြိမ်သွားပြီ ဖြစ်သည်။

ချန်ကျိုးက အမေရိကားက ချန်ရှင်းကို ဖုန်းခေါ်ဆိုခဲ့သည်။

သူက အကြောင်းစုံ ရှင်းပြခဲ့သည်။

တစ်ဖက်က ချန်ရှင်းက အစည်းအဝေးခန်းမထဲ ရောက်နေခြင်း ဖြစ်သည်။

ညီဖြစ်သူထံက ဖုန်းလက်ခံရရှိသည့်အခါ ချန်ရှင်းက ထိုင်ခုံက ထရပ်ကာ အ‌စည်းအဝေးခန်းထဲမှ ထွက်လာခဲ့သည်။

ရလဒ်ကို အကြိမ်ကြိမ် အတည်ပြုပြီးသည့်အခါ ချန်ရှင်းက ဖုန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ “သူနဲ့ ဖုန်းပြောချင်တယ်။”

ချန်ကျိုးက ရှန်းမူမူလက်ထဲ ဖုန်းလွှဲပြောင်းပေးခဲ့သည်။

ရှန်းမူမူက တစ်ခဏလောက် ကြက်သေသေသွားခဲ့သည်။

ချန်ကျိုးက ပြောလိုက်သည်။ “အစ်ကိုကြီးလေ၊ အစ်မ အသံ ကြားချင်လို့တဲ့။”

ရှန်းမူမူက ဖုန်းကို နားနားကပ်ကာ ပြောလိုက်သည်။ “ဟဲလို။”

တစ်ဖက်ရဲ့ အသက်ရှူသံ ခပ်တိုးတိုး ကြားလိုက်ရပြီး စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက် တစ်ဖက်မှ ဩရှသည့်အသံ ထွက်လာခဲ့သည်။ “မူမူလား။”

ရှန်းမူမူက တုန်လှုပ်သွားခဲ့သည်။

မိုင်ပေါင်းထောင်ချီ ဝေးနေသော်လည်း တစ်ဖက်လူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားရသည့် အသံကို သူမ ကြားနေရသည်။

ထိုစကားလေးပြောဖို့ကို နှစ်ပေါင်းများစွာ ပြင်ဆင်ထားပုံရသည်။

တစ်ဖက်လူ၏ ကြည်ရှင်းကာ ခပ်အေးအေးလေသံက ရှန်းမူမူရဲ့ ရင်ထဲ နွေးထွေးသွားစေခဲ့သည်။

ရှန်းမူမူက မသိလိုက်ခင်မှာပင် ပြုံးကာ ခေါ်လိုက်သည်။ “အစ်ကိုကြီး။”

ချန်ကျိုးက သူမရဲ့ ဘေးတွင် မိနစ်နှစ်ဆယ်လောက် စောင့်ဆိုင်းခဲ့သည်။

ရှန်းမူမူနှင့် အစ်ကိုကြီး စကားပြောနေသည်ကိုကြည့်ကာ သူလည်း အားတက်သရော ဝင်ပြောချင်ပေမယ့် သူ့စိတ်ကို ထိန်းချုပ်ထားလိုက်သည်။

ကိစ္စ မရှိပေ။

သူ၏ စကားနည်းသည့် အစ်ကိုကြီးက တစ်စုံတစ်ယောက်နှင့် ဖုန်းအကြာကြီးပြောနေသည်ကို တွေ့ရဖို့ ခဲယဉ်းသည်။

ယခင်တုန်းက အလွန်အရေးကြီးသည့် အလုပ်ကိစ္စတွေကိုပင် သူ့အစ်ကိုကြီးက အကျဉ်းချုပ်သာ ပြောဆိုခဲ့သည်။

သူနှင့်ဆိုလည်း စကားကို ( ၂ ) မိနစ်ထက် ပိုမပြောပေ။

( ၂ ) မိနစ်ကျော် စကားပြောဖူးပါက သူ အမှားပြုလုပ်ထားသဖြင့် ( ၂ ) မိနစ်ဆူရုံဖြင့် မလုံလောက်ဘူးဟု သူ့အစ်ကိုကြီးထင်လို့ဖြစ်မည်။

ထို့ကြောင့် ချန်ကျိုးက စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။

စကားတစ်လုံးဖြင့်ပင် ဝင်မနှောက်ယှက်ခဲ့ပေ။

ရှန်းမူမူ ဖုန်းပြောရင်း ပြုံးရယ်နေသည်ကိုလည်း သူ တွေ့ခဲ့သည်။

သူ့အစ်မက စကားပြောဆိုရင်း ပို‌ပျော်ရွှင်နေပုံရသည်။

ရှန်းမူမူက ရယ်သံခပ်ဖွဖွဖြင့် ပြောနေသည်ကို သူကြားလိုက်သည်။ “မလိုပါဘူး၊ ကျွန်မမှာ ပိုက်ဆံ အလုံအလောက် ရှိပါတယ်။”

