← Chapters

အခန်း (၁၅၆-၁၅၈)

Vol. 13 Ch. 156-158

အခန်း (၁၅၆-၁၅၈)

Vol. 13 Ch. 156-158

အခန်း (၁၅၆ ) - သိတတ်တဲ့ ချီအာလေး

သတင်းက ရက်အနည်းငယ်အတွင်း တဖြည်းဖြည်းဖြင့် တခြားလူများထံ ပြန့်သွားခဲ့သည်။

ချီမော့ အရင်ဆုံး သိရသူဖြစ်ကာ ရလဒ်က သူထင်ထားသကဲ့သို့ ဖြစ်သည်။

ထို့နောက်တွင် မဒမ်ချောင်နှင့် ဖုန်းယောင်ချင်တို့ သိသွားခဲ့သည်။ ချန်မိသားစုရဲ့ မိဘတွေ စောစီးစွာ ကွယ်လွန်သွားသည်ကို စိတ်မကောင်းဖြစ်ရပြီး ရှန်းမူမူ သူမ မိသားစုကို ပြန်ရှာတွေ့သည့်အတွက် ပျော်ရွှင်မိကြသည်။

ချောင်လီက ထိုကိစ္စကို ချန်ကျိုးထံမှ သိခဲ့ကာ တစ်နေ့လုံး အံ့ဩနေသည်။

ချောင်လီက ချန်ကျိုးကို ပြောလိုက်သည်။ “ရှင်နဲ့ ရှင့်အစ်မမှာ တူညီတဲ့ အပြုအမူတွေ ရှိနေတာ မဆန်းတော့ပါဘူး။ အထူးသဖြင့် တွေဝေနေတဲ့အချိန်တို့ လမ်းပျောက်နေတဲ့အချိန်တို့ပေါ့၊ တစ်ကယ်ကို တစ်ပုံစံတည်းပဲ။”

ချန်ကျိုးက တောင့်တင်းသွားကာ စကားထဲမှ အဓိကအချက်ကို ဖမ်းဆုပ်မိခဲ့သည်။

ချန်ကျိုးက မေးလိုက်သည်။ “မင်းက ငါ့ရဲ့ အပြုအမူလေးတွေကအစ လိုက်ကြည့်နေတာလား၊ တကယ်ကြီးလား။”

“....” ချောင်လီက ခဏလောက် တောင့်ခဲသွားပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။ “စကားလမ်းကြောင်း လွဲနေပြီ၊ ကျွန်မ လေ့ကျင့်ဖို့ သွားတော့မယ်။”

ချီမိသားစုထဲတွင် ထိုသတင်းကိုကြားသိရသည့်အခါ ချီရှောင်ပိုင်၏ အမူအရာက အထူးဆန်းဆုံး ဖြစ်သည်။

သူက မျက်မှောင်ကြုတ်လိုက်သည်။

သူက ခဏလောက် တွေးတောပြီး ခေါင်းငြိမ့်ကာ သူ့ကိုယ်သူ ပြောနေသည်။ “ဖြစ်နိုင်တယ်…ဖြစ်နိုင်တယ်…”

ထိုသို့ပြောပြီးသည်နှင့် တောက်ခတ်ပြီး သူ့ပုံစံက နောင်တရနေပုံရသည်။

သူက ခေါင်းခါကာ ပြောလိုက်သည်။ “နှမြောစရာကောင်းလိုက်တာကွာ။”

ရှန်းမူမူက ရှုပ်ထွေးနေကာ ချီရှောင်ပိုင်၏ ဆိုလိုရင်းကို နားမလည်ပေ။ သူမက မေးလိုက်သည်။ “ဘာတွေ ဖြစ်နိုင်ပြီး ဘာတွေ နှမြောနေတာလဲ၊ ဘာတွေပြောနေတာလဲ ချီအာ။”

ချီရှောင်ပိုင်က ကြည့်လိုက်သည်။ “ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျားရဲ့ အစ်ကို၊ အစ်ကိုမဟုတ်ဘူး ရှန်းလဲ့ဆိုတဲ့တစ်ယောက်လေ၊ သူ့ကို နာနာလေး မကန်လိုက်ရတာကို နောင်တရနေတာ၊ အတိတ်ကို ပြန်သွားပြီး အဲ့ထက်ပိုပြီးနာအောင်ကန်ပစ်ချင်လိုက်တာ။”

ထိုစကားက ရှန်းမူမူရဲ့ ရင်ထဲ ထိသွားကာ သူမက ပြုံးလိုက်သည်။

ရှန်းမူမူက သိတတ်လွန်းသည့် ချီရှောင်ပိုင်ကို ချီးကျူးရန် ပြင်လိုက်သော်လည်း တကယ်တမ်း သူမ ထုတ်ပြောလိုက်သည့်အခါ စနောက်သည့်ပုံပေါက်သွားခဲ့သည်။

“ချီအာက ဒီလိုမျိုး သူများဘက်ကနေ ရပ်တည်ပေးဖို့ စိတ်အားထက်သန်နေမယ်လို့ မထင်မိခဲ့ဘူး၊ ကျောင်းမှာလည်း အမှန်တရားဘက်က ရပ်တည်ဖို့ ရန်ဖြစ်နေလား။”

ချီရှောင်ပိုင်က ဘေးသို့ ငဲ့ကြည့်ပြီး မေးပင့်လိုက်သည်။

သူက ပျင်းရိသည့် လေသံဖြင့် ပြောလိုက်သည်။ “လူအပေါ် မူတည်တယ်လေ၊ ကျွန်တော်က သူများကိစ္စထဲ သိပ်ပါတတ်တဲ့လူ မဟုတ်ဘူး။”

ရှန်းမူမူက ပို၍ပင် ရင်ထဲထိသွားခဲ့သည်။

သူမ၏ မျက်ဝန်းထဲတွင် နူးညံ့မှုတို့အရိပ်အယောင်တို့ ပြည့်နှက်နေသည်။

လိမ္မာရေးခြားရှိပြီး ကျောင်းစာတွင် အာရုံစိုက်ကာ သိတတ်သည့် သားဖြစ်သူကို ရရှိထားသည့် ခံစားချက်က အံ့ဖွယ်ကောင်းသည်။

သူမက ခြေတစ်လှမ်း တိုးပြီး ချီရှောင်ပိုင်၏ မျက်နှာကို အနားဆွဲလိုက်သည်။

သူမက ချီးကျူးလိုက်သည်။ “ချီအာ လိမ္မာလိုက်တဲ့ကောင်လေး ငါ့ဘက်ကနေ ရပ်တည်ပေးဖို့ တွေးနေတာပဲ။”

ချီရှောင်ပိုင်က ကြက်သေသေသွားခဲ့သည်။ “.....”

လွန်ခဲ့သည့်တစ်စက္ကန့်က သူသည် အေးစက်ပြီး စိတ်မရှည်သော အကြည့်ဖြင့် မိုးကောင်းကင်ကို ပျင်းရိစွာ ကြည့်နေခဲ့ပါသေးသည်။

ယခုအချိန်မှာတော့ သူ့မျက်လုံးအိမ်များ ရုတ်တရက် တင်းကြပ်လာခဲ့သည်။

သူက အထိတ်တလန့် ပြောလိုက်သည်။ “ဘာလုပ်တာလဲ။”

သူ မျက်မှောင်ကြုတ်ထားသည်ကို ရှန်းမူမူ တွေ့လိုက်ရသည်။

ရှန်းမူမူက ဆုပ်ကိုင်ထားသည်ကိုလွှတ်ပေးလိုက်ပြီး ခွေးပေါက်လေးတွေကို စနောက်သကဲ့သို့ မေးစေ့ကို နှစ်ချက်ပွတ်ပေးလိုက်သည်။

“ငါတို့အိမ်က အလိမ္မာတုံးလေးပဲ။”

ချီရှောင်ပိုင် - “....”

သူက တွေးလိုက်သည်။ “အနားတိုးမလာပါနဲ့တော့။”

ရှန်းမူမူက သူ့ကိုကြည့်ကာ နွေးထွေးစွာ ပြုံးလိုက်သည်။ “ညစာ ဘာစားချင်လဲ၊ ငါကိုယ်တိုင် ချက်ကျွေးမယ်၊ ခရုခေါက်ဆွဲ မစားတော့ဘူး။”

ချီရှောင်ပိုင်က ခေါင်းကို အနောက်ဆုတ်လိုက်သည်။

ရှန်းမူမူထံက မိခင်မေတ္တာကို ရလိုက်တော့ စိတ်မသက်မသာ ခံစားနေရသည်။

သူက အကြည့်ကို ပြန်ရုတ်သိမ်းပြီး ဂုတ်ပိုးကို ပွတ်သပ်နေသည်။

သူက သူ့အခန်းဆီ ဦးတည်လိုက်ရင်း ပြောလိုက်သည်။ “ဗိုက်မဆာဘူး၊ အခန်းထဲပြန်ပြီး စာလုပ်တော့မယ်။”

စကားဆုံးသည်နှင့် ချီရှောင်ပိုင်က ခြေလှမ်းသွက်လိုက်ပြီး အခန်းထဲဝင်သွားခဲ့သည်။

ချီရှောင်ပိုင်က အခန်းတံခါးကိုပိတ်ပြီး လွယ်အိတ်ကို ထိုင်ခုံပေါ် ပစ်တင်လိုက်သည်။

သူက ရှန်းမူမူ ဆွဲခဲ့သည့် သူ့ပါးကို ထိလိုက်သည်။

အား... တကယ်ကို နာအောင် ဆွဲခဲ့တာပဲ။

မိခင်မေတ္တာ ခံစားရပေမယ့် ဒါကတော့ များသွားပြီ။

ရှန်းမူမူက ဧည့်ခန်းတွင် ရပ်နေပြီး ကြင်နာစွာ ပြုံးကာ ချီရှောင်ပိုင်၏ ရှက်နေသည့် အမူအရာကို ပြန်တွေးပြီး ရယ်နေသည်။

သူမက ဖုန်းထုတ်ကာ ချီမော့နှင့် စကားပြောဖို့လုပ်နေသည့်အချိန်မှာပင် အခန်းတံခါးဖွင့်သံကို ကြားလိုက်ရသည်။

ချီရှောင်ပိုင်က ပျင်းရိစွာ ပြောလာသည်။ “ခင်ဗျား တစ်ခုခု ချက်ချင်တယ်ဆိုလည်း ခေါက်ဆွဲပဲလုပ်လိုက်၊ မျက်နှာမပျက်ရအောင် နည်းနည်းစားပေးမယ်။”

စကားဆုံးသည်နှင့် တံခါးပြန်ပိတ်သွားခဲ့သည်။

ရှန်းမူမူက ဆွံ့အနေသည်။ “....”

သူမ မသိတော့ပေ။

ဒီကလေးက ဖျက်လို့ ဖျက်ဆီး မလုပ်ရရင် သေမှာလား မသိဘူး။

ရှန်းမူမူက မြိုသိပ်ထားတတ်သည့်လူ မဟုတ်ပေ။

သူမက ချင်ကျားမူနှင့် စုထင်းရန်ကို ဖြစ်ခဲ့သမျှကိစ္စတွေကို စာပို့လိုက်သည်။

သူတို့က ယခု သူငယ်ချင်းကောင်းဖြစ်သဖြင့် ပြောပြသင့်သည်ဟု သူမ ထင်သည်။

ချင်ကျားမူက စာရသည်နှင့် ချက်ချင်း ရောက်လာခဲ့သည်။

သူမက ရှန်းမူမူရှေ့က ထိုင်ခုံကို ယူထိုင်ကာ စကားပြောခဲ့သည်။

ခဏကြာပြီးသည့်နောက်တွင် ချင်ကျားမူက ပြောလိုက်သည်။ “နင်တို့မောင်နှမ သုံးယောက်ရဲ့ နာမည်က စိတ်ဝင်စားစရာကောင်းသားပဲ၊ တစ်ယောက်က ရှင်း၊ တစ်ယောက်က ကျိုး၊ တစ်ယောက်က မူ။”

ရှန်းမူမူက မျက်လုံးတွေက တောက်ပသွားသည်။ “ဟုတ်သားပဲ။ အစ်မသာ မပြောရင် သတိထားမိမှာ မဟုတ်ဘူး။”

ချင်ကျားမူက ပြောလိုက်သည်။ “ရွှေ၊ သစ်သား၊ ရေ၊ မီးနဲ့ ကမ္ဘာမြေကြီး၊ နင်တို့သုံးယောက်နာမည်က သူတို့တွေကို ရှင်းပြထားတာပဲ။”

ရှန်းမူမူက ပြောလိုက်သည်။ “ညီမနာမည် တစ်ခုတည်းက အဲ့ထဲက ( ၂ ) ခုကို ကိုယ်စားပြုတာနော်။”

ချင်ကျားမူက ပြောလိုက်သည်။ “နင့်မိဘတွေက နာမည်ပေးတော်သားပဲ၊ နင့်အစ်ကိုကြီး နာမည်ကိုပဲကြည့်လေ ရွှေဆိုတဲ့ ရှင်း ပါတော့ နာမည်အတိုင်းပဲ အရမ်းချမ်းသာတယ်။”

ရှန်မူမူက ပြောလိုက်သည်။ “တကယ်လား။”

ချင်ကျားမူက စားပွဲထက်တွင် ရေးဆွဲလိုက်သည်။ “ထပ်ကြည့်ရအောင် ချန်ကျိုးက မီး ကိုယ်စားပြု၊ သူ့အကျင့်စရိုက်နဲ့လိုက်တယ်လေ၊ တက်ကြွတယ်၊ ရွှင်လန်းတယ်။”

“အင်း။” ရှန်းမူမူက ခွဲခြမ်းစိတ်ဖြာလိုက်သည်။ “ညီမနာမည် မူမှာ အစက် ( ၃ ) စက်ပါတော့ ရေကို ကိုယ်စားပြုပြီး ရေလို နူးညံ့တယ်။”

“နေပါဦး၊ ရေလို နူးညံ့တယ် ဟုတ်လား။” သူမရဲ့ စကားမဆုံးသေးခင်မှာပင် ချင်ကျားမူက ဖြတ်ပြောလိုက်သည်။ “မူမူ ကိုယ့်ဘာသာ အထင်မှားနေတာလား။”

ရှန်းမူမူက မျက်တောင်ခတ်လိုက်သည်။ “အမ်... ညီမက မနူးညံ့ဘူးလား၊ တစ်ခါတစ်လေ အရမ်းနူးညံ့တယ်လေ။”

မနေ့ညက ချီရှောင်ပိုင်အတွက် ညစာချက်ပေးနေတုန်း သူမကိုယ်သူမ မှန်ထဲပြန်မြင်လိုက်ရသည့်အချိန်တွင် သူမက နူးညံ့ကာ မိခင်မေတ္တာပြည့်ဝနေသည်ဟု ခံစားရသည်။

“နင်က…” ချင်ကျားမူက သက်ပြင်းချပြီး တံခါးဆီလျှောက်သွားပြီး နောက်ပြန်လှည့်ကြည့်ပြီး ပြောလိုက်သည်။ “နင်က သစ်သားတုံးနဲ့တူတယ်။”

ရှန်းမူမူ - “....”