“အစ်ကိုကြီး ကျွန်မတို့က အခုမှ စကားစပြောဖူးပေမယ့် ကျွန်မရဲ့ အစ်ကိုကြီး ဖြစ်နေတော့ ဒါကို မကြောက်မရွံ့ ပြောပြရဦးမယ်၊ ကျွန်မက အရမ်းချမ်းသာတာပါနော်။”

“စိတ်မပူပါနဲ့၊ ကျွန်မက အသက် ( ၂၈ ) နှစ် ရှိနေပြီလေ၊ ကလေး မဟုတ်တော့ပါဘူး။”

ချန်ကျိုးက နားထောင်ရင်း ပြုံးနေသည်။

သူ့အစ်ကိုကြီး ပြောသည့် စကားတွေကို သူ ခန့်မှန်းမိသည်။

သူ့အစ်ကိုကြီး၏ မျက်လုံးထဲတွင် သူတို့အားလုံးက ကလေးသာ ရှိသေးသည်။

အစ်ကိုကြီးနှင့် ကြီးပြင်းလာသည့် ညီငယ်လေးက မသိတတ်စွာ ပြဿနာတွေ ရှာခဲ့ဖူးသည်။

သူမကတော့ ညီမလေးတစ်ယောက် ဖြစ်နေကာ အစ်ကိုဖြစ်သူ၏ ဂရုစိုက်မှုကို လိုအပ်သည်ဟု သူ့အစ်ကိုကြီး၏ မှတ်ဉာဏ်ထဲ ထင်မြင်နေသည်။

ချန်ကျိုးက ထိုင်ခုံကိုမှီပြီး သက်ပြင်းချလိုက်သည်။

ဆောင်းဦးရာသီ၏ လေများက ကားထဲဝင်ရောက်နေသည်။

ဆောင်းဦးလေက လူကို ဆွေးမြေ့သည့် ခံစားချက် ရစေသော်လည်း သူ့အတွက် အလွန်ချိုမြိန်နေသည်။

ရှန်းမူမူက ပေါ့ပါးစွာ ဖုန်းပြောနေသည်။

“အိမ်မလိုချင်ပါဘူး၊ အသက်ငယ်ငယ်လေးနဲ့ မြေပိုင်ရှင် မဖြစ်ချင်သေးဘူး။”

“အစ်ကိုကြီး ထပ်မပြောနဲ့တော့နော်၊ မဟုတ်ရင် ပိုက်ဆံရဲ့ မြူဆွယ်တဲ့ဒဏ်ကို မခံနိုင်ဘဲ အလုပ်မလုပ်ဘဲ ချက်ချင်း အနားယူမိလိမ့်မယ်။”

“အလုပ်တွေပြီးရင် ပြန်လာဦး၊ အဲ့အချိန်ကျ တွေ့ပြီးတော့ စကားတွေ အများကြီး ပြောကြရအောင်။”

“အစ်ကိုကြီး သိလား။ ချန်ကျိုးက ပြောတယ်၊ အစ်ကိုကြီးက ခပ်ခွာခွာနေတတ်တယ်၊ ခက်ထန်ပြီး ချောမောတယ်တဲ့၊ ကျွန်မ အမြင်ကတော့လေ အရှေ့နှစ်ချက်က မဖြစ်နိုင်ဘူးလို့ထင်တယ်၊ နောက်ဆုံးတစ်ချက်ကတော့ ကြံဖန်ပြောဆိုတာ မဖြစ်နိုင်ဘူး။”

ချန်ကျိုးက အသံထွက်အောင် ရယ်မောလိုက်သည်။

ဘုရားရေ။

တစ်စုံတစ်ယောက်က သူ့အစ်ကိုကြီးကို ယခုလို ပြောဆိုရဲတာကို ယခုမှ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။

ယခုဆိုလျှင် သူ့အစ်ကိုကြီးက မည်သည့်အမူအရာဖြစ်နေမည်ကို သူ မခန့်မှန်းနိုင်ပေ။

အချိန်အနည်းငယ်ကြာပြီးသည့်နောက်တွင် ရှန်းမူမူက ဖုန်းပြောလို့ပြီးသွားပြီဖြစ်သည်။

ချန်ကျိုးကို ဖုန်းပြန်ပေးသည့်အချိန်တွင် ဖုန်းအား ( ၃ ) ရာခိုင်နှုန်းသာ ကျန်တော့သည်။

ရှန်းမူမူက သူ့ကိုကြည့်ပြီး ပြုံးကာ မေးခဲ့သည်။ “ချန်ကျိုး ငါတို့အစ်ကိုကြီးက အေးတိအေးစက်နဲ့ ကြမ်းတမ်းခက်ထန်ပြီး စကားနည်းတဲ့ ဥက္ကဌကြီးဆိုတာ ဟုတ်ရဲ့လား။”

“ဒီနေ့ မတိုင်ခင်အထိတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် အခုတော့…” ချန်ကျိုးက ခေါင်းခါလိုက်သည်။ “မသေချာတော့ဘူး။”

စကားဆုံးသည်နှင့် တစ်ဦးကို တစ်ဦးကြည့်လိုက်ပြီး ကားထဲတွင် ရယ်သံများ ပြည့်နှက်သွားခဲ့လေသည်။

***

All Chapters