“အစ်မကျားမူ ခဏလေး။” ရှန်းမူမူက ချင်ကျားမူကို အနောက်မှ လှမ်းဆွဲလိုက်သည်။

“ညီမရဲ့ ဘယ်နားက သစ်သားတုံးနဲ့ တူတာလဲ။”

လူတွေက သူမကို အမှန်အတိုင်း ပြောသည်ကို လက်မခံနိုင်ပေ။

ချင်ကျားမူက သူမကို အထက်အောက် အပြန်အလှန်ကြည့်ပြီး ပြုံးကာ ဘာမှ မပြောခဲ့ပေ။

ချင်ကျားမူက တွေးကြည့်ရုံဖြင့် သက်သေများစွာကို ပြန်တွေးမိသည်။

ဥပမာအားဖြင့် တစ်ခါက ရှန်းမူမူ၊ စုထင်းရန်တို့ဖြင့် ဈေးဝယ်ထွက်သည့်အချိန်ဖြစ်သည်။

အမျိုးသမီး အဝတ်အထည်တန်းကို သွားပြီးသည့်အခါ သူမနှင့် စုထင်းရန်က အမျိုးသား အဝတ်အထည် ရောင်းချသည့် နေရာအနားသို့ သွားကာ သူတို့ ခင်ပွန်းအတွက် ဝယ်ပေးရန် ပြင်ခဲ့သည်။

ရှန်းမူမူက သူတို့နောက်လိုက်နေကာ မည်သည့်ပစ္စည်းမှ ရွေးချယ်ခြင်း မရှိဘဲ ဖုန်းသာ သုံးနေသည်။

သူတို့က ရှန်းမူမူကို မေးလိုက်သည်။ “ဒီရောက်နေမှတော့ ဘာမှ မဝယ်ဘူးလား။”

ရှန်းမူမူက ပြောလိုက်သည်။ “အမ်….သူ့ဘာသာ ဝယ်လို့ ရတာပဲ။”

ချင်ကျားမူနှင့် စုထင်းရန်က စိတ်ရှုပ်ထွေးသွားဟန်ဖြင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်သည်။

သူ့ခင်ပွန်းကို အတွင်းခံ ဝယ်ပေးဖို့ ဘာလို့ ရှက်နေတာလဲ။

နောက်တစ်ခုက စိတ်ထဲပေါ်လာခဲ့သည်။

သူတို့သုံးဦးသား စုထင်းရန်၏ အိမ်တွင် ဝိုင်နီသောက်ကာ ညဉ့်နက်သည့်အထိ စကားပြောခဲ့သည်။

ဝိုင်အနည်းငယ် ပိုဝင်လာပြီးသည့်နောက်တွင် သူတို့၏ စကားတွေက ပိုရဲတင်းလာခဲ့သည်။

သူတို့တွေက အိမ်ထောင်သည်တွေဖြစ်သဖြင့် မသင့်လျော်သည့်စကားများလည်း ပြောဆိုခဲ့ကြသည်။

ရှက်တတ်ကာ နူးညံ့သည့် စုထင်းရန်ပင် လိုက်လျောညီထွေဖြစ်စွာ ပြောဆိုခဲ့သည်။

သို့သော် ရှန်းမူမူက မည်သို့မေးမေး ဖြေရန် တုံ့ဆိုင်းနေသည်။

နောက်ဆုံးတွင် သန့်စင်ခန်းသွားမည်ဟု ဆင်ခြေပေးကာ ထွက်သွားခဲ့သည်။

အိမ်ထောင်သည် ချင်ကျားမူနှင့် စုထင်းရန် နှစ်ယောက်စလုံး နားမလည်တော့ပေ။

အိမ်ထောင်ပြုပြီးတာ အချိန်ကြာနေပြီဖြစ်တာတောင် ရှန်းမူမူက ဘာလို့ ရှက်နေရသေးတာလဲ။

သူတို့ စဉ်းစားတွေးတောပြီးသည့်နောက်တွင် ကောက်ချက်ချလိုက်သည်။

ရှန်းမူမူက သစ်သားတုံးပဲ။

ရုတ်တရက် ဖုန်းဝင်လာသည့်အခါ ချင်ကျားမူ၏ အတွေးတွေ ပြတ်တောက်သွားခဲ့သည်။

ရှန်းမူမူ၏ ဖုန်းလာနေခြင်း ဖြစ်သည်။

ရှန်းမူမူက ချင်ကျားမူ၏ ရှေ့တွင် ဖုန်းကိုင်လိုက်သည်။ “ထင်းရန် ခေါ်တာ၊ အချိန်ကိုက်ပဲ။ ညီမက သစ်သားတုံးလား ရေလားဆိုတာ သူ့ကို ဆုံးဖြတ်ခိုင်းရမယ်။”

ရှန်းမူမူက ပြုံးကာ ပြောလိုက်သည်။ “ထင်းရန်….”

သူမ၏ စကားမဆုံးသေးခင်မှာပင် စုထင်းရန်၏ ဝမ်းနည်းသည့် အသံကို ကြားလိုက်လေသည်။ “မူမူ…ငါ့ယောကျာ်းမှာ ပြဿနာရှိနေပြီ။”

***

အခန်း (၁၅၇ ) - အစပိုင်းတွင် လှပကာ အဆုံးသတ် ဆိုးရွားခြင်း

ရှန်းမူမူနှင့် ချင်ကျားမူက လျင်မြန်စွာပင် စုထင်းရန်၏ အိမ်သို့ ရောက်သွားခဲ့သည်။

အိမ်တွင် အိမ်အကူများ တစ်ယောက်မှ မတွေ့ပေ။ စုထင်းရန် ကိုယ်တိုင် တံခါးလာဖွင့်ပေးသည်။

သူမရဲ့ မျက်ဝန်းထဲ မောပန်းနွမ်းလျသည့်ပုံရိပ်ထင်ဟပ်နေကာ သူမ၏ မျက်ဝန်းတွေလည်း နီမြန်းနေပြီး ကောင်းကောင်း အနားယူထားပုံ မရပေ။

သူမ၏ အသံက နွမ်းလျနေသည်။

“အိမ်အကူတွေကို နားရက် ခဏပေးထားတယ်။”

ထိုစကားကြားတော့ ချင်ကျားမူနှင့် ရှန်းမူမူက အကြည့်ချင်း ဖလှယ်လိုက်သည်။

ဒီအခြေအနေက သာမာန်မဟုတ်ကြောင်း ခံစားမိလိုက်သည်။

စုထင်းရန်ထံ အလည်လာသည့် တစ်လျှောက်လုံးတွင် စုထင်းရန်နှင့် သူမ ခင်ပွန်းတို့ နားလည်မှုလွဲမှားနေသလားဟု သူတို့ ထင်မြင်ယူဆခဲ့သည်။

ယခုတော့ စုထင်းရန်၏ အခြေအနေနှင့် အိမ်အကူတွေ မရှိသည်ကိုကြည့်ကာ သူတို့ စိတ်မသက်မသာ ခံစားလိုက်ရသည်။

ဒါက သာမာန် နားလည်မှုလွဲသည့် ပြဿနာ မဟုတ်နိုင်ပေ။

သူတို့သုံးဦးက ဒုတိယခန်းက ဧည့်ခန်းထဲက ဆိုဖာထက်တွင် ဝင်ထိုင်လိုက်ကြသည်။

စုထင်းရန်က ယခုနေရာကို သူမ နေရာပေါင်းစုံက ဝယ်လာသည့် ဖန်ခွက်များကို စားပွဲထက် အလှဆင်ထားပြီး ကြမ်းခင်းကို သိုးမွေးကော်ဇောခင်းထားကာ နေရာလေးကို နွေးထွေးအောင် ပြင်ဆင်ထားသည်။

သို့သော် ယနေ့က အမျိုးသမီးတွေ စုဝေးကာ စကားပြောဆိုကြမည့် ညမျိုး မဟုတ်ပေ။

လေထုက လေးလံကာ တင်းကြပ်နေသည်။

ယခင်က နွေးထွေးကာ နူးညံ့စွာ စီစဉ်ထားသည့် အရာက ထိလိုက်လျှင် ပြိုတော့မည့်ဟန်ဖြစ်ပေါ်နေသည်။

စုထင်းရန်က အဝတ်အစား အပါးလေးကိုသာ ဝတ်ထားသည်ကိုတွေ့တော့ ရှန်းမူမူက လက်ဖက်ရည်ပူတစ်ခွက် ငှဲ့ကာ ကမ်းပေးလိုက်သည်။

ရှန်းမူမူက စောင်ပါးတစ်ထည်ဖြင့် သူမရဲ့ ခြေထောက်ကို ခြုံပေးလိုက်သည်။

ရှန်းမူမူက အကုန်လုံး လုပ်ကိုင်ပေးပြီးသည့်အခါ သူမက မေးလိုက်သည်။ “ထင်းရန် ဘာတွေဖြစ်ခဲ့တာလဲ။”

စုထင်းရန်က လက်ဖက်ရည်ခွက်ပူပူကို ကိုင်ထားသော်လည်း သူမရဲ့ နှလုံးသားထဲမှာ အေးစိမ့်နေသည်။

“မနေ့က သူ မြို့ထဲသွားခဲ့တယ်။” စုထင်းရန်က ခေါင်းကို အနည်းငယ် အောက်ငုံ့ကာ ပြောလိုက်သည်။ “သူ တစ်ယောက်တည်း သွားတာ မဟုတ်ဘူး၊ မိန်းမ တစ်ယောက်လည်း ပါတယ်။”

စိတ်မရှည်သည့် ချင်ကျားမူက ထိုစကားကိုကြားတော့ အံ့အားသင့်စွာ ပြောလာလေသည်။ “နင်သိသွားတော့ သူက လျှို့ဝှက်ထားဖို့ ရည်ရွယ်ချက် မရှိဘဲ ပြောပြခဲ့တယ်ပေါ့လေ။”

“အင်း။” စုထင်းရန်၏ အသံက တိုးလျနေသည်။ “ငါတို့လက်ထပ်ထားတာ ကြာပြီ၊ အချစ်တွေလည်း ကုန်ဆုံးသွားပြီမလို့ သူက ကွာရှင်းချင်တယ်တဲ့။”

“ဘယ်လိုကောင်လဲ။” ချင်ကျားမူက ပြင်းထန်စွာ မှတ်ချက်ပြုလိုက်သည်။ “အရှက်မရှိတဲ့ကောင်။”

စုထင်းရန်က တိတ်ဆိတ်သွားပြီးမှ သူမတို့ဇာတ်လမ်းကို ပြန်ပြောပြခဲ့သည်။

ဘွဲ့ရပြီးသည့်နောက်တွင် စုထင်းရန်က စုန့်ယွဲ့နှင့် လက်ထပ်ခဲ့သည်။

ထိုအချိန်တုန်းက တခြား‌သူတွေ၏ အမြင်တွင် သူတို့က အားကျဖွယ်စုံတွဲ ဖြစ်ခဲ့သည်။

ဟန်းနီးမွန်းထွက်သည့်အချိန်တွင် ချိုမြိန်လှသည့် အချိန်လေးတွေ ပိုင်ဆိုင်ခဲ့သည်။

နောက်ပိုင်းတွင် စုန့်ယွဲ့၏ ကုမ္ပဏီက ပိုမိုကြီးမားလာကာ နိုင်ငံခြားပရောဂျက်များ များလာသည်။

တစ်နှစ်ကို သုံးလထက် ပို၍ အတူတူ မရှိနိုင်ခဲ့ပေ။

တစ်ဦးက အိမ်မှုကိစ္စကို အာရုံစိုက်ကာ တစ်ဦးက စီးပွားရေးကို အာရုံစိုက်ဖို့ သဘောတူခဲ့ကြသည်။

စုန့်ယွဲ့က စီးပွားရေးလုပ်ကာ ငွေရှာပြီး မိသားစုကို ထောက်ပံ့ပေးသည့်အချိန်တွင် စုထင်းရန်က မြို့တော်တွင်နေခဲ့ကာ အိမ်ထောင်ရေးနှင့် စုန့်မိသားစုကိုပါ စောင့်ရှောက်ခဲ့သည်။

စုန့်မိသားစုက ဆွေမျိုးများကာ တစ်ဦးချင်းစီတိုင်းက စုန့်ယွဲ့ကို မှီခိုနေရသည်။ သူတို့က မကြာခဏ ပြဿနာရှာလေ့ ရှိကာ အငယ်မျိုးဆက်များ ရှာထားသည့် ပြဿနာများကို စုန့်ယွဲ့အား ဖြေရှင်းခိုင်းလေ့ ရှိသည်။

နူညံ့သိမ်မွေ့သည့် စုထင်းရန်က ပြဿနာများ ပြေလည်အောင် လုပ်ဆောင်ရင်း ပြဿနာရှာတတ်သည့် ဆွေမျိုးများ စုန့်ယွဲ့၏ ဘဝတက်လမ်းကို မနှောက်ယှက်နိုင်အောင် တားဆီးပေးခဲ့သည်။

စုန့်ယွဲ့၏ လုပ်ငန်း ပိုမိုအောင်မြင်လာလေလေ သူတို့ကြားက ဆက်ဆံရေးက ပိုဝေးကွာသွားလေ ဖြစ်လာသည်။

စုထင်းရန်က အချိန်အကြာကြီး အတူတူရှိလာသည့်စုံတွဲတွေက အချိန်ကြာလာလျှင် ပြောစရာစကားနည်းပါးသွားသည်မှာ ပုံမှန်ဖြစ်သည်ဟု သူမ ထင်ခဲ့သည်။

ကိုယ့်ဘာသာ နားလည်ပေးရင်း၊ ဖြည့်တွေးပေးရင်း အဖြေကို ရှာဖွေခဲ့သည်။

သူမ၏ ခင်ပွန်း မြို့တော်ကို ပြန်မလာခင်အချိန်အတွင်း စားသောက်ဆိုင်တစ်ခုတွင် ရိုမန်တစ်ဆန်ဆန် အံ့အားသင့်ဖွယ်လေးကို ပြင်ဆင်ထားပြီး ယခင်ဆက်ဆံရေးအတိုင်း ပြန်လည်ရရှိရန် ခရီးတိုလေးထွက်ဖို့ကိုလည်း သူမ ပြင်ဆင်ထားခဲ့သည်။

ထိုစကားတွေကြားတော့ ရှန်းမူမူက သက်ပြင်းချလိုက်သည်။

သူမနှင့် စုထင်းရန် ပြောခဲ့သည့် စကားကို သူမ မှတ်မိနေသေးသည်။

တရုတ်နှစ်သစ်ကူး စုထင်းရန်၏ အမျိုးသား ပြန်လာသည့်အခါတုန်းက သူမ လာလည်ကာ စုထင်းရန်အပေါ် စုန့်ယွဲ့၏ ခံစားချက်များကို ကိုယ်စားရှာဖွေပေးမည်ဟုပင် သူမ ပြောခဲ့သေးသည်။

ယခုတွင်မူ နှစ်ကူးမရောက်ခင် ဆောင်းဦးမှာပင် စုထင်းရန်တို့၏ အိမ်ထောင်ရေးက ပြိုကွဲလုနီးပါးဖြစ်နေပြီဖြစ်သည်။

စုထင်းရန်၏ ဇာတ်ကြောင်းအရ ရှန်းမူမူ ခံစားသိရှိနိုင်သည်။

လှပစွာ စတင်ခဲ့သည့် အိမ်ထောင်ရေးက တဖြည်းဖြည်း ပြိုလဲသွားပြီဖြစ်သည်။

ရှန်းမူမူက စိတ်မကောင်းဖြစ်နေသည်။

ချင်ကျားမူနှင့် စုထင်းရန်၏ အမြင်တွင် ယခုခေတ် အိမ်ထောင်ရေး အခြေအနေက ယခုလိုသာဖြစ်ကြောင်း ထင်မြင်နေသည်။

သို့သော် ရှန်းမူမူအတွက်ကမူ သူမက အိမ်ထောင်မပြုဖူးသလို ရိုမန့်တစ်ဆန်သည့် ချစ်သူရည်းစား ဆက်ဆံရေးလည်း မရှိဖူးခဲ့ပေ။

ထိုစကားတွေ ကြားပြီးသည့်နောက်တွင် သူမ တုန်ရီသွားခဲ့သည်။

ရင်းနှီးသည့်ချစ်သူရည်းစားဆက်ဆံရေးကို သူမ ပြန်လည်ချင့်ချိန်လိုက်သည်။

အချင်းချင်း ပိုနီးကပ်လာသည့်အခါ အစဦးပိုင်းက ဖြစ်ပေါ်တတ်သည့် ရင်ခုန်စိတ်လှုပ်ရှားမှုများက လျော့နည်းသွားတတ်သည်။

ထိုအရာတွေက အချိန်ကြာလာသည့်အခါ အရေးမပါသည့် အသေးအဖွဲ့များ ဖြစ်သွားတတ်သည်။

အမျိုးသားနှင့် အမျိုးသမီး နေ့စဉ် တွေ့မြင်နေရသည့်အခါ သာမာန်ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်သွားသည်။

အချိန်အကြာကြီး အတူတူ ရှိခဲ့ပြီး ငြီးငွေ့မသွားခြင်းက ပထမဆုံးတွေ့ဆုံသည့်အချိန်က ရခဲ့သည့် စိတ်လှုပ်ရှားသည့် လူတစ်ဦး၏ နှလုံးသားကို စမ်းသပ်ခြင်း ဖြစ်ပေသည်။

ရှန်းမူမူက သူမ ရင်ထဲ ဆို့တက်လာသည့် ဗလာသက်သက် ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့ပေ။ သူမ၏ ရှုပ်ထွေးနေသည့် ခံစားချက်ကို ဖုံးကွယ်ရန် လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။

“မနေ့က အဲဒီမိန်းမနဲ့ ပတ်သက်ပြီး သူ ဝန်ခံခဲ့တယ်။” စုထင်းရန်က နောက်ဆုံးတွင် သူမ အနာကျင်ရဆုံးအပိုင်းကို လှစ်ဟပြသခဲ့သည်။

“သူ့နာမည်က ဟယ်ချင်း၊ ဒီနှစ်မှ အသက် ( ၂၄ ) နှစ်ပဲ ရှိသေးတာ၊ သူ့အတွင်းရေးမှူးလေ၊ အဲ့ကောင်မလေးက ဘွဲ့ရပြီး သူတို့ကုမ္ပဏီမှာ အလုပ်သင်ဆင်းပြီး အတွင်းရေးမှူးဖြစ်လာတာလေ။”

စုထင်းရန်က ခါးသက်စွာ ရယ်မောလိုက်သည်။ “အရင်က သူက ရှောင်ဟယ်ဆိုပြီး ပြောပြဖူးတယ်၊ ငါက သူ့ကို ယောက်ျားလေးတစ်ယောက်လို့ ထင်ထားခဲ့တာ၊ ငါ တကယ် မမျှော်လင့်ထားမိဘူး…”

“ထပ်ပြီးတော့ ဒီလိုမျိုးပဲလား။” ချင်ကျားမူက ဖြတ်ပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်က ငါနဲ့ သိတဲ့ ကွာရှင်းမှု သုံးခုမှာလည်း အဲလို အသုံးမကျတဲ့ကောင်တွေနဲ့ အတွင်းရေးမှူးဇာတ်လမ်းတွေပဲ၊ ဘာလို့ ဒီလိုကိစ္စတွေ ဆက်တိုက်ဖြစ်နေတာလဲ၊ ဒီလို အကျင့်စာရိတ္တပျက်ပြားတဲ့လူကြောင့် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေရအောင် တော်တော် ကံဆိုးတဲ့လူတွေပဲ။”

စုထင်းရန်၏ မျက်နှာက ခါးသီးနေသည်။ “လွန်ခဲ့တဲ့လတွေကမှ သူတို့ကြားက ခံစားချက်တွေ ပိုခိုင်မာလာတာတဲ့လေ၊ အဲ့မတိုင်ခင်ကတော့ သူတို့ဆက်ဆံရေးက အထက်လူကြီးနဲ့ ဝန်ထမ်းဆက်ဆံရေးပဲတဲ့၊ ငါ သူ့ကို ယုံရမလား မယုံရဘူးလား ဆိုတာကို မသိတော့ဘူး။”

“မယုံနဲ့။” ရှန်းမူမူက ခက်ထန်စွာ ပြောလိုက်သည်။ “သူ ဖောက်ပြန်ရဲတာကိုက အကျင့်စာရိတ္တမကောင်းတာကို ပြသတာပဲ၊ သူတို့ ဘာပြောပြော အကျင့်စာရိတ္တမကောင်းတဲ့လူတွေရဲ့ ပြောစကားကို မယုံနဲ့၊ အကုန်လုံးက အဓိပ္ပါယ်မရှိတာ‌တွေပဲ။”

“ဟုတ်တယ်၊ မူမူပြောတာ မှန်တယ်။” ချင်ကျားမူက ခေါင်းငြိမ့်ကာ ထောက်ခံခဲ့သည်။

“သူပြောတာကို နားမထောင်နဲ့၊ သူ့လုပ်ရပ်ကိုပဲ ကြည့်။” ချင်ကျားမူက အတွေ့အကြုံရှိသည့်အသံဖြင့် ပြောလိုက်သည်။ “သူတို့ဖြစ်တာ မကြာသေးဘူးဆိုတာ တမင်ပြောတာပဲ နေမယ်၊ နင်တို့ ကွာရှင်းလို့ ပစ္စည်းခွဲဝေယူတဲ့အခါ သူ့ကို သနားညှာတာအောင်လို့လေ။”

ချင်ကျားမူက သူတို့သုံးဦးထဲက အသက်အကြီးဆုံးဖြစ်ကာ သူမ ဘေးပတ်ဝန်းကျင်ရှိ မိတ်ဆွေများ၏ အိမ်ထောင်ရေး အ‌တွေ့အကြုံများကို မြင်ဖူးခဲ့သည်။

သူမက အကြံဉာဏ်ပေးခဲ့သည်။

“စုထင်းရန် နင်လုပ်ရမှာက ဒီအိမ်ထောင်သက်အတွင်း သူဖောက်ပြန်တဲ့သက်သေကိုရှာပြီး ပစ္စည်းဥစ္စာခွဲယူကြတဲ့အခါ နင်ပိုရအောင်လုပ်ရမှာ။”

စုထင်းရန်က အသံတိတ် ခေါင်းငုံ့နေပြီး သူမရဲ့ ပခုံးက ပြေလျော့နေသည်။

သူမက တုန်ယီနေသည့်အသံကို ထိန်းကာ ပြောလိုက်သည်။ “”မူမူနဲ့ ကျားမူ ပြောချင်တဲ့ ဆိုလိုရင်းကို နားလည်ပါတယ်၊ ဒါပေမယ့် အရမ်းရင်နာတယ်၊ သူ ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရက်ရတာလဲ။”

စုထင်းရန်က ထိန်းချုပ်မထားနိုင်တော့ဘဲ မျက်နှာကိုအုပ်ကာ ငိုကြွေးခဲ့သည်။

ရှန်းမူမူနှင့် ချင်ကျားမူ၏ ရင်တွေ တင်းကြပ်ဆို့နင်သွားခဲ့သည်။

သူတို့က စုထင်းရန်၏ ခံစားချက်ကို လျစ်လျူရှူခဲ့မိကြောင်း နားလည်လိုက်သည်။

သူတို့က ပြဿနာကြုံလာရသည့်အခါ အကျိုးအမြတ်ကို တွက်ချက်ပြီး အဆုံးအရှုံးနည်းစေမည့် နည်းလမ်းကိုသာ စဉ်းစားခဲ့ကြသည်။

သို့သော် ယခုအချိန် စုထင်းရန် လိုအပ်နေသည့် အရာက ထိုအရာ မဟုတ်ကြောင်း သူတို့ မေ့လျော့နေခဲ့ကြသည်။

သူမ လိုအပ်သည့်အရာက သူမ ခံစားချက်ကို ကျော်လွှားနိုင်အောင် ကူညီပေးနိုင်မည့် အကူအညီ ဖြစ်သည်။

ဆုံးရှုံးသွားသည့် အိမ်ထောင်ရေးကြောင့် ရလာသည့် ယုံကြည်ချက် ပျောက်ဆုံးသွားသည့် ခံစားချက်ကို ကျော်လွှားနိုင်မည့် အရာ ဖြစ်သည်။

ရှန်းမူမူက စုထင်းရန်ကို ပွေ့ဖက်ပေးခဲ့သည်။

စုထင်းရန်က နွေးထွေးစွာ ပွေ့ဖက်ခံလိုက်ရသဖြင့် သူမရဲ့ ရင်ထဲက ကျိုးပဲ့လွယ်သည့် ခံစားချက်များ ပွင့်ကျလာခဲ့သည်။

သူမ၏ အသံက ကြေကွဲအက်ရှနေသည်။

“အဲဒီအမျိုးသမီးဆီမှာ ငယ်ရွယ်မှုတွေကို တွေ့ရှိခံစားရတယ်လို့ စုန့်ယွဲ့က ပြောတယ်…”

စုထင်းရန်က သူမ မျက်နှာထက်မှ လက်ကို ဖယ်လိုက်ကာ မျက်ရည်များကြောင့် သူမရဲ့ အမြင်များက ဝေဝါးနေသည်။ သူမက ရှန်းမူမူ၏ ပွေ့ဖက်မှုထဲ တိုးဝင်ကာ စုန့်ယွဲ့ကြောင့် ရရှိလာသည့် နာကျင်မှုကို ဖွင့်ဟခဲ့သည်။

“ငါက ငါ့ကိုယ်ငါ ဂရုစိုက်နိုင်တယ်တဲ့၊ အဲဒီအမျိုးသမီးကတော့ သူ့ဂရုစိုက်မှုကို လိုအပ်ပြီး….အဲဒီအမျိုးသမီး မရှိဘဲ မနေနိုင်ဘူးလို့ စုန့်ယွဲ့က ပြောခဲ့တယ်……”

***

အခန်း (၁၅၈ ) - အနားတွင် သူငယ်ချင်းကောင်းများရှိခြင်းကြောင့် လျင်မြန်စွာ အဆင်ပြေလာခြင်း

စုထင်းရန်က သည်းထန်စွာ ငိုကြွေးပြီးသည့်နောက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

စုထင်းရန်သည် သူမ၏ ခင်ပွန်းက ကွာရှင်းဖို့ပြောဆိုပြီးသည့်အချိန်ကစ၍ သူမ တစ်ခါမှ စိတ်မအေးခဲ့ပေ။ ယနေ့တော့ သူမ နာရီအနည်းငယ် အိပ်ပျော်သွားခဲ့သည်။

နောက်တစ်ပတ်ကျော်အထိ ရှန်းမူမူနှင့် ချင်ကျားမူက စုထင်းရန်ကို အဖော်ပြုပေးခဲ့သည်။

နေ့ဘက်တွင် လေကောင်းလေသန့် ရရှိရန်အတွက် ကားမောင်းထွက်တတ်သည်။

ညအချိန်တွင် စိတ်သက်သာရာရစေရန် ဆိုဖာထက်တွင် ဟာသဇာတ်ကားကြည့်ကြသည်။

စုထင်းရန်၏ စိတ်အခြေအနေက မတည်မငြိမ်ဖြစ်နေကာ အပြည့်အဝ အာရုံမစိုက်နိုင်ပေ။

ဇာတ်ကားကြည့်ရင်း မကြာခဏ ရယ်မောတတ်သော်လည်း ရုတ်တရက်လည်း ငိုကြွေးတတ်သည်။

တစ်ခါတစ်ရံ သူမ၏ အဖြစ်အပျက်နှင့် ကြုံသည့် ဇာတ်ဝင်ခန်းတွေ့သည့်အခါ မျက်ရည်များထိန်းမရအောင်ကျနေပြီး ဇာတ်ကားပင် ပိတ်လိုက်ရသည်။

ခံစားချက် တူညီသည့် သီချင်းသံ ကြားလိုက်ရလျှင်လည်း သူမ တစ်ကိုယ်လုံး တောင့်ခဲသွားခဲ့သည်။

စုန့်ယွဲ့နှင့် လက်ထပ်ပြီးသည့် ပထမတစ်နှစ်အတွင်း ထိုသီချင်းက နာမည်ကြီးခဲ့ကာ သူတို့သွားသည့်နေရာတိုင်း ကြားခဲ့ရသည်။

ရင်းနှီးသည့် သီချင်းက သူမရဲ့ မှတ်ဉာဏ်ထဲ ငြိတွယ်နေကာ အတိတ်ကပုံရိပ်တွေကို သူမ ပြန်မြင်ယောင်နေခဲ့သည်။

မျက်ရည်များ စတင်ကျဆင်းလာပါက မရပ်တန့်တော့ပေ။

ထိုအချင်းအရာကိုမြင်တော့ ချင်ကျားမူနှင့် ရှန်းမူမူက သူမကို အမြန် နှစ်သိမ့်ပေးခဲ့သည်။

တစ်ယောက်ပြီး တစ်ယောက် အားပေးစကားပြောပေးခဲ့သည်။

“နင် ငိုနေရတဲ့ အကြောင်းအရင်းက အတိတ်တုန်းက နင်မြတ်နိုးခဲ့ရတဲ့ လှပတဲ့ နင့်ကိုယ်နင် ပြန်မြင်ယောင်ပြီး ငိုနေတာ၊ အဲဒီဆန်ကုန်မြေလေးကောင်နဲ့ နည်းနည်းမှ မသက်ဆိုင်ဘူး။”

“ဟုတ်တယ်၊ နင် တွေးကြည့်လိုက်လေ၊ တကယ်လို့ အဲဒီလှပတဲ့အချိန်ကို အတူတူဖြတ်သန်းခဲ့တဲ့လူဆိုရင် အဲဒီလှပတဲ့မှတ်ဉာဏ်လေးကို အမှတ်ရနေမှာပဲလေ။”

“ဟုတ်တယ်။ နင်လုပ်ရမှာက အဲဒီဆန်ကုန်မြေလေးကောင်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို အုပ်မိုးထားတဲ့ လှပတဲ့ အလွှာလေးကို ဖယ်ထုတ်ပစ်လိုက်ရမယ်။”

“နင်က နူးညံ့လွန်းပြီး လှပတဲ့ မှတ်ဉာဏ်တွေ ပေးခဲ့တဲ့လူကို ချစ်မိခဲ့တာ၊ ဒါပေမယ့် ကံဆိုးချင်တော့ အဲဒီလူက အဲဆန်ကုန်မြေလေးကောင် ဖြစ်နေတယ်။”

သူတို့၏ စကားက အဓိပ္ပာယ်ရှိသည်ဟု စုထင်းရန် တွေးလိုက်သည်။ သူမက အငိုမရပ်သွားသော်လည်း သူတို့၏ စကားတွေက သူမ ရင်ထဲရောက်သွားခဲ့သည်။

နောက်ထပ် ရက်အနည်းငယ်ကြာပြီးသည့်အခါ အဝတ်ဗီရိုရှင်းရင်း စကပ်တစ်ထည်ကိုတွေ့သည့်အခါ သူမ ပြိုလဲသွားခဲ့သည်။

သူမ၏ ပြန့်ကျဲနေသည့် မှတ်ဉာဏ်များက ပြန်လည်ထွက်ပေါ်လာခဲ့သည်။

သူမ အချိန်အကြာကြီး ကြက်သေသေနေခဲ့သည်။

ထိုစကပ်ကို သူမ မှတ်မိသည်။

သူမတို့ မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်တုန်းက သူမ ဝတ်ဆင်ခဲ့သည့် စကပ် ဖြစ်သည်။

ဘယ်နှခုနှစ်ကပါလိမ့်။

ရုတ်တရက်ပင် သူမ မမှတ်မိတော့ပေ။

သူမ မှတ်မိသည်က ထိုအချိန်က သူမ ပျော်ရွှင်စွာ ဝတ်ဆင်ပြီး လှလှပပ မိတ်ကပ်လိမ်းခြယ်ကာ သူနှင့် တွေ့ခဲ့သည်။

သူ ဝတ်ထားသည့် အဝတ်အစား သူ ပြောသည့် စကားများကို သူမ မမှတ်မိတော့ပေ။

ထိုအချိန်တွင် စုထင်းရန် နားလည်သွားခဲ့သည်။

တကယ်တမ်းတော့ သူမနှင့် စုန့်ယွဲ့ကြားက အိမ်ထောင်ရေးအက်ကြောင်း ဖြစ်ပေါ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

သူမကသာ မရအရ ထိန်းသိမ်းကာ မသိချင်ယောင်ဆောင်နေခဲ့ခြင်း ဖြစ်သည်။

သူမက နားလည်သဘောပေါက်သွားခဲ့သော်လည်း နာကျင်မှုများထံမှ လွတ်မြောက်နိုင်ဖို့ရန် ဝေးကွာနေသေးသည်။

နာကျင်မှုများက လုံးဝ မေ့ပျောက်မသွားခင်အထိ အဖန်တလဲလဲ ပြန်ပေါ်နေဆဲ ဖြစ်သည်။

သူမ မချိမဆန့် ခံစားနေရသည့် ကာလအတွင်း ရှန်းမူမူနှင့် ချင်ကျားမူက အဖော်ပြုပေးနေခဲ့သည်။

တစ်ခါတစ်ရံ စုန့်ယွဲ့အား ဆန်ကုန်မြေလေးဟု အတူတကွ ဆဲဆိုပေးကြသည်။

တစ်ခါတစ်ရံ အရက်သောက်ကာ ငိုကြွေးရင်း အတိတ်အကြောင်းများ ပြန်ပြောဆိုကြသည်။

ဒဏ်ရာပျောက်ကင်းသွားသည့်အခါ အသားသစ်များ ပြန်လည်ဖြစ်ပေါ်လာမည်ကို စုထင်းရန် သိသည်။

သူမ ယခင်ကထက် ပို၍ သန်မာလာလိမ့်မည်။

တစ်ပတ်ကြာပြီးသည့် နောက်တစ်ရက်တွင် ဖြစ်သည်။

စုထင်းရန်က စုန့်ယွဲ့ထံက ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

“ထင်းရန်၊ ငါ ကွာရှင်းစာချုပ် ပြင်ထားပြီးပြီ၊ မင်း အားတဲ့နေ့ လက်မှတ်ထိုးရအောင်၊ ပြဿနာတွေကို ပြန်တူးဆွတာက အဖြေ မဟုတ်ဘူး။”

စုန့်ယွဲ့က ဖြည်းညှင်းစွာ ပြောခဲ့သည်။

သူ့မိသားစုကို အချိန်အကြာကြီး စောင့်ရှောက်ပေးခဲ့သည့် ဇနီးဟောင်းနှင့် ခွဲခွာရန် သူ အနည်းငယ် တွန့်ဆုတ်နေမိသည်။

သို့သော် ထိုတွန့်ဆုတ်မှုက အနည်းငယ်မျှသာ ဖြစ်သည်။

ထိုတွန့်ဆုတ်မှုတွေအစား သူ မျှော်လင့်ထားသည့် ဘဝအသစ်နှင့် ငယ်ရွယ်နုပျိုခြင်းတွေက အစားထိုးဝင်ရောက်သွားခဲ့သည်။

စုန့်ယွဲ့က ခဏလောက် ရပ်တန့်နေပြီးမှ ဆက်ပြောလိုက်သည်။

“ထင်းရန် မင်း ငါ့ကို ဒီရက်တွေထဲ ဖုန်းမခေါ်တာ ဘာကြောင့်လဲဆိုတာ ငါ ခန့်မှန်းမိပါတယ်…”

စုထင်းရန်ကို ကောင်းကောင်း နားလည်ထားသည်ဟု စုန့်ယွဲ့က ယုံကြည်ချက်ရှိသည်။

စုထင်းရန် ပြဿနာ မရှာခြင်းက သူမက သူမနည်း သူမဟန်ဖြင့် သူ့ကိုဖိအားပေးကာ သူမ၏ ဓားခပ်ပါးပါးဖြင့် သူ့ကိုယ်သူ ပြန်သုံးသပ်နိုင်အောင် လုပ်ဖို့ ရည်ရွယ်ထားခြင်း ဖြစ်နိုင်သည်။

သူက ခပ်ဖွဖွ ရယ်မောလိုက်သည်။

အငြင်းအခုန်မပြုခြင်းသည် အလွန်သီလရှိပြီး စုထင်းရန်၏ ကောင်းခြင်းလည်းဖြစ်ကာ အလွန်ငြီးငွေ့ဖို့ကောင်းသည်။

သူတို့ အိမ်ထောင်ရေးက ရေသေကန်နှင့် တူသည်။

သူ ဂရုမစိုက်မိသည့်အခါ ဟယ်ချင်းက သူ့ကို ချွဲ့နွဲ့ကာ ပွေ့ဖက်ပြီး လွှတ်မပေးတတ်သည်ကိုတွေးမိသည့်အခါ စုန့်ယွဲ့သည် သူ့ရင်ထဲတွင် ပျောက်ဆုံးနေသည့် ချိုမြိန်မှုများ ဖြစ်တည်လာခဲ့သည်။ ဟယ်ချင်း သူ့ကို ကြည့်သည့် အကြည့်တွေထဲတွင် သဘောကျနှစ်ခြိုက်မှုတွေ ပါဝင်နေသည်။

ယခုအခါ ကုမ္ပဏီသည်လည်း တော်တော်လးကို တိုးတက်နေပြီဖြစ်ကာ ငွေလည်း အတော်ရှာနိုင်နေပြီ ဖြစ်သည်။

တခြား မည်သည့်အရာကို လိုက်စားရမည်နည်း။

သူ လိုချင်သည်က သာယာကြည်နူးမှု ဖြစ်သည်။

သူလိုချင်သည့်အရာကို စုထင်းရန်က မဖြည့်တင်းပေးနိုင်ဘဲ ဟယ်ချင်းကသာ ပေးစွမ်းနိုင်သည်။

စုန့်ယွဲ့က အေးစက်တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ ကွာရှင်းဖို့ နောက်ဆုတ်မှာ မဟုတ်ဘူး၊ တကယ်လို့ မင်းဘက်က…”

“ကျွန်မ အခုအားတယ်၊ ရှင် ရှီယွီယွဲ့ဗီလာကိုလာခဲ့၊ အခုချက်ချင်း လက်မှတ်ထိုးပေးမယ်။”

စုန့်ယွဲ့ စကားမဆုံးသေးခင်မှာပင် စုထင်းရန်က ဆုံးဖြတ်ချက် ပြတ်သားသည့်လေသံဖြင့် ဖြတ်ပြောလိုက်သည်။

စုန့်ယွဲ့က ကြက်သေသေသွားကာ ဖုန်းကို တင်းတင်းဆုပ်ကိုင်လျက် မျက်မှောင်ကြုတ်သွားသည်။

သူက အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်သည်။ “ကောင်းပြီလေ။”

သူ ဖုန်းချပြီးသည့်နောက်တွင် ဆုံးရှုံးသွားသည့် ခံစားချက် ရလာခဲ့သည်။

သူ့ကို ဆွဲမထားတော့ဘူးလား။

ဒါမှမဟုတ် ထွက်မသွားအောင်လို့ တမင်နေနိုင်ချင်ယောင်ဆောင်ပြနေတာလား

“အချစ်လေး။” ချိုအီသည့်အသံက စုန့်ယွဲ့၏ အတွေးထဲ ဝင်ရောက်လာခဲ့သည်။

“အချစ်လေး။” စုန့်ယွဲ့ကို ဟယ်ချင်းက နောက်ကျောမှ လှမ်းဖက်လိုက်သည်။ “လက်မှတ်ထိုးဖို့ သဘောတူလိုက်ပြီလား။”

စုန့်ယွဲ့က စုထင်းရန်၏ စကားကို တွေးတောနေဆဲ ဖြစ်သည်။ “အင်း၊ သူ သဘောတူလိုက်ပြီ၊ အခုသွားမလို့လေ။”

“ကျွန်မ လိုက်လို့ ရမလား၊ ရှင်နဲ့ အဖော်လိုက်ပေးမယ်လေ။” ဟယ်ချင်းက တောင်းဆိုလိုက်သည်။

စုန့်ယွဲ့က မျက်စိထောင့်ကပ်ကာ ကြည့်လိုက်သည်။ “ဘာလိုက်လုပ်မှာလဲ။”

ဟယ်ချင်း၏ အသံက အားနည်းသွားခဲ့သည်။ “တကယ်လို့ သူ့စကားကို ပြန်ရုတ်သိမ်းပြီး ကွာရှင်းခွင့်မပေးချင်ဘူးဆိုရင် ကျွန်မတို့ကို အတူတူရှိခွင့်ပေးဖို့ သူ့ကို တောင်းပန်မလို့ပါ၊ ကျွန်မကို ခေါ်သွားပေးပါနော်။”

စုန့်ယွဲ့က ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ သူ ကွာရှင်းဖို့ဆွေးနွေးရန်သွားသည့်အချိန် ဟယ်ချင်းကို ခေါ်သွားပါက မရင့်ကျက်သည့်အပြုအမူဖြစ်ကြောင်း သိသော်လည်း သူမ၏ ချိုအီသည့် စကားများအောက်တွင် သူ့နှလုံးသား ပျော့ပျောင်းသွားခဲ့သည်။

“ကောင်းပြီ။”

စုန့်ယွဲ့က စကားပြောပြီးသည့်အခါ အကြည့်ရွေ့လိုက်သည်။

ထိုအရာကို သူ မငြင်းဆန်နိုင်ပေ။

စုထင်းရန်က ကွာရှင်းရန် သဘောတူလိုက်သည်ကိုတွေးမိပြီး အနည်းငယ် တုန်လှုပ်နေသည်။

စုထင်းရန်က သူ မရှိလျှင် မနေနိုင်ဘူးဟု သူ အမြဲယုံကြည်နေခဲ့သည်။

စုထင်းရန်သာ မစ္စစုန့်အဖြစ် မတည်ရှိတော့ပါက သူမ ဘာတတ်နိုင်မည်နည်း။ သူမ ဘာလုပ်နိုင်မည်နည်း။

စုန့်ယွဲ့က သိမ်းသွင်းရမည့် နည်းလမ်း ပေါင်းစုံကို စဉ်းစားနေခဲ့သည်။

သူ့ကို လက်လွှတ်ပေးရန် စုထင်းရန်ကို စည်းရုံးရမည်နည်း၊ သူမကို မချစ်တော့သည်ကို လက်ခံနိုင်အောင် စည်းရုံးရမည့် နည်းလမ်းများကို သူ တွေးနေခဲ့သည်။

မည်သို့ပင်တွေးတွေး ဘာကြောင့်လဲဟု သူ အဖြေရှာမရခဲ့ပေ။

အကြိမ်ကြိမ် တွေးတောပြီးသည့်နောက်တွင် ဖြစ်နိုင်ခြေ တစ်ခုသာ ကျန်တော့သည်။

စုထင်းရန်က ဟန်ဆောင်နေခြင်းဖြစ်ကာ သူတို့ လူချင်းတွေ့မှ သူ့ကို ဆွဲထားမည်ဟု သူထင်သည်။

ထိုသို့ဆိုပါက ဟယ်ချင်းကိုပါ တစ်ပါတည်း ခေါ်သွားပြီး စုထင်းရန် လက်လျော့အောင် လုပ်ဆောင်ရမည်။

တစ်ဖက်တွင် ဖြစ်သည်။

စုထင်းရန်က ဖုန်းချပြီးသည်နှင့် သူမဘေးကနှစ်ယောက်ကိုကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

“သူက ကွာရှင်းဖို့ လာမယ်လို့ ပြောတယ်။”

ရှန်းမူမူနှင့် ချင်ကျားမူက အကြည့်ချင်း ဖလှယ်လိုက်သည်။

“ကောင်းပြီ၊ လိုအပ်တာတွေအားလုံး ပြင်ဆင်ထားရအောင်။”

***

All Chapters